မြို့သို့ သွားရတော့မည်ဟု တွေးမိလိုက်သည်နှင့် ယင်ဖန်၏ စိတ်အခြေအနေက အပြင်ဘက်မှ မိုးကောင်းကင်ကြီးကဲ့သို့ပင် ရုတ်တရက် ကြည်လင်တောက်ပသွားခဲ့ရလေသည်။
သူမက အသံချဲ့စက်တစ်လုံးကို အသုံးပြုကာ တပ်မဟာတစ်ခုလုံး သိရှိအောင် “ငါ ယင်းဖန် မြို့ပေါ်ကိုတက်တော့မယ်” ဟု အော်ဟစ်ကြေညာချင်စိတ်ပင် ဖြစ်နေမိရသည်။
သို့သော် သူမ၏အနောက်တွင် ရှိနေသော ဝမ်ရှို့ကျူသည်က မျက်မှောင်ကို အနည်းငယ် ကြုတ်လျက် ယင်းဖန်အား စိုက်ကြည့်နေခဲ့လေသည်။
လင်းရန်က ယင်းဖန်ကို မြို့သို့ လိုက်လာခိုင်းခြင်းမှာ ဤမျှလောက် ရိုးရှင်းမည်မဟုတ်ကြောင်း သူမ ခံစားနေရပေသည်။
လင်းရန်က သူမကို အမှန်တကယ်ပင် လည်ပတ်ရန်အတွက်သက်သက်ဖြင့် လာခိုင်းခြင်း ဖြစ်နိုင်ပါမည်လား။
မဖြစ်နိုင်ပါချေ။
မည်သို့ပင်ဖြစ်စေ သူမ လေ့လာမိထားသည့်အတိုင်းဆိုလျှင် လင်းရန်၏ စရိုက်အရဆိုလျှင် သူမက အကြောင်းပြချက်မရှိဘဲ မည်သူ့အပေါ်မဆို ကောင်းပြတတ်သူမျိုး မဟုတ်ပါချေ။
အထူးသဖြင့် ယင်းဖန်နှင့် ပတ်သက်လျှင် လင်းရန်က အလိုလိုက်တတ်သော စိတ်သဘောထားမျိုးမရှိပေ။ သို့ဖြစ်၍ သူမကို မြို့ပေါ်သို့ လာရောက်လည်ပတ်ရန် တကူးတက ဖိတ်ခေါ်လိမ့်မည် မဟုတ်ပါချေ။
ထို့ကြောင့် မနက်ဖြန် မြို့သို့သွားသည့်ခရီးစဉ်မှာ ယင်ဖန် စိတ်ကူးယဉ်နေသကဲ့သို့ အေးအေးချမ်းချမ်းရှိနေလိမ့်မည် မဟုတ်လောက်ပေ။
သူတို့နှစ်ဦး အိမ်သို့ ပြန်ရောက်ပြီးနောက်တိင် ဝမ်ရှို့ကျူက လင်းရန် ဖုန်းထဲမှပြောခဲ့သော အကြောင်းအရာများကို မိသားစုဝင်များအား ပြန်လည်ပြောပြလေသည်။
သူမအနေဖြင့် မြို့ပေါ်ရှိ နိုင်ငံပိုင်စားသောက်ဆိုင်တွင် အလုပ်ရနိုင်မည့် ကိစ္စနှင့် ပတ်သက်လျှင်တော့ အခြေအနေကို သေသေချာချာ မသိရှိသေးသည့်အပြင် အမှန်တကယ် ဖြစ်လာနိုင်၊ မနိုင်ကိုလည်း မသေချာသေးသောကြောင့် လောလောဆယ် ထုတ်မပြောရန် ဆုံးဖြတ်လိုက်လေသည်။
သူမက လင်းရန်မှ သူတို့အား မြို့သို့ လာလည်ရန် ဖိတ်ခေါ်ကြောင်းနှင့်၊ အဘွားအားလည်း လိုက်ခဲ့စေလိုကြောင်းကိုသာ ပြောဆိုလိုက်လေသည်။
အဘွားလင်းကတော့ ထိုစကားကို ကြားလိုက်ရပြီးနောက် သေချာပေါက် ပျော်ရွှင်စွာဖြင့် လိုက်မည်ဖြစ်ကြောင်း ပြောလာခဲ့သည်။
မြို့သို့ သွားခြင်းအားဖြင့် သူမ၏ အဖိုးတန်မြေးမလေးကိုသာမက သမီးဖြစ်သူ လင်းကျန်းဖူကိုပါ မြင်တွေ့နိုင်မည်ဖြစ်၍ သူမအနေဖြင့် အဘယ်ကြောင့် မသွားဘဲ နေပါမည်နည်း။
သို့ဖြစ်၍ ထိုနေ့ညတွင်ပင် သူတို့သုံးဦးမှာ ပစ္စည်းများကို သိမ်းဆည်းကြပြီး မနက်ဖြန် မိုးသောက်ချိန်၌ ထွက်ခွာရန် စောင့်ဆိုင်းနေခဲ့ကြသည်။
ထိုအချိန်တွင် လင်းကျန်းအန်းသည်လည်း မြို့ပေါ်မှဆေးရုံနှင့် ကိစ္စတချို့ ဆွေးနွေးရန်အတွက် မနက်ဖြန်တွင် မြို့သို့ သွားရန် ရှိနေသောကြောင့် သူတို့နှင့်အတူ ထွက်ခွာရန် စီစဉ်လိုက်လေသည်။
…
နောက်တစ်နေ့ မနက်စောစောတွင် မိသားစုတစ်စုလုံး ခရီးထွက်လာခဲ့ကြသည်။
သူတို့ ထွက်ခွာလာကြသည့်အချိန်က တပ်မဟာအတွင်းရှိ လူများ၏ အလုပ်သွားချိန်နှင့် တိုက်ဆိုင်နေခဲ့လေ၏။ လင်းမိသားစုဝင် တစ်ဦးချင်းစီတိုင်းက အထုပ်အပိုးများကိုယ်စီ ကိုင်ဆောင်ကာ တပ်မဟာမှ ထွက်ခွာလာကြကြောင်းကို မြင်တွေ့ရသည့်အခိုက်တွင် လူအများက ရုတ်တရက် စပ်စုချင်လာခဲ့ကြရသည်။
“ဟေး.. လင်းမိသားစုက အဘွားလင်း၊ ခင်ဗျားတို့ ဘယ်သွားကြမလို့လဲ “
ဘေးဘကာမှ ယင်းဖန်က သူမတို့ မြို့ပေါ်သို့ လည်ပတ်ရန် သွားကြခြင်းဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် အသံကျယ်ကျယ် ပြောဆိုချင်သောကြောင့် ပါးစပ်လှုပ်ချင်ခဲ့သော်လည်း အဘွားလင်း၏ ထက်ရှသော အကြည့်များက သူမထံသို့ တိုက်ရိုက် ရောက်ရှိလာခဲ့လေသည်။
နောက်ဆုံးတွင် ယင်းဖန်တစ်ယောက် အလွန်နှမြောစွာဖြင့် ပါးစပ်ပိတ်ထားလိုက်ရုံသာ တတ်နိုင်လေ၏။
အကယ်၍ အဘွားလင်းကသာ မနေ့ညကတည်းက သူမအား မနက်ဖြန်တွင် ဟိတ်ဟန်မထုတ်ရန်နှင့် မြို့တက်မည့်ကိစ္စကို အလွယ်တကူ ထုတ်မပြောရန် အမိန့်မပေးထားခဲ့ပါက သူမအနေဖြင့် လူတိုင်းကို ဤသတင်းအား ဂုဏ်ယူစွာဖြင့် ထုတ်ဖော်ပြောကြားခဲ့လိမ့်မည်။
မြို့ပေါ်သို့ သွားရောက်လည်ပတ်နိုင်ခြင်းက မည်မျှအထိ အားကျစရာကောင်းလှကြောင်းကို မည်သူမျှ မသိနိုင်ပါချေ။
“ကိစ္စလေးတစ်ခု ရှိလို့သွားတာလေ၊ ဟားဟား... မင်းတို့လည်း အလုပ်သွားကြရဦးမှာ မဟုတ်လား.. အချိန်ကိုမနှောင့်နှေးစေတော့ပါဘူး၊ ငါတို့ အရင်သွားလိုက်ဦးမယ်”
ယင်းဖန်တစ်ယောက် နှမြောမှုများ ပြည့်နှက်နေချိမ်တွက် အဘွားလင်းက တစ်ဘက်မှနေ၍ ပြုံးရွှင်စွာဖြင့် ရှင်းပြလိုက်လေ၏။
ပြီးနောက် မိသားစုဝင်များအား ခေါ်ဆောင်ကာ အမြန်ဆုံး ထွက်ခွာသွားခဲ့တော့သည်။
ကိစ္စတစ်ခုခု သွားလုပ်တာလား။
ဘာကိစ္စရှိနေလို့ သူ့ရဲ့ တတိယချွေးမကိုပါ ခေါ်သွားရတာလဲ။
လူတိုင်းက ရှုပ်ထွေးနေကြသော်လည်း အခြေအနေကို သေသေချာချာ မသိနိုင်ကြသောကြောင့် လင်းမိသားစုဝင်များ ထွက်ခွာသွားသည့်ဘက်ကို ငေးကြည့်နေရုံ တတ်နိုင်ကြလေသည်။
တပ်မဟာနှင့် အတန်ငယ် ဝေးကွာသွားပြီး လမ်းပေါ်တွင် တခြားလူများ မရှိတော့သည့် အချိန်ကျမှသာ ယင်းဖန်သည် သတိကြီးစွာဖြင့် စကားစလိုက်လေသည်။
“အမေကျွန်မ စကားပြောလို့ ရပြီလား “
အဘွားလင်းက သူမကို စိုက်ကြည့်လိုက်ပြီးပြန်လည်မေးမြန်းလိုက်လေသည်။
“ငါက မင်းကို ဘယ်တုန်းက စကားမပြောခိုင်းလို့လဲ “
သူမ၏စကားကို ကြားလျှင် ယင်းဖန်က လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
“ခုနကပဲ အမေကကျွန်မကို ပါးစပ်ပိတ်ထားဖို့ ပြောခဲ့တာလေ”
“ဘာလို့ ပါးစပ်ပိတ်ခိုင်းရတာလဲဆိုတာ မင်းမသိဘူးလား “
အဘွားလင်းက သူမအား မျက်စောင်းတစ်ချက် ထပ်မံထိုးလိုက်ပြန်သည်။
“မင်းရဲ့ အပိတ်အဆို့မရှိတဲ့ ပါးစပ်နဲ့ဆိုရင် ရန်ရန်က ငါတို့ကို မြို့ပေါ်ကိုလာလည်ဖို့ ခေါ်တယ်ဆိုတာကို လူတိုင်း သိသွားတော့မှာမဟုတ်ဘူးလား”
တပ်မဟာထဲမှ လူတိုင်းက လင်းရန် မြို့ပေါ်တွင် အလုပ်သွားလုပ်နေကြောင်းကို သိရှိထားကြသော်လည်း သူမ၏ တိကျသော အခြေအနေကို မသိကြပါချေ။ ထို့ကြောင့် လူတိုင်းက စောင့်ကြည့်ကာ မေးမြန်းနေကြခြင်း ဖြစ်ပေသည်။
ထိုသို့ စောင့်ကြည့်မေးမြန်းနေရခြင်း၏ အကြောင်းရင်းမှာလည်း လင်းရန်ထံမှ အကူအညီ တောင်းခံလိုကြသောကြောင့်ပင် မဟုတ်ပါလား။
တပ်မဟာတစ်ခုတည်းသားချင်းများ ဖြစ်ကြသော်လည်း အကယ်၍ တစ်စုံတစ်ဦးကို ကူညီရန် လမ်းစဖွင့်ပေးလိုက်ပါက ထိုသူ၏နောက်မှ တခြားသူများကပါ အကူအညီတောင်းရန် ရောက်ရှိလာကြလိမ့်မည်။ ထိုအချိန်တွင် သူတို့အနေဖြင့် ငြင်းပယ်နိုင်ပါဦးမည်လား။
သို့ဖြစ်၍ သူမ၏မြေးမလေး လင်းရန်အနေဖြင့် အနှောင့်အယှက်ကင်းကင်းနှင့် အေးအေးဆေးဆေး အလုပ်လုပ်နိုင်စေရန်အတွက် အဘွားလင်းက ဤကဲ့သို့သော ကိစ္စရပ်များနှင့် သူမကု စိတ်အနှောင့်အယှက်မဖြစ်စေရန် သေချာပေါက် ဂရုစိုက်ရပေမည်။
အကယ်၍ ပါးစပ်မလုံဘဲ ကြွားဝါရသည်ကိုသာ ဝါသနာပါသော ယင်းဖန်ကသာ မြို့သို့သို့မည့်အကြောင်းကို ထုတ်ပြောလိုက်ပါက သူတို့မိသားစုက မြို့ပေါ်တွင် အခြေကျနေပြီး အခြေအနေကလည်းကောင်းမွန်နေကြောင်းကို လူတိုင်း သိသွားကြပေလိမ့်မည်။
ထိုသို့ဆိုလျှင် လူတိုင်းက သူတို့ထံမှ အကူအညီတောင်းရဲလာကြပေလိမ့်မည်။
ထိုသို့ဖြစ်၍မရပါချေ။
သူမအနေဖြင့် ရန်ရန်ကို ဒုက္ခမပေးနိုင်ပေ
ယင်းဖန်တစ်ယောက် အဘွားလင်းထံမှ နောက်ထပ်သင်ခန်းစာတစ်ခုကို နားထောင်လိုက်ရပြန်သည်။
သူမအနေဖြင့် စိတ်ထဲတွင် မကျေနပ်ပါသော်လည်း ပြန်မပြောရဲသောကြောင့် ခေါင်းကိုသာညိတ်နေခဲ့ရလေ၏။
သူမက ငြိမ်သက်စွာ ရှိနေကြောင်းကို မြင်တွေ့ရသည့်အချိန်မှ အဘွားလင်းက မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်လေသည်။
“ခုနက မင်း ဘာပြောချင်တာလဲ “
ယင်းဖန်သည် ချက်ချင်းပင် ခေါင်းမော့လိုက်ကာ ပြောဆိုလိုက်သည် ။
“အဲဒါကလေ.. အမေ တကယ်တော့ကျွန်မ ပြောချင်တာကလေ.. အခုတလော တပ်မဟာမှာလည်း သိပ်ပြီး အလုပ်မများဘူးဆိုတော့..
ဒီအခွင့်အရေးမှာ မြို့ပေါ်မှာ နောက်ထပ် နှစ်ရက်လောက် ထပ်နေခဲ့ကြရအောင်လေ.. တကယ်လို့ ရန်ရန် အလုပ်များနေတယ်ဆိုရင် ကျွန်မတို့တွေ သူမရဲ့ အိမ်ကို သန့်ရှင်းရေး ဝိုင်းလုပ်ပေးလို့ ရတာပေါ့”
သူမ၏ အတွေးများက မျက်နှာပေါ်တွင် ထင်ရှားစွာပေါ်နေခဲ့သောကြောင့် အရူးမဟုတ်သည့်မည်သူမဆို သူမ၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာမြင်နိုင်ပေလိမ့်မည်။
အဘွားလင်းအနေဖြင့် ဤတတိယချွေးမ၏ ဦးနှောက်က မည်သို့သော အမျိုးအစားဖြစ်ကြောင်းကို လုံးဝကို စဉ်းစား၍ မရနိုင်တော့ပါချေ။
သူမအား တုံးအသည်ဟု ဆိုရမည်ဆိုလျှင်လည်း မြို့ပေါ်၌ ရက်အနည်းငယ်လောက် ပိုနေပြီး ဇိမ်ခံလိုသည့်အချက်ကို ကောင်းကောင်းကြီး သိရှိနေပြန်သည်။
သို့သော် သူမအား ထက်မြက်သည်ဟု ဆိုရန်လည်း ဥာဏ်ရည်ထက်မြက်သူတစ်ဦးက သူတို့၏ သေးသိမ်ဆိုးရွားသော အတွေးများကို ဤမျှအထိ ထင်ထင်ရှားရှားပြမည်မဟုတ်ပေ။
သို့ဖြစ်၍ သူမ၏အခြေအနေကို အဘွားလင်းအနေဖြင့် အမှန်တကယ်ပင် အဖြေမရှာနိုင်တော့ပါချေ။
သူမက ယခင်စကားအတိုင်းပင် ပြတ်ပြတ်သားသား ပြောဆိုလိုက်လေ၏။
“မင်းကတော့ တကယ်ကို လှလှပပတွေးတောနေတာပဲ၊ ငါက မင်းကို နှစ်ရက်ပဲ လည်ခွင့်ပေးတာကို မင်းက မြို့ပေါ်မှာ ရက်နည်းနည်းပိုနေဖို့အထိ ပြောရဲသေးတယ်ပေါ့!”
အဘွားလင်း၏ သဘောထားကို မြင်လိုက်ရရပြီးနောက်တွင် ယင်းဖန်တစ်ယောက်အခွင့်အရေးကို အသုံးချကာ မြို့ပေါ်၌ ရက်ရှည်နေထိုင်ရန်အတွက် မဖြစ်နိုင်တော့ကြောင်းကို သိရှိသွားခဲ့ရလေသည်။
ဆိုရလျှင် သူမက မြို့ပေါ်တွင် ရက်အနည်းငယ် ပိုနေနိုင်ပါက မြို့ထဲတွင် သင့်တော်သော အလုပ်အကိုင်များ ရှိ၊ မရှိ လိုက်လံရှာဖွေကြည့်ရန်စဉ်းစားထားခြင်း ဖြစ်ပေသည်။
သူမအနေဖြင့် ကံကောင်းပါက အလုပ်တစ်ခုခုရရှိနိုင်သည် မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေ နှစ်ရက်မျှသာ အချိန်ရမည်ဖြစ်သော်လည်း ယင်းဖန်က မြို့ပေါ်တွင် အလုပ်ရှာဖွေရန် အစီအစဉ်ကို လုံးဝ လက်လျှော့ရန် ရည်ရွယ်ချက် မရှိပါချေ။
အဆိုးဆုံးဖြစ်လာရင် အပြင်ဘက်ကိုထွက်မလည်တော့ဘဲ အလုပ်ရှာဖို့အတွက်ပဲ အချိန်ပိုပေးပြီး လိုက်ကြည့်ရုံပေါ့။
အဘွားလင်းနှင့် တခြားလူများသည်ကား ယင်းဖန်မှ စကားပြောခြင်းကို ရပ်တန့်လိုက်ကြောင်းကို တွေ့လိုက်လေ၏။ သို့သော် သူမ၏ မျက်လုံးများက လှုပ်ရှားနေဆဲဖြစ်သောကြောင့် သူမ၏ စိတ်ထဲ၌ တစ်စုံတစ်ခု ကြံစည်နေကြောင်းကို သိရှိနေခဲ့ကြသည်။
ဒီတတိယချွေးမကတော့!
အဘွားလင်းတစ်ယောက် မြို့ပေါ်သို့ ရောက်သည့်အချိန်တွင် သူမအား သေသေချာချာ စောင့်ကြည့်ရမည်ဟု တိတ်တဆိတ် တွေးတောလိုက်လေ၏။
….
***