ဝမ်ရှို့ကျူက သတင်းလာပေးသည့်ချန်ဝမ်အား ခြံတံခါးအပြင်ဘက်သို့အထိ လိုက်ပါပို့ဆောင်ပေးခဲ့လေသည်။
သူမ အိမ်ထဲသို့ ပြန်ရောက်လာသည့်အချိန်တွင်တော့ အိမ်တွင် နှစ်ရက်တိုင်အောင် မျက်နှာသုန်မှုန်နေခဲ့သော ယင်းဖန်၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခုရှိနေကြောင်းကို မြင်တွေ့လိုက်ရလေသည်။
“အိုး... ရန်ရန်က တကယ်ကို လိမ်မာတဲ့ ကလေးပါလို့ ကျွန်မ ပြောသားပဲ၊ သူ မြို့ပေါ်ကိုရောက်သွားရင်တောင် ကျွန်မတို့ မိသားစုဝင်တွေကို မမေ့ဘူးပဲ!”
“ဒုတိယအစ်ကို... အစ်ကိုကတော့ တကယ့်ကို သမီးကောင်းလေး တစ်ယောက် ရထားတာပဲ!”
ယင်းဖန်အနေဖြင့် လွန်ခဲ့သော အချိန်အနည်းငယ်က လင်းကျန်းအန်း၏ သဘောထားအပေါ် တိတ်တဆိတ် မကျေမနပ် ဖြစ်နေခဲ့သမျှက အစအနပင် မကျန်တော့ဘဲ စကားလုံးများကို ပြောင်းလဲလိုက်ပေပြီ။ လက်ရှိတွင် သူ့အား အလွန်ပင် ချစ်ခင်ရင်းနှီးစွာ ပြုံးပြနေခဲ့ချေပြီ။
လင်းကျန်းအန်းက သူမအား တစ်ချက်ကြည့်လိုက်သော်လည်း မည်သည်ကိုမျှ ထပ်မပြောဘဲ ဤသို့သာပြောလာခဲ့သည်။
“အင်း၊ ရန်ရန်က သိတတ်တဲ့ ကလေးပဲ”
လင်းရန်က အဘယ်ကြောင့် ရုတ်တရက် ဝမ်ရှို့ကျူနှင့် ယင်းဖန်တို့ကို ဖုန်းလာဖြေခိုင်းရသည်ကိုတော့ သူလည်း နားမလည်နိုင် ဖြစ်နေမိသည်။
ဝမ်ရှို့ကျူတစ်ဦးတည်းကိုသာ ခေါ်ယူခြင်းဖြစ်ပါက လင်းကျန်းအန်းအနေဖြင့် နားလည်နိုင်သေးသည်။
သူမက အကြီးဆုံးအဒေါ်အား အကူအညီ တစ်ခုခု တောင်းလိုခြင်းဖြစ်စေ၊ သို့မဟုတ် တစ်စုံတစ်ရာ မှာလိုခြင်းဖြစ်စေ ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးကြားမှ ဆက်ဆံရေးမှာလည်း မဆိုးလှသကဲ့သို့၊ ဝမ်ရှို့ကျူသည်လည်း လင်းရန်အတွက် ယခင်က ဟင်းချက်အကူအဖြစ် ကူညီပေးခဲ့ဖူးသောကြောင့် အလုပ်ကိစ္စကြောင့်လည်း ဖြစ်နိုင်ပေသည်။
သို့သော် ယင်းဖန်အား ခေါ်ယူရခြင်း၏ အကြောင်းပြချက်ကိုတော့ မသိနိုင်ပေ။
ယင်းဖန် ထင်မှတ်ထားသကဲ့သို့ သူမအတွက် ကောင်းမွန်သောအရာများကို လင်းရန်က အမှန်တကယ်ပင် စဉ်းစားပေးထားခြင်းများလား။
ဤကာလအတွင်း မိသားစုက အလွန်ပင် အလုပ်များနေခဲ့သောကြောင့် မြို့ပေါ်သို့သွားရန် သို့မဟုတ် လင်းရန်နှင့် ဆက်သွယ်ရန် အချိန်မရှိခဲ့ပါချေ။
လင်းကျန်းအန်းအနေဖြင့် လင်းရန်က ချန်ဝမ်ထံမှတစ်ဆင့် တတိယသား လင်းကျန်းရှီနှင့် ယင်းဖန်တို့၏အကြောင်းကို သိရှိသွားလိမ့်မည်ဟူ၍လည်း မမျှော်လင့်ထားခဲ့ပေ။
နောက်ဆုံးတွင် လင်းကျန်းအန်းက အကြောင်းပြချက်တို့ကို စဉ်းစား၍မရနိုင်သောကြောင့် ဆက်လက်တွေးတောမနေတော့ပေ။
မည်သို့ပင်ဆိုစေ ရန်ရန်က အလွန်ထက်မြက်သူဖြစ်၍ အကြောင်းပြချက်က မည်သို့ပင်ဖြစ်စေ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးမည့်ကိစ္စမျိုးကိုတော့ လုံးဝလုပ်ဆောင်မည်မဟုတ်ပေ။
သို့ဖြစ်၍ နောက်တစ်နေ့ မနက်စောစောတွင် ယင်းဖန်နှင့် ဝမ်ရှို့ကျူတို့က ကွန်မြူနတီသို့ အလျင်အမြန် ထွက်ခွာခဲ့ကြပြီး ထိုနေရာ၌ လင်းရန်ထံမှ ဖုန်းလာမည်ကို စောင့်ဆိုင်းနေခဲ့ကြလေသည်။
ရှစ်နာရီတိတိတွင် ကွန်မြူနတီရုံးခန်းရှိ ဖုန်းက မြည်လာခဲ့လေ၏။
ချန်ဝမ်က အရင်ဆုံး ဖုန်းကိုကိုင်လိုက်ပြီး တစ်ဖက်မှ ခေါ်ဆိုသူနှင့် အခြေအနေများကို အတည်ပြုပြီးနောက်တွင် လင်းရန်၏အသံကို ကြားလိုက်ရလေသည်။
“ရှောင်လင်း၊ ငါ အရင်ဆုံး ဖုန်းလွှဲပေးလိုက်မယ်နော်”
ချန်ဝမ်တစ်ယောက် ဘေးဘက်မှ ဝမ်ရှို့ကျူနှင့် ယင်းဖန်တို့ကို ကြည့်လိုက်သော်လည်း မည်သူ့ကို အရင်ဆုံး ဖုန်းပေးရမည်ကို ဝေခွဲမရဖြစ်နေခဲ့သည်။
ကံကောင်းစွာဖြင့် လင်းရန်ကပင် ပြောလာခဲ့လေသည်။
“ဦးလေးချန်၊ ကျွန်မရဲ့ တတိယအဒေါ်ကို အရင်ဆုံး ဖုန်းပေးလိုက်ပါဦး”
ချန်ဝမ်က ပြန်လည်တုံ့ပြန်လိုက်ပြီး ဝမ်ရှို့ကျူ၏ အနည်းငယ်အံ့အားသင့်နေသော မျက်နှာအမူအရာနှင့် ယင်းဖန်၏ အံ့သြဝမ်းသာနေသော အမူအရာတို့ကြားတွင် ယင်းဖန်ထံသို့ ဖုန်းလှမ်းပေးလိုက်လေ၏။
ယင်းဖန်က ဖုန်းကို ချက်ချင်းလှမ်းယူလိုက်ပြီး အလျင်အမြန်ပင် ပြောလိုက်လေသည်။
“ဟဲလို... ဟဲလို... ရန်ရန်လား၊ ရန်ရန်... ငါက တတိယအဒေါ်ပါ ၊ မင်း တစ်ယောက်တည်း အပြင်မှာ အဆင်ပြေရဲ့လား ၊
ထမင်းကို အချိန်မှန်စားဖို့ မမေ့နဲ့ဦးနော်၊ အဝတ်အစားလည်း ထူထူ ဝတ်ဦး၊ အခုတလော ရာသီဥတုက အေးနေတာလေ”
ယင်းဖန်၏ စကားလုံးများက အဆက်မပြတ် ထွက်ပေါ်လာခဲ့သောကြောင့် လင်းရန်အနေဖြင့် ကြားဖြတ်ပြောရန်ပင် အချိန်မရခဲ့ပါချေ။
ယခုခေတ်ကာလတွင် ဖုန်းဆက်ရသည်မှာ အတော်လေး ကုန်ကျစရိတ်များလှကြောင်းကို သိထားရပေမည်။
သို့ဖြစ်၍ သူမက ယင်းဖန်၏စကားကို အမြန်ဆုံးဖြတ်၍ မေးမြန်းလိုက်သည်။
“တတိယအဒေါ်..ကျွန်မ အဒေါ့်ကို ဖုန်းခေါ်ခိုင်းတာက ကိစ္စတစ်ခု မေးချင်လို့၊ တတိယအဒေါ် မြို့ပေါ်မှာ ရက်နည်းနည်းလောက် လာနေချင်လား “
မြို့ပေါ်ကို ရက်နည်းနည်းလောက် သွားနေရမယ် ဟုတ်လား!
ဘုရားရေ!
အဲဒါက မြို့ကြီးလေ။
သူမ အရင်က တစ်ခါမျှပင် ထည့်မစဉ်းစားရဲသောနေရာပင်ဖြစ်သည်။
“တတိယအဒေါ် “
ယင်းဖန်ကြောင်အမ်းနေချိန်မှာပင် လင်းရန်က သူမကို ထပ်မံခေါ်လိုက်လေသည်။ ဤတစ်ကြိမ်တွင်မှသာ ယင်းဖန်လည်း သတိပြန်ဝင်လာခဲ့ပြီး လင်းရန် စိတ်ပြောင်းသွားမည်ကို စိုးရိမ်နေသကဲ့သို့ပင် ခေါင်းကို အပြင်းအထန် ညိတ်ပြလိုက်လေတော့သည်။
“လာမယ်၊ လာမယ်.. သေချာပေါက် လာမှာပေါ့!”
အခွင့်အရေးရပါလျက်နှင့် မြို့ပေါ်ကို မသွားမည့်သူမှာ အရူးသာဖြစ်လိမ့်မည်။
ထို့အပြင် လင်းရန်၏စကားများကို ကြားလိုက်ရသည်မဟုတ်ပါလား။
သူမက မြို့ပေါ်သို့လာရောက်လည်ပတ်ခိုင်းခြင်းသာဖြစ်ပေသည်။
နေစရာနှင့် စားစရာရှိနေလျှင် သူမအနေဖြင့် လူတစ်ကိုယ်စာ ပါလာရန်သာ လိုအပ်သည့်အတွက် အလွန်ပင် လွယ်ကူလှသည်မဟုတ်ပါလား။
ယင်းဖန်၏အဖြေင လင်းရန်၏ ခန့်မှန်းချက်နှင့် လုံးဝကိုက်ညီနေခဲ့ပေသည်။
သူမက အသံတိုးတိုးဖြင့်တုံ့ပြန်ကာ ယင်းဖန်အား ပြောလိုက်လေသည်။
“တတိယအဒေါ်.. အခု အကြီးဆုံးအဒေါ်ကို ဖုန်းလွှဲပေးလိုက်ပါဦး၊ကျွန်မ သူမနဲ့ စကားပြောချင်လို့”
ယင်းဖန်သည်ကား မြို့ပေါ်သို့သွားရန်အတွက် သူမ မည်သည့်အရာများ ပြင်ဆင်ရမည်ကို လင်းရန်အား ထပ်မံမေးမြန်းလိုသော်လည်း တစ်ဖက်မှ ဝမ်ရှို့ကျူနှင့် စကားပြောလိုသည်ဟု ပြောလာသောကြောင့် နှမြောစွာဖြင့်ပင် နေရာဖယ်ပေးလိုက်ရသည်။
ဝမ်ရှို့ကျူက ဖုန်းကို လက်ခံရရှိသည့်အချိန်တွင် လင်းရန် မတိုင်မီကပြောခဲ့သောစကားများအတွက် မည်သို့သော စီမံထာကြောင်းကို အမှန်တကယ်ပင် မေးမြန်းလိုနေခဲ့သည်။
အကယ်၍ ယင်းဖန်သာ မြို့ပေါ်သို့ လည်ပတ်ရန် သွားမည်ဆိုပါက သူမ၏အလုပ်ကို နှောင့်နှေးသွားစေမည် မဟုတ်ပါလား။
“ဟဲလို.. ရန်ရန်၊ အကြီးဆုံးအဒေါ်ပါ...”
ဝမ်ရှို့ကျူ၏အသံ ထွက်ပေါ်လာသည်နှင့် လင်းရန် အချိန်ယူကာ သူမအား ရှင်းပြလိုက်လေသည်။
“ အကြီးဆုံးအဒေါ်.. ဖုန်းထဲမှာတော့ အရာအားလုံးကို အသေးစိတ် ရှင်းပြဖို့ အချိန်မရသေးလို့ ကျွန်မ အကျဉ်းချုပ်ပဲ ပြောပါ့မယ်၊
အခု ကျွန်မဆီမှာ နိုင်ငံပိုင်စားသောက်ဆိုင်မှာ အလုပ်လုပ်ဖို့နဲ့ ဟင်းချက်အကူအဖြစ် တာဝန်ယူဖို့ အခွင့်အရေးတစ်ခု ရှိနေတယ်၊ အဒေါ် လာချင်ရဲ့လား
တကယ်လို့ လာချင်တယ်ဆိုရင်တော့ မနက်ဖြန်မှာ တတိယအဒေါ်နဲ့အတူတူ ထွက်လာခဲ့ပေးလေ၊ တကယ်လို့ စက်ရုံထမင်းစားဆောင်မှာပဲ ဆက်ပြီး အလုပ်လုပ်ချင်တယ်ဆိုရင်လည်းကျွန်မအနေနဲ့ အဒေါ့်ရဲ့ ဆန္ဒကို လေးစားပါတယ်”
“ဘာ “
မြို့ပေါ်ရှိ နိုင်ငံပိုင်စားသောက်ဆိုင်တွင် အလုပ်လုပ်နိုင်မည်ဟူသည်မှာ သူမအနေဖြင့် တစ်ခါမျှ အိပ်မက်ပင် မမက်ရဲခဲ့သောအရာ ဖြစ်ပေသည်။
ထိုသို့ တွေးမိလိုက်သည်နှင့် ဝမ်ရှို့ကျူသည်က တခြားမည်သည့်အရာကိုမျှ မစဉ်းစားနိုင်တော့ပါချေ။
သူမ၏ပါးစပ်မှာ ဦးနှောက်ထက်ပင် ပိုမိုမြန်ဆန်နေခဲ့ကာ ချက်ချင်းပင် သဘောတူလိုက်လေတော့သည်။
“သေချာပေါက်လာမယ်၊ လာခဲ့မယ်!”
စက်ရုံထမင်းစားဆောင်ရှိ အလုပ်ကလည်း အဆင်ပြေပါသော်လည်း၊ ဝမ်ရှို့ကျူ၏ အမြင်တွင် ထိုသည်က နိုင်ငံပိုင်စားသောက်ဆိုင်ရှိ အလုပ်နှင့် နှိုင်းယှဉ်၍မရပါချေ။
ထို့အပြင် သူမ မြို့ပေါ်သို့ အလုပ်သွားလုပ်မည်ဆိုပါက နောင်တစ်ချိန်တွင် မြို့နေလူတန်းစားအဖြစ် အခြေချနိုင်မည့် အခွင့်အရေးရှိကောင်း ရှိနိုင်ပေသည်။
မြို့ပေါ်မှအိမ်ထောင်စုဝင်တစ်ယောက် ဖြစ်လာနိုင်ခြင်းဟူသည်မှာ သူတို့ကဲ့သို့သော ကျေးလက်နေလူထုအတွက် တစ်သက်တာ အိပ်မက်ပင် ဖြစ်ပေ၏။
လင်းရန်လည်း ထိုစကားကို ကြားလိုက်ရသည့်အခိုက်တွင် သဘောကျစွာဖြင့် ရယ်မောလိုက်လေသည်။
“ဒါဆိုရင် ဒေိလိုပဲ သဘောတူလိုက်ပြီနော်၊ မနက်ဖြန်ကျရင် တတိယအဒေါ်နဲ့အတူ လိုက်လာခဲ့လေ၊ ဒါနဲ့ အဘွားကိုလည်း မြို့ပေါ်မှာ ရက်နည်းနည်းလောက် လာလည်ချင်တယ်ဆိုရင် တစ်ခါတည်း ခေါ်လာပေးပါဦး”
လင်းရန်အနေဖြင့် အဘွားလင်းနှင့် မတွေ့ရသည်မှာ အတန်ကြာပြီဖြစ်၍ လွမ်းဆွတ်နေမိရသည်။
ထို့အပြင် အဘွားလင်းမှာ ယင်းဖန်ကြောင့် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်နေရသည်ဟု ကြားသိထားရပေ၏။
လင်းရန်က ဤအခွင့်အရေးကို အသုံးချကာ သူမအား မြို့ပေါ်တွင် စိတ်အပန်းဖြေစေရန်နှင့် အငယ်ဆုံးအဒေါ်နှင့် တွေ့ဆုံပေးရန် တွေးတောခဲ့သည်။
“ကောင်းပြီ အဒေါ် သိပြီ.. အခုပဲ ပြန်သွားပြီးတော့ မင်းရဲ့အဘွားကို မေးကြည့်လိုက်ဦးမယ်”
ထိုသို့ ပြောဆိုပြီးနောက် လင်းရန်က စားသောက်ဆိုင်သို့ အမြန်သွားရန် လိုအပ်နေသောကြောင့် ဝမ်ရှို့ကျူအား နှုတ်ဆက်ကာ ဖုန်းချလိုက်လေတော့သည်။
ယင်းဖန်မှာ လင်းရန်နှင့် စကားအနည်းငယ် ထပ်မံပြောဆိုရန် စောင့်ဆိုင်းနေခဲ့သော်လည်း မမျှော်လင့်ဘဲ ဝမ်ရှို့ကျူက ဖုန်းချလိုက်ကြောင်းကိုသာ မြင်တွေ့လိုက်ရသည့်အခိုက်တွင် မနေနိုင်ဘဲ ဆူပူလေတော့သည်။
“ဘာလို့ ချက်ချင်း ဖုန်းချလိုက်ရတာလဲ၊ ကျွန်မက ရန်ရန်ကို ပြောစရာတွေ အများကြီး ကျန်သေးတယ်လေ!”
ဝမ်ရှို့ကျူက သူမအား မည်သည့်ခံစားချက်မျှမပါသော မျက်နှာဖြင့် တစ်ချက်ကြည့်လိုက်သည်။
“ရန်ရန်ဘက်က ဖုန်းဆက်ရတာ ဘယ်လောက်တောင် ကုန်ကျစရိတ်များလဲဆိုတာ မင်းမသိဘူးလား.. မြို့ရောက်မှ ပြောလို့မရတဲ့ စကားမျိုး ရှိလို့လား “
ယင်းဖန်က ထိုစကားကို ကြားရသည့်အခိုက်တွင် နှုတ်ခမ်းကို စူထော်လိုက်ပါသော်လည်း မည်သည်ကိုမျှထပ်မံ၍ မပြောတော့ပါချေ။
ဝမ်ရှို့ကျူ ပြောသည်က မှန်ကန်ပေသည်။ မည်သို့ပင်ဖြစ်စေ မနက်ဖြန်ကျလျှင် သူမ မြို့သို့ သွားရတော့မည်ပင်။
ထိုအချိန်တွင် လင်းရန်နှင့် စကားပြောရန် အခွင့်အရေးများစွာရှိလာပေလိမ့်မည်။
***