ဝမ်လိန် တွေးတောရင်းဖြင့် စုန့်ဝေ့အား လှမ်းကြည့်လိုက်လေသည်။
“စုန့်ဝေ့... ‘အဖေက သားသမီးကို ဆုံးမမှုမရှိခဲ့ဘူးဆိုရင် ကိစ္စတစ်ခုဖြစ်လာချိန်မှာ အဖေရဲ့အပြစ်ပဲ’ ဆိုတဲ့ စကားကို မင်းလည်းကြားဖူးမှာပါ.. အခု မင်းရဲ့သမီးက ဒီလိုစရိုက်မျိုး ဖြစ်နေမှတော့၊ မင်းက သူရဲ့အဖေအရင်းအနေနဲ့ တာဝန်တစ်ခုခုတော့ ယူသင့်တယ် မဟုတ်လား?”
စုန့်ဝေ့က ဘေးမှနေ၍ လေးနက်သော မျက်နှာအမူအရာဖြင့် နားထောင်နေခဲ့ပေသည်။
သူ့အနေဖြင့် တစ်ချိန်က သူ၏သမီး စုန့်စစ်ယွီမှာ သူ၏ဘဝတွင် ဂုဏ်အယူရဆုံးသော အောင်မြင်မှုဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့ဖူးသည်။
သို့ပါသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဤအတွေးအပေါ်တွင် သံသယများက ပိုမိုတိုးပွားလာခဲ့ရလေသည်။
အထူးသဖြင့် ယခုအချိန်တွင် ဝမ်လိန်က သူ၏ရှေ့တွင်ပင် စုန့်စစ်ယွီ၏ အရည်အချင်းမရှိမှုကို ထောက်ပြနေသည့်အချိန်၌ သူက ပို၍ပင် အရှက်ရနေခဲ့သည်။
သို့သော်လည်း မိသားစုထဲမှ အရှုပ်အထွေးများကို လူသိရှင်ကြား မဖော်ထုတ်သင့်ပါချေ။ ထို့အပြင် သူ့ထံ၌ သမီးတစ်ဦးတည်းသာ ရှိပေသည်။
သူမ၏ လက်ရှိစွမ်းဆောင်ရည်က သူ့အား စိတ်ကျေနပ်မှု မပေးနိုင်လျှင်ပင် စုန့်ဝေ့အနေဖြင့် ဝမ်လိန်၏ရှေ့တွင် မည်သည်ကိုမျှမပြောနိုင်ပါချေ။
သို့ဖြစ်၍ သူက ပြောလိုက်လေသည်။
“ဝမ်လိန်.. မင်းက စစ်ယွီရဲ့ဦးလေးဖြစ်လို့သာ ငါက မင်းကို ယောက်ဖလို့ ခေါ်ခဲ့တာ.. ဒါပေမဲ့ မင်းက လူကြီးတစ်ယောက်လို လုံးဝမပြုမူဘဲနဲ့ မဟုတ်မမှန်တဲ့ ပြစ်မှုတွေကို သုံးပြီး မိန်းကလေးငယ်တစ်ယောက်အပေါ် အပြစ်ပုံချနေတာပဲ.. ဒါက ဘာကို ဆိုလိုတာလဲ!”
“တကယ်လို့ မင်းသာ ဒီအတိုင်း ဇွတ်တိုးပြီး အရှုပ်အထွေးလုပ်နေဦးမယ်ဆိုရင်တော့.. ငါတို့မိသားစုနှစ်စုကြားမှာ နောက်ပိုင်း ဆက်ဆံစရာ အကြောင်းမရှိတော့ဘူးလို့ ငါ ထင်မိတယ်!”
“ဟားဟား... မင်းတို့နဲ့ ပတ်သက်ဖို့အတွက် ဘယ်သူက ဂရုစိုက်နေဦးမယ်လို့ ထင်နေတာလဲ.. အဲဒီကောင်မလေးကသာ ငါ့ဆီကို ရောက်မလာခဲ့ရင် ငါက မင်းတို့နဲ့ စကားတောင် ပြောချင်တာ မဟုတ်ဘူး
ငါ ပြောစရာရှိတာအားလုံးကို ပြောပြီးပြီ၊ အခု ငါ့ကို စိတ်ရှုပ်ထွေးအောင် မလုပ်နဲ့.. မြန်မြန်လုပ်စမ်းပါ .. ငါ့ကို ပိုက်ဆံပဲပေးမလား၊ ဒါမှမဟုတ် ဒီအတိုင်းပဲ အချိန်ဖြုန်းနေကြမလား!”
“ဘာပဲဖြစ်ဖြစ် မင်းတို့မိသားစုက ဒီမှာပဲရှိနေတာ၊ ဘယ်ကိုမှ ပြောင်းပြေးလို့ရတာ မဟုတ်ဘူး.. မင်းအလုပ်လုပ်တဲ့ စက်ရုံက ဘယ်မှာလဲဆိုတာလည်း ငါ သိတယ်
ငါ့မှာ အခု အချိန်တွေ အများကြီး ပိုနေတာ ..အိမ်မှာ လာပြီး ပြဿနာရှာလို့ မရသေးဘူးဆိုရင်လည်း အဆိုးဆုံးအနေနဲ့ မင်းရဲ့စက်ရုံအထိ သွားပြီး ပြဿနာရှာလိုက်ရင်ရတာပဲ”
စုန့်ဝေ့အနေဖြင့် အစပိုင်းတွင် သူ့အား အရေးမစိုက်ခဲ့သော်လည်း ဝမ်လိန်မှ သူ၏စက်ရုံအထိ လာရောက်နှောင့်ယှက်မည်ဟူသော စကားကို ကြားလိုက်ရသည့်အချိန်တွင် ချက်ချင်းပင် စိုးရိမ်ထိတ်လန့်သွားရလေသည်။
ယခုအချိန်တွင် စက်ရုံထဲမှ သူ၏အခြေအနေမှာ အမှန်တကယ်ပင် မကောင်းချေ။ သူက ဒါရိုက်တာရှုကို အပြစ်လုပ်မိသောကြောင့် ရာထူးလျှော့ချခြင်းကိုခံခဲ့ရသည်။
သာမန်ဝန်ထမ်းတစ်ဦး ဖြစ်လာပြီးနောက်တွင် သူက ပိုမို၍ သတိထားနေခဲ့ရလေ၏။ သူသာ အမှားအယွင်းတစ်ခုခုလုပ်မိပါက ထိုအကျင့်မကောင်းသည့် ဒါရိုက်တာရှု၏ အမိဖမ်းခံရမည်ကို စိုးရိမ်နေခဲ့ရသည်။
သူက ပါးလွှာသောရေခဲပြင်လေးပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ အခြေအနေမျိုးတွင် ရှိနေခဲ့သည်။
ထို့ကြောင့် အကယ်၍ ဝမ်လိန်ကဲ့သို့သော အရှက်မရှိသည့် လူစားမျိုးကသာ သူ၏စက်ရုံအထိ လာရောက်ပြဿနာရှာမည်ဆိုပါက ဒါရိုက်တာရှုထံသို့ အပြစ်ရှာစရာအချက်အလက်များကို ကိုယ်တိုင် သွားရောက်အပ်နှံလိုက်သည်နှင့် တူညီနေပေလိမ့်မည်။
ရလဒ်အနေဖြင့် သူက စက်ရုံတွင် ဆက်လက် အလုပ်လုပ်နိုင်ပါဦးမည်လားဟူသည်က မသေချာနိုင်တော့ပါချေ။
ထိုသို့ တွေးမိလိုက်သည့်အချိန်တွင် စုန့်ဝေ့တစ်ယောက် ဝမ်လိန်ကို အလေးအနက်ထား၍ စတင်ကြည့်ရှုလိုက်လေသည်။
နောက်ဆုံးတွင် အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူက လေးနက်သောလေသံဖြင့် ဝမ်လိန်ကို ပြောဆိုလိုက်လေသည်။
“မင်း ခုနက တောင်းဆိုလိုက်တဲ့ အချက်ကတော့ တရားလွန်နေတယ် .. ငါ လုံးဝ သဘောမတူနိုင်ဘူး.. မင်း စက်ရုံအထိ လာပြီး ပြဿနာရှာမယ်ဆိုရင်တောင် ငါ သဘောတူမှာ မဟုတ်ဘူး”
သူ၏စကားထဲမှ အဓိပ္ပါယ်မှာ ဤကိစ္စကို ဆွေးနွေးနိုင်သည်။ သို့သော် ဝမ်လိန်၏ နှစ်ပေါင်း (၂၀)ကျော်စာ ဆုံးရှုံးသွားသော လစာငွေများအားလုံးကို လျော်ကြေးပေးရန်အတွက် လုံးဝ မဖြစ်နိုင်ပေ။
ဝမ်လိန်က သူ အသက်ခြောက်ဆယ်အထိ အလုပ်လုပ်နိုင်သေးသည်ဟု ပြောခဲ့သော်လည်း သူ အသက်ခြောက်ဆယ်အထိ အမှန်တကယ် အသက်ရှင်နိုင်ပါဦးမည်လားဟူသည်ကို မည်သူမှ မသိနိုင်ပါချေ။
ဤဝမ်လိန်က ရည်ရွယ်ချက်ရှိရှိဖြင့် ပါးစပ်ကို ကျယ်ကျယ်ဖွင့်၍ တောင်းဆိုနေခြင်းဖြစ်ကြောင်း သိသာလွန်းပေသည်။
ဝမ်လိန်သည်လည်း သေသေချာချာပြန်လည်စဉ်းစားကြည့်ပြီးနောက် မတိုင်မီက သူပြောလိုက်သည့်စကားတို့က အနည်းငယ် ချဲ့ကားလွန်းသည်ဟု ခံစားလိုက်ရပေသည်။
အနှစ်(၂၀) ကျော်စာ လစာကို တွက်ချက်မည်ဆိုပါက ယွမ်တစ်သောင်းကျော်ပင် ရှိနေလိမ့်မည် မဟုတ်ပါလား။
စုန့်ဝေ့ကို အသာထားဦး။ သူကိုယ်တိုင်ပင်လျှင် ဤမျှအထိ များပြားသော ငွေကြေးကို ရရှိလိမ့်မည်ဟု တစ်ခါမျှ မတွေးဖူးပါချေ။
ထို့အပြင် စုန့်ဝေ့အနေဖြင့်လည်း ဤမျှများပြားသော ငွေပမာဏကို ပေးနိုင်စွမ်းရှိလိမ့်မည်မဟုတ်သည်က သေချာသည်။
သို့ဖြစ်၍ နောက်ဆုံးတွင် ဝမ်လိန်ကလည်း အလျှော့အတင်းပြုလုပ်ရန် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီးလက်ချောင်းတချို့ကို ထောင်ပြလိုက်လေသည်။
“ကောင်းပြီလေ.. ငါတို့က အမျိုးတွေဖြစ်နေတဲ့အတွက် ဒီလောက်ပဲ ပေးလိုက်.. ဒီလောက် ရပြီဆိုရင် ငါ ထွက်သွားပေးမယ်.. နောက်ပိုင်းမှာလည်း မင်းတို့ သားအဖကိုလည်း ဘယ်တော့မှ ဒုက္ခလာမပေးတော့ဘူး!”
စုန့်ဝေ့အနေဖြင့် ဝမ်လိန်၏ လက်ကို ကြည့်လိုက်လျှင် ဂဏန်းခုနှစ်လုံး ဖြစ်နေခဲ့ကြောင်း တွေ့လိုက်ရလေသည်။ ဤသည်က ခုနစ်ထောင်ကတော့ သေချာပေါက် မဖြစ်နိုင်ပေ။ ခုနစ်ရာသာ ဖြစ်ပေမည်။
သို့သော်လည်း ခုနစ်ရာဆိုသည်က နည်းပါးလွန်းသော ငွေပမာဏ မဟုတ်ပါချေ။ အကယ်၍ သူသာ ယခင်ကကဲ့သို့ အင်ဂျင်နီယာတစ်ဦး ဖြစ်နေဆဲဆိုပါက ဝမ်လိန်အား ခုနစ်ရာ ပေးလိုက်ရန်အတွက် ဝန်လေးနေမည် မဟုတ်။
သို့သော် ယခုတွင်တော့ ...။
“ငါးရာထက် ပိုမပေးနိုင်ဘူး၊ ယူချင်ရင်ယူလိုက်၊ မယူချင်ရင်လည်း မင်းသဘောပဲ”
စုန့်ဝေ့ ခိုင်မာသော မျက်နှာအမူအရာဖြင့် အလျှော့မပေးဘဲ ပြောဆိုလိုက်သည်။ သူ၏အမူအရာအရ ပြောင်းလဲရန် အစီအစဉ် မရှိသည့်ပုံရပေ၏။
သူ၏ ဘဏ်စာအုပ်ထဲတွင် စုဆောင်းငွေ ယွမ်တစ်သောင်းနီးပါး ရှိနေသေးသည့်အပြင် အိမ်တွင်လည်း ငွေသား ယွမ်တစ်ထောင်ကျော် ရှိနေသေးသော်လည်း ဤငွေများကို အရေးပေါ်ကိစ္စများအတွက် သိမ်းဆည်းထားရမည်ဖြစ်သောကြောင့် အလွယ်တကူ အသုံးပြု၍ မဖြစ်နိုင်ပါချေ။
မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် စုန့်စစ်ယွီ၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် နောက်ပိုင်းညတွင် သူမအား အားကိုးနိုင်ခြင်း ရှိမရှိက မသေချာသေးသောကြောင့်၊ သူ၏ နောင်ရေးအတွက် ငွေကြေးများကို ပိုမိုစုဆောင်းထားရမည် မဟုတ်ပါလား။
ဝမ်လိန်က သူ၏တောင်းဆိုချက်မှ နှစ်ရာခန့် အလျှော့ခံလိုက်ရသောကြောင့် သေချာပေါက် မကျေမနပ် ဖြစ်သွားခဲ့ရသော်လည်း စုန့်ဝေ့၏ ဆွေးနွေးရန် မလုပ်ချင်တော့သည့် မျက်နှာအမူအရာကို ကြည့်ပြီးနောက် လက်ကို ဝှေ့ရမ်းပြလျက် စိတ်မရှည်စွာဖြင့် ပြောဆိုလိုက်လေသည်။
“ကောင်းပြီ၊ ကောင်းပြီ... ငါးရာဆိုလည်း ငါးရာပေါ့.. သေဆုံးသွားတဲ့ ငါ့ညီမလေးရဲ့ မျက်နှာကို ထောက်ထားပြီး မင်းတို့နှစ်ယောက်ကို လျှော့ပေးလိုက်တာလို့ပဲ သဘောထားလိုက်မယ်!”
သူက ကွယ်လွန်သူ ညီမဖြစ်သူ၏ နာမည်ကိုပင် အသုံးပြု၍ ဤစကားကို ပြောဆိုခဲ့သည်။
ညဉ့်နက်သန်းခေါင်အချိန်တွင် တစ်စုံတစ်ယောက်မှ သူ့ထံ လာရောက်မည်ကိုပင် ကြောက်ရွံ့ပုံ မရပါချေ။
စုန့်ဝေ့တစ်ယောက် ဝမ်လိန်အား အေးစက်သော အကြည့်တစ်ချက် ပေးလိုက်ပြီးနောက် ပိုက်ဆံသွားယူရန်အတွကာ အခန်းထဲသို့ ဝင်သွားရန် ပြင်ဆင်လိုက်လေသည်။
သူ၏ သီးသန့်ဘဏ္ဍာတိုက်လေးကို အခန်းထဲတွင် သိမ်းဆည်းထားခြင်းဖြစ်သော်လည်း နေရာက အလွန်လုံခြုံသောကြောင့် သူမှလွဲ၍ မည်သူကမျှ မသိရှိနိုင်ပါချေ။ ထို့ကြောင့်လည်း ယခုအချိန်အထိ ပြဿနာ တစ်စုံတစ်ရာမှမရှိခဲ့ခြင်း ဖြစ်ပေသည်။
ထို့အပြင် သူတို့ ဤနေရာသို့ မကြာသေးမီက ပြောင်းရွှေ့လာပြီးနောက်တွင် သူတို့၏ ဘဝအတွက် ပိုမိုခြိုးခြံချွေတာလာခဲ့ကြသည်။
စုန့်ဝေ့သည် သူ၏ သီးသန့်ဘဏ္ဍာတိုက်ထဲမှ ငွေများကို အသုံးမပြုတော့ဘဲ သူနှင့် လီရှို့လီတို့၏ စားဝတ်နေရေးအတွက် သူ ယခု ရရှိနေသော လစဉ်လစာငွေဖြင့်သာ သုံးစွဲနေခြင်း ဖြစ်ပေ၏။
သူ နောက်ဆုံးအကြိမ် ထိုဘဏ္ဍာတိုက်လေးကို သွားကြည့်ခဲ့သည်မှာ ဤအိမ်သို့ စတင်ပြောင်းရွှေ့ချိန်က ဖြစ်ပြီး ထိုအချိန်တွင် အထဲဘက်၌ ယွမ်တစ်ထောင် ရှိနေခဲ့သည်။
ယခု ဝမ်လိန်ကို ငါးရာ ပေးလိုက်ရခြင်းက သူ လက်ခံနိုင်သော အခြေအနေ ဖြစ်နေခဲ့သည်။
သို့သော် သူက အခန်းထဲသို့ တည့်တည့်လျှောက်သွားချိန်မှာပင် ဘေးဘက်တွင်ရှိနေသော စုန့်စစ်ယွီ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ရလေသည်။
အကယ်၍ သူမ၏အဖေက သူဒသီးသန့်ဘဏ္ဍာတိုက်လေးထဲမှ ငွေကို သွားယူမည်ဆိုပါက သူ၏ငွေများ ပျောက်ဆုံးနေသည်ကို သိသွားတော့မည် မဟုတ်ပါလား။
သူမက ယွမ်ငါးရာသာ ယူခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသော ငါးရာက ဝမ်လိန်ကို ပေး၍ နှင်ထုတ်ရန် အကိုက်ဖြစ်နေသော်လည်း နောက်ထပ် ငါးရာမှာ ပျောက်ဆုံးနေသည်ကိုသာ သူ သိသွားပါက သေချာပေါက် သံသယဝင်လာပေလိမ့်မည်။
ဤမိသားစုထဲတွင် စုန့်ဝေ့မှလွဲလျှင် သူမနှင့် လီရှို့လီတို့ နှစ်ဦးသာ ရှိပေသည်။ အကယ်၍ ယခင်ကသာဖြစ်ပါက စုန့်ဝေ့က သူမအား လုံးဝ သံသယဝင်မည်မဟုတ်ဘဲ လီရှို့လီကိုသာ သံသယဝင်လိမ့်မည်ဟု စုန့်စစ်ယွီ သေချာပေါက် ပြောရဲပေသည်။
သို့သော် ယခုအချိန်တွင် ၊ အထူးသဖြင့် ယနေ့တွင်တော့ သူမကို လီရှို့လီက ရိုက်နှက်နေသည်ကိုပင် အေးစက်သော အကြည့်ဖြင့်သာ စောင့်ကြည့်နေခဲ့သည့် အဖေဖြစ်သူ၏လုပ်ရပ်ကို မြင်ပြီးနောက်တွင် စုန့်စစ်ယွီအနေဖြင့် သူမအပေါ်တွင် စိတ်ရင်းဖြင့် ကောင်းနေသေးသည်ဟု ရူးမိုက်စွာ မယုံကြည်နိုင်တော့ပါချေ။
ထိုသူကသာ ပိုက်ဆံကို သူမ ယူသွားခဲ့ခြင်းဖြစ်ကြောင်းကို သံသယဝင်သွားပြီး သူမထံမှ ငွေပြန်တောင်းလာမည်ဆိုပါက သူမ လုံးဝ ပြန်ပေးနိုင်တော့မည် မဟုတ်ပါချေ။
စုန့်စစ်ယွီအနေဖြင့် ထိုယွမ်ငါးရာထဲမှ အများစုကို ဝမ်လိန်ထံသို့ ပေးအပ်ခဲ့ပြီးဖွစ်ပေ၏။ သူမ၏ အလုပ်ကိစ္စအတွက် ကူညီရန် ထိုပိုက်ဆံကိုသုံးကာ တောင်းဆိုခဲ့ခြင်း ဖြစ်ပေသည်။
နှမြောစရာစွာဖြင့် ယခုအချိန်တွင် ထိုငွေများအားလုံးက လေထဲသို့ လွင့်ပါးသွားခဲ့ပေပြီ။
သို့ဖြစ်၍ သူမ၏လက်ထဲတွင် ယခုအချိန်၌ ယွမ်တစ်ရာသာ ကျန်ရှိသည်။ ထိုပိုက်ဆံပမာဏလောက်ဖြင့် မည်သည့်ကိစ္စကိုမျှ လုပ်ဆောင်နိုင်ခြင်း မရှိပါချေ။
သူမက စုန့်ဝေ့နှင့် လီရှို့လီတို့ အိမ်တွင်မရှိသည့်အခိုက်တွင် နောက်ထပ် ယွမ်နှစ်ရာခန့်ကို သီးသန့်ဘဏ္ဍာတိုက်ထဲမှ နှိုက်ယူရန်အတွက် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ပေ၏။
အကယ်၍ ထိုသူကသာ ယခု ထိုဘဏ္ဍာတိုက်လေးကို သွားရောက်စစ်ဆေးမည်ဆိုပါက သူမလည်း ထပ်မံယူနိုင်တော့မည် မဟုတ်ပေ။
“အဖေ! ခဏနေပါဦး!”
***