ထိုမြင်ကွင်းကြောင့် ချူလင်းချွမ် အလွန်လန့်သွား၏။
“ဒါ အဆင့်မြင့်လား”
လီရန်မှာ အစတည်းက ဓားချီများ စုပ်ယူခြင်း၊ ငွေနဂါးနိုးထခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ယခု ပြန်အသုံးပြုနိုင်ပြီလား။
“အဲ့တာတင် ဘယ်ကမလဲ”
ရီချင်းလန် ခေါင်းယမ်း၍
“ရန်က အခုဆို တကယ့်နဂါးနဲ့ မကွာတော့ဘူး”
လီရန်ကတော့ နားမလည်နိုင်ပေ။
သူ့ခန္ဓာကိုယ်ထဲ အစိမ်းရောင်အငွေ့များ ဝင်သွားပြီး ရုတ်တရက် မထိန်းချုပ်နိုင်ဘဲ နဂါးအဖြစ် ပြောင်းလဲသွားသည်။
“စိတ်အေးအေးထားပါ။ ဒါ နဂါးဝိညာဉ်ပဲ”
ရုတ်တရက် ရင်းနှီးနေသော အသံကြားရ၍ လှည့်ကြည့်လိုက်ပြီး
“နဂါးမင်း ထလာပြီလား”
သူ ခေါင်းဆောင်များနှင့် သွားတွေ့စဉ်တည်းက နဂါးမင်းမှာ စိတ်ဓာတ်ကျ၍ စကားလုံးဝ မပြောဘဲ ကမ္ဘာငယ်ထဲ အိပ်နေခဲ့သည်။
နဂါးမင်းက
“ဒီလောက် ရှုပ်ယှက်ခတ်နေတာ။ မနိုးဘဲ နေမလား”
လီရန်မှ ပြန်မေးလိုက်၏။
“ဘာဖြစ်နေလို့လဲ။ ဒါက ဘာမို့လို့လဲ”
“ပြောရရင်တော့ အရှည်ကြီးပဲ”
နဂါးမင်းမှာ တိတ်ဆိတ်လျက် ခဏငြိမ်နေပြီးမှ နောက်ကြောင်း ပြန်ပြောလေသည်။
တစ်ချိန်က ရွှမ်ကျဲအင်အားမှာ အင်မော်တယ် လမ်းကြောင်းအား ဖျက်ရန် ကြိုးစားခဲ့ကြသည်။ နဂါးမင်း ထိုအကြောင်း သိသောအခါ လူ့လောကမှ နဂါးမျိုးနွယ်များအား ခေါ်ထုတ်သွားခဲ့၏။
သို့သော် ထိုအချိန်တွင် လမ်းကြောင်းပိတ်ခံရပြီး လူ့လောကမှာ ထောင်ကဲ့သို့ဖြစ်၍ ရွှံ့မြေနီနယ်နှင့် မဆက်သွယ်နိုင်တော့ပေ။
ဤသို့ဖြင့် နဂါးမင်းအင်အားသုံးကာ ဂိတ်အား ဖွင့်နိုင်သော်လည်း အလွန်သွေးသန့်စင်သော နဂါးများသာ ဖြတ်သန်းနိုင်ပြီး အချို့မှာ ကျန်ခဲ့၏။
ထို့ကြောင့် ရှေးရှင်သန်သူများဟူ၍ ဖြစ်လာလေသည်။
“အဲ့လိုလား”
လီရန် နားလည်သွား၏။
“ဒါဆို နှစ်တွေ ကြာတော့ရော သူတို့ကို ပြန်ခေါ်ဖို့ မတွေးမိဘူးလား”
“ပြောတော့ လွယ်ပေမဲ့ တကယ်တမ်းက ခက်တယ်လေ။ ငါ လောကတွေကို ဖျက်ပြီး နဂါးမျိုးနွယ် ကံကြမ္မာပြောင်းဖို့ ကြိုးစားဖူးပေမဲ့ မထူးလို့ပေါ့။ မဟုတ်ရင် ဒီလ်ု ဘယ်ဖြစ်မလဲ”
သူ ပေးဆပ်ခဲ့သည်များမှာလည်း မနည်းပေ။
စနစ် စတင်ပါပြီ။
[တာဝန်: နဂါးမျိုးနွယ်များ ပို့ဆောင်ရန်]
[ရှေးရှင်သန်သူများအား ရွှံ့မြေနီနယ်သို့ ပို့ဆောင်ပါ။ အရေအတွက်အပေါ် မူတည်၍ အဆင့် သတ်မှတ်ပါမည်။]
ရွှံ့မြေနီနယ်သို့ ပထမဆုံးရောက်တည်းက တာဝန်တစ်ခု ကျန်နေသေးသည်။
“အားလုံး ကံကြမ္မာတွေက စီစဉ်ထားတာလား”
လီရန် စဉ်းစား၍ ရေရွတ်မိသည်။
ထိုစဉ် နဂါးမင်းက
“ရှန့်ကျီလီ ခန္ဓာကိုယ်ကို ခဏငှါးလို့ရလား”
“ဟင်”
လီရန် လန့်သွား၏။ ထို့နောက် ခဏစဉ်းစား၍ ခေါင်းငြိမ့်ကာ
“ရတယ်လေ”
“ကျေးဇူးတင်ပါတယ်”
ဖုန်ယူလင်း ဒူးထောက်၍ နေရခက်နေဆဲပင်။
ဆက်တိုက် ထိတ်လန့်စရာများ ကြုံခဲ့၍ သူ သေချာ မတွေးနိုင်သေးပေ။
လူသားမျိုးနွယ် စစ်စစ် ဖြစ်သော်လည်း နဂါးပုံစံ ပြောင်းနိုင်ပြီး နဂါးစွမ်းအင်လည်း ရှိနေသည်။
ထို့ကြောင့် ဖုန်ယူလင်း သူ့ကိုယ်သူ မသိလိုက်ဘဲ ဒူးထောက်မိလေသည်။
ဘာတွေ ဖြစ်ကုန်တာလဲ။
“နာမည် ဘယ်လိုခေါ်လဲ”
ငွေနဂါးမှ မေးလေ၏။
“ဖုန် ဖုန်ယူလင်းပါ”
“မင်းဆီမှာ နဂါးတွေ ဘယ်လောက်တောင် ကျန်တာလဲ”
“အတိအကျတော့ မသိပေမဲ့ အနောက်ဘက်မှာတော့ (၅၃) ကောင်ပါ”
နဂါးမင်း သက်ပြင်းချ၍
“မင်းတို့တွေ ဒီကြားထဲ ပင်ပန်းခဲ့မှာပဲ”
ဖုန်ယူလင်း တုန်ရီလျက် မော့ကြည့်၍
“ဒါ ဒါက…”
နဂါးမင်းမှ သူ့နဖူးကို လက်ဖြင့်ထိလိုက်ရာ ဖုန်ယူလင်း ဦးနှောက်ထဲ မြင်ကွင်းများစွာ ပေါ်လာ၏။
“နဂါးမင်း။ နဂါးမင်းပဲ”
သူ ပျော်လွန်း၍ ထခုန်မတတ် ဖြစ်နေသည်။
နဂါးမင်းမှာ သူ့ရှေ့တွင် အကောင်လိုက် ရှိနေလေပြီ။
ဖုန်ယူလင်း စိတ်ပြန်ထိန်းကာ တုန်ယင်သော အသံဖြင့်
“နဂါးမင်း ကယ်ပါဦးဗျာ။ ကျွန်တော်တို့ ခံနိုင်ရည် မရှိတော့ဘူး”
နဂါးမျိုးဆက်ချန်ရန် ခက်ခဲပြီး လူသားများ၏ ရန်ကြောင့် အရေအတွက်များစွာ လျော့ကျနေလေပြီ။
အရှေ့ပင်လယ်ရှိ မျိုးနွယ်များမှာ မျိုးတုဉ်း၍ ဤအတိုင်း ဆက်သွားလျှင် အချိန်တိုအတွင်း အားလုံး ပျက်စီးတော့မည်။
နဂါးမင်း ခေါင်းယမ်းကာ
“ငါတော့ မကယ်နိုင်ပေမဲ့ ရှန့်ကျီလီ ကယ်ပေးပါလိမ့်မယ်”
“ရှန့်ကျီလီလား”
ဘေးမှ ကန်လန်ချူရွှယ်ကိုကြည့်ကာ ဖုန်ယူလင်း သဘောပေါက်သွား၏။
“နဂါးမင်း ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
“အချိန်ကျတဲ့အထိ စောင့်တာပေါ့”
နဂါးအကာအကွယ်မှာ တဖြည်းဖြည်း လျော့လာလေပြီ။
“ကျွန်တော်တို့…”
“ငါ မသိဘူးထင်လို့လား။ အရင် ပြန်တော့။ အားလုံးကိုလည်း ကြိုပြင်ထား”
ဖုန်ယူလင်း ဦးညွှတ်လျက်
“နဂါးမင်း အမိန့်အတိုင်းပါ”
ထို့နောက် အကြီးအကဲစွန်းမှ ဖုန်ယူလင်းအား ပြန်ပို့လိုက်သည်။
လီရန်လည်း သတိပြန်လည်၍ လူသားအသွင် ဖြစ်လာ၏။
ထို့နောက် အားလုံး၏ ထူးဆန်းသောအကြည့်များကြောင့် လီရန် နေရခက်လာပြီး
“ဘာလို့ ကြည့်နေကြတာလဲ”
လန်ဝူယန်က
“အဝတ်မြန်မြန် ဝတ်စမ်း”
လီရန် ထိုအခါမှ ငုံ့ကြည့်၍ အဝတ်မရှိပြန်ပေ။
“အဟမ်း အဟမ်း အားနာလိုက်တာ”
လီရန် ရှက်ယမ်းယမ်း၍ ကန့်လန့်ကာ အနောက်ပြေးကာ အဝတ်ဝတ်နေသည်။
အမျိုးသမီးများမှာ မျက်နှာများ နီရဲနေကြ၏။
ထိုစဉ် လန်ဝူယန် မျက်နှာပျက်လျက်
“နှစ်ယောက်သားက ပညာဖလှယ်ဖို့လာတာ ကြာလှပြီ။ ပြန်သင့်ပြီ မဟုတ်ဘူးလား”
ချူလင်းချွမ် ခေါင်းယမ်းကာ
“မစိုးရိမ်ပါနဲ့။ ကျွန်မက ရှန်နင်းကို သင်စရာတွေရှိလို့ ရက်ပိုင်းလောက် နေဦးမယ်”
“…”
ရီချင်းလန်လည်း ခေါင်းငြိမ့်၍
“လန်ယွဲ့က အဆင့်တက်တာ မကြာသေးဘူး။ အခြေခံ မတည်ငြိမ်ဘဲ ပြန်လို့ မဖြစ်ဘူးလေ”
လန်ဝူယန် ဘာပြောရမည်မသိအောင် စွံ့အနေ၏။
“မောင်းပဲ ထုတ်ရမလား။ ဒီမျက်နှာပြောင်တိုက်တဲ့ ဟာတွေ”
***