ယခုခေတ်ကာလတွင် အလုပ်အကိုင်ရှာဖွေရန်အတွက် လုံးဝမလွယ်ကူပါချေ။
ထို့အပြင် သူတို့စက်ရုံ၏ ဝန်ထမ်းခံစားခွင့်များမှာလည်း အလွန်အမင်း ကောင်းမွန်ကြောင်းကို သိထားရပေမည်။
သူက ယခုအချိန်တွင် သာမန်ဝန်ထမ်းတစ်ဦးသာ ဖြစ်နေလျှင်ပင် အနည်းဆုံး တစ်လလျှင် ယွမ်သုံး၊ လေးဆယ်ခန့် ရရှိနေသည့်အပြင် နေစရာ အိပ်ဆောင်လည်း ရှိနေသောကြောင့် မဆိုးလှပါချေ။
အကယ်၍ သူသာ ယခု အလုပ်ထုတ်ခံရပါက အလုပ်နှင့်လစာကို ဆုံးရှုံးရုံသာမကဘဲ သူနေထိုင်ရာ နေရာကိုပါ ပြန်လည်အပ်နှံရမည် မဟုတ်ပါလား။
သူ ဘာကို ကြိုးစားနေတာလဲ။
သူက တကယ်ကြီး ရူးသွပ်သွားပြီး သူ့ရဲ့ နှိပ်ကွပ်မှုဒဏ်ကို မခံနိုင်တော့လို့ ထွက်ခွာသွားတာများလား။
ဒါရိုက်တာရှုအနေဖြင့် ခဏကြာအောင် စဉ်းစားကြည့်လျှင်ပင် သူ့ကိုယ်သူ ထိုမျှအထိတော့ မုန်းတီးစရာမကောင်းဟု ထင်မိပေသည်။
ဒါရိုက်တာရှု၏ စကားကို ကြားပြီးနောက် စုန့်ဝေ့က ပြန်လှည့်ကြည့်လာခဲ့ကာ တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် ရုတ်တရက် ရယ်မောလိုက်လေသည်။
“ဘာကိုရယ်နေတာလဲ”
ဒါရိုက်တာရှုအနေဖြင်် သူ၏အပြုံးတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသောကြောင့် မျက်မှောင်ကြုတ်၍ မေးမြန်းလိုက်သည်။
“စုန့်ဝေ့.. မင်း စိတ်ကျန်းမာရေး ချို့ယွင်းနေတာလား၊ စက်ရုံကနေ အလုပ်ထုတ်ခံရတာတောင် ရယ်နိုင်သေးတယ်ပေါ့.. မင်း မကြောက်ဘူးလား?
မနက်ဖြန်ကျရင်လမ်းဘေးမှာ အိပ်ရတော့မှာကိုရော မစိုးရိမ်ဘူးလား?”
ဒါရိုက်တာရှု၏ လှောင်ပြောင်ပြောဆိုမှုများကို ရင်ဆိုင်ရသည့်အချိန် စုန့်ဝေ့က နောက်ကွယ်တွင်အဓိပ္ပာယ်များရှိနေသောစကားဖြင့်သာ ပြန်လည်ပြောဆိုလိုက်လေသည်။
“ဒါရိုက်တာရှု ... စကားတစ်ခွန်း ရှိတာကို ခင်ဗျား ကြားဖူးလားတော့ မသိဘူး.. ဒီလောကကြီးမှာ မနက်ဖြန် ဘာတွေဖြစ်လာမယ်၊ ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ”
“ခင်ဗျားကတော့ စက်ရုံက အလုပ်ဆိုတာ တစ်သက်လုံး မြဲမယ့် သံထမင်းပန်းကန်လို့ ထင်နေမှာပေါ့၊
ခင်ဗျားရဲ့ အလုပ်က တစ်သက်လုံး တည်မြဲပါစေလို့ပဲ ကျွန်တော် ဆုတောင်းပေးပါတယ်..
ကျွန်တော့်ကိစ္စအတွက်တော့ ခင်ဗျား စိတ်ပူနေစရာ မလိုပါဘူး.. နောက်ပိုင်းကျရင် ကျွန်တော်က တခြားသူတွေထက် ပိုကောင်းအောင် နေထိုင်သွားမှာ၊ ခင်ဗျားထက်လည်း နိမ့်ကျသွားမှာ မဟုတ်ဘူး!”
ဒါရိုက်တာရှု: “?”
“မင်း ဘာတွေ ရူးကြောင်ကြောင် ပြောနေတာလဲ.. အလုပ်မရှိဘဲနဲ့ ငါ့ထက် ပိုကောင်းအောင် နေနိုင်မယ် ဟုတ်လား၊ ငါ့ကို နောက်နေတာလား!”
စုန့်ဝေ့ နောက်နေခဲ့သည်လား။
သေချာပေါက် မဟုတ်ပါချေ။
သို့သော် သူ၏သမီးမှာ အတိတ်ဘဝမှ ပြန်လည်မွေးဖွားလာသူဖြစ်ကြောင်း မည်သူ့ကိုမျှ ပြောပြ၍ မရနိုင်ပေ။ ထို့ကြောင့် ဒါရိုက်တာရှု၏ မယုံကြည်နိုင်သော အမူအရာ ကို မြင်လျှင် စုန့်ဝေ့တစ်ယောက် အားနည်းသူတစ်ယောက်အပေါ် သနားစရာကောင်းသော အကြည့်မျိုးဖြင့်သာ ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားခဲ့လေသည်။
မထွက်ခွာမီအချိန်တွင် သူက ဆက်လက်ပြောခဲ့ပြန်သည်။
“ဒါဆိုရင်တော့ ဖြစ်လာမဲ့ အခြေအနေတွေကို စောင့်ကြည့်ကြတာပေါ့.. နောက်ထပ် နှစ်နှစ်ကြာလို့ ကျွန်တော်တို့ ပြန်တွေ့တဲ့အချိန်ကျရင် ခင်ဗျားကို ဒါရိုက်တာရှု လို့ ဆက်ပြီး ခေါ်လို့နိုင်ပါစေလို့ မျှော်လင့်ပါတယ်”
ဒါတွေကရော ဘာတွေပြောနေတာလဲ?
ဒါရိုက်တာရှု၏ မျက်ခုံးများက တွန့်ချိုးသွားခဲ့သော်လည်း စုန့်ဝေ့ ပြောသွားသည့်စကားများကို သူ လုံးဝ နားမလည်နိုင်ခဲ့ပါချေ။
သူ့ကို နောက်ပိုင်းကျရင် စက်ရုံဒါရိုက်တာ မလုပ်နိုင်တော့ဘူးလို့ ဆိုလိုတာလား။
ဒါမှမဟုတ် စက်ရုံကြီးက နောင်ကျရင် ပျက်စီးသွားမယ်လို့ ပြောချင်နေလား။
လာနောက်နေတာလား။
သူတို့ စက်ယန္တရားစက်ရုံက ဒီလောက်တောင် ကြီးမားတာလေ။
တခြားဘယ်စက်ရုံပဲ အခြေအနေဆိုးနေပါစေ သူတို့ရဲ့စက်ရုံကတော့ အလှည့်ရောက်မှာ မဟုတ်ဘူး။
ဒီစုန့်ဝေ့ကတော့ တကယ်ကြီး ရူးသွားပြီပဲ။
နောက်ဆုံးတွင် ဒါရိုက်တာရှုက စုန့်ဝေ့၏ ပုံမှန်မဟုတ်သော အပြုအမူ များမှာ သူ၏ ဦးနှောက်တွင် တစ်စုံတစ်ခု ချို့ယွင်းနေခြင်းကြောင့်သာ ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်လေသည်။
“စုန့်ဝေ့... ငါ မင်းကို အကြံပေးပါရစေ၊ တကယ်လို့ လူက တစ်ခုခု ဖြစ်နေပြီဆိုရင် ဆရာဝန်ဆီ သွားပြဖို့ မမေ့နဲ့ဦး
ဟိုတစ်ခါ စားသောက်ဆိုင်မှာ ငါတို့နဲ့တွေ့တဲ့ ဒေါက်တာကျိုးလေ၊ သူက ဆေးပညာ အတော်လေးကျွမ်းကျင်တာ!
မင်း အချိန်ရရင် သွားပြလိုက်ဦး၊ မဟုတ်ရင်တော့ မင်း နောက်ထပ် နှစ်နည်းနည်းလောက်တောင် ထပ်ပြီး ခံပါ့မလားလို့ ငါ စိုးရိမ်မိတယ်”
ဒါရိုက်တာရှုက စုန့်ဝေ့ကို စေတနာဖြင့် သတိပေးပြီးနောက် စက်ရုံထဲသို့ အလွန်လျင်မြန်သော ခြေလှမ်းများဖြင့် အပြေးအလွှား ပြန်ဝင်သွားခဲ့လေသည်။
သူသာ စုန့်ဝေ့နှင့် အတူအချိန်အနည်းငယ် ထပ်မံဖြုန်းနေမိပါက စုန့်ဝေ့၏ အရူးရောဂါများ ကူးစက်ခံရမည်ကို စိုးရိမ်နေခဲ့သည်။
မူလက ဥာဏ်ရည်ကောင်းမွန်ပုံရသော ဤလူက အဘယ်ကြောင့် ယခုအချိန်တွင်၊ အထူးသဖြင့် လွန်ခဲ့သော ခြောက်လထဲမှာ ပို၍ပင် တုံးအမိုက်မဲလာရသနည်း။
ဒါရိုက်တာရွှီ ပြန်လည်စဉ်းစားကြည့်လျှင် လင်းရန် ကျေးလက်သို့သွားကတည်းက အရာအားလုံးက တဖြည်းဖြည်းနှင့် ဆိုးရွားလာခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။
လင်းရန် သူတို့မိသားစု၏ ကံကောင်းခြင်းကြယ်ပွင့် ဖြစ်နေခဲ့ခြင်းများလား။
ဒါရိုက်တာရှုတစ်ယောက် တတွတ်တွတ် ရေရွတ်ရင်း စုန့်ဝေ့၏ အမြင်အာရုံထဲမှ ထွက်ခွာသွားခဲ့လေ၏။
စုန့်ဝေ့သည်ကား ကြီးမားသော ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်၍ စိတ်လက်ပေါ့ပါးနေခဲ့ပေသည်။
သူ အလုပ်ပြုတ်သွားခဲ့သော်လည်း မည်သည့် နောင်တ သို့မဟုတ် စိတ်ပျက်မှုမျိုးမျှ မခံစားရပါချေ။
မည်သို့ပင်ဖြစ်စေ သူက အိမ်ပြန်ရောက်လျှင် သမီးဖြစ်သူ စုန့်စစ်ယွီနှင့် တိုင်ပင်ကာ၊ မည်သည့်အိမ်ကို ဝယ်ယူခြင်းက ပို၍ကောင်းမွန်မည်ဖြစ်ပြီး နောင်အနာဂတ်တွင် တန်ဖိုးပိုမို မြင့်တက်လာနိုင်မည်ကို ဆွေးနွေးနိုင်တော့မည်။
နောက်ပိုင်းတွင် အိမ်ဝယ်ထားရုံဖြင့် ချမ်းသာကြွယ်ဝလာနိုင်မည်ဟူသော အတွေးဖြင့် စုန့်ဝေ့တစ်ယောက် အော်ဟစ်ရယ်မောမိလေသည်။
နောက်ထပ်နှစ်နှစ်ကြာလျှင် အရာအားလုံးက ရှင်းလင်းသွားပေလိမ့်မည်။
ဘေးနားတွင်ရှိနေသော ဝမ်လိန်တစ်ယောက် ဤမြင်ကွင်းကို ကြည့်ရင်း မင်သက်သွားရလေသည်။
စုန့်ဝေ့က တကယ်ကြီး ဒီအလုပ်ကိုတောင် အလိုမရှိတော့တာလား။
သူက ဘာလို့ နည်းနည်းလေးမှ ဒေါသမထွက်ရတာလဲ။
“စုန့်ဝေ့... မင်း!”
သူက စုန့်ဝေ့အား တားဆီးရန် ပါးစပ်ဟလိုက်ချိန်တွင် စုန့်ဝေ့က သူ့အား အေးစက်သော အကြည့်တစ်ချက် ပေးလိုက်ပြီး ပြောဆိုလိုက်လေသည်။
“ဝမ်လိန်... မင်း အခု ငါ့ရဲ့ အလုပ်ကို ဖျက်ဆီးခဲ့ပြီးပြီ၊ ဒါကြောင့် ငါတို့ မိသားစုနှစ်စုကြားက ကိစ္စတွေ အားလုံးပြီးစီးသွားပြီ
အခုကစပြီး မင်းလည်း မင်းလမ်းကိုမင်းသွား၊ ငါလည်း ငါ့လမ်းငါသွားမယ်.. ငါတို့ကြားမှာ နောက်ထပ် ဘာမှ ပတ်သက်စရာ မလိုတော့ဘူး”
ထိုသို့ပြောပြီးနောက် သူက ဝမ်လိန် ပြောချင်သည့်စကားများကို ဂရုမစိုက်တော့ဘဲ လှည့်ထွက်သွားခဲ့လေသည်။
“ဟေး!”
ဝမ်လိန်တစ်ယောက် အဖြစ်မှန်ကို လက်မခံနိုင်ဘဲ သူ့ကို တားဆီးရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် စုန့်ဝေ့၏ နောက်ကျောက ပို၍ ဝေးကွာသွားသည်ကို ငေးကြည့်နေရုံသာ တတ်နိုင်နေခဲ့လေ၏။
စုန့်ဝေ့တစ်ယောက် အိမ်သို့ အလျင်အမြန် ပြန်လာခဲ့လေ၏။
မူလက သူ့အနေဖြင့် စုန့်စစ်ယွီနှင့် လီရှို့လီတို့ကို အိမ်ထဲရှိ ပစ္စည်းများအားလုံးကို သိမ်းဆည်းခိုင်းရန်နှင့် သမီးဖြစ်သူနှင့်အတူ မည်သည့်နေရာသို့ ပြောင်းရွှေ့သင့်သည်ကို ဆွေးနွေးရန် ကြံစည်ထားခဲ့သည်။
သို့သော် သူ တံခါးဖွင့်၍ ကြည့်လိုက်သည့်အချိန်တွင် ဗလာသက်သက်ဖြစ်နေသော အခန်းကိုသာ မြင်လိုက်ရပေသည်။
သူ အလုပ်ပြန်လာချိန်ကို ဆိုဖာပေါ်တွင် အမြဲတစေထိုင်စောင့်နေလေ့ရှိသော စုန့်စစ်ယွီကတော့ ပျောက်ကွယ်နေခဲ့ချေပြီ။
တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် စုန့်ဝေ့၏ နှလုံးသားထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရလေသည်။
သူ သူ့ကိုယ်သူ ပြန်လည်နှစ်သိမ့်ပေးမိသည်။
သမီးဖြစ်သူက အိမ်တွင်နေရသည်ကို ပျင်းရိသောကြောင့် အပြင်သို့ ခေတ္တထွက်၍ ကစားနေခြင်း သို့မဟုတ် လမ်းလျှောက်နေခြင်းသာ ဖြစ်ရမည် ။
နေ့လယ်စာစားချိန်တွင် သူမ ပြန်ရောက်လာလိမ့်မည်ပင်။
သို့သော် ထိုသို့တွေးနေခဲ့သော်လည်း သူ၏ခြေလှမ်းများက မထိန်းချုပ်နိုင်ဘဲ စုန့်စစ်ယွီ၏ အခန်းတံခါးဝသို့ ရောက်ရှိသွားခဲ့လေသည်။
သူက အရင်ဆုံး တံခါးကိုခေါက်ကာ အထဲသို့ လှမ်းခေါ်လိုက်လေသည်။
“စစ်ယွီ... အထဲမှာ ရှိလား”
စက္ကန့်အနည်းငယ် စောင့်ဆိုင်းသော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိပါချေ။
ဤအခိုက်အတန့်တွင် စုန့်ဝေ့၏ ရင်ထဲမှ မကောင်းသော ခံစားချက်က ပို၍ပင် ပြင်းထန်လာခဲ့ချေပြီ။
နောက်ခဏတွင် သူ စုန့်စစ်ယွီ၏ အခန်းတံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်လေသည်။
သူမ၏ အဝတ်အစားများနှင့် ထောင့်တစ်နေရာရှိ ခရီးဆောင်အိတ်မှာ ပျောက်ကွယ်နေသည်ကို မြင်လိုက်ရသည့်အချိန်တွင်တော့ စုန့်ဝေ့တစ်ယောက် မူးမေ့လဲကျလုနီးပါး ဖြစ်သွားရလေသည်။
စုန့်စစ်ယွီ ပျောက်သွားပြီ။ ခရီးဆောင်အိတ်လည်း မရှိတော့ပါချေ။
အကယ်၍ စုန့်ဝေ့အနေဖြင့် ဤအချိန်တွင်ပင် မည်သည့်အရာများဖြစ်သည်ကို ရိပ်မိခြင်းမရှိသေးပါက သူက အရူးတစ်ယောက်သာ ဖြစ်နေပေလိမ့်မည်။
သူ၏ရှေ့မှ မြင်ကွင်းက အလွန်ပင် ရှင်းလင်းလွန်းပေသည်။ ဤသည်မှာ စုန့်စစ်ယွီတစ်ယောက် နောက်တစ်ကြိမ် ပြန်လည်ထွက်ပြေးသွားပြီဟု ပြသနေခြင်းပင်။
သူမ ထပ်ပြီး ထွက်ပြေးသွားပြန်ပြီ!
ဒီကောင်မလေး!
သူမက ဘာလို့ ထပ်ပြီး ထွက်သွားရတာလဲ!
ပြီးတော့ သူမက ဘယ်ကို သွားနေတာလဲ။
စုန့်ဝေ့တစ်ယောက် သမီးဖြစ်သူ စုန့်စစ်ယွီအတွက် စတင်စိုးရိမ်ပူပန်နေချိန်တွင်ပင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရလိုက်မိပြန်သည်။
မဟုတ်သေးဘူး!
မနေ့တုန်းက သူတို့သားအဖနှစ်ဦးက အနာဂတ်စီမံကိန်းများနှင့် ပတ်သက်၍ သေသေချာချာ ဆွေးနွေးခဲ့ကြသည်။ သို့သော် ယနေ့တွင်တော့ သူမက သူ မရှိသည့်အချိန်တွင် တိတ်တဆိတ် ထွက်ခွာသွားခဲ့ချေပြီ။
သို့ဆိုပါက သူမ ယမန်နေ့က ပြောခဲ့သော စကားများက အမှန်တရားများ ဖြစ်နေပါဦးမည်လား။
စုန့်ဝေ့တစ်ယောက် ဤအကြောင်းကို တွေးမိလိုက်သည်နှင့် အလွန်ပင် ထိတ်လန့်သွားရလေသည်။
အကယ်၍ သူမကသာ သူ့ကို လိမ်ညာခဲ့သည့်အတွက် ထွက်ပြေးသွားခဲ့မည်ဆိုပါက သူ ဒါရိုက်တာရှုနှင့် အပြင်းအထန် အချင်းများခဲ့ပြီး အလုပ်မှ ထွက်ခဲ့ခြင်းမှာ အမှားတစ်ခုသာ ဖြစ်နေလိမ့်မည် မဟုတ်ပါလား။
စုန့်စစ်ယွီ၏ ရုတ်တရက်ဆန်ပြီး အကြောင်းပြချက်မရှိ ထွက်ခွာသွားခဲ့သောကြောင့် သူမထံတွင် မည်သို့သော အခြေအနေမျိုး ထပ်မံဖြစ်ပွားခဲ့သည်ကို စုန့်ဝေ့အနေဖြင့် မစဉ်းစားနိုင်တော့ပါချေ။
ထို့အပြင် သူမ ယမန်နေ့က ပြောခဲ့သော စကားများထဲတွင် မည်သည့်အရာက အစစ်အမှန်ဖြစ်ပြီး မည်သည့်အရာက အတုအယောင် ဖြစ်နေကြောင်းကိုလည်း သူ မတွေးနိုင်တော့ပေ။
***