စုန့်ဝေ့ အခန်းတံခါးဝသို့ ဝင်တော့မည့် အခိုက်အတန့်မှာပင် စုန့်စစ်ယွီက သူ့အား လျင်မြန်စွာ တားဆီးလိုက်လေသည်။
ထို့နောက် စုန့်ဝေ့အနေဖြင့် မည်သည့်အရာများဖြစ်နေကြောင်းကို မသိမီမှာပင် သူမက သူ့ကို အခန်းတံခါးဝသို့ ဆွဲခေါ်သွားပြီးနောက် ဝမ်လိန်အား အလျင်အမြန် လှမ်းပြောလိုက်လေ၏။
“ခဏစောင့်ဦး၊ ကျွန်မနဲ့ အဖေ ဆွေးနွေးစရာရှိလို့!”
ထိုသို့ပြောပြီးနောက် သူမက စုန့်ဝေ့အား အခန်းထဲသို့ ဆွဲခေါ်သွားခဲ့ပြီး သားအဖနှစ်ဦး တိုးတိုးတိတ်တိတ် စကားပြောဆိုကြလေသည်။
အခန်းထဲသို့ ရောက်သည့်အချိန်တွင် စုန့်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီး စုန့်စစ်ယွီအား ရှုပ်ထွေးဖြင့် ကြည့်လိုက်သည်။
“ဘာလို့ ဒီလောက်တောင် ပြာယာခတ်နေရတာလဲ.. ဝမ်လိန်ကို အရင်ဆုံး နှင်ထုတ်လိုက်တာက ပိုမကောင်းဘူးလား”
ဝမ်လိန်ကိုသာ နှင်ထုတ်လိုက်ပါက သူမ၏လက်ထဲတွင်လည်း ငွေကြေးတစ်ပြားတစ်ချပ်မှ ကျန်ရှိတော့မည် မဟုတ်ပါချေ။ စုန့်စစ်ယွီမှာ ဤအချက်ကို စိတ်ထဲ၌ တွေးတောနေမိပြီး ဦးနှောက်ကို အစွမ်းကုန် အလုပ်ပေးလိုက်သည်။
နောက်ဆုံးတွင်တော့ ကောင်းမွန်သော အကြံတစ်ခုကို အမှန်တကယ်ပင် ရရှိသွားခဲ့လေသည်။
သူမက ပြောဆိုလိုက်သည်။
“အဖေ... ဒီပိုက်ဆံကို ဝမ်လိန်ကို လုံးဝ မပေးပါနဲ့!”
စုန့်ဝေ့သည်လည်း သေချာပေါက် မပေးချင်ပါချေ။ သို့သော် ယခုအချိန်တွင် သူ့အတွက် ဖိအားများ ရှိနေသည် မဟုတ်ပါလား။
သူက သူ၏အလုပ်ကို အဆုံးရှုံးမခံနိုင်သောကြောင့် ထိုပိုက်ဆံကို ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပေ၏။
စုန့်ဝေ့က သူ၏အခက်အခဲများကို ရှင်းပြတော့မည့်အချိန်တွင် စုန့်စစ်ယွီက ဆက်လက်ပြောဆိုလိုက်သည်။
“အဖေ...ကျွန်မအရင်က ပြောခဲ့တာတွေကို မေ့သွားပြီလား.. ကျွန်မက အတိတ်ဘဝကနေ ပြန်လည်မွေးဖွားလာသူဖြစ်လို့ နောက်ထပ်ဖြစ်လာမယ့် အခြေအနေတွေကို အကုန်သိနေတယ်”
လွန်ခဲ့သော အချိန်က စုန့်ဝေ့နှင့် ဤကိစ္စကို ပြောဆိုခဲ့စဉ်တွင် အဓိက အကြောင်းအရာများမှာ သူမ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများအပေါ်၌သာ ဗဟိုပြုနေခဲ့ခြင်း ဖြစ်ပေသည်။
ဥပမာအားဖြင့် သူမက လူမှုအဖွဲ့အစည်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြောင်းအလဲများကို စုန့်ဝေ့အား ပြောပြခဲ့ခြင်း မရှိပါချေ။
ယခုအချိန်က ထိုအကြောင်းများကို အကြောင်းပြချက်အဖြစ် အသုံးပြုကာ သူ၏ပိုက်ဆံပေးလိုသော စိတ်ကူးကို ဖျက်သိမ်းခိုင်းရန်အတွက် အကောင်းဆုံးအချိန်ဖြစ်ပေမည်။
စုန့်ဝေ့၏ တုံ့ပြန်မှုမှာ အလွန်ပင် လျင်မြန်လွန်းပေသည်။ သူက တစ်စုံတစ်ခုကို ချက်ချင်းပင် ရိပ်မိလိုက်ပြီး စုန့်စစ်ယွီအား လေးနက်သော မျက်နှာအမူအရာဖြင့် လှမ်းကြည့်လိုက်လေသည်။
“မင်း ဘာကို ဆိုလိုတာလဲ.. မကြာခင်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာတော့မှာလား?”
စုန့်ဝေ့တွင် အမှန်တကယ် ထက်မြက်သော ဦးနှောက်ရှိပါသော်လည်း သူ မည်မျှပင် ထက်မြက်သည်ဖြစ်စေ သူ၏ သမီးအရင်းက သူ့အပေါ် ပြန်လည်၍ အကွက်ဆင်လိမ့်မည်ဟုတော့ တစ်ခါမျှ မတွေးတောခဲ့ဖူးပါချေ။
စုန့်စစ်ယွီလည်း ရိုးသားသည့်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ဝန်ခံလိုက်လေသည်။
“ဟုတ်တယ် အဖေ၊ ကျွန်မ အမှန်အတိုင်း ပြောပြပါ့မယ်.. နောက်ထပ် နှစ်နှစ်မပြည့်ခင်မှာပဲ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေ ပြန်လည်စတင်လာတော့မှာ.. အဲဒီနောက်မှာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေလည်း ပြန်လည်ပြီး စတင်လာကြလိမ့်မယ်
အခုရှိနေတဲ့ နိုင်ငံပိုင်စက်ရုံတွေကတော့ ပုဂ္ဂလိက စီးပွားရေးရဲ့ ဖိအားပေးမှုကို ခံရပြီး ဝန်ထမ်းလျှော့ချမှု လှိုင်းလုံးကြီးတွေနဲ့ ကြုံတွေ့ရလိမ့်မယ်!”
“ပြီးတော့ အခု အဖေလုပ်နေတဲ့ စက်ယန္တရားစက်ရုံကလည်း နောက်ဆုံးမှာ ဒေဝါလီခံရပြီး ပျက်စီးသွားလိမ့်မယ်”
စုန့်စစ်ယွီ၏ စကားများမှာ တစ်ဝက်က အမှန်ဖြစ်ပြီး တစ်ဝက်က အလိမ်အညာများပင် ဖြစ်ပေသည်။
နောက်ထပ် နှစ်နှစ်ထဲတွင် သူမပြောသကဲ့သို့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများမှာ အမှန်တကယ်ပင် ဖြစ်ပေါ်လာလိမ့်မည်။
သို့သော်လည်း ဝန်ထမ်းလျှော့ချမှု လှိုင်းလုံးကြီးမှာ အနည်းဆုံး ၁၉၉၀ ပြည့်နှစ်များ အစောပိုင်း သို့မဟုတ် နောက်ထပ် ဆယ်နှစ်ကျော်ကြာမှသာ ဖြစ်ပေါ်လာမည့် အခြေအနေ ဖြစ်ပေသည်။
ထပ်ပြောရလျှင် ထိုအချိန်တွင် နိုင်ငံပိုင်လုပ်ငန်း အမြောက်အမြားက အမှန်တကယ်ပင် ခေတ်စနစ်ကို မမီတော့ဘဲ ပျက်စီးခဲ့ကြရသည်။
သို့သော် စုန့်ဝေ့ အလုပ်လုပ်နေသော စက်ယန္တရားစက်ရုံကတော့ ဆယ်စုနှစ်ပေါင်းများစွာအထိ ဆက်လက်လည်ပတ်နေခဲ့ပြီး နောက်ပိုင်းခေတ်ကာလအချိန်များအထိလည်း ပိတ်သိမ်းခြင်း သို့မဟုတ် ဝန်ထမ်းအမြောက်အမြား လျှော့ချခြင်းမျိုး မရှိခဲ့ပါချေ။
စုန့်စစ်ယွီ ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းမှာ ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိပေသည်။
ဤသည်မှာ စုန့်ဝေ့အနေဖြင့် ဤအလုပ်ကို မည်မျှပင် ကြိုးစားလုပ်ကိုင်နေပါစေ နောက်ထပ် နှစ်နှစ်သာ လုပ်နိုင်တော့မည်ဟူသောအချက်ကို သိရှိသွားစေရန်ပင်။
နှစ်နှစ်ကြာလျှင် စက်ရုံက ပျက်စီးသွားမည်ဖြစ်၍ သူ၏အလုပ်မှာလည်း အလိုအလျောက် ပြုတ်သွားပေလိမ့်မည်။
ထိုအချိန်တွင် အလုပ်ပြုတ်သွားမည်ဖြစ်၍ နောက်ထပ် နှစ်နှစ်သာ လုပ်နိုင်တော့မည့် အလုပ်တစ်ခုအတွက် ဝမ်လိန်အား အဘယ်ကြောင့် ယွမ်ငါးရာမျှ အကုန်အကျခံကာ ဖြုန်းတီးနေရပါမည်နည်း။
ဤယွမ်ငါးရာဆိုသည်မှာ စုန့်ဝေ့၏ တစ်နှစ်ကျော်စာ လစာငွေပင် ဖြစ်ပေသည်။ စားဝတ်နေရေးနှင့် တခြားသော အထွေထွေ အသုံးစရိတ်များကို ဖယ်ထုတ်လိုက်ပါက သူက နှစ်နှစ်အတွင်း ယွမ်ငါးရာ ပြည့်အောင်ပင် စုဆောင်းနိုင်လိမ့်မည် မဟုတ်ပါချေ။
ဤသို့ ကြည့်မည်ဆိုပါက ဝမ်လိန်အား ယွမ်ငါးရာ အမှန်တကယ် ပေးလိုက်ရမည်မှာ အရှုံးကြီး ရှုံးပေလိမ့်မည်။
သို့သော်လည်း...
“စစ်ယွီ... မင်းပြောတာတွေက တကယ်ပဲလား.. မင်း အဲဒါတွေကို သေသေချာချာမှတ်မိရဲ့လား”
စုန့်ဝေ့သည်ကား ယခင်က အငယ်တန်းခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ဖူးသကဲ့သို့ အင်ဂျင်နီယာတစ်ဦးလည်း ဖြစ်ခဲ့သည်။
ထို့ကြောင့် စက်ရုံတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် စကေးချဲ့ထွင်မှု အစီအစဉ်များအပေါ် အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်သူ ဖြစ်ပေသည်။
သူတို့၏စက်ရုံမှာ ယခုအချိန်တွင် အလွန်ကောင်းမွန်စွာမူလည်ပတ်နေပြီး တစ်နိုင်ငံလုံးရှိ အလုပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပေသည်။
ဒီလောက်ထိအလွယ်တကူ ရှုံးနိမ့်သွားဖို့ဆိုတာက တကယ်ပဲ ဖြစ်နိုင်ပါ့မလား။
ထို့ကြောင့် သူက ဤကိစ္စက ဖြစ်နိုင်မဖြစ်နိုင်ကို အနည်းငယ် သံသယဝင်မိလေသည်။ အထူးသဖြင့် သူ၏ စုန့်စစ်ယွီအပေါ် ယုံကြည်စိတ်ချရမှုမှာလည်း ယခင်ကကဲ့သို့ မမြင့်မားတော့ပါချေ။
စုန့်ဝေ့က သူမကို သံသယဝင်နေသည်ကို မြင်ချိန်တွင် စုန့်စစ်ယွီတစ်ယောက် ပြာယာခတ်နေသော အမူအရာကိုသာ လုပ်ပြနိုင်နေခဲ့လေ၏။။
“အဖေ! ကျွန်မ တကယ်ပြောနေတာ .. ကျွန်မက အဖေ့ရဲ့ သမီးအရင်းပဲလေ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖေ့ကို လိမ်ပြောစရာ အကြောင်းမရှိပါဘူး
ပြီးတော့ စဉ်းစားကြည့်ပါဦး၊ ဒီလို အရေးကြီးတဲ့အချိန်မှာ အဖေ့ကို လိမ်ပြောလို့ ကျွန်မအတွက် ဘာအကျိုးရှိမှာလဲ”
“ဘာပဲဖြစ်ဖြစ် အဖေက သမီးအတွက်ကြောင့်နဲ့ ဒီပိုက်ဆံကို ပေးဖို့ပြင်ဆင်နေတာကို ကျွန်မသိပါတယ်.. ကျွန်မက ဒါကို စိတ်မကောင်းဖြစ်နေရတာ ၊ အဖေ့ကို ဘယ်လိုလုပ် လိမ်ရဲပါ့မလဲ...”
ထိုသို့ပြောပြီးနောက် စုန့်စစ်ယွီက ဝမ်းနည်းသွားရသကဲ့သို့ ဟန်ဆောင်ကာ ခေါင်းကို ငုံ့ထားလိုက်လေသည်။ စုန့်ဝေ့လည်း ထိုသည်ကို မြင်လျှင် သံသယရှိနေဆဲ ဖြစ်သော်လည်း စိတ်နှလုံးက အနည်းငယ် ပျော့ပြောင်းသွားခဲ့ရချေပြီ။
မှန်ပေသည်။ လက်ရှိ ပုံမှန်အခြေအနေအရဆိုလျှင် သမီးဖြစ်သူ စုန့်စစ်ယွီက ဝမ်လိန်၏ကိစ္စကို ငွေပေး၍ ဖြေရှင်းနိုင်ရန် အလိုလားဆုံး ဖြစ်သင့်ပေ၏။ သူမဘက်မှ တကူးတက တားဆီးနေရန်မှာ အမှန်တကယ်ပင် မလိုအပ်ပါချေ။
သူမ ပြောသကဲ့သို့ အခြေအနေများကသု အမှန်တကယ် မဖြစ်လာနိုင်ပါက ဤသို့လုပ်ဆောင်နေရန် လုံးဝမလိုအပ်သည် မဟုတ်ပါလား။
သို့သော် အကယ်၍ ဝမ်လိန်ကို ပိုက်ဆံသာ မပေးခဲ့ပါက သူက စက်ရုံအထိလာ၍ ပြဿနာရှာမည်ကို သူ စိုးရိမ်နေမိသည်။
သူ၏ အလုပ်ကတော့...
စုန့်ဝေ့၏ မျက်ခုံးများက တွန့်ချိုးလိုက်၊ ပြေလျော့လိုက်နှင့် တုံ့ဆိုင်းနေသည်ကို မြင်ရသည့်အချိန်တွင် စုန့်စစ်ယွီက တစ်ဖက်လူ မည်သည့်အရာကို တွေးတောနေကြောင်း သေချာပေါက် ခန့်မှန်းမိလိုက်ပြီး ပြတ်သားစွာပင် ပြောဆိုလိုက်လေသည်။
“အဖေ... အဖေ နှစ်နှစ်ပတ်လုံး အလုပ်သွားလုပ်ရင်တောင် ယွမ်ငါးရာ ပြည့်အောင် မစုနိုင်ဘူးနော်၊ အခု ယွမ်ငါးရာကို ဒီအတိုင်း ဖြုန်းတီးပစ်ရတော့မှာ
အခု အလုပ်မသွားတော့ဘူးဆိုရင် အဖေလည်း အနားယူလို့ရသလို၊ ဒီယွမ်ငါးရာကိုလည်း ချွေတာပြီးသား ဖြစ်သွားလိမ့်မယ်.. ဘယ်ဟာက ပိုပြီး သင့်တော်မယ်လို့ အဖေ ထင်လဲ”
စက်ရုံမှ ထုတ်ပယ်ခံရသော ဝန်ထမ်းများအနေဖြင့် ဤနေရာတွင် ဆက်လက် မနေထိုင်နိုင်တော့လျှင်လည်း ပို၍ပင် လွယ်ကူသေးသည်။
အိမ်တစ်လုံးကို တိုက်ရိုက် ဝယ်လိုက်ရုံပင်!
ထို့နောက် စုန့်စစ်ယွီက နောက်ပိုင်းအချိန်တွင် အိမ်ခြံမြေတန်ဖိုးများက အဆပေါင်း ထောင်ချီ၍ မြင့်တက်လာမည့်အကြောင်းကို စုန့်ဝေ့အား အနည်းငယ် ပြောပြလိုက်သောကြောင့် စုန့်ဝေ့တစ်ယောက် ကြောင်အမ်းသွားရပြန်သည်။
ကောင်းပြီလေ...
စုန့်စစ်ယွီ ပြောသည်ကို နားထောင်ပြီးနောက် စုန့်ဝေ့သည်လည်း သေသေချာချာ ပြန်လည်စဉ်းစားကြည့်ခဲ့ပြီး အမှန်တရားဖြစ်ကြောင်း ယုံကြည်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် သူသည်လည်း အလုပ်ခွင်တွင် အလွန်ပင် စိတ်ပျက်အားလျော့နေရပြီဖြစ်၍ ဤအတိုင်း အဆုံးသတ်လိုက်ခြင်းက ပို၍ကောင်းပေလိမ့်မည်။
အနည်းဆုံးတော့ သူက မာန်မာနရှိရှိနှင့် ထွက်ခွာသွားနိုင်မည်ဖြစ်ကာ နောက်ပိုင်းတွင် အလုပ်ထုတ်ခံရသည့် အဖြစ်မျိုးထက် သာလွန်ပေလိမ့်မည်။
ထို့ကြောင့် စုန့်ဝေ့က စုန့်စစ်ယွီကို ယုံကြည်ရန် ရွေးချယ်လိုက်ပြီး ပြောဆိုလိုက်လေသည်။
“ကောင်းပြီ... ဒီကိစ္စကို တော့ မင်းသဘောအတိုင်းပဲပေါ့”
“ဒါပေမဲ့ စစ်ယွီ.. နောက်နှစ်နှစ်မှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေ ပြန်စတော့မယ်လို့ မင်းပြောခဲ့တာဆိုတော့.. မင်းအနေနဲ့ စာမေးပွဲကို တိုက်ရိုက်ဖြေဆိုတာက ပိုကောင်းမယ်လို့ ငါထင်တယ်
မင်း စိတ်နှစ်ပြီး သေသေချာချာ ပြန်လည်လေ့လာမယ်ဆိုရင် နောက်ဆုံးမှာ ကောင်းမွန်တဲ့ တက္ကသိုလ်တစ်ခုကို သေချာပေါက် တက်နိုင်မှာပဲ”
“မင်းရဲ့ အတိတ်ဘဝက အခွင့်အလမ်းတွေနဲ့ ကြုံတွေ့မှုတွေကိုတော့ လောလောဆယ် မစဉ်းစားပါနဲ့ဦး
ငါတို့ တစ်လှမ်းချင်းစီပဲ သွားကြရအောင် ဒါဆိုရင်လည်း နောက်ဆုံးမှာ တူညီတဲ့ပန်းတိုင်ကို ရောက်နိုင်မှာပါ!”
စုန့်ဝေ့က ဤအခွင့်အရေးကို အသုံးချကာ စုန့်စစ်ယွီအား လက်ရှိအခြေအနေကို လက်ခံရန် အလေးအနက် ဆက်လက်နားချနေပေသည်။
သူမက ဘဝလမ်းကြောင်းပေါ်သို့ ပြန်လည်တက်လှမ်းလိုသော်လည်း၊ ယခုအချိန်တွင် ဖြတ်လမ်းသို့လိုက်ရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။
စုန့်ဝေ့အနေဖြင့် သမီးဖြစ်သူအား စာမေးပွဲကိုသာ ရိုးရိုးသားသား ဖြေဆိုစေလိုသည်။
အနည်းဆုံးတော့ တက္ကသိုလ်ကျောင်းသူတစ်ဦး ဖြစ်လာပြီးနောက်တွင် အခွင့်အရေးတို့က ကျဉ်းမြောင်းနေတော့မည် မဟုတ်ပါချေ။
***