စုန့်ဝေ့တစ်ယောက် ယနေ့က သူ၏ စက်ယန္တရားစက်ရုံ၌ နောက်ဆုံးသော အလုပ်လုပ်ရမည့်နေ့ ဖြစ်နိုင်ကြောင်းကို သိရှိထားခဲ့လေ၏။
ထို့အတွက်ကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် သေသေသပ်သပ်ပြင်ဆင်လာခဲ့ပြီး ဂုဏ်သိက္ခာရှိရှိဖြင့် ထွက်ခွာရန် ကြိုးပမ်းနေခဲ့သည်။
သူ စုန့်ဝေ့သည်က ဤစက်ယန္တရားစက်ရုံတွင် လုပ်သက် အနှစ်နှစ်ဆယ် ရှိခဲ့ပေပြီ။ သူက ရာထူးတိုးမြှင့်ခြင်း ခံရသင့်သူ ဖြစ်သော်လည်း လူယုတ်မာတစ်ယောက်၏ ထောင်ချောက်ဆင်မှုကြောင့် သာမန်ဝန်ထမ်းတစ်ဦးအဖြစ်သို့ လျှော့ချခံခဲ့ရ၏။
ဒါရိုက်တာရှုအနေဖြင့် သူ့အား အမြဲတ ပစ်မှတ်ထားကာ စက်ရုံမှ လုံးဝထွက်ခွာသွားရစေရန် အမြဲတစေ ကြိုးပမ်းနေခဲ့သည် မဟုတ်ပါလား။
ယခု ထိုသူက သူ့အား တကူးတက ပစ်မှတ်ထားနေရန် မလိုအပ်တော့ပါချေ။ သူကိုယ်တိုင်ပင် ဂုဏ်သိက္ခာရှိရှိဖြင့် ထွက်ခွာသွားမည်ဖြစ်သည်။
နောက်ပိုင်းကျလျှင် ထိုဒါရိုက်တာရှုအနေဖြင့် မည်သူ့ကို ထပ်မံ၍ ပစ်မှတ်ထားဦးမည်ကို သူ စောင့်ကြည့်ပေဦးမည်။
ဒါရိုက်တာရှု၏ အံ့အားသင့်သွားမည့် အမူအရာကို မြင်တွေ့ရမည့်အချိန်ကို တွေးမိပြီးနောက် စုန့်ဝေ့တစ်ယောက် ရုတ်တရက် စိတ်လက်ပေါ့ပါးသွားခဲ့ရလေသည်။
သို့သော် ကိစ္စရပ်များမှာ စီစဉ်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပါချေ။
သူ စက်ရုံသို့ ရောက်ရှိပြီး မကြာမီမှာပင် အပြင်ဘက်ရှိ လုံခြုံရေးဝန်ထမ်း တစ်ဦး ရောက်ရှိလာခဲ့လေ၏။
ထိုသူက စုန့်ဝေ့၏ ဆွေမျိုးတော်စပ်သူဟု ပြောဆိုနေသည့်တစ်ယောက်က စုန့်ဝေအား တွေ့ဆုံလိုကြောင်းနှင့် အလွန်အမင်း ဆူညံအောင် ပြုလုပ်နေကြောင်း သတင်းပို့လာခဲ့လေသည်။
ထို့ကြောင့် သူက စုန့်ဝေ့အား အပြင်သို့ထွက်ကာ အခြေအနေကို ကြည့်ရှုရန် ပြောလာခဲ့၏။
စုန့်ဝေ့အနေဖြင့် ထိုသတင်းကို ကြားလိုက်ရသည်နှင့် ရောက်လာသူက ဝမ်လိန်ဖြစ်ကြောင်းကို သိလိုက်လေ၏။ ထိုသူက အတော်လေး စောစီးစွာ ရောက်လာခဲ့ပေပြီ။
စုန့်ဝေ့က သူ၏အလုပ်များကို ခေတ္တချထားလိုက်ပြီး စက်ရုံဂိတ်ဝသို့ ထွက်လာသည့်အချိန်တွင် ထောင့်တစ်နေရာတွင် ပုန်းကွယ်လျက် သူ့အား စောင့်ကြည့်နေသော ဒါရိုက်တာရှုက ထွက်ပေါ်လာခဲ့သည်။
သူက မျက်လုံးများကို မှေးစောင်းလျက် အသာပြုံးကာ ပြောဆိုလိုက်သည်။
“အိုက်ယား.. စုန့်ဝေ့၊ ကြည့်ပါဦး မင်းရဲ့ ဒီဆွေမျိုးကတော့.. အလုပ်ချိန်ကြီးမှန်း သိသိကြီးနဲ့ တကူးတက လာတွေ့နေတာပဲ..
သူက မင်းရဲ့ အလုပ်ကို နှောင့်နှေးသွားစေမယ်ဆိုတာကို မသိဘူးထင်တယ်၊ ဒီအတိုင်းဆိုရင်တော့ မင်းရဲ့လစာငွေထဲက ဖြတ်တောက်ရလိမ့်မယ်နော်!”
ခနလောက်လာတွေ့တဲ့လူနဲ့ စကားပြောဖို့ အပြင်ကို ခနထွက်တာကိုတောင်လစာအဖြတ်ခံရမယ် ဟုတ်လား?
စုန့်ဝေ့အနေဖြင့် စက်ရုံတွင် ဤကဲ့သို့သော စည်းကမ်းမျိုး တစ်ခါမျှ မကြားဖူးပါချေ။
သို့သော်လည်း ဒါရိုက်တာရှုက သူ့အား တမင်သက်သက် ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်းကို သိရှိထားသောကြောင့် ထိုသူနှင့် အပိုစကားများ ပြောဆိုရန် ပျင်းရိနေခဲ့သည်။
သူက တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ပြောလိုက်လေ၏။
“ဒါဆိုရင်လည်း ဖြတ်လိုက်ပေါ့”
ဘာ?
မမျှော်လင့်ဘဲ စုန့်ဝေ့က ပြန်လည် တုံ့ပြန်လာခြင်းမရှိဘဲ အလွန်ရိုးရှင်းစွာ လက်ခံလိုက်သည့်အတွက် ဒါရိုက်တာရှုတစ်ယောက် အံ့သြမင်သက်သွားရလေသည်။
ထို့နောက် သူက စုန့်ဝေ့အား ရှုပထွေးစွာ ကြည့်လာခဲ့သည်။
ဒီစုန့်ဝေ့က တစ်ခုခုမှားနေသလိုပဲ။ သူ ဘာဖြစ်နေတာလဲ။
စုန့်ဝေ့၏ ထူးဆန်းသော အပြုအမူ ကို အမှန်တကယ်ပင် သိလိုစိတ် ပြင်းပြနေသောကြောင့် ဒါရိုက်တာရှုသည်လည်း စုန့်ဝေ့၏ နောက်ဘက်မှ တိုက်ရိုက်ပင် လိုက်ပါသွားခဲ့လေသည်။
စုန့်ဝေ့အနေဖြင့် သူ၏လစာ ဖြတ်တောက်ခံရမည့်အရေးကိုပင် ဂရုမစိုက်ဘဲ ထွက်တွေ့ရသည့် ဆွေမျိုးဆိုသည်ာ မည်သို့သောလူမျိုးဖြစ်ကြောင်းကို သူ သိချင်နေခဲ့ပေသည်။
ရလဒ်အနေဖြင့် စက်ရုံဂိတ်ပေါက်ဝသို့ ရောက်ရှိချိန်တွင် အမျိုးသားတစ်ဦးက စုန့်ဝေ့၏ အင်္ကျီကော်လံကို ဆွဲကိုင်ထားသည်ကို မြင်လိုက်ရလေသည်။
ထိုသူက ဆဲဆိုကျိန်းမောင်း၍ ငိုကြွေးညည်းညူကာ ခေါင်းဆောင်များကို အပြင်သို့ထွက်လာပြီး သူ့အတွက် တရားမျှတအောင် ဆုံးဖြတ်ပေးရန် အော်ဟစ်နေခဲ့၏။
ဒါရိုက်တာရှုတစ်ယောက် သူ၏ရှေ့မှ မြင်ကွင်းကြောင့်အံ့အားသင့်သွားရပြန်သည်။ တစ်ဖက်လူမှာ စုန့်ဝေ့၏ ကောင်းမွန်သောဆွေမျိုးတစ်ဦး မဟုတ်ဘဲ ပြဿနာလာရှာသူသာဖြစ်ကြောင်းကို သူ လောင်းကြေးထပ်ရဲပေသည်။
ဒါရိုက်တာရှုအနေဖြင့် ဤကဲ့သို့သော ပွဲကောင်းတစ်ခုကို သေချာပေါက် လက်လွတ်ခံလိမ့်မည် မဟုတ်ပါချေ။
သို့ဖြစ်၍ လုံခြုံရေးဝန်ထမ်းက ထိုကိစ္စကို ခေါင်းဆောင်များထံသို့ တိုင်တန်းရမည်လား သို့မဟုတ် စုန့်ဝေ့ကိုသာ ကိုယ်တိုင်ဖြေရှင်းခိုင်းရမည်လားဟု တွေးတောကာ တုံ့ဆိုင်းနေချိန်တွင် ဒါရိုက်တာရှုက “တရားမျှတရေးသံတမန်” အသွင်ဖြင့် ချက်ချင်းပင် ရှေ့သို့ထွက်လာပြီး ဝမ်လိန်အား ပြောဆိုလိုက်လေသည်။
“ရဲဘော်.. ငါက ဒီစက်ရုံရဲ့ ခေါင်းဆောင်တစ်ယောက်ပဲ.. မင်းမှာ ဘယ်လိုအခက်အခဲပဲရှိရှိ ငါ့ကို ပြောပြနိုင်တယ်.. ငါ မင်းအတွက် ဆုံးဖြတ်ပေးပါ့မယ်!”
ဒါရိုက်တာရှု အရှေ့သို့ထွက်လာသည်ကို မြင်လျှင် ဝမ်လိန်၏ မျက်လုံးများက ချက်ချင်းပင် အရောင်တောက်ပသွားခဲ့လေသည်။
ဘေးနားတွင်ရှိနေသော စုန့်ဝေ့က ဤမြင်ကွင်းကို မည်သည့်ခံစားချက်မျှ မပါဘဲ ကြည့်နေခဲ့လေ၏။
သူ၏ မျက်ဝန်းများထဲတွင်လည်း ဤကဲ့သို့ ဖြစ်လာမည်ကို ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်ကြောင်း အရိပ်အယောင်များပင် ထင်ဟပ်နေခဲ့လေသည်။
စုန့်ဝေ့က ဘာဖြစ်နေတာလဲ။ ဘာလို့ ဒီလောက်အထိ တည်ငြိမ်နေပြီး ဘာဆက်ဖြစ်တော့မယ်ဆိုတာကို ကြိုသိနေတဲ့ ပုံစံမျိုး ဖြစ်နေရတာလဲ။
ဒါရိုက်တာရှုတစ်ယောက် စိတ်ထဲမှ ရေရွတ်နေခဲ့သော်လည်း စုန့်ဝေ့ကို ပြင်းပြင်းထန်ထန် ထပ်မံထိုးနှက်နိုင်မည့် ဤကဲ့သို့သော အခွင့်အရေးကောင်းကို သူ လုံးဝ လက်လွတ်ခံမည် မဟုတ်ပါချေ။
ထို့ကြောင့် သူက “တရားမျှတရေးသံတမန်” အဖြစ် ဟန်ဆောင်ကာ ဝမ်လိန်၏ အဓိပ္ပါယ်မရှိသော တိုင်တန်းချက်များကို စိတ်ရှည်လက်ရှည် နားထောင်ပေးခဲ့လေသည်။
သူ၏ အလုပ်ပြုတ်သွားခဲ့ရကြောင်း၊ စုန့်ဝေ့က သူ့အား လျော်ကြေးပေးမည်ဟု ကတိပေးခဲ့သော်လည်း နောက်ဆုံးတွင် ငြင်းဆိုခဲ့ကြောင်း၊ ထိိသူက ကတိမတည်သူဖြစ်ပြီး ကိုယ်ကျင့်တရား ပျက်ပြားနေသူဖြစ်ကြောင်း စသည်ဖြင့် ပြောဆိုခဲ့လေသည်။
မျှတစွာ ပြောရလျှင် ဤလူ အလုပ်ပြုတ်သွားခြင်းမှာ သူ၏ ကိုယ်ပိုင်အမှားကြောင့်ပင် ဖြစ်ပေလိမ့်မည်။
စုန့်ဝေ့က သူ့ကို အလုပ်ဖြုတ်ပစ်ခဲ့ခြင်း မဟုတ်သည့်အတွက် စုန့်ဝေ့၏ အပြစ်လည်း မဟုတ်ပါချေ။
သို့သော်လည်း ဒါရိုက်တာရှုသည်လည်း တရားမျှတသောသူတစ်ဦး မဟုတ်နေခဲ့ပေ။ သူက စုန့်ဝေ့၏ ကိုယ်ကျင့်တရား ပျက်ပြားမှုကို အခွင့်ကောင်းယူကာ စုန့်ဝေ့ကို အလွန်အမင်း စိတ်ပျက်နေသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်လေသည်။
“ရဲဘော်စုန့်ဝေ့.. ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းပြစရာ တစ်ခုခု ရှိနေသေးလား၊ မင်း သိတဲ့အတိုင်းပဲ.. ငါတို့ရဲ့စက်ရုံက စည်းကမ်းစနစ်အရမ်းတင်းကျပ်တဲ့ စက်ရုံကြီးတစ်ခုပဲ.. စက်ရုံက ဝန်ထမ်းတွေအတွက်ကတော့...”
သို့သော် ဒါရိုက်တာရှု၏ ခန့်ညားထည်ဝါသော မိန့်ခွန်းကြီး မပြီးဆုံးမီမှာပင် စုန့်ဝေ့က စိတ်မရှည်စွာဖြင့် ဖြတ်ပြောလိုက်လေသည်။
“ကျွန်တော့်မှာ ရှင်းပြစရာ ဘာမှမရှိပါဘူး.. စက်ရုံဘက်က ဘယ်လိုရလဒ်မျိုးပဲ ပေးပါစေ ကျွန်တော်လက်ခံလိုက်မယ်”
ဤသို့ဖြင့် သူက ခုခံကာကွယ်မှုကို လုံးဝပင် စွန့်လွှတ်လိုက်လေ၏!
ဘာတွေ ဖြစ်နေတာလဲ!
ဒါရိုက်တာရှုအနေဖြင့် သူ၏ဘဝတွင် ယနေ့လောက် ရှုပ်ထွေးသွားရသည့်နေ့မျိုး မရှိခဲ့ဖူးဟု ခံစားလိုက်ရသည်။ စုန့်ဝေ့က တစ်ခုခုတော့ အကြီးအကျယ် မှားနေပေပြီ။
“ဒါဆို မင်းပြောချင်တာက... စက်ရုံက ဘယ်လိုအပြစ်ဒဏ်မျိုးပဲ ပေးပါစေ မင်းက လက်ခံမယ်ပေါ့ ဟုတ်လား?”
ဒါရိုက်တာရှုက စုန့်ဝေ့အား မသေချာသကဲ့သို့ တစ်ချက်ကြည့်လိုက်လေသည်။ သို့သော် စုန့်ဝေ့မှာ တည်ငြိမ်အေးဆေးသော အမူအရာ အတိုင်းပင် ရှိနေဆဲပင်။
“အင်း... ဘယ်လိုအပြစ်ဒဏ်မျိုးပဲဖြစ်ဖြစ် ပေးလိုက်လို့ရတယ်”
“ဒါ မင်းကိုယ်တိုင် ပြောတာနော်!”
ဒါရိုက်တာရှုက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်ပြီးနောက်၊ ဘေးဘက်မှ ကြောင်အစွာ ကြည့်နေသော လုံခြုံရေးဝန်ထမ်းအား လှမ်းကြည့်လိုက်လေသည်။
“မင်းလည်း ကြားတယ်မလား၊ ဒါ သူကိုယ်တိုင် ပြောတာနော်.. ဘယ်လိုအပြစ်ဒဏ်မျိုးကိုမဆို သူလက်ခံပါ့မယ်တဲ့!”
ကြောင်အမ်းနေသော လုံခြုံရေးဝန်ထမ်း: “အမ်... ဟုတ်၊ ဟုတ်တယ်...”
သို့သော် လုံခြုံရေးဝန်ထမ်းက စုန့်ဝေ့နှင့် မည်သည့်ရန်ငြိုးမျှ မရှိပါချေ။ စုန့်ဝေ့ ဤသို့ပြောသည်ကို မြင်ရသည့်အချိန်တွင် ထိုသူက စိတ်ကြည်လင်မှုမရှိဘဲ ပြောနေခြင်းဖြစ်မည်ဟု တွေးတောမိကာ ကြည့်မနေနိုင်ခဲ့ဘဲ တီးတိုးသတိပေးလိုက်လေသည်။
“အမ်.. ရဲဘော်စုန့်ဝေ့၊ ဒီကိစ္စကို တစ်ဖက်လူနဲ့ သေသေချာချာလေး ပြန်ဆွေးနွေးကြည့်ရင် မကောင်းဘူးလား...”
တစ်စုံတစ်ရာ ဖြေရှင်းချက်မျိုးရှိနိုင်သည် မဟုတ်ပါလား။
“ဆွေးနွေးနေဖို့ မလိုပါဘူး.. ငါနဲ့ သူ့ကြားမှာ ဆွေးနွေးစရာ ဘာမှမရှိဘူး”
စုန့်ဝေ့က အေးစက်သော မျက်နှာအမူအရာဖြင့် လုံခြုံရေးဝန်ထမ်း၏ အကြံပြုချက်ကို ထပ်မံငြင်းပယ်လိုက်ပြန်သည်။ ဤသည်ကို မြင်ချိန်တွင် လုံခြုံရေးဝန်ထမ်းလည်း ပုခုံးတစ်ချက်သာ တွန့်လိုက်ပြီး ဆက်လက်ဝင်ရောက်စွက်ဖက်ခြင်းမရှိတော့ပါချေ။
ဒါရိုက်တာရှုတစ်ယောက် စုန့်ဝေ့ ရုတ်တရက် သတိပြန်ဝင်လာပြီး နောင်တရသွားမည်ကို စိုးရိမ်သောကြောင့် ဝန်ထမ်းရေးရာရုံးမှ လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေးနွေးသကဲ့သို့ ဟန်ဆောင်လျက် ရုံးခန်းသို့ အလျင်အမြန် ပြန်သွားခဲ့လေသည်။
ထို့နောက် ဝမ်းနည်းပူဆွေးသော မျက်နှာအမူအရာဖြင့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်လေသည်။
“ရဲဘော်စုန့်ဝေ့အနေဖြင့် လွန်ခဲ့သော ခြောက်လမှစ၍ ကျွန်ုပ်တို့၏ စက်ရုံ၌ အမှားအယွင်းများစွာ ကျူးလွန်ခဲ့သည့်အပြင် ယနေ့တွင်လည်း သူကိုယ်တိုင်က ကိုယ်ကျင့်တရားပျက်ပြားကြောင်းနှင့် ဆွေမျိုးသားချင်းများကို လှည့်ဖြားခဲ့ကြောင်း ဝန်ခံခဲ့သည့်အတွက်ကြောင့်၊ ကျွန်ုပ်တို့အနေဖြင့် ရဲဘော်စုန့်ဝေ့အား အလုပ်မှထုတ်ပယ်ရန် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ပါသည်”
သူက စုန့်ဝေ့အတွက် အလုပ်ထုတ်ပယ်လွှာကို ယူလာပေးချိန်တွင် ထိုသူမှာ အလုပ်ရုံတွင် ကျန်ရှိနေသော သူ၏ပစ္စည်းများကို သိမ်းဆည်းပြီးစီးနေပေပြီ။
“ဟေး.. ရဲဘော်စုန့်ဝေ့၊ မင်းကတော့ တကယ့်ကို အမြင်မှန်ရနေတာပဲ.. ကိုယ့်ပစ္စည်းကိုယ်တောင် သိမ်းဆည်းပြီးပြီဆိုတော့၊ မင်းကိုယ်မင်း အလုပ်ထုတ်ခံရမယ်ဆိုတာကို အစောကြီးကတည်းက သိနေတာလား”
ဒါရိုက်တာရှုက လှောင်ပြောင်လိုသော လေသံဖြင့် ပြောဆိုလိုက်သော်လည်း တစ်ဖက်တွင် သူ၏နှလုံးသားထဲ၌ သံသယများစွာတို့က ပိုမိုနက်ရှိုင်းလာခဲ့လေသည်။
စုန့်ဝေ့က ဘာဖြစ်နေတာလဲ။
သူက စက်ယန္တရားစက်ရုံမှာ အလုပ်မလုပ်တော့ဘဲ ကောင်းကင်ဘုံကိုတက်ချင်နေတာလား။
***