စုန့်ဝေ့တစ်ယောက် ပြာယာခတ်နေချိန်မှာပင် အပြင်ဘက်မှ အိမ်နီးချင်းတစ်ဦး၏ အော်သံတို့က ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
“ဟေး... စုန့်ဝေ့၊ မင်းရဲ့ လီရှို့လီက အပေါ်ထပ်ကိုတက်ရင်း လဲကျသွားလို့ အခု ထလို့မရတော့ဘူး.. သူမရဲ့ ခြေထောက်တွေကို စစ်ဆေးဖို့ ဆေးရုံကို အမြန်ပို့ရမယ်ထင်တယ်!”
အိမ်နီးချင်း၏ အသံကြောင့် စုန့်ဝေ့၏ အတွေးများမှာ ခေတ္တမျှ လျော့ပါးသွားခဲ့ရလေသည်။
လီရှို့လီ လဲကျ၍ ဒဏ်ရာရသွားကြောင်း ကြားလိုက်ရသည့်အချိန်တွင် သူက စုန့်စစ်ယွီ၏ ကိစ္စကို ခေတ္တမျှဘေးဖယ်ထားလိုက်ပြီး အိမ်နီးချင်း၏ စကားကို တုံ့ပြန်ရန်အတွက်အပြင်သို့ ထွက်သွား မသိစိတ်ဖြင့် ပြင်လိုက်လေသည်။
သို့သော် သူက တံခါးဝသို့ ရောက်ခါနီးမှာပင် သူထံ၌ ငွေအများအပြား မပါသည်ကို သတိရလိုက်မိသည်။
ဆေးရုံသို့ သွားမည်ဆိုပါက ပိုက်ဆံများ ပိုမိုယူဆောင်သွားခြင်းက ပို၍ စိတ်ချရပေလိမ့်မည်။
သို့ဖြစ်၍ သူက အခန်းထဲသို့ အမြန်ပြန်လှည့်ဝင်သွားခဲ့ပြီး ဆေးရုံသွားရန်အတွက် ယွမ်တစ်ရာခန့် ယူရန် တွေးတောလိုက်လေသည်။
ရလဒ်အနေဖြင့် သူက သီးသန့်ဘဏ္ဍာတိုက်ကို ဝှက်ထားသော နေရာသို့ သွားရောက်ဖွင့်လှစ်လိုက်သည့်အချိန်တွင် သူ၏ ဘဏ္ဍာတိုက်ထဲ၌ တစ်ဆင့်လေးမျှပင် မကျန်တော့ကြောင်း တွေ့လိုက်ရလေ၏။
ဗလာသက်သက် ဖြစ်နေသော ဘဏ္ဍာတိုက်လေးကို မြင်လိုက်ရသည့်အချိန်တွင် စုန့်ဝေ့၏ သူငယ်အိမ်များမှာ အလွန်ပြင်းထန်စွာ ကျုံ့သွားခဲ့ရလေသည်။
သူ့ရဲ့ ပိုက်ဆံတွေ ဘယ်ရောက်ကုန်တာလဲ။
သူ့ရဲ့ ပိုက်ဆံတွေ ဘယ်မှာလဲ!
သူ့ထံတွင် ယွမ်တစ်ထောင်ကျော် ရှိနေခဲ့သည်မဟုတ်ပါလား။
အဘယ်ကြောင့် အကုန်လုံး ပျောက်ကွယ်နေရပါသနည်း။
ပြီးခဲ့သည့်အကြိမ် အိမ်ပြောင်းချိန်က ထိုငွေများမှာ သေသေချာချာ ရှိနေသေးကြောင်းကို သူ ကောင်းစွာ မြင်တွေ့ခဲ့ရသည်။
အဘယ်ကြောင့် ယခုပြန်ကြည့်သည့်အချိန်တွင် ရုတ်တရက် ပျောက်ဆုံးနေရပါသနည်း။
စုန့်ဝေ့၏ ပထမဆုံး တုံ့ပြန်မှုမှာ ဤငွေများကို လီရှို့လီ ယူသွားခြင်းလားဟု တွေးတောမိခြင်းသာဖြစ်သည်။ သို့သော်လည်း ဤအတွေးကို သူ ချက်ချင်းပင် ပြန်လည်ပယ်ချလိုက်လေသည်။
လီရှို့လီ၏ ဦးနှောက်ဥာဏ်ရည်မှာ မည်မျှရှိသည်ကို သူ ကောင်းကောင်းသိထားသည်။ သူမ၏ အသိဉာဏ်နှင့် သတ္တိမျိုးဖြင့်ဆိုလျှင် မဖြစ်နိုင်ပေ။
ထို့အပြင် နောက်ပိုင်းတွင် သူမက သူ့အပေါ် မှီခိုနေထိုင်ရဦးမည်ဖြစ်၍ သူ၏ပိုက်ဆံများကို ခိုးယူရန် ဝံ့ရဲလိမ့်မည်မဟုတ်ပါချေ။
သို့ဆိုလျှင်...
“စုန့်စစ်ယွီ!”
စုန့်ဝေ့သည် အံကိုတင်းတင်းကြိတ်လျက် ဤအမည်ကို ရွတ်ဆိုလိုက်လေသည်။
အံ့သြစရာ မရှိတော့ပါချေ။ သူမ အဘယ်ကြောင့် ဤမျှအထိ အလျင်အမြန် ထွက်ပြေးသွားရသည်က အံ့သြစရာ မရှိတော့ပေ။
ယမန်နေ့ညက သူမဘက်မှ ဝမ်လိန်အား ငွေမပေးရန် သူ့ကို အဘယ်ကြောင့် တားဆီးခဲ့သနည်းဟူသည်မှာလည်း အံ့သြစရာ မရှိတော့ပါချေ.။
အံ့သြစရာ မရှိတော့ !!
ဒီကောင်မလေး...
သူမက ဒါမျိုးတွေအထိ ဘယ်လိုများလုပ်ရက်ရတာလဲ။
သူမက သူ့အပေါ် ဘာလို့ဒီလိုမျိုး ဆက်ဆံရက်ရတာလဲ။
သူက သူမရဲ့ အဖေအရင်းလေ!
ထိုအခိုက်အတန့်တွင် စုန့်ဝေ့၏ ရင်ထဲ၌ အလွန်အမင်း နာကျင်သွားခဲ့ရလေသည်။
သူက ဤတစ်ကြိမ်တွင် များစွာ အလျှော့ပေးခဲ့သည်ဟု ထင်မှတ်ခဲ့ဖူးပေသည်။ အတိတ်က ရန်ငြိုးများကို မေ့ဖျောက်ခဲ့သည်။
စုန့်စစ်ယွီအနေဖြင့် သူ၏ဘေးတွင် ရိုးရိုးသားသားနှင့် စကားနားထောင်ကာ နေထိုင်သွားရန်သာ သူ မျှော်လင့်ခဲ့ခြင်းဖြစ်ပေ၏။
သို့ဆိုလျှင် သူတို့မိသားစုသည်က ဘဝလေးတစ်ခုကို အတူတကွ ဖြတ်သန်းနိုင်မည်ဖြစ်ကာ သူသည်လည်း သူမအား ဆက်လက်၍ စောင့်ရှောက်ကူညီပေးသွားမည်ဖြစ်ပေသည်။
သို့သော် သူမက သူ၏ကြိုးစားအားထုတ်မှုများကို အလေးမထားရုံသာမက သူ၏နောက်ကွယ်တွင် အိမ်တွင်ရှိနေသော ငွေကြေးအားလုံးကို ယူဆောင်ကာ ထွက်ပြေးသွားခဲ့ချေပြီ။
ယမန်နေ့က သူမပြောခဲ့သော စကားများမှာလည်း ငွေကိုရရှိရန်အတွက် သူ့အား လိမ်ညာခဲ့ခြင်းသာ ဖြစ်ရပေမည်။
ယခု သူမ၏ လှည့်စားခြင်းကို ခံလိုက်ရသောကြောင့် သူက ယွမ်တစ်ထောင် ဆုံးရှုံးခဲ့ရရုံသာမက အလုပ်ပါ ပြုတ်သွားခဲ့ရပြီ။
အိမ်ဝယ်ပြီး ငွေရှာရမည်ဟူသော ကိစ္စမှာလည်း စုန့်စစ်ယွီ အဓိပ္ပါယ်မရှိလျှောက်ပြောနေခြင်းသာ ဖြစ်ပေလိမ့်မည်။
ပြီးသွားပြီ။
အရာအားလုံးက အခုတော့ တကယ်ပဲ ပြီးဆုံးသွားခဲ့ပြီပဲ!
သူ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရသောကြောင့် စုန့်ဝေ့တစ်ယောက် ခေတ္တမျှ စိတ်ကို မထိန်းချုပ်နိုင်တော့ပါချေ။ နောက်ဆုံးတွင် သူ၏ အမြင်အာရုံများ မည်းမှောင်သွားခဲ့ရပြီး မေ့လဲသွားခဲ့လေသည်။
အိမ်အပြင်ရှိ အိမ်နီးချင်းက စုန့်ဝေ့အား ကူညီပေးရန် စောင့်ဆိုင်းနေဆဲဖြစ်သော်လည်း အချိန်အတော်ကြာသည်အထိ တံခါးဖွင့်ထွက်မလာသောကြောင့် စိတ်ရှုပ်ထွေးစွာဖြင့် ထပ်မံ၍ လှမ်းခေါ်လိုက်လေသည်။
“စုန့်ဝေ့.. မင်း အဆင်ပြေရဲ့လား၊ လီရှို့လီက လှေကားထစ်မှာ စောင့်နေတုန်းပဲနော်!”
သို့သော် သူမဘက်မှ အော်ခေါ်ပါသော်လည်း စုန့်ဝေ့၏ တုံ့ပြန်မှုကို မကြားရတော့ပေ။
မဟုတ်သေးပါဘူး။
ခုနတုန်းကပဲ စုန့်ဝေ့ရဲ့ အသံကို သူမ သေသေချာချာ ကြားလိုက်ရတာပဲ!
“စုန့်ဝေ့... စုန့်ဝေ့!”
နောက်ဆုံးတွင် အိမ်နီးချင်းက တစ်စုံတစ်ခု မှားယွင်းနေပြီဟု ခံစားလိုက်ရသည်။ စုန့်ဝေ့ ငြိမ်သက်နေခြင်းက အိမ်ထဲတွင် တစ်စုံတစ်ခု ဖြစ်ပွားခြင်းကြောင့် ဖြစ်လိမ့်မည်ကို သူမ စိုးရိမ်မိသောကြောင့် တခြားသူများကို အလျင်အမြန် ခေါ်ယူကာ စုန့်ဝေ့အိမ်၏ တံခါးကို ရိုက်ချိုး၍ ဖွင့်လိုက်ကြလေသည်။
တံခါးပွင့်သွားသည့်အချိန်တွင်တော့ စုန့်ဝေ့တစ်ယောက် မြေပြင်ပေါ်တွင် သတိလစ်ပြီး လဲလျောင်းနေကြောင်းကို မြင်လိုက်ရသည်။
“အိုး.. ဒုက္ခပါပဲ၊ သူတို့ကို ဆေးရုံကို အမြန်ပို့ကြပါဦး၊ ဆေးရုံကို အမြန်ပို့ကြဦး!”
…
လင်းရန် စုန့်ဝေ့နှင့် လီရှို့လီတို့ နှစ်ဦးလုံး ဆေးရုံတက်နေရသည့် အကြောင်းကို နောက်တစ်နေ့မှသာ သိရှိခဲ့ရလေသည်။
ဤကိစ္စ၏ သတင်းအရင်းအမြစ်မှာ သူမဘက်မှ စုန့်ဝေ့၏ မိသားစုအကြောင်းကို တကူးတက စုံစမ်းခြင်းကြောင့် မဟုတ်ပါချေ။
ဆိုရလျှင် လွန်ခဲ့သော အကြိမ်က လီရှို့လီ၏ သူငယ်ချင်း၏ သားဖြစ်သူက သူမအား လမ်းတွင် ထပ်မံ၍ တားဆီးခဲ့ခြင်းကြောင့်ပင် ဖြစ်နေခဲ့လေ၏။
ယမန်နေ့က စားသောက်ဆိုင်တွင် ဝမ်လိန်၏ကိစ္စကို လုံးဝဖြေရှင်းပြီးစီးသွားခဲ့ချေပြီ။ ထိုအချိန်မှာပင် ရှောင်ကျောက်က လင်းရန်အား အစားထိုးခန့်အပ်ရန် သင့်တော်သော စားဖိုမှူးတစ်ဦးအား အကြံပြုပေးနိုင်မည်လားဟု အထူးတလည်မေးမြန်းလာခဲ့လေသည်။
လင်းရန်အနေဖြင့် လက်ရာပိုင်းကို ကိုယ်တိုင်ကြည့်ရှုနိုင်သည်။ သို့သော်လည်း အဓိကလိုအပ်ချက်မှာ တစ်ဖက်လူ၏စိတ်ဓာတ်က ကောင်းမွန်ရန် လိုအပ်ပေသည်။
မူလက ရှောင်ကျောက်တို့ကိုယ်တိုင် ရှာဖွေရမည်ဖြစ်သော်လည်း ရှောင်ကျောက်အနေဖြင့် ဝန်ထမ်းသစ်ရှာဖွေရန် အချိန်အတော်လေးကုန်ထားခဲ့ရပြီး ဖြစ်သောကြောင့် ယခုအချိန်တွင်တော့ စားဖိုမှူးအကူအညီအတွက် လူရှာရန် အချိန်မပေးနိုင်တော့ပါချေ။
သူ့တွင် အချိန်မရှိသောကြောင့် လင်းရန်အား အချိန်ယူ၍ ရှာဖွေပေးရန်သာ တောင်းဆိုနိုင်လေ၏။
မည်သို့ပင်ဖြစ်စေ စားဖိုမှူးနှင့် လက်ထောက်စားဖိုမှူးကြား နောက်ထပ် သဘောထားကွဲလွဲမှုများ မဖြစ်ပေါ်စေရန်လိုအပ်သည်။
ထို့အတွက် ရှောင်ကျောက်အနေဖြင့် ယခုတစ်ကြိမ်တွင် လင်းရန်အား သူမခန့်အပ်လိုသူကို အရင်ကြည့်ခိုင်းပြီးမှသာ အတည်ပြုရန် စီစဉ်ထားခြင်း ဖြစ်ပေသည်။
ဤအခြေအနေတွင် လင်းရန်အား လူရှာခိုင်းခြင်းမှာ ဝမ်လိန်ကြောင့် သူမ ကြုံတွေ့ခဲ့ရသော မတရားမှုများအတွက် ပြန်လည်ပေးဆပ်သည့် သဘောလည်း သက်ရောက်နေခဲ့သည်။
ရှောင်ကျောက်က ရွေးချယ်ပိုင်ခွင့်အားလုံးကို သူမထံတွင် အပ်နှံထားသောကြောင့် လင်းရန်လည်း ဤအခွင့်အရေးကောင်းကို လက်လွတ်ခံမည် မဟုတ်ပါချေ။
သူမက ဤအခွင့်အရေးကို အသုံးချကာ သူမ၏အကြီးဆုံးအဒေါ်ကို မြို့ပေါ်သို့ ခေါ်ယူရန် ဆုံးဖြတ်လိုက်လေတော့သည်။
မည်သို့ပင်ဖြစ်စေ ဦးလေးဖြစ်သူမှာ သူမ၏ဖခင်နှင့်အတူ အလုပ်လုပ်နေပေပြီ။ သူမ၏ဖခင်မှာလည်း နောက်ပိုင်းတွင် မြို့ပေါ်သို့ သေချာပေါက် တက်လာလိမ့်မည်။
ထို့အတွက် ဦးလေးဖြစ်သူမှာလည်း သူမ၏ဖခင်နောက်သို့ လိုက်ပါလာမည်မှာ သေချာပေသည်။
ဤသို့ဆိုလျှင် အကြီးဆုံးအဒေါ်နှင့် ဦးလေးတို့မှာ ခွဲခွာနေရမည်ဖြစ်၍ မကောင်းလှပါချေ။
အဓိက အကျဆုံးသော အကြောင်းပြချက်မှာ အကြီးဆုံးအဒေါ်က လင်းရန်နှင့်အတူ အချိန်အတန်ကြာအေညင် အလုပ်လုပ်ခဲ့ဖူးခြင်းကြောင့် ဖြစ်ပေသည်။
လင်းရန် သူမနှင့်အတူ မီးဖိုချောင်တွင် အလုပ်လုပ်ရသည်မှာ အလွန်ပင် နေသားကျနေပြီဖြစ်၍ ယခုတစ်ကြိမ်တွင် သူမအား ခေါ်ယူကူညီခိုင်းခြင်းက လင်းရန်အတွက် များစွာ စိတ်အေးရစေလိမ့်မည်။
မြို့ပေါ်ရှိ နိုင်ငံပိုင်စားသောက်ဆိုင်တွင် အလုပ်လုပ်ရခြင်းမှာ မည်သူ့အတွက်မဆို အလွန်ကြီးကျယ်သော ကိစ္စရပ်ဖြစ်သောကြောင့် အကြီးဆုံးအဒေါ်အနေဖြင့် ငြင်းပယ်လိမ့်မည်မဟုတ်ဟု လင်းရန် ခံစားမိလေသည်။
ထို့ကြောင့် သူမ အလုပ်ဆင်းသည့်အခိုက်တွင် အကြီးဆုံးအဒေါ်ထံသို့ ဤကိစ္စကို အမြန်ဆုံး ပြောကြားနိုင်ရန်အတွက် စာတိုက်သို့သွားကာ ကွန်မြူနတီသို့ ဖုန်းဆက်ရန်စီစဉ်လိုက်လေသည်။
ကွန်မြူနတီ ထမင်းစားဆောင်ရှိ အလုပ်နှင့် ပတ်သက်လျှင်တော့ သူမ၏ဖခင်မှာ စက်ရုံကို ပြင်ဆင်သည့်အချိန်က စက်ရုံ၏ဘေးတွင် နောက်ထပ် မီးဖိုတစ်ခု တည်ဆောက်ကာ စက်ရုံအတွင်းထမင်းစားဆောင်အသေးစားတစ်ခု ဖွင့်လှစ်မည်ဟု ပြောဆိုသံကို သူမ ကြားခဲ့ရပေသည်။
ထိုအချိန်က အကြီးဆုံးအဒေါ်အား ထိုနေရာတွင် သွားရောက်ကူညီခိုင်းရန် စီစဉ်ထားခဲ့ကြခြင်း ဖြစ်၏။
သို့ဖြစ်၍ ထိုအချိန်တွင် ကွန်မြူနတီ ထမင်းစားဆောင်၌ ခေါင်းဆောင်အနည်းငယ်သာ ကျန်ရှိတော့မည်ဖြစ်ပြီး သူတို့အတွက် ဟင်းချက်ပေးမည့်သူကိုလည်း သူတို့ဘာသာ ရှာဖွေနေကြပေပြီ ။
ထို့ကြောင့် လင်းရန်အနေဖြင့် ကွန်မြူနတီ ထမင်းစားဆောင်နှင့် စက်ရုံအတွင်းရှိ ထမင်းစားဆောင်နှစ်ခုလုံးအတွက် စိုးရိမ်နေရန် မလိုအပ်တော့ပါချေ။
တပ်မဟာအတွင်း၌ အိုးကြီးချက် ချက်ပြုတ်နိုင်သော အမျိုးသမီးများမှာ အလွန်ပင် ပေါများလွန်းပေသည်။
ယခုခေတ်ကာလတွင် မိသားစုအတော်များများက ဆယ်ဂဏန်းကျော်သော လူဦးရေအတွက် အိုးတစ်လုံးတည်းမှ အတူတကွ စားသောက်နေကြပြီး ဟင်းချက်သူများမှာလည်း မိသားစုအတွင်းရှိ အမျိုးသမီးရဲဘော်များသာ ဖြစ်ကြသည်။ ထို့ကြောင့် အိုးကြီးချက် ချက်ပြုတ်ရန်က မည်သူ့အတွက်မဆို ကြီးမားသော ပြဿနာ မဟုတ်ပါချေ။
ဟင်းအရသာ ကောင်းခြင်း၊ မကောင်းခြင်း ကွဲပြားမှုသာ ရှိပေလိမ့်မည်။
သို့သော် ၎င်းအတွက်လည်း အလွန်အမင်း စိုးရိမ်နေရန် မလိုပါချေ။ အကြီးဆုံးအဒေါ်က တပ်မဟာအတွင်း လူအမြောက်အမြားကို သိရှိထားသူဖြစ်၍ မည်သူက ဟင်းချက် ပိုကောင်းကြောင်းကို သူမ သေချာပေါက် သိရှိပေလိမ့်မည်။
အချိန်ကျလျှင် သူမအား သင့်တော်သူကို အကြံပြုခိုင်းလိုက်ရုံသာ လိုပေတော့သည်။
ထို့ကြောင့် ပြဿနာအားလုံးက ပြေလည်သွားပြီဖြစ်ပြီး အကြီးဆုံးအဒေါ်ထံသို့ ဖုန်းဆက်ရန်သာ ကျန်တော့ပေသည်။
သို့သော် လင်းရန် စာတိုက်သို့ သွားသည့်လမ်းမှာပင် လွန်ခဲ့သောတစ်ကြိမ်က လီရှို့လီကိုယ်စား သတင်းလာပါးပေးခဲ့ဖူးသော ရဲသားရဲဘော်နှင့် ထပ်မံ၍ ဆုံတွေ့ခဲ့ရလေသည်။
ဤတစ်ကြိမ်တွင် ထိုသူက လင်းရန်အား လီရှို့လီနှင့် စုန့်ဝေ့တို့နှစ်ဦးလုံး မနေ့ညက ဆေးရုံသို့ အတူတူ တက်လိုက်ရကြောင်း ပြောပြလာခဲ့လေ၏။
***