ဖုန်ယူလင်း တောင်တန်းဂိတ်အား ကျော်ဖြတ်၍ အကြီးအကဲစွန်းနောက်မှ လိုက်လာသည်။ ဘေးဘီကိုလည်း ဂရုတစိုက် ကြည့်နေမိ၏။
ရွှမ်လင်းတောင်မှာ ဒေသတစ်ခုလုံးထံ ပျံ့နေပြီး အမြင့်ဆုံးတောင်အား ကြယ်များ ဝန်းရံထားသည်။
ထိုတောင်ထိပ်၌ ခမ်းနားသော အဆောင်ရှိပြီး အရှိန်အဝါ အလွန်ကြီးမားနေ၏။
အဝေးမှ လှမ်းကြည့်ရုံဖြင့် ဖိအားများကို ခံစားရလေသည်။
တပည့်လေးများ ဟိုဘက်ဒီဘက် သွားလာနေသည်ကိုလည်း တွေ့ရ၏။
“ဒါက အဲ့လောက် အဆင့်မြင့်တာလား”
ဖုန်ယူလင်း မကျေမနပ် ရေရွတ်မိသည်။ အနည်းငယ်လည်း လန့်မိ၏။
ကွာခြားချက်ကိုလည်း မြင်လာသည်။
အရင်က နဂါးမျိုးနွယ်များလည်း နယ်မြေတစ်ဝက် ပိုင်၍ လူသားများနှင့် ယှဉ်ပြိုင်နိုင်ခဲ့သော်လည်း ယခုတော့ ကွာလွန်းနေလေပြီ။
“နဂါးမင်းသာရှိရင် ဒါက ဘာမှမဟုတ်တော့ပါဘူး။ ငါတို့မျိုးနွယ်လည်း ပြန်နိုးထလာနိုင်တယ်”
ဖုန်ယူလင်း လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လျက် ရေရွတ်လိုက်၏။
သူတို့လည်း နေရောင်မကျ၍ တသီးတခြားဖြစ်နေသော ဘဝကို စိတ်ကုန်နေလေပြီ။
ထို့ကြောင့် ယခုအခွင့်အရေးအား ရအောင် ဆုပ်ကိုင်ရပေမည်။
သူတို့ အဆောင်ရှေ့ ရောက်သောအခါ အကြီးအကဲစွန်းမှ တံခါးခေါက်၍
“ခေါင်းဆောင် ဧည့်သည် ရောက်နေပါတယ်”
အချိန်ခဏကြာပြီးနောက် တံခါးဖြည်းဖြည်းချင်း ပွင့်လာ၏။
အကြီးအကဲစွန်း ဘေးကိုလှည့်ကြည့်၍
“ဝင်ခဲ့ပါ”
ဖုန်ယူလင်း သက်ပြင်းချလျက် အထဲဝင်လိုက်၏။
ထိုအခါ ဖြူဖွေးနေသော ဝတ်ရုံဝတ်ဆင်ထားပြီး မဟူရာခုံပေါ်တွင် ထိုင်နေသော အမျိုးသမီးကို တွေ့ရသည်။
အသားအရည်မှာလည်း နှင်းကဲ့သို့ ဖြူစင်ကာ အလွန် ချောမောသော်လည်း မျက်ဝန်း၏ အေးစက်မှုမှာ ကျောချမ်းဖွယ် ကောင်း၏။
ခေါင်းဆောင်လန် ဖြစ်မည်ဟု သိလိုက်သည်။
သူ့ဘေးတွင် နောက်ထပ် အမျိုးသမီး (၂) ဦးရှိပြီး အရှိန်အဝါမှာ မသေးကြပေ။
ဖုန်ယူလင်းမှ
“ကျွန်တော်က အနောက်ဒေသ ရှေးရှင်သန်သူတွေရဲ့ လက်ရှိဂိုဏ်းချုပ်ပါ။ ဒီလို ရုတ်တရက်လာရတာ အားနာပါတယ်”
ရီချင်းလန်နှင့် ချူလင်းချွမ်တို့လည်း အချင်းချင်း ကြည့်နေမိ၏။
နဂါးဂိုဏ်းချုပ်လား။
ရွှမ်လင်းတောင်ကို ဘာလာလုပ်တာလဲ။
ဖုန်ယူလင်း လက်ယမ်းလိုက်သောအခါ ရတနာဘူးတစ်ခု ပေါ်လာသည်။ အဖုံးဖွင့်လိုက်သောအခါ ရုတ်တရက် အရောင်လက်သွားပြီး အင်မော်တယ်ချီများ ပျံ့သွား၏။
နဂါးသွေးမြက်၊ နီသာပန်း၊ နဂါးပုလဲနက်… ဘူးထဲတွင် ရှားပါးရတနာများစွာ ရှိနေသည်။
“ဒါ တွေ့ဆုံခြင်း လက်ဆောင်နည်းနည်းပါ”
ဖုန်ယူလင်း မာနရိပ်မသန်းဘဲ ရိုးသားစွာ ပေးလိုက်သည်။
လန်ဝူယန်ကတော့ ခပ်တည်တည်ဖြင့်
“ပြောစရာရှိတာသာ ပြောပါ”
ဖုန်ယူလင်း ဂရုတစိုက်ဖြင့်
“အမှန်အတိုင်း ပြောရရင်တော့ နဂါးမင်းကို လာတွေ့တာပါ”
နဂါးမင်း ဤဂိတ်တွင် ရှိနေမည်ကို သေချာ သိပါသည်။
သို့သော် လန်ဝူယန်အကြောင်းကို မခန့်မှန်းနိုင်ပေ။
ကြောက်စရာသာ ကောင်းနေ၏။
ဖုန်ယူလင်း အနည်းငယ်ပင် စိတ်လှုပ်ရှားမိပါသည်။
“အဲ့တာလား”
လန်ဝူယန် ခေါင်းယမ်းကာ
“ဒီမှာလေ။ ရှင်ရှာနေတဲ့ နဂါးမင်းက”
ဖုန်ယူလင်း မှင်တက်၍ လှည့်ကြည့်လိုက်၏။
ထိုအခါ ဖြူဖွေးနေသော ထောင့်နားတွင် ငုတ်တုတ်ထိုင်နေသော ဆံနွယ်ဖြူ မိန်းကလေးအား တွေ့ရသည်။ အခွံတစ်ခုကိုင်၍ ပါးစပ်ထဲတွင်လည်း အားရပါးရဝါးနေသည်။
သူ့ဘေးရှိ ခပ်ချောချော အမျိုးသားက
“ဝါးမနေနဲ့တော့။ အဲ့တာ စားစရာ မဟုတ်ဘူး”
“ဝွန်း”
ကန်လန်ချူရွှယ် သွားကိုစေ့၍ လွှတ်မပေးပေ။
ထိုအခွံထဲမှ ထူးခြားသော တာအိုကို ခံစားမိ၏။
ထိုအရာကို စားလျှင် အင်အားပိုကြီးမလို ခံစားရသည်။
သို့သော် အခွံမှာ တင်းကြပ်အောင် ပိတ်နေ၍ ဒေါသထွက်လာပြီး လက်တွင် နဂါးလက်သည်းများ ထုတ်ကာ အတင်းဆွဲခွါလေသည်။
ဘုံး!
အခွံမှာ သူ့ခေါင်းကိုချော်မှန်၍ အငွေ့အသက်လည်း ပျောက်သွား၏။
လီရန် သူ့ကိုကြည့်၍
“ပြောသားပဲ။ ပင်လယ်စာ မဟုတ်ပါဘူးဆို”
ကန်လန်ချူရွှယ် သူ့ခေါင်းလေးကို ပွတ်လျက်
“ဒီအတိုင်းလေး နည်းနည်း ကိုက်ကြည့်တာကို”
ဒါ တော်ဝင်မျိုးနွယ်လား။
သူ ကန်လန်ချူရွှယ်ရှေ့သွားကာ ဒူးတစ်ဖက် ထောက်၍
“ဖုန်လုံမျိုးနွယ်က ဖုန်ယူလင်းပါ။ မင်္ဂလာပါ”
ကန်လန်ချူရွှယ်ကတော့ အံ့ဩ၍ ကြည့်နေ၏။
ကျွန်မကို သိလို့လား။
ဖုန်ယူလင်း ကျောက်ပြားတစ်ခု ထုတ်ပြလိုက်သည်။
ထိုပေါ်တွင် ရေးထွင်းထားသည်မှာ တောင်ထိပ်တစ်ခုပေါ်၌ နဂါးကြီးတစ်ကောင် ရပ်နေပြီး ကောင်းကင်သို့ကြည့်၍ အော်ဟစ်နေပုံပေါ်သည်။ အနောက်တွင် တိမ်မည်းများ ဝန်းရံထားပြီး မသိနိုင်သော နေရာတစ်ခုအား ညွှန်ပြနေသလိုပင်။
“အရင်တုန်းက သွေးမနှောတဲ့နဂါးတွေ တစ်ယောက်ပြီး တစ်ယောက် ပျောက်သွားပြီး အင်အားတွေလည်း နည်းလာတယ်။ အဲ့တာကြောင့် အနာဂတ်အတွက် ဘိုးဘေးတွေ ကြိုစီစဉ်ရတာပေါ့။ သူတို့ ပြောတဲ့ထဲမှာ လူ့လောကထဲ နဂါးအစစ် ပေါ်လာပြီး နဂါးမျိုးနွယ်အတွက် ပြောင်းလဲမှု ကံကြမ္မာ ဖြစ်လာမယ်တဲ့။ ဒီရက်ရောက်ဖို့ ဘယ်လောက် စောင့်ခဲ့ရလဲ”
ဖုန်ယူလင်းအသံမှာ ဆွေးမြေ့နေ၏။
ကောင်းကင်တွင် ပျော်ခဲ့သော နဂါးမှာ ရွှံ့မြေထဲ၌ ပုန်းအောင်းနေခဲ့ရလေသည်။ ထိုနာကျင်မှာအား ကိုယ်တိုင်သာ သိနိုင်၏။
ကန်လန်ချူရွှယ် ထိုကျောက်ပြားကိုကြည့်၍ မျက်မှောင်ကြုတ်ကာ
“အဲ့တာ ကျွန်မလို့ သေချာလို့လား”
“သေချာတာပေါ့။ ကန်လန်မျိုးနွယ်လေ။ ဘယ်သူထပ်ရှိဦးမှာလဲ”
ကန်လန်ချူရွှယ် ခဏစဉ်းစား၍
“ဒါပေမဲ့ သရဖူက သူ့ဆီမှာဆိုတော့ ယောက်ျားလည်း ဖြစ်နိုင်တယ်လေ”
“ဟမျ နပေါဦး”
ဖုန်ယူလင်း လန့်သွားပြီး
“မင်းမှာ လက်တွဲဖော် ရှိနေပြီလား”
“အင်းလေ”
သူ လီရန်လက်မောင်းအား တွဲ၍
“ဘိုးဘေးနဂါးဆီကလည်း ခွင့်ပြုချက် ရပြီးသား”
ဖုန်ယူလင်းမှာ ရုတ်တရက် မိုးကြိုးပစ်ချခံရသလို ခံစားရ၏။
“လက်တွဲဖော်က သူလား”
သူ့တွင် နဂါးသွေးဟူ၍ မတွေ့ရပေ။ သေချာပေါက် လူသားမျိုးနွယ် ဖြစ်၏။
ကန်လန်ချူရွှယ်မှ ဂုဏ်ယူစွာဖြင့်
“ကျွန်မယောက်ျားက သွေးအရမ်းသန့်စင်လို့ မြင့်မြတ်တယ်လေ။ ကျွန်မနာမည်လည်း သူပဲ ပေးတာ”
“ဘာ ဘယ်လို”
ဖုန်ယူလင်း မယုံကြည်နိုင်ပေ။ တော်ဝင်သွေးပါတဲ့ နဂါးက လူသားနဲ့ လက်ထပ်တာကို သဘောတူတယ်လား။
သူ လုံးဝ နားမလည်နိုင်ချေ။
လီရန်မှာ ထိုကျောက်ပြားအား ကြည့်လျက် ထူးဆန်းသလို ခံစားရသည်။ သူ့လက်ဖျံရှိ တြရက်တူးပုံလေးမှာလည်း အပြာရောင် လင်းလာသည်။
“ရေနဂါး အကာအကွယ်လား”
ဖုန်ယူလင်း အံ့ဩသွား၏။
ထိုအမှတ်အသားမှာ ရေနဂါးအောင်းလီ၏ အမှတ် ဖြစ်ပြီး မည်သို့ လူသားတစ်ယောက်ထံ ရှိနေသနည်း။
ထိုစဉ် ကျောက်ပြားသည် အရောင်လက်၍ ထိုအမှတ်အသားကို ရောင်ပြန်ဟပ်ကာ စွမ်းအင်အချို့ ထွက်လာပြီးနောက် လီရန့်ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွား၏။
အားလုံး မျက်လုံးပြူးကာ ကြည့်နေမိကြသည်။
“ဝေါင်း”
ငွေနဂါးကြီးတစ်ကောင် ကောင်းကင်တွင် ပျံသန်းနေပြီး ခေါင်းပေါ်၌ သရဖူကို ဆောင်းကာ မြင့်မြတ်သောနဂါးအသွင် ဆောင်နေသည်။
“ဒါ ဒါက…”
ဖုန်ယူလင်း ပါးစပ်အဟောင်းသား ဖြစ်နေတော့၏။
ကန်လန်ချူရွှယ်မှာတော့ ပြုံး၍
“ပြောသားပဲ။ ကျွန်မယောက်ျားက အမြင့်မြတ်ဆုံးပါလို့”
***