သူတို့အနေဖြင့် ရိုးသားသည့်နည်းလမ်းကိုအသုံးပြုမည်ဆိုပါက အတိတ်ဘဝကလောက် မကောင်းနိုင်လျှင်ပင် သာမန်လူများထက်စာလျှင်တော့ သေချာပေါက် ပိုကောင်းနေပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ အိမ်ခြံမြေကိစ္စက စုန့်စစ်ယွီပြောသကဲ့သို့သာ ဖြစ်လာမည်ဆိုပါက သူ၏လက်ထဲတွင်လည်း ငွေအနည်းငယ် ရှိနေသေးသည့်အတွက်ကြောင့် တခြားလူများ မသိသေးခင်မှာ အိမ်များကို ထပ်မံဝယ်ယူထားနိုင်သည်။
ထို့အတွက် နောက်ပိုင်းတွင်ဆိုလျှင် မည်သည့်အရာကိုမျှ လုပ်စရာမလိုဘဲ ဖျက်သိမ်းလျော်ကြေးငွေ အမြောက်အမြား ရရှိနိုင်မည် မဟုတ်ပါလား။
သို့ဖြစ်၍ သူတို့မိသားစု၏ ဘဝက နောက်ပိုင်းတွင် သေချာပေါက် ဆိုးရွားမည်မဟုတ်ပါချေ။
ယခု လိုအပ်သည်မှာ သမီးဖြစ်သူ စုန့်စစ်ယွီအနေဖြင့် ပိုမိုလက်တွေ့ကျလာရန်နှင့် လေထဲတိုက်အိမ်ဆောက်ခြင်းများကို ရပ်တန့်ရန်သာ ဖြစ်ပေသည်။
သူ၏နှစ်သိမ့်စကားများကို နားထောင်ပြီးနောက် စုန့်စစ်ယွီကတော့ ထိုသို့မတွေးပါချေ။
သူမက တက္ကသိုလ်ဝင်ခွင့်ဖြေလျှင် တက္ကသိုလ်ကျောင်းသူတစ်ဦးသာ ဖြစ်လာလိမ့်မည်။ အရာရှိတစ်ဦး၏လက်အောက်တွင် အလုပ်လုပ်နေရခြင်း မဟုတ်ပေ။
သူမရဲ့ အချိန်တွေကို စာပြန်လေ့လာနေတာနဲ့ ဖြုန်းတီးမနေနိုင်ဘူး။ ဒါက လုံးဝကို အချိန်ဖြုန်းရုံသက်သက်ပဲ!
သို့သော် စုန့်ဝေ့၏ ရှေ့တွင်တော့ သူမက သူ၏စကားကို ငြင်းပယ်ရန် ရည်ရွယ်ချက်မရှိသောကြောင့် ရိုးသားဖြူစင်သကဲ့သို့ ဟန်ဆောင်ကာ ပြောဆိုလိုက်လေသည်။
“ကောင်းပါပြီအဖေ...ကျွန်မ အဖေ့စကားကို နားထောင်ပါ့မယ်.. မနက်ဖြန်ကစပြီး စာတွေကို သေချာပေါက် ပြန်လေ့လာပါ့မယ်!”
စုန့်ဝေ့ာ သူမ လက်ခံလိုက်သည်ကိုမြင်လိုက်ရသည့်အချိန်မှသာ ပျော်ရွှင်စွာ ပြုံးနိုင်ခဲ့လေ၏။
နောက်ဆုံးတွင် သူက သက်ပြင်းတစ်ချက်ချကာ ပြောဆိုလိုက်သည်။
“စစ်ယွီ.. အဖေက မင်းကို ဘယ်တော့မှ ဒုက္ခပေးမှာမဟုတ်ဘူးဆိုတာကို မင်းသိထားရမယ်”
စုန့်စစ်ယွီက ပြုံးပြလိုက်သော်လည်း မည်သည့်စကားကိုမျှပြန်မပြောခဲ့ပါချေ။
သူမကို ဒုက္ခမပေးဘူး ဟုတ်လား?
ဒါဆို ခုနတုန်းက သူမကို လီရှို့လီ ရိုက်နှက်နေတုန်းက သူ ဘာလုပ်နေခဲ့တာလဲ။
သူမ အရိုက်ခံရတာက သူမအတွက် ကောင်းကျိုးရှိလို့ပါဆိုပြီး ပြောချင်နေတာတော့ မဟုတ်ဘူးမလား။
စုန့်ဝေ့၏ ဤစကားများက စုန့်စစ်ယွီအား သူ၏အပေါ် ထပ်မံ၍ စိတ်ပျက်ရွံရှာသွားစေခဲ့သည်။
အဆုံးသတ်တွင် သူတို့နှစ်ဦးက မည်သည်ကိုမျှ ထပ်မပြောတော့ဘဲ ဝမ်လိန်ကို တွေ့ရန်အတွက် အပြင်သို့ လျင်မြန်စွာ ထွက်လာခဲ့ကြလေ၏။
ဝမ်လိန်အနေဖြင့် စုန့်ဝေ့က သူ့အတွက် ပိုက်ဆံသွားယူပေးမည်ကို စိတ်ကျေနပ်စွာဖြင့် စောင့်ဆိုင်းနေဆဲပင်။
သို့သော်လည်း ထိုသားအဖနှစ်ဦး ပြန်ထွက်လာသည့်အချိန်တွင် သူ့ကို စောင့်ကြိုနေသည့် သတင်းမှာ စုန့်ဝေ့က သူ့အား ငွေပေးရန် ငြင်းဆိုလိုက်ခြင်းဖြစ်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
“ဘာ! မင်း ခုနတုန်းက ငါ့ကို ယွမ်ငါးရာ ပေးမယ်လို့ သဘောတူပြီးပြီ မဟုတ်ဘူးလား ..အခုမှ ဘာလို့ မပေးနိုင်တော့တာလဲ၊ စုန့်ဝေ့... လူဆိုတာ ကတိမတည်လို့ မရဘူးလေ၊
မင်း ဒီလိုလုပ်မယ်ဆိုရင် ငါ တကယ်ပဲ ဒေါသထွက်မိတော့မယ်.. ငါ မင်းရဲ့ စက်ရုံအထိသွားပြီး ပြဿနာရှာတော့မှာ!”
သို့သော် ဝမ်လိန်က သူ၏ အပိုင်ကွက်ဟု ယူဆထားသောအရာဖြင့် ထပ်မံခြိမ်းခြောက်လိုက်ပါသော်လည်း သူ၏အရှေ့မှ စုန့်ဝေ့က တုန်လှုပ်ခြင်းမရှိတော့ပါချေ။
မတိုင်မီကကဲ့သို့ ချက်ချင်း အလျှော့ပေးခြင်းမျိုးလည်း လုံးဝမရှိတော့ဘဲ ပြောဆိုလိုက်သည်။
“မင်း ပြဿနာရှာချင်တယ်ဆိုရင်လည်း သွားရှာလိုက်တော့”
ဝမ်လိန်က စုန့်ဝေ့အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေခဲ့သည်။
စုန့်ဝေ့ကတော့ ရူးသွားပြီ။
တကယ်ကြီး ရူးသွားပြီပဲ!
မဟုတ်ရင် သူက ဒီလိုစကားမျိုး ဘယ်လိုပြောထွက်ပါ့မလဲ။ သူက သူ့ရဲ့ အလုပ်ကိုတောင် တကယ်ကြီး ဂရုမစိုက်တော့ဘူးလား။
“မင်းမှာ တခြားပြောစရာ ရှိသေးလား.. ဘာမှမရှိတော့ရင်လည်း ပြန်တော့ ၊ မနက်ဖြန်မနက် စက်ရုံအထိလာပြီး ပြဿနာရှာမယ်ဆိုရင်လည်း ငါ အချိန်မရွေး စောင့်ကြိုနေမယ်”
ထိုသို့ပြောပြီးနောက် စုန့်ဝေ့က တံခါးကိုဖွင့်လိုက်ပြီး ဝမ်လိန်အား ထွက်သွားနိုင်ကြောင်း အချက်ပြလိုက်လေသည်။
သူက အမှန်တကယ်ပြောနေခြင်းဖြစ်ကြောင်းကို မြင်ရသည့်အချိန် ဝမ်လိန်မှာ စုန့်ဝေ့အား အံကြိတ်၍ စိုက်ကြည့်နေရုံသာ တတ်နိုင်ခဲ့ပြီး ရက်စက်ကြမ်းတမ်းစွာဖြင့် ပြောဆိုလိုက်လေသည်။
“စုန့်ဝေ့... မင်း တကယ်ပဲ ဒီလိုလုပ်နိုင်တယ်ပေါ့၊ စောင့်နေလိုက်ဦး .. ငါ မင်းကို သေချာပေါက် ပညာပေးပြမယ်!”
သူ့ရဲ့အလုပ်က ပြုတ်သွားပြီ!
ဒါကြောင့် စုန့်ဝေ့ရဲ့အလုပ်လည်း သေချာပေါက် ပြုတ်သွားရမယ်။
မဟုတ်ရင် သူ ဒီဒေါသကို ဘယ်လိုမှ ဖြေဖျောက်နိုင်မှာ မဟုတ်ဘူး!
နောက်ဆုံးတွင် ဝမ်လိန်က ဒေါသတကြီးဖြင့် ထွက်ခွာသွားခဲ့လေ၏။
သို့သော်လည်း သူ၏ထွက်ခွာခြင်းမှာ ခေတ္တမျှသာဖြစ်ပြီး မနက်ဖြန် စက်ရုံဂိတ်ဝတွင် သေချာပေါက် ပြန်လည်တွေ့ဆုံကြလိမ့်မည်ကို လူတိုင်း သိရှိနေခဲ့ကြပေသည်။
စုန့်ဝေ့သည်ကား ဤအလုပ်ကို ဆက်မလုပ်တော့ရန် ဆုံးဖြတ်ထားခဲ့သော်လည်း မနက်ဖြန်တွင် သူ ရင်ဆိုင်ရမည့် အခြေအနေများကို တွေးမိသည့်အခိုက်တွင် စိတ်မသက်မသာ ဖြစ်နေရဆဲပင် ။
လီရှို့လီသည်လည်း ကိစ္စရပ်များမှာ နောက်ဆုံးတွင် ဤသို့ ဖြစ်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါချေ။
သူမက စုန့်ဝေ့အား စိုးရိမ်ပူပန်သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်လေသည်။
“လောင်စုန့်.. မနက်ဖြန်ကျရင် သူ တကယ်ကြီး စက်ရုံအထိလာပြီး ပြဿနာရှာတာကို စောင့်နေတော့မှာလား၊ ရှင့် အလုပ်ကို ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ”
အရေးအကြီးဆုံး အချက်မှာ အကယ်၍ စုန့်ဝေ့၏ အလုပ်သာ ပြုတ်သွားခဲ့ပါက သူမ မည်သို့လုပ်ရပါမည်နည်း။
သူမက ဤအသက်အရွယ်သို့ ရောက်မှ ဘဝအတွက် ပြေးလွှား ရုန်းကန်နေရမည်ကို မလိုလားပါချေ။
ဤသို့ဆိုလျှင် မည်မျှသနားစရာကောင်းလိုက်မည်နည်း!
သူမ၏ မျက်နှာပေါ်မှ စိုးရိမ်မှုများကို မြင်သည့်အချိန် စုန့်ဝေ့အနေဖြင့် သူမကို အမှန်အတိုင်း ပြောပြချင်ခဲ်သော်လည်း ပြန်လည်စဉ်းစားကြည့်ပြီးနောက်တွင် ဤသို့သာပြောခဲ့လေ၏။
“ဒီကိစ္စအတွက် ငါ့မှာ ကိုယ်ပိုင်အစီအစဉ်ရှိတယ် မင်း အေးအေးဆေးဆေးပဲ နေလိုက်”
ဤကာလထဲတွက် ဒုက္ခများကို အတူတကွ ကျော်ဖြတ်ခဲ့ကြသောကြောင့် လီရှို့လီအပေါ် သူ၏သဘောထားတို့က တိုးတက်လာခဲ့သော်လည်း၊ တစ်ဦးကိုတစ်ဦး စိတ်ရင်းအမှန်ဖြင့် ဆက်ဆံရန်ကတော့ မဖြစ်နိုင်သေးပါချေ။
သို့ဖြစ်၍ သူမအား အေးအေးဆေးဆေး နေခိုင်းပြီး နောက်ပိုင်းအချိန်တွင် အတူတကွ လက်တွဲနေထိုင်သွားခြင်းကသာ စုန့်ဝေ့ ပြသနိုင်သည့် အကြီးမားဆုံးသော စေတနာ ဖြစ်ပေသည်။
လီရှို့လီအနေဖြင့် ထိုစကားကို ကြားရသည့်အချိန်တွင် စိတ်အနည်းငယ် အေးသွားရသော်လည်း သူ၏ တိကျသော အစီအစဉ်ကို မသိရသောကြောင့် စိတ်မလုံခြုံသကဲ့သို့ ခံစားနေရဆဲပင်။
ထို့အပြင် စုန့်ဝေ့၏ ရှင်းပြမရသော စိတ်ပြောင်းလဲမှုမှာ ထိုကောင်မလေး စုန့်စစ်ယွီ၏ လွှမ်းမိုးမှုကြောင့်ဖြစ်ကြောင်း သူမ သေချာပေါက် အာမခံနိုင်ပေသည်။
ဒီကောင်မလေးသာ နောက်ထပ်ပြသနာ တစ်ခုခုရှာခဲ့ရင်တော့ သူမကို သေချာပေါက် သတ်ပစ်မိတော့မယ်!
နောက်ဆုံးတွင် ကိစ္စများကို ဆုံးဖြတ်လိုက်ကြပြီး နောက်တစ်နေ့မနက်စောစော၌ စုန့်ဝေ့က ရှားရှားပါးပါးဖြင့် သူ၏ အကောင်းဆုံး အဝတ်အစားများကို ထုတ်ဝတ်ကာ၊ သားရေဖိနပ်များကိုလည်း အကြိမ်ကြိမ် တောက်ပြောင်အောင် တိုက်ချွတ်ပြီး သပ်ရပ်အောင်ပြင်ဆင်လိုက်လေသည်။
ဤသည်မှာ သူ ယခင်က အင်ဂျင်နီယာအဖြစ် အလုပ်လုပ်ခဲ့စဉ်က ပုံစံမျိုးပင် ဖြစ်ပေသည်။
လီရှို့လီအနေဖြင့် ထိုသူက အဘယ်ကြောင့် ယနေ့တွင် ဤမျှအထိ သေသေသပ်သပ်ပြင်ဆင်နေကြောင်းကို နားမလည်ပါချေ။
သို့သော် စုန့်ဝေ့ မနေ့က ပြောထားသည့်စကားအရ သူတွက် ကိုယ်ပိုင်အစီအစဉ်ရှိပုံရသောကြောင့် ထပ်မံ၍ မမေးမြန်းတော့ပါချေ။
ထို့အစား စုန့်ဝေ့ အလုပ်သွားချိန်တွင် သူမလည်း ဈေးဝယ်ရန်အတွက် သူ့၏နောက်မှ လိုက်ပါထွက်ခွာခဲ့လေသည်။
ဟမ့်!
သူမက အိမ်တွင်နေ၍ စုန့်စစ်ယွီ၏ စိတ်ပျက်စရာ မျက်နှာအမူအရာကို မကြည့်ချင်ပါချေ။
ထိုကလေးမကို မြင်လိုက်တိုင်း တစ်ချက်လောက် ရိုက်ချင်စိတ် ပေါက်နေမိရသည်။
စုန့်ဝေ့နှင့် လီရှို့လီတို့ ထွက်ခွာသွားပြီးနောက် ဧည့်ခန်းတွင် ထိုင်နေသော စုန့်စစ်ယွီက ချက်ချင်းပင် ထရပ်လိုက်ပြီး အိမ်တံခါးကို လုံခြုံအောင် ပိတ်ဆို့လိုက်ကာ စုန့်ဝေ့၏ အခန်းထဲသို့ အလျှင်အမြန်ဝင်သွားခဲ့လေသည်။
သူမတွင် ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိနေခဲ့သည်။
စုန့်ဝေ့၏ သီးသန့်ဘဏ္ဍာတိုက်လေး ရှိရာနေရာပင် ဖြစ်နေခဲ့လေ၏။
စုန့်စစ်ယွီတစ်ယောက် ဤတစ်ခေါက်စုန့်ဝေ့၏ဘဏ္ဍာတိုက်လေးကို ဖွင့်လိုက်သည့်အချိန်တွင် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိတော့ပါချေ။
သူမက ထိုဘဏ္ဍာတိုက်ထဲရှိ ငွေကြေးအားလုံးကို ထုတ်ယူကာ သူမ၏ အိတ်ထဲသို့ ထိုးထည့်လိုက်လေသည်။
အကယ်၍ သူမအနေဖြင့် ဤငွေများကို ယခုအချိန်တွင် မယူလိုက်ပါက နောက်ပိုင်းတွင် ထပ်မံယူရန် အခွင့်အရေး လုံးဝရှိတော့မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ယနေ့မှစ၍ သူမက စုန့်ဝေ့၏ ရှေ့မှ လုံးဝကွယ်ပျောက်သွားတော့မည်ဖြစ်ကာ နောက်ထပ်တစ်ကြိမ် ပေါ်လာစရာအကြောင်းမရှိတော့ပါချေ။
ဤယွမ်ငါးရာသည်က ဖခင်နှင့် သမီးကြားရှိ သံယောဇဉ်ကို အဆုံးသတ်စေသည့် အရာအဖြစ် မှတ်ယူရပေလိမ့်မည်။
အိမ်အနှံ့ လိုက်လံရှာဖွေပြီးနောက် အိမ်တွင် တခြားငွေကြေးများ မရှိတော့သည်ကို သေချာမှသာ စုန့်စစ်ယွီတစ်ယောက် ယမန်နေ့က ထုပ်ပိုးထားသော သူမ၏ အထုပ်အပိုးများကို ကောက်ယူလျက် တံခါးကိုပိတ်ပြီး အလျင်အမြန် ထွက်ခွာသွားခဲ့လေသည်။
ဤတစ်ကြိမ်တွင်တော့ သူမက သူမကို သိရှိမည့်လူ မည်သူမျှ မရှိနိုင်သော နေရာတစ်ခုသို့ သွားပေတော့မည်။
သူမ၏ အနာဂတ်အတွက် အစွမ်းကုန် ကြိုးစားအားထုတ်ရန် စီစဉ်ထားပေသည်။
တက္ကသိုလ်တက်ရမယ် ဟုတ်လား။
လက်တွေ့ကျကျ နေထိုင်ရမယ် ဟုတ်လား။
သေလိုက်လေ!
ဤသည်က သူမ လိုအပ်သောဘဝမျိုး လုံးဝမဟုတ်ပါချေ။
နောက်ပိုင်းတစ်ချိန်တွင် သူမက အတိတ်ဘဝကကဲ့သို့ပင် ကြီးမြတ်သော ခေါင်းဆောင်တစ်ဦး သေချာပေါက် ဖြစ်လာရမည်။
ကံကောင်းစွာဖြင့် လွန်ခဲ့သော ရက်အနည်းငယ်က ဝမ်လိန်မှ သူမအတွက် ဆက်ဆံရေးကောင်းများ တည်ဆောက်ပေးနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သောကြောင့် ရုံးတွင် ထောက်ခံစာတစ်စောင်ကို ကြိုတင်ထုတ်ယူထားခဲ့သည်။
သို့ဖြစ်၍ ယခုအချိန်တွင် သူမထံ ခိုင်လုံသော သက်သေခံချက်များနှင့် အချက်အလက်အမျိုးမျိုး ရှိနေခဲ့ပေပြီ။
ဤစာရွက်စာတမ်းများ ရှိနေသောကြောင့် သူမ အပြင်သို့ ထွက်ခွာသည့်အချိန်တွက် ယခင်တစ်ခေါက်ကကဲ့သို့ ပြေးလွှားပုန်းရှောင်နေရန် မလိုအပ်တော့ပါချေ။
ဤတစ်ကြိမ်တွင်တော့ သူမက အခွင့်အရေးကို လက်လွတ်မခံဘဲ အစွမ်းကုန် ကြိုးစားကြည့်ရပေမည်။
…
***