တစ်လမ်းလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
ထိုမြင်ကွင်းကို ကြည့်ကာ အားလုံး မယုံကြည်နိုင် ဖြစ်နေ၏။
ဝူယူမြို့ အုပ်ချုပ်သူ ရှင်းရာမှာ ရယ်မော စကားပြောရင်း ခေါင်းပြတ်သွားခဲ့သည်။
လုံးဝ လက်ခံနိုင်စရာ မရှိပေ။
သူ့ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်း ဆက်ရှိနေပြီး မြေပေါ်မှ ခေါင်းသည်လည်း ကြောင်တောင်တောင် ဖြစ်နေ၏။
“နောက်တစ်ခါလား…”
သူ လူ့လောကတွင် ကြုံခဲ့ရသည်မှာ ပုံရိပ်ယောင်ကို လွှတ်ခဲ့၍ ဖြစ်ပြီး အဓိပ္ပာယ်ရှိနိုင်သေးသည်။ ယခုတော့ တကယ်ဖြစ်၏။
ဒီမိန်းကလေး ဘာလုပ်လိုက်တာလဲ။
အချိန်ခဏကြာမှ ရှန်လောက် သတိပြန်ဝင်လာပြီး ခေါင်းကိုယူ၍ ပြန်တပ်လိုက်သည်။
အနာပေါ် အနာဆင့်ကာ ပြန်တွဲလိုက်နိုင်သည်။
ထို့နောက် ကန်လန်ယွီကို အေးစက်စက် ငုံ့ကြည့်ကာ
“မင်းက ငါ့ဒေါသကို လာဆွတာပဲ။ အသက်ရှင်လျက်…”
“နားညီးလိုက်တာ”
ကန်လန်ယွီ လက်ယမ်းလိုက်ပြီး ငွေရောင်အလင်း တစ်ချက် လက်သွား၏။ ထိုအခါ ခုနတင် ပြန်တပ်ထားသော ခေါင်းသည် ဖလွတ်ခနဲ ပြန်ပြုတ်ကျလာသည်။
အရှက်များ ကွဲပြီးရင်းကွဲကာ ရှန်လောက် ခေါင်းကို ပြန်တပ်ပြန်သည်။
အမူအရာလည်း ပိုတင်းမာလာ၏။
ခေါင်းမှာ နှစ်လုံး ထပ်ပေါ်လာပြီး ကျောဘက်မှ လက်နှစ်ချောင်းစီ ထပ်ထွက်လာသည်။
ကောင်းကင်တွင်လည်း ရွှေရောင်အလင်းများ တောက်ပနေ၏။
“မင်းက သာမာန်မဟုတ်တာတော့ လက်ခံပေမဲ့ ဒါ
ငါ့မြို့ကွ။ မင်း ငါ့ကို ယှဉ်လို့ မရပါဘူး”
ပါးစပ် (၃) ခု အသံ (၃) ခု ပြိုင်ထွက်ကာ ထူးဆန်းလှလေသည်။ ခန္ဓာကိုယ်လည်း ပိုကြီးမား၍ နတ်ဘုရားကြီးနှင့် တူလာ၏။
“သေပေတော့”
သူ့လက်များဖြင့် ရိုက်ချလိုက်ပြန်သည်။
ထိုအခါ စောင့်ကြည့်နေသူများ ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားကြလေ၏။
ကန်လန်ယွီကတော့ နေရာ၌ပင် ငြိမ်သက်နေသည်။
သူ လီရန့်ကျင့်ကြံမှု အနှောင့်အယှက် မဖြစ်ရန် ကြိုးစားနေသော်လည်း တစ်ဖက်မှ မပြီးနိုင် ဖြစ်နေ၏။
သူ့လက်ဝါးလေးကို မြှောက်ကာ အလင်းဖျော့ဖျော့ တောက်ပလာသည်။
ဘုံး!
ကြီးမားသော မီးတောက်ကြီး ထွက်ပေါ်ကာ ရှင်းရာ ခန္ဓာကိုယ်အား ချက်ချင်း လောင်မြိုက်သွားတော့၏။
“အား”
ကြောက်စရာအသံကြီးမှာ မီးတောက်များကြားမှ ထွက်လာပြီး သူ့ကိုယ်သူ ဆောက်တည်ရာမရ ဖြစ်နေသည်။
“ပူတယ်။ ပူတယ်”
“ပြေးတော့”
“မီးတောက်က ထူးဆန်းတယ်”
ခေါင်း (၃) လုံးမှာ တစ်မျိုးစီ အော်ဟစ်နေကြ၏။
မီးတောက်သည် ခန္ဓာကိုယ်သာမက စိတ်ဝိညာဉ်အထိ လောင်မြိုက်နေလေပြီ။
ကန်လန်ယွီ ခေါင်းယမ်း၍ ကြည့်နေ၏။
ထိုစဉ် ပုံရိပ်လေးတစ်ခု ဖျတ်ခနဲ လွတ်ထွက်သွားလေသည်။
အခွံကို စွန့်ခွါသွားသော အကောင်လေးနှင့် တူ၏။
သို့သော် သူ ဝေးဝေးမပြေးနိုင်မီ ဧရာမလက်ကြီးမှ ဖမ်းမိကာ ကန်လန်ယွီရှေ့ ပြန်ရောက်လာသည်။
“မိန်းကလေး ညှိနှိုင်းရအောင်။ ဘာလိုချင်လဲ။ အကုန် ပေးပါ့မယ်”
သူ ပြုံးရယ်၍ မာနများ မရှိတော့ပေ။
ကန်လန်ယွီကတော့ သူနှင့် စကားပြောချင်စိတ် မရှိပါ။
ဖျောက်!
သူ လက်ဖျောက်တီးလိုက်ပြီး ဝိညာဉ်ပင် အက်ကွဲကြောင်းများ ပေါ်ကာ နောက်ဆုံး အခြေအနေ ဖြစ်သွားသည်။
“မင်း ဘယ်သူလဲ”
ကန်လန်ယွီကတော့ ဂရုမစိုက်ပေ။
မကြာမီ ရုပ်တုရော ဝိညာဉ်ပါ ပျက်စီး၍ အသားကင်နံ့သာ ကျန်ခဲ့တော့သည်။ နဂါးမီးတောက်မှာ ကြောက်စရာ ကောင်းလွန်း၏။
ထိုအချိန်တွင် အရှေ့နယ်မြေ၌။
ပင်လယ်ရေအောက်ခြေတွင် အဆောက်အအုံတစ်ခု ရှိလေသည်။
အပေါ်ဆုံးထပ်ရှိ နန်းဆောင်၌ လူတစ်ယောက် ထိုင်နေပြီး မြူခိုးများ ကွယ်နေ၍ ရုပ်ကိုတော့ သေချာ မမြင်ရပေ။
သူ့ဘေးမှ တပည့်သည် ရုတ်တရက် တစ်ခုခုကို ခံစားမိကာ
“လျှိုယူ သေသွားပြီ”
“ဘာ”
ဝူယူမြို့ရဲ့ ရှင်းရာ သေပြီလား။
“သူ့ကို သတ်နိုင်တာ သာမာန်တော့ မဟုတ်ဘူး။ မြန်မြန်သွားကြည့်ရအောင်”
ဤသို့ဖြင့် ထိုနေရာမှ ပျောက်ကွယ်သွားကြလေသည်။
လမ်းပေါ်တွင် ကန်လန်ယွီအား လန့်ဖျပ်၍ အားလုံး ပါးစပ်အဟောင်းသားဖြင့် ကြည့်နေသည်။
ဘယ်က ပေါ်လာမှန်းမသိတဲ့ မိန်းမက ရှင်းရာကို သတ်လိုက်ပြီလား”
သူတို့ နားမလည်နိုင်ကြတော့ပေ။
ကန်လန်ယွီ လီရန့်ကို လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာ ကျင့်ကြံနေသည်အား တွေ့ရသည်။
“တော်သေးတာပေါ့”
ထိုစဉ် လီရန့်ပုံရိပ်ဝါးလျက် ရုတ်တရက် ပျောက်သွားကာ ကန်လန်ယွီ မှင်တက်၍ ကျန်ခဲ့လေသည်။
ထို့နောက်မှ လူ့ပြည်ပြန်သွားသည်အား သတိရ၏။
“တကယ်ပါပဲ။ နှုတ်တောင် မဆက်သွားဘူး။ ဘယ်တော့ ပြန်လာမှာလဲ။ ပြီးတော့ ဒီမှာ စောင့်ရမှာလား။ ဟိုမှာ စောင့်ရမှာလား”
ကန်လန်ယွီ တစ်ယောက်တည်း ရေရွတ်၍ မကျေမနပ် ဖြစ်နေသည်။
ထိုစဉ် လေထု တုန်ခါ၍ ခမ်းနားသော ပုံရိပ်တစ်ခု ပေါ်လာပြန်သည်။
ထိုမြူခိုးထဲမှ လူသည် ပတ်ဝန်းကျင်ကိုကြည့်၍ မျက်မှောင်ကြုတ်မိလေသည်။
အခြေအနေမှာ ဆိုးလွန်းလှသည်။
“ငါက ကျန်းဟိုင်လောက်ပါ။ မင်း လျှိုယူနဲ့ ဘာအညှိုးရှိလဲ မသိပေမဲ့ ဒီလောက် လုပ်ဖို့ လိုလို့လား”
ရှင်းရာမှာ တော်ရုံ ဖြစ်တည်မှု မဟုတ်သော်လည်း ယခုလို သေသွားရ၏။
“တော်စမ်းပါ”
ကန်လန်ယွီ သည်းမခံနိုင်တော့ပေ။
ကျန်းဟိုင်လောက် အေးစက်စက်ဖြင့်
“တကယ် ရိုင်းတာပဲ”
ကန်လန်ယွီ လက်ယမ်းကာ တိမ်များအား ရိုက်ချလိုက်သည်။
“တိတ်တိတ်နေပါဆို။ နားမလည်ဘူးလား”
ကန်လန်ယွီမှာ စိတ်အခြေအနေမကောင်း၍ ထပ်သတ်ရန် မမှုပေ။
ကျန်းဟိုင်လောက်ပင် ကြက်သီးထသွားသည်။
ဘယ်သူမို့လို့ ပြန်ခံပြောနေတာလဲ။
***