လီရှို့လီက ခြေကျင်းဝတ် လည်သွားခြင်းကြောင့် ဆေးရုံတက်ရခြင်းဖြစ်ကာ စုန့်ဝေ့မှာ စိတ်လှုပ်ရှားမှုကြောင့်အသက်ရှူရပ်မတတ်ဖြစ်ပြီး သတိလစ်သွားခြင်းကြောင့် ဆေးရုံတက်ရခြင်း ဖြစ်ပေသည်။
လင်းရန်မှာ ဤလူနှစ်ဦး အကြောင်းပြချက်မရှိဘဲ ဤမျှအထိ အခြေအနေ ဆိုးရွားသွားလိမ့်မည်ဟု မထင်ပေ။ ထို့အပြင် ဆေးရုံတက်သည့်အချိန်တွင်လည်း နှစ်ဦးလုံး တပြိုင်နက်တည်း ဖြစ်နေရသည်။
ဒီလိုကိစ္စမျိုးတွေကို ဘယ်လိုခေါ်တာလဲ။
“မကောင်းမှုဆိုသည်မှာ တစ်ခုတည်း မလာတတ်” ဆိုတာမျိုးလား။
သို့သော်လည်း...
“ရဲဘော်... ဒီကိစ္စကို လာပြောပြဖို့ လီရှို့လီကပဲ ခိုင်းလိုက်တာလား “
ထိုရဲဘော်ာ ခေါင်းကို ကုတ်လျက် ကသိကအောင့်ဖြစ်နေရသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလေသည်။
“သူမက အခု သူမနဲ့ စုန့်ဝေ့တို့ နှစ်ယောက်လုံး ဆေးရုံမှာ နှစ်ရက်လောက် နေရမယ်လို့ပြောတယ် စားသောက်ရေးနဲ့ သွားလာရေးတွေက အဆင်မပြေဖြစ်နေပြီး ကူညီပေးမဲ့သူလည်း မရှိဘူးတဲ့၊ ရဲဘော်ကို နှစ်ရက်လောက် လာပြီး ပြုစုပေးစေချင်တယ်လို့ ပြောတယ်”
အမှန်အတိုင်း ပြောရလျှင် ဤတောင်းဆိုချက်မှာ တောင်းဆိုချက်သက်သက်သာ ဖြစ်ပေသည်။ သာမန်လူတစ်ဦးဆိုလျှင် သေချာပေါက် လက်ခံလိမ့်မည်မဟုတ်ပါချေ။
အထူးသဖြင့် လင်းရန်၊ စုန့်ဝေ့နှင့် လီရှို့လီတို့ကြားမှ ကိစ္စရပ်များမှာ မိသားစုအဆောက်အအုံအတွင်း၌ ပျံ့နှံ့နေသည်မှာ ကြာခဲ့ပေပြီ။
ယခုအချိန်တွင် နှစ်ဖက်လုံးမှာ တစ်ဦးနှင့်တစ်ဦး ပတ်သက်မှုမရှိသော သူစိမ်းများကဲ့သို့ ဖြစ်နေကြချေပြီ။
အခြေအနေ ဆိုးရွားလျှင် ရန်သူဟုပင် ခေါ်ဆိုနိုင်ပေသည်။
သူ့အပေါ် ရန်ငြိုးရှိသူအား လာရောက်ပြုစုခိုင်းခြင်းကို မည်သူက ပျော်ရွှင်စွာ လက်ခံပါမည်နည်း။
သို့သော် “မိခင်၏အလိုကို မလွန်ဆန်နိုင်” ဟူသော စကားကြောင့်သာ သူက ဤတစ်ကြိမ် ကူညီပေးခဲ့ခြင်း ဖြစ်ပေသည်။
လီရှို့လီကိုယ်တိုင် ပြောခိုင်းခြင်းဖြစ်ကြောင်း အတည်ပြုပြီးနောက်တွင် လင်းရန်က အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ ငြင်းပယ်လိုက်လေတော့သည်။
“သူမဆီ ပြန်သွားပြီးတော့ ကျွန်မ မလာနိုင်ဘူးလို့ပဲ ပြောလိုက်ပါ အကြောင်းပြချက်ကိုတော့ သူမကိုယ်တိုင် သိပါလိမ့်မယ်”
ထိုသူသည်လည်း လင်းရန် လာလိမ့်မည်မဟုတ်ကြောင်းကို မူလကတည်းက ခန့်မှန်းထားခဲ့သောကြောင့် အလျင်အမြန် ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။
သူသည် သတင်းပြန်ပို့ရန် ပြန်လှည့်ထွက်တော့မည့်ဆဲဆဲမှာပင် လင်းရန်က စပ်စုလိုသော လေသံဖြင့် မေးမြန်းလာသည်ကို ကြားလိုက်ရလေ၏။
“အိုး .. ဒါနဲ့ ရဲဘော်၊ လွန်ခဲ့တဲ့ အချိန်တုန်းက စုန့်စစ်ယွီ သူတို့အိမ်မှာ ရှိနေတာကိုကျွန်မ မှတ်မိပါတယ် ၊ညသူမက ဘာလို့ သူတို့နှစ်ယောက်လုံးကို မပြုစုပေးတာလဲ “
လွန်ခဲ့သောရက်ပိုင်းကပင် လင်းရန်အနေဖြင့် စုန့်စစ်ယွီနှင့် ဝမ်လိန်တို့ ထိုနေရာ၌ စကားပြောနေကြောင်းကို မြင်တွေ့ခဲ့ရသေးသည်။
ထိုသည်က နှစ်ရက်၊ သုံးရက်မျှသာ ရှိသေးသည်ဖြစ်၍ သူမအနေဖြင့် နောက်ထပ်တစ်ကြိမ် ပြန်လည်ထွက်ပြေးသွားရန်က မဖြစ်နိုင်သလောက်ပင် ရှိပေသည်။
သို့သော်လည်း တစ်ဖက်လူမှာ စုန့်မိသားစုအကြောင်းကို အသေးစိတ် သိရှိထားသူမဟုတ်သောကြောင့် ဤသို့သာ ပြောလာလေ၏။
“ကျွန်တော်လည်း မသိဘူး.. ဒါပေမဲ့ သူမကိုတော့ မတွေ့မိပါဘူး”
ထိုသူက သေချာပေါက် မသိကြောင်းကို မြင်ချိန်တွင် လင်းရန်လည်း ကျေးဇူးတင်စကား ပြောလိုက်ပြီးနေရာမှ လမ်းခွဲခဲ့ကြလေ၏။
လင်းရန်က စာတိုက်သို့ ဆက်လက်ထွက်ခွာခဲ့သော်လည်း လမ်းတွင် စုန့်စစ်ယွီသည် အဘယ်ကြောင့် နောက်ထပ်တစ်ကြိမ် ပျောက်ကွယ်သွားရသည်ကို စတင်၍ တွေးတောမိနေခဲ့လေသည်။
ထို့အပြင် စုန့်ဝေ့သည်က အမြဲတစေ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး မည်သည့်ရောဂါဝေဒနာမျှ မရှိခဲ့ပါချေ။ သူ အဘယ်ကြောင့် ရုတ်တရက် စိတ်လှုပ်ရှားကာ သတိလစ်သွားရပြီး ဆေးရုံသို့ ရောက်ရှိသွားရသနည်း။
ဦးနှောက်ကို အနည်းငယ် အသုံးချ၍ စဉ်းစားကြည့်ရုံဖြင့်ပင် သူ ဆေးရုံတက်ရခြင်းမှာ စုန့်စစ်ယွီနှင့် သေချာပေါက် ပတ်သက်နေလိမ့်မည်ဟု လင်းရန် ခန့်မှန်းမိလေသည်။
အကယ်၍ သူက စုန့်စစ်ယွီကြောင့် ဒေါသထွက်ကာ ဆေးရုံတက်ခဲ့ရခြင်း ဖြစ်ပါက ထိုသည်မှာ အမှန်တကယ်ပင် စိတ်ဝင်စားစရာ ကောင်းလွန်းပေလိမ့်မည်။
သို့ဆိုလျှင် စုန့်စစ်ယွီအနေဖြင့် စုန့်ဝေ့အား ဒေါသထွက်ကာ သတိလစ်သွားသည်အထိ မည်သို့သော ကိစ္စမျိုးကို လုပ်ဆောင်ခဲ့ပါသနည်း။
သားအဖနှစ်ဦးကြားမှ ယခင်ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန်မှာ အမှန်တကယ်ပင် မဖြစ်နိုင်တော့ဟု ထင်ရချေပြီ။
ဟင်း.. တွေးကြည့်လေလေ စိတ်လှုပ်ရှားစရာ ကောင်းလေလေပဲ။
လင်းရန် ဤသို့ တွေးတောနေရင်းဖြင့် စာတိုက်သို့ ရောက်ရှိလာခဲ့လေသည်။
ကွန်မြူနတီသို့ ဖုန်းဆက်သွယ်မိသည်နှင့် သူမက ထိုကိစ္စများကို ချက်ချင်းပင် ဘေးဖယ်ထားလိုက်ပြီး ဖုန်းဖြေကြားသော ကွန်မြူနတီခေါင်းဆောင်အား အလျင်အမြန်ပင် ပြောပြလိုက်လေ၏။
မြို့ပေါ်ရှိ နိုင်ငံပိုင်စားသောက်ဆိုင်တွင် သူမ၏ အကြီးဆုံးအဒေါ်အတွက် ရာထူးတစ်ခု သူမ ရှာဖွေပေးနိုင်ခဲ့ကြောင်းကို တစ်ဖက်လူက ကြားလိုက်ရသည့်အခိုက်တွင် အလွန်ပင် အံ့အားသင့်သွားရလေတော့သည်။
“ရှောင်လင်း... မင်းကတော့ တကယ်ကို လုပ်နိုင်တာပဲ၊ အခု မင်းကိုယ်တိုင်က နိုင်ငံပိုင်စားသောက်ဆိုင်မှာ အလုပ်ဝင်ရုံတင်မကဘဲ မင်းရဲ့ အကြီးဆုံးအဒေါ်ကိုပါ အလုပ်ထဲကို ထည့်ပေးနိုင်ပြီပေါ့၊ မင်းက တကယ့်ကို အရည်အချင်းရှိတဲ့ ကောင်မလေးပဲ!”
ဖုန်းဖြေကြားသူမှာ သူမနှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်သော ချန်ဝမ်ပင် ဖြစ်ပေသည်။ ထိုသူမှာ လင်းရန်က ကွန်မြူနတီ ထမင်းစားဆောင်မှ ပထမဆုံးအလုပ်ကိုရရှိအောင် ဖန်တီးပေးခဲ့သူဖြစ်ပြီး နှစ်ဦးကြားမှ ဆက်ဆံရေးမှာ အမြဲတမ်း ကောင်းမွန်နေခဲ့လေ၏။
သူ့၏စကားကို ကြားရသည့်အခိုက်တွင် လင်းရန်က နှိမ့်ချစွာဖြင့်ပင် ပြန်လည်ရှင်းပြလိုက်လေသည်။
“ဦးလေးချန်.. တကယ်လို့ ဦးလေးကသာ ကျွန်မအတွက် အခွင့်အရေးတွေ မိတ်ဆက်မပေးခဲ့ရင် ကျွန်မလည်း အခုလိုမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး ၊ နောက်တစ်ခေါက်ကျွန်မ ပြန်လာတဲ့အချိန် ဦးလေးဆီကို သေချာပေါက်လာပြီး ကျေးဇူးတင်ပါ့မယ် “
ဆိုရလျှင် ချန်ဝမ်နှင့် လင်းရန်တို့သည်က ထိုအချိန်တွင် တစ်ဦးနှင့်တစ်ဦး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြခြင်းသာ ဖြစ်ပေ၏။
သူသည် လင်းရန်အား တကူးတက ကူညီခဲ့ခြင်းမျိုး မဟုတ်ပါချေ။
သို့သော် လင်းရန်၏ ပြောစကားက နားဝင်ချိုလှသောကြောင့် သူ ထိုစကားကို ကြားလိုက်ရသည့်အခိုက်တွင် စိတ်ထဲ၌ အလွန်ပင်ကျေနပ်သွားခဲ့ရလေသည်။
“ကောင်းပြီ... ဒါဆိုရင်တော့ ငါ စောင့်နေပါ့မယ်.. မင်း ပြန်လာပြီး ငါတို့ကို ဟင်းပြန်ချက်ကျွေးမှာကိုပဲ စောင့်နေမှာနော် ဟားဟား!”
ချန်ဝမ်နှင့် အပြန်အလှန် နှုတ်ဆက်ပြီးနောက် လင်းရန်က ဖုန်းကိုချလိုက်ပြီး မနက်ဖြန်မနက်မှသာ အကြီးဆုံးအဒေါ်ထံသို့ ထပ်မံ၍ ဖုန်းခေါ်ဆိုရန် ပြင်လိုက်လေသည်။
သို့သော် သူမ ဖုန်းကို ချတော့မည့် အခိုက်အတန့်မှာပင် တစ်ဖက်မှ ချန်ဝမ်က ရုတ်တရက် စကားတစ်ခွန်း ပြောလာခဲ့၏။
“ဒါနဲ့ ရှောင်လင်း... မနေ့က ငါ သတင်းတစ်ခု ကြားလိုက်ရတယ် အဲဒါက မင်းနဲ့လည်း သက်ဆိုင်နေတဲ့အတွက် မင်းကို ပြောပြသင့်တယ်လို့ ထင်မိတယ်”
ထိုစကားကို ကြားလျှင် လင်းရန်မှာ အံ့သြသွားရလေသည်။ ချန်ဝမ်၏ လေသံအရ ကြည့်ရသည်မှာ ကိစ္စက သေးငယ်ဟန် မတူပါချေ။
“ဦးလေးချန်၊ ဘာဖြစ်လို့လဲ ဘာတွေ ဖြစ်ခဲ့တာလဲ “
လင်းရန်က နားထောင်ရန် အသင့်ဖြစ်နေကြောင်းကို သိလျှင် ချန်ဝမ်သည်လည်း အချိန်ဆွဲမနေတော့ဘဲ သူကြားသိထားသမျှကို တိုက်ရိုက်ပင် ပြောပြလေတော့သည်။
ဤကိစ္စမှာ အလွန်ကြီးလွန်းသည်မဟုတ်သော်လည်း သေးငယ်သောကိစ္စဟုလည်း ဆို၍မရပါချေ။
မည်သို့ပင်ဖြစ်စေ မိသားစုအတွင်းရေးဟူသည်မှာ အပြင်လူများအတွက် အသေးအဖွဲဖြစ်နိုင်သော်လည်း၊ ကာယကံရှင် မိသားစုအတွက် သေချာပေါက် ကိစ္စကြီးပင် ဖြစ်ပေသည်။
ထိုသည်က လင်းမိသားစုတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်ပင် ဖြစ်ပေ၏။
လွန်ခဲ့သော အချိန်အနည်းငယ်က လင်းကျန်းအန်း၏ ဆေးဝါးစက်ရုံကို စတင်တည်ထောင်ပြီးကတည်းက အရာအားလုံးမှာ အရှိန်အဟုန်ဖြင့် လည်ပတ်နေခဲ့ကာ နေ့စဉ်နေ့တိုင်း မရပ်မနား အလုပ်များနေခဲ့ကြသည်ဟု ဆိုနိုင်ပေသည်။
သူတစ်ဦးတည်း အလုပ်များနေခြင်း မဟုတ်ဘဲ ကျန်ရှိသော မိသားစုဝင်များမှာလည်း အလုပ်များနေကြပေသည်။
ဥပမာအားဖြင့် အစ်ကိုကြီးဖြစ်သူမှာ လင်းကျန်းအန်းနှင့်အတူ တောင်ပေါ်သို့တက်ကာ ဆေးဘက်ဝင်အပင်များ တူးဖော်ခြင်းနှင့် စိုက်ပျိုးခြင်းများတွင် အလုပ်များနေသကဲ့သို့၊ အကြီးဆုံးအဒေါ် ဝမ်ရှို့ကျူမှာလည်း စက်ရုံရှိ အလုပ်သမားများအတွက် ဟင်းချက်ပေးရာတွင် ကူညီပေးနေခဲ့လေသည်။
သူတို့သည်က နေ့စဉ်နေ့တိုင်း အလုပ်များနေကြသော်လည်း အလုပ်များနေခြင်းမှာ ဝင်ငွေရှိပြီး မျှော်လင့်ချက်ရှိနေခြင်းဖြစ်၍ အားလုံးက ပျော်ရွှင်နေကြပေသည်။
သို့သော် ဤဘက်တွင် အလုပ်များနေကြသော်လည်း၊ တစ်ဘက်တွင်ရှိနေသော ညီဖြစ်သူဇနီးမောင်နှံမှာ အလွန်ပင် စိတ်မသက်မသာ ဖြစ်နေကြလေသည်။
ယခုအချိန်တွင် အစ်ကိုကြီးတို့ ဇနီးမောင်နှံနှင့် ဒုတိယအစ်ကို လင်းကျန်းအန်းတို့မှာ နေ့စဉ် မိုးမလင်းမီကတည်းက အပြင်သို့ ထွက်ခွာသွားကြပြီး နေ့လယ်ကျမှ ပြန်ရောက်လာတတ်ကြပေသည်။
တစ်မနက်လုံး အလုပ်လုပ်ထားကြသူများကို ပြန်ရောက်လာသည့်အခိုက်တွင် ဟင်းချက်ခိုင်း၍ မဖြစ်နိုင်ပါချေ။
သို့ဖြစ်၍ အိမ်မှုကိစ္စများ လုပ်ဆောင်ခြင်းနှင့် ဟင်းချက်ခြင်း စသည့်အလုပ်များမှာ တတိယသားနှင့် သူ၏ဇနီးဖြစ်သူတို့၏ ပုခုံးပေါ်သို့ ရောက်ရှိလာခဲ့လေတော့သည်။
ဥပမာအားဖြင့် ထင်းခွေခြင်း၊ ရေခပ်ခြင်း၊ အိမ်မိုးကြွပ်ပြားများ ပြင်ဆင်ခြင်း စသည့်အလုပ်များကို အလုပ်အနည်းငယ် ပိုအားနေသော ညီအငယ်ဆုံး လင်းကျန်းရှီက ကိုင်တွယ်ရပေသည်။
မနက်စာ၊ နေ့လယ်စာနှင့် ညစာ ပြင်ဆင်ခြင်းကို တတိယချွေးမ ယင်းဖန်ကသာ တာဝန်ယူရပေတော့သည်။
အဘွားလင်းကလည်း သူတို့လုပ်သမျှတွင် ဝိုင်းဝန်းကူညီပေးနေသောကြောင့် သူတို့မှာ အမှန်တကယ် ပြင်းပြင်းထန်ထန် အင်အားစိုက်ထုတ်နေရခြင်းမျိုး မဟုတ်ပါချေ။ သို့သော်လည်း ပြန်လည်စဉ်းစားကြည့်သည့်အခိုက်တွင် သူတို့၏ စိတ်ထဲ၌ မမျှတသကဲ့သို့ ခံစားလာရလေသည်။
တခြားသူများက စက်ရုံတွင် အလုပ်လုပ်ကာ ငွေရှာနိုင်နေကြချိန်တွင် သူတို့က အဘယ်ကြောင့် အိမ်မှာနေပြီး ဤကဲ့သို့သော အလုပ်များကို လုပ်နေရပါသနည်း။
ထို့အပြင် သူတို့က အပြင်မှာ ပင်ပင်ပန်းပန်း လုပ်ဆောင်နေကြသည်ဆိုသော်လည်း အလုပ်မှတ်တမ်းရမှတ် ရရှိရန်မှာလည်း အလွန်ပင် ခက်ခဲလှသည် မဟုတ်ပါလား။
အထူးသဖြင့် သူတို့ ရရှိသောပမာဏမှာ တခြားသူများထက် မည်မျှအထိ နည်းပါးနေမည်ကို မသိနိုင်ပါချေ။
ထိုသို့ တွေးမိလိုက်သည့်အခိုက်တွင် ထိုဇနီးမောင်နှံနှစ်ဦးမှာ ပို၍ပင် မကျေမနပ် ဖြစ်လာကြလေတော့သည်။
***