ရွှမ်လင်းတောင် အပြင်ဘက်။
ရိုမွန်မှာ မူးဝေနေဆဲပင်။
သူ ယူလောင်ဂိုဏ်းသို့ ရောက်လာပြီးတည်းက အဖမ်းခံထားခဲ့ရ၏။
သူ ရှင်းပြခွင့်ပင် မရှိဘဲ အချုပ်ခံခဲ့ရပြီး ဤသို့ အသက်ရှင်လျက် လွတ်နိုင်မည်ဟု မထင်ထားပေ။
“ကျွန်တော့်ကို လာကယ်ပေးတာ ကျေးဇူးတင်ပါတယ် ဂိုဏ်းအုပ်။ ဒါနဲ့ တော်ဝင်နဂါးမျိုးနွယ်ကို တွေ့ခဲ့သေးတယ်။ ဒါပေမဲ့ လူသားနဲ့ သိပ်ရင်းနှီးတာပဲ”
ရိုမွန် သေချာစဉ်းစား၍ ပြောလိုက်သည်။
တော်ဝင်နဂါးသွေးသားသည် လူသားမျိုးနွယ်နှင့် ရင်းရင်းနှီးနှီး ပတ်သက်နေခြင်းမှာ သူကိုယ်တိုင် မတွေ့လျှင် ယုံမည်မဟုတ်ပေ။
“ရှန့်ကျီလီကို ပြောတာလား”
ဖုန်ယူလင်း လက်နောက်ပစ်လျက်
“အဲ့တာ နဂါးသွေးသားရဲ့လက်တွဲဖော်ပဲ။ အဟမ်း အဟမ်း…ဘာပဲဖြစ်ဖြစ် မှတ်ထားရမှာက ဒီနေ့ကစပြီး ငါတို့တွေကို ရှန့်ကျီလီက ပြန်ပို့ပေးလိမ့်မယ်”
“ဘယ်လို”
ရိုမွန် မျက်လုံး ပြူးနေမိသည်။
ဖုန်ယူလင်း သူ့ပုခုံးအားပုတ်၍
“မင်း နောက်တော့ နားလည်လာပါလိမ့်မယ်။ ရှန့်ကျီလီက ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ”
ရိုမွန်ကတော့ မယုံနိုင်ပါ။
နဂါးမျိုးနွယ်၏ အနာဂတ်သည် လူသားတစ်ယောက်အပေါ် မှီခိုနေသလား။
ထိုအရာမှာ အဓိပ္ပာယ် မရှိလှပေ။
သို့သော် နောက်ကျသွားလေပြီ။
လောက်ရွှယ်ဖုန်။
အခန်းထဲ၌ လီရန်တစ်ယောက် တင်ပျဉ်ခွေ ထိုင်နေပြီး ကမ္ဘာငယ်အား အာရုံစိုက်နေသည်။
ကမ္ဘာငယ်ထဲတွင် မြစ်များ စီးဆင်း၍ တောင်တန်းများ စိမ်းစိုကာ သက်ရှိများ ပေါများလာသည်။
ရေကန်ထဲ၌ သူ အထက်လောကမှ ရလာသော အခွံလေး မျောနေပြီး အထဲတွင် စိတ်ဝိညာဉ်လေးမှာ ငြိမ်သက်စွာ အိပ်ပျော်နေသည်။
ထိုထဲမှ စိတ်ဝိညာဉ်စွမ်းအင်များကြောင့် မျက်နှာလေးလည်း ပန်းသွေးရောင် သမ်းလာ၏။ သို့သော် နှစ်ခြိုက်စွာ အိပ်မောကျ၍ နိုးမလာသေးပေ။
လီရန့်ကို နောက်ဆုံးတစ်ခေါက် တာအိုစွမ်းအင်များ ကူညီပေးလိုက်၍ အလွန် ပင်ပန်းသွားပုံ ရ၏။
လောကဂိတ်ကို ဖွင့်ချင်လျှင် စိတ်ဝိညာဉ်မှာ အဓိကဖြစ်၏။
ကမ္ဘာငယ်မှာ အရင်လို မှောင်မိုက်မနေတော့ဘဲ သစ္စာတရား အလင်းရောင်များ ပြည့်၍ ဆန်းကြယ် တောက်ပသော ကမ္ဘာလေး ဖြစ်နေလေပြီ။
“ဒီအတိုင်းဆို ဘယ်တော့ အကုန်ပြည့်သွားမလဲ မသိဘူး”
လီရန့် မသိစိတ်ထဲ၌ ထိုကမ္ဘာငယ်တစ်ခုလုံး အပြည့် လင်းလက်လာလျှင် လောကကြီး၌ ပြောင်းလဲမှု ဖြစ်လာမည်ဟု ယုံကြည်နေ၏။
ဘုံး ဘုံး ဘုံး!
ထိုစဉ် တံခါးခေါက်သံ ကြားရလေသည်။
“ရှန့်ကျီလီ အိပ်သွားပြီလား”
“ရတယ် ဝင်ခဲ့”
ထိုအခါ တံခါးပွင့်သွားပြီး ရှန်ကျင်း ဝင်လာ၏။
“နင်းလေးရော အိပ်သွားပြီလား”
လီရန်က မေးလိုက်သည်။
ရှန်ကျင်းက
“သူ့ကိုက ခေါင်းဆောင်ချူ ခေါ်သွားတယ်။ သူ့ ကျင့်ကြံမှုအခြေခံ စစ်ဆေးမယ်လို့ ပြောတာပဲ”
လီရန် ခေါင်းငြိမ့်ပြလိုက်သည်။
ချူလင်းချွမ်မှာ လန်ဝူယန်နှင့် ပြိုင်ထားသော်လည်း ရှန်နင်းအား တကယ် ဂရုစိုက်ပါသည်။ ဤသို့ အစွမ်းထက် ပညာရှင်နှစ်ဦး၏ တပည့်ဖြစ်ရခြင်းသည် ရှန်နင်းအတွက် ကံကောင်း၏။
“ဘာကိစ္စရှိလို့လဲ”
“ဘာမှ မဟုတ်ပါဘူး။ ကျွန်မ အခုတစ်လော ကျင့်ကြံရတာ ပြဿနာလေး ရှိလို့။ ဒီနောက်ပိုင်း စိတ်တွေရှုပ်ပြီး မကျင့်ကြံဖြစ်ဘူးလေ။ အဲ့တာကြောင့် အကြံလေး လိုချင်လို့”
“ပြဿနာလား”
လီရန် ရှန်ကျင်းလက်ကောက်ဝတ်လေးအား ကိုင်၍ ကျင့်ကြံမှုအခြေခံ စစ်ဆေးလိုက်သည်။
“အင်း အခြေခံ အားနည်းနေတာပဲ။ အရမ်းမြန်မြန် အဆင့်တက်သွားလို့ ထင်တယ်”
ရှန်ကျင်း၏ စိတ်ဝိညာဉ်နတ်ခန္ဓာကိုယ်မှာ ရှားပါး ဖွဲ့စည်းပုံ ဖြစ်ပြီး ကျင့်ကြံမှု အလွန်လျင်မြန်စွာ တိုးတက်ခဲ့သည်။
သို့သော် အဆင့်များမှာ အခြားသူများကဲ့သို့ မခိုင်မာပေ။
လီရန် သူ့ခန္ဓာကိုယ်သို့ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်၍ အတွင်းအားအတွက် ကူညီပေးနေသည်။
ရှန်ကျင်းခန္ဓာကိုယ်မှ အရောင်များတောက်၍ လေထုမှာ သန့်စင်လာသည်။
ထို့နောက် လီရန့်ကိုယ်ပေါ် မှီလဲကာ အမောဖြေနေသည်။ ထိုစဉ် လီရန့်နှလုံးခုန်သံ ပြင်းပြင်းအား ကြားရပြီး သူ့နှလုံးသားလည်း လှုပ်ရှားနေ၏။
“ဖြစ်နိုင်ရင် ရှန့်ကျီကို အမြဲဖက်ထားချင်လိုက်တာ”
လီရန် နှာခေါင်းလေးပွတ်ကာ ပြုံး၍
“အဲ့တော့ မင်းက အကြံလာတောင်းတာ မဟုတ်ဘဲ အသားလာယူတာပေါ့လေ”
ရှန်ကျင်းမျက်နှာလေး ရဲလျက် လီရန့်ရင်ခွင်ထဲ နစ်ဝင်ကာ
“ရှန့်ကျီလီကု သဘောကျလို့ပါ”
ထိုသို့ ရိုးသား၍ ဆွဲဆောင်မှုရှိသော အသွင်အပြင်လေးကြောင့် လီရန် ရင်ခုန်သံများ ပိုမြန်လာသည်။
“ဒီမိန်းကလေး… ပိုပိုပြီး တော်လာတာပဲ”
ရှန့်ကျီအဆောင် အပြင်ဘက်၌။
သာယာသော လရောင်အောက်တွင် သွယ်လျသော ပုံရိပ်တစ်ခု တံခါးနားသို့ တိတ်တဆိတ် ရောက်လာသည်။
ချင်းရူယန် ဖြစ်၏။
“နောက်ကျနေပြီဆိုတော့ လီရန် အိပ်နေပြီများလား။ ဒါပေမဲ့ ကတိပေးထားတာရှိတော့ သေချာပေါက် တည်ရမှာပေါ့”
ချင်းရူယန်၏ ရင်အစုံမှာ နိမ့်ချည်မြင့်ချည်ဖြင့် စိတ်လှုပ်ရှားနေသည်။
သူ တံခါးနား ရောက်လာပြီး အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ စိတ်ထိန်း၍ တံခါးကို ဖွင့်လိုက်၏။
“အဟမျး အဟမျး”
ချင်းရူယန် တွန့်ကာ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်မိသည်။
ထိုအခါ လက်ပိုက်လျက် အေးစက်စက် လှမ်းကြည့်နေသော လင်းလန်ယွဲ့အား အနောက်ဘက်တွင် တွေ့ရသည်။
“ညမိုးချုပ်နေပြီကို မိန်းကလေးချင်းက မအိပ်ဘဲ ရှန့်ကျီလီဆီ ဘာလာလုပ်တာလဲ”
ချင်းရူယန် ပါးလေးရဲလျက် ရှက်နေမိ၏။
သူကျတော့ ရောက်လာပြီး။
ချင်းရူယန် အမူအရာထိန်း၍ ချက်ချင်း ခေါင်းယမ်းကာ
“ကျွန်မ သွားချင်တဲ့နေရာ သွားမှာပေါ့။ အဲ့တာ ရှင်နဲ့ ဘာဆိုင်လဲ။ ဒါနဲ့ ရှင်ကျတော့ရော ဘယ်တုန်းက ဂိတ်စောင့် ဖြစ်သွားတာလဲ”
“ဟွန့် မဟုတ်တာတွေ မပြောနဲ့”
“ကိုယ်တိုင်ကျ လာခိုးပြီး သူများကို သူခိုးလို့ ပြောတာလား”
“ပေါက်ကရတွေ”
နှစ်ယောက်သား အချင်းချင်း စိုက်ကြည့်၍ မီးဝင်းဝင်း တောက်နေ၏။
ထိုအချိန်တွင် ခြေသံများ ထပ်ကြားရပြန်သည်။
“ဟင် ရှင်တို့နှစ်ယောက် ဒီမှာ ဘာလုပ်နေတာလဲ”
နှစ်ယောက်သား လှည့်ကြည့်မိလိုက်ပြီး ယွီကျန်းလီ မျက်မှောင်ကြုတ်၍ လှမ်းကြည့်နေ၏။
လင်းလန်ယွဲ့ အထိတ်တလန့်ဖြင့်
“အိပ်မပျော်လို့ လမ်းထွက်လျှောက်တာပါ”
ချင်းရူယန် ခေါင်းငြိမ့်ကာ
“ကျွန်မရောပဲ”
ယွီကျန်းလီ နားမလည်နိုင်ပေ။
“ညသန်းခေါင်မှာ ရှန့်ကျီလီ အဆောင်နား အတူတူ လမ်းလျှောက်ကြတာလား။ တော်တော် စိတ်တူတာပဲ”
“ကျွန်မတို့ကို မပြောနဲ့။ ရှင်ကရော”
“အဟမ်း… ဒီအတိုင်း ဖြတ်သွားတာပေါ့”
(၃) ယောက်သား စွံ့အ၍ အချင်းချင်း ကြည့်နေမိသည်။ အလွန်လည်း နေရခက်နေ၏။
နှင်းတောင်ထိပ်။
အဆောင်ထဲတွင် လန်ဝူယန်မျက်လုံးများမှာ အေးစက်စက် စူးရှနေသည်။
“ဒီဟာတွေ အကြံဆိုးရှိနေတာ သိတယ်။ မဟုတ်သေးဘူး။ မြန်မြန် နှင်ထုတ်ရမယ်”
ဘေးအခန်းထဲ၌။
ရီချင်းလန် တင်ပျဉ်ခွေထိုင်၍ လက်ကောက်ဝတ်မှ မျဉ်းနီအား မကျေမနပ် ကြည့်နေ၏။
“ဒီကောင်စုတ်လေးကတော့ ငါ့ကို နေ့တိုင်း စကား လာပြောမယ်ဆိုပြီး။ ကတိမတည်လို့ကတော့ ငါလည်း လုံးဝ ပြန်မပြောတော့ဘူး”
“ခေါင်းဆောင် ဘာတွေ တွေးနေတာလဲ”
ရှန်နင်းမှာ ချူလင်းချွမ် မျက်လုံးရှေ့ လက်လေးယမ်း၍ ပြောလိုက်သည်။
ထိုအခါမှ ချူလင်းချွမ် သတိပြန်ဝင်ကာ ရှန်နင်းအား ကြည့်၍
“နင်းလေး ငါ မေးစရာရှိတယ်”
“ဟုတ်ကဲ့ မေးပါ”
“မင်းအစ်ကို လီရန်မှာ မိန်းကလေး မိတ်ဆွေတွေ ဘယ်လောက်တောင် ရှိတာလဲ”
“မိန်းကလေး မိတ်ဆွေဆိုတာ ဘာလဲ”
“ဪ.. အရမ်းရင်းနှီးကြတာမျိုးပေါ့။ ဖက်တာတို့ ဘာတို့အထိ”
“အများကြီးပဲ”
ရှန်နင်း လက်ချောင်းလေးများ ချိုးလျက်
“မမအာကျင်း၊ မမချူရွှယ်၊ မမရူယန်၊ မမလန်ယွဲ့၊ မမ ကျန်းလီ… ဪ ပြီးတော့ ရှောင်းအိမ်တော်က မမချင်းကျဲ ရှိသေးတယ်”
ချူလင်းချွမ် နားထောင်ရင်း မျက်နှာပိုပျက်လာသည်။ ထို့နောက် အံကြိတ်၍ မကျေမနပ်ဖြင့်
“ဒီကောင် တော်တော် တရားလွန်နေပြီ”
***