စုန့်စစ်ယွီတစ်ယောက် ဝမ်လိန်၏ ဒေါသတကြီးပေါက်ကွဲသံကြီးကို ကြားလိုက်ရပြီးနောက် ချက်ချင်းပင် ရှုပ်ထွေးသွားရလေသည်။
“ဦးလေး.. ဘာတွေ ပြောနေတာလဲ.. ကျွန်မကြောင့် ဦးလေးရဲ့ အလုပ် ပြုတ်သွားရတယ်ဆိုတာက ဘာကို ဆိုလိုတာလဲ.. ကျွန်မက...”
စုန့်စစ်ယွီတစ်ယောက် ပိုမိုအသေးစိတ်၍ မေးမြန်းရန် ပြင်လိုက်သော်လည်း ဝမ်လိန်က သူမ၏စကားကိုပင် ဆုံးအောင်ပင် ပြောခွင့်မပေးဘဲ သူမ၏နှာခေါင်းကို လက်ညှိုးထိုးကာ ထပ်မံ၍ ကျိန်းမောင်းဆဲဆိုလေတော့၏။
“မဟုတ်ရင် ဘယ်သူရှိဦးမှာလဲ! မနေ့က မင်းသာ လင်းရန်က ကိုင်တွယ်ရလွယ်ပါတယ်လို့ မပြောခဲ့ရင် ငါက သူမကို ထောင်ချောက်ဆင်ဖို့ နည်းလမ်းတွေ စဉ်းစားပါ့မလား
မင်းပြောတဲ့စကားကြောင့်ပဲ ငါ အလုပ်ပြုတ်သွားရတာ .. မင်း သိရဲ့လား!”
“သူမက ကိုင်တွယ်ရလွယ်တယ် ဟုတ်လား.. သူမမှာ ဦးနှောက်တွေ အများကြီးရှိပြီး ငါတို့ထက်တောင် အများကြီး ပိုဥာဏ်ကောင်းသေးတယ် .. မင်းကများ သူမကို ကိုင်တွယ်ရလွယ်တယ်လို့ ပြောထွက်ရဲတယ်ပေါ့.. ငါ့အမြင်မှာတော့ မင်းကသာ ဦးနှောက်မရှိဆုံးလူပဲ!”
အမှန်စင်စစ် ဦးနှောက်မရှိဆုံးသူက စုန့်စစ်ယွီ၏ စကားကို အလွယ်တကူ ယုံကြည်မိခဲ့သူသာ ဖြစ်သော်လည်း၊ ဝမ်လိန်က သူ၏အားနည်းချက်ကို သေချာပေါက် ဖော်ထုတ်လိမ့်မည်မဟုတ်ဘဲ စုန့်စစ်ယွီကိုသာ အပြင်းအထန် ကျိန်းမောင်းနေတော့သည်။
သူ၏စကားများက ဖြစ်စဉ်တစ်ခုလုံးကို ရှင်းလင်းစွာ မဖော်ပြနိုင်သော်လည်း ထိုနေရာတွင် ရှိနေသူအားလုံးက အရိပ်အမြွက်များကို ကြားသိသွားကြချေပြီ။
ဝမ်လိန်က စုန့်စစ်ယွီ၏စကားကြောင့် လင်းရန်အား ဒုက္ခပေးရန် ထောင်ချောက်ဆင်ခဲ့ခြင်းဖြစ်ပေ၏။
ဤစကားများ ထွက်ပေါ်လာသည်နှင့် စုန့်ဝေ့အနေဖြင့် စုန့်စစ်ယွီကို မည်သည့်အရာများဖြစ်နေသည်ကို မေးမြန်းရန် အချိန်မရမီမှာပင် ဘေးနားတွင်ရှိနေသော လီရှို့လီက ဒေါသပေါက်ကွဲသွားခဲ့တော့သည်။
“ကောင်းသားပဲ စုန့်စစ်ယွီ... နင်က ငါ့ရဲ့ ရန်ရန်ကို အဝေးကိုရောက်အောင် မောင်းထုတ်ခဲ့တာတောင် မကျေနပ်သေးဘူးလား
အခုထိ သူမကို လွှတ်မပေးဘဲ နင့်ဦးလေးနဲ့ပေါင်းပြီး ထောင်ချောက်ဆင်နေသေးတယ်ပေါ့.. နင်က ဘာလို့ ဒီလောက်တောင် စိတ်သဘောထား ဆိုးရွားလွန်းနေတာလဲ.. နင်က လူမှဟုတ်ရဲ့လား!”
စုန့်စစ်ယွီနှင့် စုန့်ဝေ့တို့၏ စစ်မှန်သော မျက်နှာဖုံးများကို အထင်အရှား မြင်တွေ့ပြီးကတည်းက လီရှို့လီအနေဖြင့် လင်းရန်နှင့် ဆက်ဆံရေး ပျက်ပြားခဲ့သည်ကို အကြီးအကျယ် နောင်တရနေခဲ့ခြင်း ဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေ သွေးသားအရင်းအချာ သမီးအရင်းကသာ လင်ပါသမီးထက် ပို၍ အားကိုးထိုက်သည် မဟုတ်ပါလား။
ထို့ကြောင့် လွန်ခဲ့သော အချိန်တချို့ခန့်က သူမအနေဖြင့် သင်ခန်းစာရယူကာ လင်းရန်ထံသို့ တစ်ဆင့်စကား ပါးခဲ့ဖူးပေသည်။
သူမ အလွန်အမင်း နောင်တရနေကြောင်း၊ သူမ၏ အမှားကို သိရှိသွားပြီဖြစ်ကြောင်းနှင့် လင်းရန်နှင့် ဆက်ဆံရေး ပြန်လည်ပြင်ဆင်လိုကြောင်းတို့ကို ပြောဆိုခဲ့သည်ပင်။
နှမြောစရာကောင်းစွာဖြင့် လင်းရန်က သူမနှင့် ပြန်လည်သင့်မြတ်ရန် အစီအစဉ် မရှိခဲ့ပါချေ။
လီရှို့လီတစ်ယောက် စိတ်ပျက်သွားခဲ့ရသော်လည်း သူမက သမီးဖြစ်သူအား ယခင်က အလွန်အမင်း နာကျင်အောင် လုပ်ခဲ့ဖူးသောကြောင့် သမီးဖြစ်သူမှ သူမအား အလွယ်တကူ ခွင့်လွှတ်လိမ့်မည်မဟုတ်ကြောင်းကိုလည်း သိထားပေသည်။
သို့ဖြစ်၍ သူမက အခွင့်အရေးရတိုင်း သမီးဖြစ်သူအား ကူညီပေးရန်နှင့် တစ်နေ့နေ့တွင် သူမ၏ စေတနာအမှန်ကို မြင်တွေ့လာလိမ့်မည်ဟုသာ တွေးတောထားခဲ့ချေပြီ။
သို့သော် မမျှော်လင့်ဘဲ သူမအနေဖြင့် လင်းရန်အား တစ်စုံတစ်ရာ မကူညီရသေးမီမှာပင် စုန့်စစ်ယွီက ပြဿနာ ထပ်ရှာပြန်ချေပြီ။
လီရှို့လီ တွေးတောလေလေ ဒေါသထွက်လေလေဖြစ်နေခဲ့ရသည်။ စုန့်စစ်ယွီကြောင့် လင်းရန်က သူမနှင့် ပို၍ပင် ဝေးကွာသွားကာ သူမအား ပို၍ပင် မုန်းတီးသွားတော့မည်ဟု မြင်ယောင်မိလျှင် သူမ၏နှလုံးထဲ၌ ပိုမို နာကျည်းလာခဲ့၏။
ထို့ကြောင့် သူမက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ရှုပ်ထွေး ဖြစ်နေဆဲဖြစ်သော စုန့်စစ်ယွီထံသို့ တိုက်ရိုက် ပြေးဝင်သွားလေသည်။
“စုန့်စစ်ယွီ! ငါ နင်နဲ့ အသေသတ်မယ်.. နင်က ရန်ရန်ကို နှိပ်စက်ခိုင်းသေးတယ်ပေါ့၊ နင်က သူမကို အခုထိ နှိပ်စက်ရဲနေသေးတယ်ပေါ့!”
“အား!”
လီရှို့လီက စုန့်စစ်ယွီ၏ ဆံပင်များကို အားကုန်ဆွဲလိုက်ပြီး သူမ၏ မျက်နှာကိုလည်း လက်သည်းများဖြင့် အကြိမ်ကြိမ် ကုတ်ခြစ်ပစ်လိုက်လေ၏။ စုန့်စစ်ယွီ အလွန်ပင် နာကျင်လွန်းသောကြောင့် ထိုနေရာတွင်ပင် အော်ဟစ်ငိုယိုမိတော့၏။
ဘေးနားတွင်ရှိနေသာ စုန့်ဝေ့နှင့် ဝမ်လိန်တို့မှာလည်း လီရှို့လီတစ်ယောက် ဤမျှအထိ စိတ်လှုပ်ရှားသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြသောကြောင့် မတားဆီးနိုင်ခဲ့ကြပါချေ။
သို့သော် သူတို့သတိပြန်ဝင်လာပြီးနောက်တွင် ဝမ်လိန်တစ်ယောက် ဒေါသပြေသွားသကဲ့သို့ပင် ရယ်မောလိုက်လေသည်။
“ဒီလိုမျိုး လုပ်စမ်းပါ.. သူမကို ကောင်းကောင်းလေး ဆုံးမလိုက်.. ငါ့ကို ဆိုးရွားတဲ့ အကြံတွေ ပေးဦးမလားကြည့်ရအောင်!”
အကယ်၍ ဦးလေးတစ်ယောက်အနေဖြင့် တူမဖြစ်သူကို ဆုံးမရန်အတွက် ရှက်ရွံ့မနေပါက ဝမ်လိန်ကိုယ်တိုင်ပင်လျှင် ဝင်ရောက်ရိုက်နှက်ချင်နေခဲ့သည်။
စုန့်ဝေ့နှင့် ပတ်သက်လျှင်တော့ စုန့်စစ်ယွီ အရိုက်ခံနေရသည်ကို မြင်သည့်အချိန် သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ အပြေးအလွှားသွား၍ ကူညီရန်နှင့် လီရှို့လီအား တားဆီးရန်ပင် ဖြစ်ပေသည်။
သို့သော် သူ တားဆီးရန်အတွက် စကားပြောတော့မည့် အခိုက်အတန့်တွင်ပင် တုံ့ဆိုင်းသွားခဲ့လေသည်။
ဒါမှမဟုတ်... ဒီအခွင့်အရေးကို သုံးပြီး ဒီကလေးမကို နာကျင်သွားအောင် လွှတ်ထားလိုက်ရမလား?
စုန့်ဝေ့ ထိုသို့ စဉ်းစားလိုက်မိလေသည်။
သူ၏သမီး စုန့်စစ်ယွီမှာ လွန်ခဲ့သော အချိန်များက အပြင်ဘက်တွင် သွားလာရင်း ဒုက္ခအနည်းငယ် ကြုံတွေ့ခဲ့ရသည်ဆိုသော်လည်း သူမက မြို့ပေါ်၌သာ ရှိနေခဲ့ခြင်းဖြစ်ပေသည်။
ထို့အပြင် နောက်ပိုင်းတွင် သူ စုံစမ်းကြည့်သည့်အချိန်၌ စုန့်စစ်ယွီက တခြားသူများ၏ အိမ်တွင် တည်းခိုနေထိုင်ခဲ့ကြောင်း သိရှိရလေ၏။
သူမအနေဖြင့် အမှန်တကယ် ပြင်းထန်သော ဆင်းရဲဒုက္ခမျိုးကို ကြုံတွေ့ခဲ့ရခြင်း မရှိနိုင်ပါချေ။
သူမက ဒုက္ခသိပ်မတွေ့ဖူးသေးသောကြောင့်သာ “နောင်တရခြင်း” နှင့် “လက်ရှိအခြေအနေကိုမူလက်ခံခြင်း” ဟူသော စကားလုံးများကို မည်သို့ ရေးရမည်ကို မသိသေးခြင်း ဖြစ်ပေလိမ့်မည်။
ဤသို့ဆိုလျှင်တော့ သူမကို နာကျင်သွားစေရန် လွှတ်ထားသင့်ပေသည်။
ထိုသို့ တွေးမိပြီးနောက်တွင် စုန့်ဝေ့က သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီးနောက်၊ လီရှို့လီနှင့် စုန့်စစ်ယွီတို့ လုံးထွေးသတ်ပုတ်နေသည်ကိုသာ ကူကယ်ရာမဲ့စွာ ငေးကြည့်နေလိုက်လေသည်။
အမှန်စင်စစ် သတ်ပုတ်ကြသည်ဟု ပြောခြင်းထက် လီရှို့လီက စုန့်စစ်ယွီအား တစ်ဖက်သတ် ရိုက်နှက်နေခြင်းဟု ပြောလျှင် ပို၍ တိကျပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ လီရှို့လီက လယ်ယာလုပ်ငန်းများ မလုပ်ကိုင်ရပါသော်လည်း နေ့စဉ် အိမ်မှုကိစ္စများကို လုပ်ဆောင်နေသူ ဖြစ်ပေသည်။
သူမ၏ ကိုယ်ကာယ ကြံ့ခိုင်မှုမှာ မဆိုးလှဘဲ အင်အားလည်း အတန်အသင့် ရှိနေပေသေးသည်။
မိန်းကလေးတစ်ယောက်သာဖြစ်သော စုန့်စစ်ယွီက သူမကိုယ်သူမ စိတ်ဓာတ်ပိုင်းအရ ရင့်ကျက်သည်ဟု ယူဆထားလျှင်ပင် ကိုယ်ခန္ဓာ အင်အားပ လီရှို့လီအား မယှဉ်နိုင်ပါချေ။
သို့ဖြစ်၍ နောက်ဆုံးတွင် သူမက လီရှို့လီ၏ ရိုက်နှက်မှုကြောင့် ရှောင်တိမ်းရင်း ငိုကြွေးနေရုံသာ တတ်နိုင်နေခဲ့လေ၏။။
လီရှို့လီက စုန့်စစ်ယွီအား ဆုံးမပြီးနောက်တွင် ဝမ်လိန်က နှာခေါင်းတစ်ချက် ရှုံ့လျက် အေးစက်သော လေသံဖြင့် စကားပြောလိုက်လေသည်။
“စုန့်စစ်ယွီ... ငါ ပြောလိုက်မယ်၊ မင်းကြောင့် ငါ့ရဲ့ အလုပ်ပြုတ်သွားရတဲ့ ဒီကိစ္စကတော့ ဒီအတိုင်း ပြီးသွားမှာ မဟုတ်ဘူး.. ငါတို့က အမျိုးတွေ ဖြစ်ကြပေမဲ့.. ရှင်းရမယ့် စာရင်းတွေကိုတော့ သေသေချာချာ ရှင်းရလိမ့်မယ်!”
ထိုသို့ပြောပြီးနောက် ဝမ်လိန်က သူ၏ “စာရင်း” ဟု ခေါ်ဆိုသောအရာများကို စတင်တွက်ချက်လေသည်။
“ငါ့အလုပ်က တစ်လကို အနည်းဆုံး ယွမ်ငါးဆယ် ရတယ်.. အခု ငါက မအိုသေးဘူး၊ အသက်ခြောက်ဆယ်အထိ လုပ်နိုင်သေးတယ်ဆိုတော့ အငြိမ်းစားယူဖို့ နောက်ထပ် နှစ်ဆယ့်နှစ်နှစ် လိုသေးတယ်
ဒါကြောင့် ဒီနှစ်ပေါင်း ဆယ့်နှစ်စာ၊ တစ်နှစ်ကို ဆယ့်နှစ်လစာ လစာငွေတွေက နင့်ရဲ့ ဆိုးရွားတဲ့အကြံကြောင့် ဆုံးရှုံးသွားရတာပဲ!”
“ဒါတွေတင်မကဘူး၊ လွန်ခဲ့တဲ့ ရက်ပိုင်းက မင်းအတွက် အလုပ်ရှာပေးဖို့.. ဆက်ဆံရေးတွေ လိုက်ညှိပေးဖို့ ငါ ဟိုပြေးဒီပြေး လုပ်ခဲ့ရတာတွေရှိတယ်
ဒီလို ဆက်ဆံရေးတွေနဲ့ ငါ့ရဲ့ အင်အားတွေအတွက်ကိုလည်း အကုန်လုံး ထည့်တွက်ရမယ်!”
“ဒါကြောင့် မင်း ငါ့ကို ပိုက်ဆံ ဘယ်လောက် ပေးရမလဲဆိုတာ ငါ့အတွက် တွက်ပေး!”
ဒါက ဘာလဲ?
စုန့်စစ်ယွီတစ်ယောက် နာကျင်လွန်းသောကြောင့် ငိုယိုနေဆဲဖြစ်ကာ လီရှို့လီအား ဒေါသတကြီး စိုက်ကြည့်နေသော်လည်း၊ ဤစကားများကို ကြားလိုက်ရသည့်အချိန်တွင် ခဏမျှ ကြောင်အမ်းသွားပြီးမှ ရုတ်တရက် သတိပြန်ဝင်လာခဲ့လေသည်။
“ဦးလေး အလုပ်ပြုတ်တာက ကျွန်မနဲ့ ဘာဆိုင်လို့လဲ.. ဦးလေးကို အလုပ်ထုတ်ပစ်တာ ကျွန်မမှ မဟုတ်တာ!”
သူမက ယခုအချိန်တွင် အလွန်အမင်း ဒေါသထွက်နေသောကြောင့် ဝမ်လိန်အား ဆက်လက် ထောက်ပံ့ရန် သို့မဟုတ် သူ့အပေါ် ယဉ်ကျေးနေရန် အစီအစဉ် မရှိတော့ပါချေ။
ထို့အပြင် သူ၏ ယခုပုံစံကို ကြည့်ခြင်းအားဖြင့် သူမ၏ အလုပ်ကိစ္စအတွက် သူ မည်သည်ကိုမျှ ထပ်မံလုပ်ဆောင်ပေးနိုင်တော့မည် မဟုတ်လောက်တော့ပေ။
ထို့ကြောင့် သူ့ကို ဆက်လက်၍ မျက်နှာချိုသွေးနေရန် မလိုအပ်တော့ဟု တွေးလိုက်သည်။
ဝမ်လိန်ကတော့ သူမ၏အတွေးကို မသိပါချေ။ သူက မတိုင်မီအချိန်က သူ၏ ကြီးမားသော ဆုံးရှုံးမှုများကြောင့် အမှန်တကယ်ပင် ထိတ်လန့်သွားခဲ့ရခြင်း ဖြစ်ပေသည်။
သို့ဖြစ်၍ အပြစ်ပုံချစရာ လူတစ်ဦးကို ရှာဖွေရန် ဆုံးဖြတ်ချက်က ပို၍ ခိုင်မာလာခဲ့သည်။ သို့မဟုတ်ပါက သူ၏ ဆုံးရှုံးမှုများအတွက် မည်သူက တာဝန်ယူပေးပါမည်နည်း။
သူကိုယ်တိုင် တာဝန်ယူရန်အတွက် လုံးဝ မဖြစ်နိုင်ပါချေ။
“မင်းနဲ့ မဆိုင်လို့ ဘယ်သူနဲ့ ဆိုင်ရမှာလဲ! ငါက အစကတည်းက လင်းရန်ကို ဒုက္ခပေးဖို့ အစီအစဉ် မရှိပါဘူး.. မင်းက သူမအကြောင်း မကောင်းတွေ ပြောပြီး မြှောက်ပင့်ပေးခဲ့လို့သာပေါ့
မင်းပဲ သူမက ကိုင်တွယ်ရလွယ်ပါတယ်လို့ ငါ့ကို ပြောခဲ့တာ မဟုတ်လား.. ဒါက သူမကို ပစ်မှတ်ထားခိုင်းတာ မဟုတ်ရင် ဘာလဲ!”
“ငါသာ မင်းစကားကို နားမယောင်ခဲ့ရင် ဒီလိုမျိုးတွေ လုပ်ပါ့မလား.. ဒါဆိုရင် နောက်ဆက်တွဲကိစ္စတွေလည်း ဘယ်ဖြစ်လာပါ့မလဲ!”
ဝမ်လိန်က မျက်နှာသေဖြင့် ပြောဆိုလိုက်လေသည်။
“ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးက မင်းကြောင့်ပဲ! မင်းသာ ငါ့ကို လျော်ကြေးမပေးဘူး၊ အစားထိုးမပေးဘူးဆိုရင်တော့ ငါ ဒီနေ့ ဒီကနေ လုံးဝပြန်မှာမဟုတ်ဘူး.. ဘယ်သူက ပိုပြီး သည်းခံနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့!”
မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် သူ့တွင် အလုပ်အကိုင်မရှိတော့သကဲ့သို့ တစ်နေ့ကုန် လုပ်ကိုင်စရာလည်း မရှိတော့ပါချေ။ သို့သော် စုန့်စစ်ယွီနှင့် သူမ၏မိသားစု၊ အထူးသဖြင့် စုန့်ဝေ့မှာ အလုပ်သွားရဦးမည် ဖြစ်ပေသည်။
တစ်စုံတစ်ယောက်ကသာ သူ၏ခြေလှမ်းများကို နှောင့်ယှက်နေပါက သူက ထိုအလုပ်ခွင်သို့ ဆက်လက်ဝင်နိုင်ပါဦးမည်လား။
သို့ဖြစ်၍ စုန့်ဝေ့အနေဖြင့် ဤအခြေအနေကို အချိန်ဆွဲထားနိုင်လိမ့်မည် မဟုတ်ပေ။
ထို့အပြင် စုန့်ဝေ့တွင် ငွေကြေးအင်အား အနည်းငယ်ရှိနေလိမ့်မည်။
သူ၏ပြဿနာကို ဖြေရှင်းရန်အတွက် ငွေအနည်းငယ် အကုန်အကျခံရခြင်းမှာ သူ့အတွက် သေးငယ်သောကိစ္စသာ ဖြစ်ပေလိမ့်မည် မဟုတ်ပါလား။
***