လွန်ခဲ့သည့် ရက်အနည်းငယ်က အကြီးဆုံးအဒေါ် ဝမ်ရှို့ကျူအနေဖြင့် သူမ၏ တတိယယောက်မ ယင်းဖန်အား အိမ်မှာ တစ်နေ့ကုန် ပျင်းရိနေခြင်းမျိုး မဖြစ်စေရန် အလုပ်တချို့တွင် ခေါ်ယူကာ ကူညီခိုင်းခဲ့သေးသည်။
သို့သော် ကွန်မြူနတီ ထမင်းစားဆောင်အတွက် ဟင်းသီးဟင်းရွက် ဝယ်ယူသည့်ကိစ္စ ပြေလည်သွားပြီးနောက်တွင် ယင်းဖန်၌ လုပ်စရာအလုပ် မရှိတော့ပါချေ။
လယ်ကွင်းထဲတွင် ပင်ပင်ပန်းပန်း လုပ်စရာမလိုဘဲ ငွေရှာရသည့် အရသာကို မြည်းစမ်းကြည့်ဖူးသွားပြီးနောက်တွင် ယင်းဖန်သည်က ဤကဲ့သို့သော ဘဝမျိုးကို ပို၍ပင် တောင့်တလာခဲ့လေသည်။
စက်ရုံတည်ထောင်ပြီးနောက် ရက်အနည်းငယ်တွင် သူမက ပြုံးရွှင်သော မျက်နှာအမူအရာဖြင့် လင်းကျန်းအန်းထံသို့ သွားရောက်ကာ သူမအတွက် အလုပ်တစ်ခုခု စီစဉ်ပေးနိုင်မည်လားဟု မေးမြန်းခဲ့ဖူးပေသည်။
သူမ၏ တောင်းဆိုချက်မှာ မမြင့်မားပါချေ။ စက်ရုံအတွင်း သန့်ရှင်းရေးလုပ်ရမည်ဆိုလျှင်ပင် သူမ လုပ်လိုသည်ဟု ဆိုခဲ့၏။
မည်သို့ပင်ဖြစ်စေ ဤစက်ရုံမှာ အတိုင်းအတာအားဖြင့် သေးငယ်ပါသော်လည်း ထိုသည်က တရားဝင် စက်ရုံတစ်ခု ဖြစ်ပေ၍ သန့်ရှင်းရေးလုပ်ရသူ ဖြစ်နေလျှင်ပင် ဝန်ထမ်းအဖြစ် သတ်မှတ်ခံရမည် မဟုတ်ပါလား။
နှမြောစရာကောင်းသည်မှာ သူမအတွက် အလွန်ပင် နှိမ့်ချသော တောင်းဆိုချက်ဟု ယူဆထားသောအရာဖြစ်သော်လည်း လင်းကျန်းအန်းက စက်ရုံတွင် လက်တလော သူမနှင့် သင့်တော်သော နေရာမရှိသေးကြောင်း ပြောဆိုခဲ့လေ၏။
သူတို့၏ စက်ရုံမှာ ဤမျှသာ ရှိနေသေးပြီး အမြတ်အစွန်းများစွာ မရရှိသေးသောကြောင့် လူသစ်ခေါ်ယူရန် ပိုလျှံသောငွေ မရှိသေးပါချေ။
ထို့အပြင် သန့်ရှင်းရေးကဲ့သို့သော အလုပ်မျိုးအတွက် လူသီးသန့်ခန့်ထားရန်မှာလည်း မလိုအပ်သောကြောင့် ငွေဖြုန်းတီးခြင်းသာ ဖြစ်ပေလိမ့်မည်။
သို့ဖြစ်၍ သူ၏ ညီအရင်းနှင့် ညီမအရင်း ဖြစ်နေပါစေ၊ လင်းကျန်းအန်းတွင်ငြင်းပယ်ရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိခဲ့ပေ။
သူက အကြောင်းပြချက်ကိုလည်း ရှင်းလင်းစွာ ပြောပြခဲ့ပေသည်။
နှမြောစရာစွာဖြင့် သူ မည်မျှပင် ရှင်းလင်းအောင် ပြောဆိုပါစေ၊ ယင်းဖန်၏ နားထဲတွင် အဓိပ္ပာယ်တစ်ခုတည်းသာ ရှိနေပေသည်။
ထိုသည်က တစ်ဖက်လူမှ သူမအတွက် အလုပ်စီစဉ်ပေးရန် အစီအစဉ်မရှိဟူ၍ပင်ဖြစ်ပေ၏။
ထိုအချိန်က ယင်းဖန်၏ မျက်နှာတို့က ပျက်ယွင်းသွားခဲ့သော်လည်း၊ လင်းကျန်းအန်း၏ လက်ရှိ ထူးခြားသော အဆင့်အတန်းကြောင့် သူမအနေဖြင့် သူ့အား တိုက်ရိုက် ပြဿနာမရှာရဲခဲ့ပါချေ။
သူမက လင်းကျန်းအန်း၏ ရှေ့တွင် မည်သည်ကိုမျှမပြောခဲ့ပါသော်လည်း၊ ကွယ်ရာတွင် သူမ၏ ခင်ပွန်းဖြစ်သူ လင်းကျန်းရှီအား အဆက်မပြတာပြောဆိုလေသည်။
လင်းကျန်းရှီမှာ မူလကတည်းက ညီအစ်ကို သုံးဦးအနက် အစွမ်းအစ အနည်းဆုံးဖြစ်နေသောကြောင့် နေ့စဉ်နေ့တိုင်း သူ့ကိုယ်သူ အားမလိုအားမရ ဖြစ်နေကာ စိတ်ထဲ၌ ဒေါသများ ပြည့်နှက်နေခဲ့သူ ဖြစ်နေခဲ့သည်။
သူ့ထက် သာလွန်နေသူများက သူ့၏ အစ်ကိုအရင်းများ ဖြစ်နေကြသောကြောင့် သူတို့နှင့် မယှဉ်နိုင်ဟု ခံစားနေရသော်လည်း အပြင်ဘက်သို့ ထုတ်ပြောရန်ကိုလည်း ရှက်နေခဲ့ပြန်သည်။
သူသည်က စိတ်ပျက်နေရုံသာမကဘဲ တစ်ဖက်တွင်လည်း ဂုဏ်ယူစိတ် အနည်းငယ် ရှိနေခဲ့သေးသည်။
သူ မည်မျှပင် အစွမ်းအစ မရှိပါစေ၊ အကယ်၍ အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့ကသာ နောက်ပိုင်းတွင် အောင်မြင်ကြီးပွားလာပါက တခြားသူများက ထိုသူတို့၏မျက်နှာကို ထောက်ထား၍ သူ့အပေါ် ရိုရိုသေသေ ဆက်ဆံကြလိမ့်မည် မဟုတ်ပါလား။
ရလဒ်အနေဖြင့် ယင်းဖန်က အလွန်ပင် နှိုးဆွလာခဲ့သည်။ သူ ခက်ခက်ခဲခဲ ထိန်းချုပ်ထားရသော စိတ်ဓာတ်ကို သူမက ဘေးမှနေ၍ အဓိပ္ပာယ်မရှိသော စကားများဖြင့် သွေးထိုးပေးနေခဲ့လေ၏။
ဤအခိုက်တွင် လင်းကျန်းရှီ၏ ငြိမ်သက်နေပြီဖြစ်သော စိတ်အခြေအနေတို့က နောက်တစ်ကြိမ်ပြန်လည်ပြီး ပေါက်ကွဲသွားခဲ့ရလေတော့သည်။
သူ တွေးလေလေ ဒေါသထွက်လေလေ ဖြစ်နေပြီး နောက်ဆုံးတွင် ယင်းဖန်ဘက်မှ “ကျွန်မက ဘာလို့ ရှင့်လိုမျိုး ဘာမှမဖြစ်မြောက်တဲ့ ယောကျ်ားမျိုးနဲ့ လက်ထပ်မိပါလိမ့်” ဟု ပြောဆိုလိုက်သည့်အချိန်တွင်တော့ သူ့ဘက်မှ လုံးဝ ထိန်းမနိုင်တော့ဘဲ ပေါက်ကွဲသွားခဲ့လေသည်။
ထို့နောက် ထိုဇနီးမောင်နှံနှစ်ဦးမှာ တစ်ညလုံး မအိပ်ဘဲ စကားများ ရန်ဖြစ်ကြလေတော့သည်။
ကျေးလက်ရွာများ၏ ညအချိန်ကာလက အလွန်ပင် တိတ်ဆိတ်ပြီး လူတိုင်းက အိပ်စက်နေကြချိန်ဖြစ်၍ သူတို့နှစ်ဦး၏ ရန်ဖြစ်သံတို့က အလွန်ပင် ရှင်းလင်းစွာကြာခဲ့ရသည်။
လင်းမိသားစုဝင်များသာမကဘဲ အနီးနားတွင် နေထိုင်သူများပါ ထိုဆူညံသံများကို ကြားသွားကြလေ၏။
သို့ဖြစ်၍ နောက်တစ်နေ့တွင် လင်းကျန်းရှီနှင့် သူ၏ဇနီးတို့ ရန်ဖြစ်သည့် သတင်းမှာ တပ်မဟာတစ်ခုလုံးသို့ပျံ့နှံ့သွားခဲ့လေတော့သည်။
မူလက ဤသည်မှာ ဇနီးမောင်နှံကြား ရန်ဖြစ်ခြင်းသာဖြစ်ပေ၏။
ယခင်ကလည်း ရန်မဖြစ်ဖူးသည်မဟုတ်သည့်အတွက် ပုံမှန်ဆိုလျှင် နောက်တစ်နေ့တွင် ပြေလည်သွားတတ်ကြသည်။
သို့သော် ဤဖြစ်ရပ်ကို လူအများက သိရှိသွားကြသည့်အခိုက်တွင်တော့ တချို့သော လူများမှာ နောက်တစ်နေ့တွင် သူတို့ကို တွေ့သည်နှင့် စနောက်လာခဲ့ကြသောကြောင့် နှစ်ဦး၏ကြားမှ ပဋိပက္ခကပို၍ပင် ကြီးထွားလာခဲ့ရလေသည်။
…
သို့ဖြစ်၍ နှစ်ရက်ကြာသည်အထိ လင်းကျန်းရှီနှင့် ယင်းဖန်တို့၏ ဆက်ဆံရေးက ပြေလည်မသွားခဲ့ပေ။ ထို့အပြင် ထိုသို့ ရန်ဖြစ်နေကြခြင်းက မိသားစုတစ်ခုလုံးကို အဆင်မပြေနိုင်ဖြစ်စေခဲ့လေသည်။
နေ့တိုင်း အိမ်သို့ပြန်ရောက်ချိန်တွင် ထိုသူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး စောင်းမြောင်းပြောဆိုကာ ရန်လိုနေကြကြောင်းကို မြင်တွေ့နေရတတ်သည်။
ထို့ကြောင့် တခြားလူများမှာ တစ်နေ့တာ အလုပ်များပြီးနောက် ကိုယ်ခန္ဓာပင်ပန်းနေသည်ထက် စိတ်ပင်ပန်းနွမ်းနယ်မှုကို ပို၍ ခံစားနေကြရချေပြီ။
ထို့အပြင် လင်းမိသားစု၏ အဘွားလင်းမှာလည်း ဤကိစ္စကြောင့် ဒေါသထွက်လွန်းသောကြောင့် ထမင်းပင် ကောင်းကောင်းမစားနိုင်တော့ကြောင်း သူက ဆက်လက်ပြောပြခဲ့သည်။
“...မင်းတို့ မိသားစုရဲ့ လက်ရှိအခြေအနေကို ဒီကိစ္စက အတော်လေး ထိခိုက်နေတယ်လို့ ဦးလေး ထင်မိတယ်၊ မင်းက အကြံဉာဏ်ကောင်းတွေ ရှိတတ်တဲ့သူဆိုတော့ သူတို့ကြားက ပဋိပက္ခကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခု ရှိမလားဆိုတာ စဉ်းစားကြည့်ပါဦး”
လင်းရန်တစ်ယောက် ထိုစကားကို ကြားရသည့်အခိုက်တွင် မျက်မှောင်ကြုတ်သွားခဲ့လေ၏။
သူမက သတင်းစကားပါးပေးသည့် ချန်ဝမ်အား ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ဖုန်းချလိုက်လေသည်။
ဖုန်းချလိုက်ပြီးနောက်တွင် သူမက မထိန်းချုပ်နိုင်ဘဲ သက်ပြင်းတစ်ချက် ချလိုက်မိပေသည်။
အကယ်၍ တတိယဦးလေးနှင့် တတိယအဒေါ်တို့ကသာ အမှန်တကယ်ပင် အကျင့်စာရိတ္တ လုံးဝဆိုးသွမ်းနေသူများ ဖြစ်ခဲ့ပါက တစ်စုံတစ်ဦးက သူမ၏ခြေဖဝါးအောက်တွင် ဒူးထောက်တောင်းပန်နေပါစေ သူမ ကူညီလိမ့်မည် မဟုတ်ပါချေ။
သို့သော် ဤလူနှစ်ဦးမှာ ဆိုးသွမ်းသူများ မဟုတ်ကြပါချေ။ သူတို့သည်က အတ္တအနည်းငယ်ကြီးကာ တွန့်တိုတတ်ကြသော်လည်း လင်းမိသားစုဝင်များအပေါ်တွင် မကောင်းသော ရည်ရွယ်ချက်မျိုး မရှိကြပါချေ။
အရေးကြီးသော အချိန်များ၌ပင် ကာကွယ်ပေးတတ်ကာ ကူညီပေးတတ်ကြသေးသည်။
သို့ဖြစ်၍ တတိယဦးလေးနှင့် တတိယအဒေါ်တို့အပေါ်တွင် လင်းရန်အနေဖြင့် မည်သည်ကိုမျှမတတ်နိုင်သော ခံစားချက်မျိုးသာ ရှိနေရတော့သည်။
ယခုအချိန်တွင် သူတို့နှစ်ဦးကြားမှ ပြသနာက သူတို့၏ လက်ရှိအခြေအနေက အစ်ကိုနှစ်ဦးနှင့် ယှဉ်လျှင် နိမ့်ကျနေသည်ဟု ခံစားရသောကြောင့် မမျှတသကဲ့သို့ဖြစ်နေခြင်းသာ ဖြစ်ပေသည်။
ဆိုရလျှင် “ရှားပါးခြင်းကို မကြောက်ရွံ့သင့်သော်လည်း၊ မမျှတခြင်းကိုတော့ ကြောက်သင့်သည်” ဟူသော စကားမှာ အမြဲတစေမှန်ကန်သော အမှန်တရားပင် ဖြစ်ပေ၏။
အကယ်၍ ညီအစ်ကို သုံးဦးလုံးက ယခင်ကကဲ့သို့ တပ်မဟာ၌သာ အတူတူ အလုပ်လုပ်ကာ လယ်စိုက်နေကြမည်ဆိုပါက ထိုဇနီးမောင်နှံကြားတွင်လည်း မည်သည့်အဓိပ္ပာယ်မရှိသော စကားများမျှ ထွက်ပေါ်လာမည် မဟုတ်ပါချေ။
မူလက လင်းရန်အနေဖြင့် ဖခင်ဖြစ်သူ၏ စက်ရုံက လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိလာပြီးနောက်တွင် တတိယဦးလေးအား တစ်ဖက်တစ်လမ်းမှ ကူညီပေးမည်ဟူ၍စဉ်းစားထားသည်။
နောက်ဆုံးတွင် ထိုနေ့သို့ မရောက်မီကတည်းက သူတို့က စတင်၍ ပြဿနာရှာနေကြလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ဤကိစ္စကို အမြန်ဆုံး ဖြေရှင်းရပေလိမ့်မည်။
မဟုတ်ပါက သူမ၏ ဖခင်ဖြစ်သူအနေဖြင့် နေ့စဉ် ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး အိမ်သို့ပြန်လာသည့်အခိုက်တွင် ဤသို့သော အခြေအနေမျိုးကို ရင်ဆိုင်နေရသည်က မည်မျှအထိ ခက်ခဲမည်ကို သူမ မတွေးရဲပါချေ။
ထို့အပြင် အဘွားဖြစ်သူမှာလည်း အသက်ကြီးနေပြီဖြစ်၍ ထိုလူနှစ်ဦးက သူမ၏အဘွားအား ဒေါသထွက်အောင် လုပ်မည်ဆိုပါက အကြီးမားဆုံးသော ပြဿနာပင် ဖြစ်လာပေတော့မည်!
ထို့ကြောင့် လင်းရန် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် စာတိုက်သို့ လျင်မြန်စွာ ပြန်သွားကာ ကွန်မြူနတီသို့ နောက်ထပ်တစ်ကြိမ် ဖုန်းဆက်လိုက်လေသည်။
ကံကောင်းထောက်မစွာဖြင့် ချန်ဝမ်မှာ မထွက်ခွာသေးသောကြောင့် လင်းရန်နှင့် ဖုန်းအမြန်ပြန်ဆက်သွယ်မိသွားခဲ့လေသည်။
“ရှောင်လင်း ငါ့ကို ပြောဖို့ မေ့ကျန်ခဲ့တာ တစ်ခုခု ရှိသေးလို့လား “
ချန်ဝမ်၏ လေသံမှာ အလွန်ပင် ရှုပ်ထွေးနေခဲ့လေသည်။
လင်းရန်က ချက်ချင်းပင် ရှင်းပြလိုက်သည်။
“ဦးလေးချန်...ကျွန်မရဲ့ အကြီးဆုံးအဒေါ်ကို အကြောင်းကြားတဲ့အချိန်ကျရင် တတိယအဒေါ်ကိုပါ တစ်ခါတည်း ခေါ်ပေးပါဦး ၊ သူတို့နှစ်ယောက်လုံးကို မနက်ဖြန် ဖုန်းအတူလာပြောကြဖို့ ပြောပေးပါ”
ချန်ဝမ်လည်း ထိုစကားကို ကြားလိုက်ရသည်နှင့် ဤကောင်မလေးမှာ သူမ၏ တတိယဦးလေးနှင့် တတိယအဒေါ်တို့၏ ပြဿနာကို ဖြေရှင်းရန် အကြံတစ်ခု ရသွားပြီဖြစ်ကြောင်း ရိပ်မိလိုက်သောကြောင့် ချက်ချင်းပင် လက်ခံလိုက်ပြီးနောက် ဖုန်းချလိုက်ကြလေသည်။
ချန်ဝမ်တစ်ယောက် ဖုန်းချပြီးနောက် အချိန်ဆွဲမနေတော့ဘဲ လင်းမိသားစု၏ အိမ်သို့ တိုက်ရိုက်သွားခဲ့သည်။ ထို့နောက် လင်းရန်မှ မနက်ဖြန် မနက် ရှစ်နာရီတွင် သူတို့ထံသို့ ဖုန်းခေါ်ဆိုလိမ့်မည်ဖြစ်ကြောင်း အကြောင်းကြားပေးလိုက်လေသည်။
ထိုသတင်းကို ကြားလိုက်ရသည်နှင့် မိသားစုတစ်ခုလုံးက အလွန်ပင် စိတ်လှုပ်ရှားသွားကြလေ၏။
အထူးသဖြင့် အဘွားလင်းပင် ဖြစ်ပေသည်။ သူမက ချန်ဝမ်ထံသို့ အပြေးအလွှား သွားကာ မေးမြန်းလိုက်သည်။
“ရဲဘော်ချန်... ငါ့ရဲ့ ရန်ရန်က တခြားဘာတွေ ပြောသေးလဲ ငါ့ကိုရော ဖုန်းလာဖြေခိုင်းသေးလား “
အဘွားလင်းမှာ လင်းရန်နှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်၍ သူမအား အလွန်ပင် လွမ်းဆွတ်နေခဲ့ရသည်။
ချန်ဝမ်အနေဖြင့် လင်းမိသားစု၏ အဘွားလင်းမှာ သူမ၏ မြေးမလေးကို အချစ်ဆုံးဖြစ်ကြောင်း အစောပိုင်းကတည်းက သိထားခဲ့ပေ၏။
သို့သော်လည်း မကြာခင်က မျက်နှာတစ်ခုလုံးစူပုပ်လျက် နွမ်းနယ်စွာ ထိုင်နေသော အဘွားလင်းမှာ လင်းရန်၏ အမည်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် မျက်ခုံးများ ပင့်မ,ကာ ဝမ်းသာအားရ ပြေးထွက်လာကြောင်းကို သူ့မျက်စိဖြင့် မြင်တွေ့လိုက်ရသည့်အခိုက်တွင်တော့ အလွန်ပင် အံ့သြမိရပေသည်။
သူမက ယခင်ကကဲ့သို့ နာမကျန်းဖြစ်နေသူနှင့်ပင် မတူတော့ပါချေ။
ချန်ဝမ်တစ်ယောက် အမှန်တကယ်ပင် အံ့သြသင့်ကာ ချီးကျူးမိရလေသည်။
သို့သော် နှမြောစရာကောင်းသည်မှာ ယခုတစ်ကြိမ်တွင် လင်းရန်က သူ့အား အလုပ်ကိစ္စများကိုသာ ပြောဆိုခဲ့ခြင်းဖြစ်ပြီး အဘွားဖြစ်သူ၏အကြောင်းကို အမှန်တကယ်ပင် မပြောဖြစ်ခဲ့ပါချေ။
မနက်ဖြန် ဝမ်ရှို့ကျူတို့ ဖုန်းလာဖြေသည့်အခိုက်တွင်ကျမှသာ သူမက အဘွားလင်း၏ အခြေအနေကို မေးမြန်းနိုင်ပေလိမ့်မည်။
“အဘွား... မနက်ဖြန်ကျရင်တော့ အဘွား သိရမှာပေါ့”
ချန်ဝမ်ထံမှ မည်သည်ကိုမျှထပ်မံ မမေးမြန်းနိုင်ကြောင်းကို မြင်ရသည့်အတွက် အဘွားလင်းကစိတ်ပျက်စွာဖြင့် ပြန်လည် ထိုင်နေရုံသာ တတ်နိုင်ခဲ့လေ၏။
***