လင်းမိသားစုဝင်များ မြို့သို့ အပြေးအလွှား လာနေချိန်တွင် လင်းရန်က အလုပ်သို့မသွားမီ ကုန်တိုက်ကြီးတစ်ခုသို့ အရင်သွားခဲ့ပြီး အဘွားလင်းတို့ရောက်လာမည့်အကြောင်းကို အငယ်ဆုံးအဒေါ် လင်းကျန်းဖူထံသို့ ကြိုတင်၍ အသိပေးခဲ့လေသည်။
လင်းကျန်းဖူသည်ကား ထိုသတင်းကို ကြားလိုက်ရသည့်အခိုက်တွင် အလွန်ပင် အံ့အားသင့်ပျော်ရွှင်သွားခဲ့ရလေ၏။
“ကောင်းပြီ၊ ငါလည်း ဒီနေ့ နေ့လယ်ပိုင်း အလုပ်အားနေတာနဲ့ အတော်ပဲ၊ သူတို့ရောက်လောက်မဲ့ အချိန်ကျရင် သူတို့ကို သွားကြိုလိုက်မယ်”
လင်းရန်အနေဖြင့် နေ့လယ်ပိုင်းတွင် ဆိုင်ထဲတွင်သာ ရှိနေရမည်ဖြစ်ပြီး ညနေ အလုပ်ဆင်းမှသာ အိမ်သို့ ပြန်နိုင်လိမ့်မည်။
သို့ဖြစ်၍ အဒေါ်ဖြစ်သူ လင်းကျန်းဖူက သူတို့ကို သွားကြိုပေးမည်ဆိုပါက ပို၍အဆင်ပြေလိမ့်မည်။
သို့ဖြစ်၍ လင်းရန် စကားပြောဆိုပြီးနောက် အိမ်တံခါးသော့ကို လင်းကျန်းဖူအား ပေးအပ်ခဲ့ပြီး စားသောက်ဆိုင်သို့ အလျင်အမြန် ထွက်ခွာခဲ့လေတော့သည်။
ဝမ်လိန်က လက်ထောက်စားဖိုမှူး အဖြစ် မရှိတော့သည့်အတွက်ကြောင့် သူမ၏ အလုပ်တာဝန်များမှာ ယခင် နှစ်ရက်ကထက် များစွာ ပိုမိုများပြားလာခဲ့ပေသည်။
သို့သော် ယနေ့နေ့လယ်တွင် အကြီးဆုံးအဒေါ်တို့ ရောက်ရှိလာတော့မည်ဟု တွေးမိလိုက်သည့်အခိုက်တွင်တော့ သူမအနေဖြင့် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိရလေသည်။
သို့သော် အကြီးဆုံးအဒေါ်နှင့် ပတ်သက်သော ကိစ္စများက ပြေလည်သွားပြီ ဖြစ်သော်လည်း ယင်းဖန်နှင့် ပတ်သက်လျှင်တော့ သူမ သတိထားရန် လိုအပ်ပေသည်။
ယခုတစ်ကြိမ်တွင် ယင်းဖန်အား မြို့ပေါ်သို့ အတူလိုက်ခဲ့ရန် ခေါ်ယူသည်က အကြောင်းပြချက်တစ်ခုတည်းသာ ရှိပေသည်။
အမြဲတစေ အခြေအနေနှင့်ကိစ္စအားလုံးအပေါ် မကျေမနပ် ဖြစ်တတ်ပြီး တခြားသူများ၏ ဘဝ တိုးတက်လာသည့်အခိုက်တွင် မနာလိုဖြစ်တတ်သော ယင်းဖန်၏ စရိုက်ဆိုးကို လုံးဝပြောင်းလဲပစ်ရန်အတွက်သာ ဖြစ်ပေ၏။
လွန်ခဲ့သော တစ်ကြိမ်က သူမနှင့် အကြီးဆုံးအဒေါ် ဝမ်ရှို့ကျူတို့က ယင်းဖန်အား အလုပ်အပေါ် စွဲလန်းသွားစေရန် ကြိုးပမ်းခဲ့ကြဖူးပြီး ထိုအချိန်က သူမသည်လည်း အလွန် ပျော်ရွှင်နေခဲ့ဖူးသည်။
မနေ့က လင်းရန်အနေဖြင့် သူမအတွက် နောက်ထပ် အလုပ်တစ်ခု သို့မဟုတ် အခွင့်အရေးတစ်ခုကို ရှာဖွေပြီး ယင်းဖန်ကို လုပ်ကိုင်ခိုင်းရန် တွေးထားခဲ့သည်။
သို့မှသာ သူမအနေဖြင့် နေ့စဉ်နေ့တိုင်း မကျေမနပ်ပြောဆိုနေသည်ကို ရပ်တန့်နိုင်မည် မဟုတ်ပါလား။
သို့သော်လည်း ပြန်လည်စဉ်းစားကြည့်သည့်အချိန်တွင် သူမ ထိုအတွေးကို ပယ်ဖျက်လိုက်သည်။
အကယ်၍ ယင်းဖန် ပြဿနာရှာသည့် အကြိမ်တိုင်း၌ သူမ၏ ဆန္ဒကို ဖြည့်ဆည်းပေးနေမည်ဆိုပါက နောက်ပိုင်းတွင် ယင်းဖန်က ထိုအလိုလိုက်မှုအပေါ် အရသာတွေ့သွားလိမ့်မည်။
သူမက မည်မျှပင် တုံးအသည်ဖြစ်စေ ဤနည်းလမ်းက ထိရောက်ကြောင်းကို သိရှိသွားပေလိမ့်မည်။
ထိုသို့ဆိုပါက နောက်ပိုင်းတွင် သူမ၏ အလိုလောဘက မည်မျှအထိ ကြီးမားလာမည်ကို ခန့်မှန်း၍ပင် မရနိုင်လောက်တော့ချေ။
ထို့ကြောင့်ပင် လင်းရန်က သူမ၏ ဆန္ဒကို ထပ်မံဖြည့်ဆည်းပေးရန် အစီအစဉ် မရှိတော့ဘဲ သူမအား မြို့ပေါ်သို့ ခေါ်ယူကာ သူမ၏ မာန်မာနကို နှိမ်နင်းရန်အတွက် နည်းလမ်းရှာရန်သာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။
မာန်မာနကို မည်သို့ နှိမ်နင်းမည်နည်းဟူသည့်မေးခွန်းအတွက်လည်း တိုက်ဆိုင်မှုတစ်ခုရှိနေပေသည်။
သူတို့၏ ရှေ့တွင် စုန့်ဝေ့နှင့် လီရှို့လီတို့ကဲ့သို့သော နမူနာကောင်းများ ရှိနေသည် မဟုတ်ပါလား။
…
မွန်းလွဲ တစ်နာရီခန့်တွင် လင်းကျန်းဖူက လုပ်ဖော်ကိုင်ဖက်များနှင့် အလှည့် လွှဲပြောင်းပြီးနောက်၊ အိပ်ဆောင်သို့ ပြန်ကာ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပြီး ဘတ်စ်ကားဂိတ်သို့ အမြန်ဆုံး သွား၍စောင့်ဆိုင်းနေခဲ့လေသည်။
သူမက မိခင်ဖြစ်သူ၏ အလေ့အကျင့်ကို ကောင်းစွာ သိရှိထားပေသည်။
ဤမျှဝေးလံသော ခရီးကို သွားရမည်ဆိုပါက သူမက တတ်နိုင်သမျှ စောစီးစွာ ထွက်ခွာတတ်သူဖြစ်၍ အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့ပါက သူတို့က မွန်းလွဲ လေးနာရီခန့်တွင် ဘတ်စ်ကားပေါ်မှ ဆင်းလာကြပေလိမ့်မည်။
လင်းကျန်းဖူက အိပ်ဆောင်မှ နှစ်နာရီတွင် ထွက်ခွာခဲ့သောကြောင့် ဂိတ်သို့ ရောက်ရှိချိန်မှာ သုံးနာရီပင် မပြည့်သေးပါချေ။
သူမအနေဖြင့် ဤနေရာတွင် တစ်နာရီကျော်မျှ စောင့်ဆိုင်းရပေဦးမည်။
သို့သော် လင်းကျန်းဖူက စောင့်ဆိုင်းနေရသော အချိန်များကို ပျင်းရိစရာကောင်းသည်ဟု မခံစားရပါချေ။
မည်သို့ပင်ဖြစ်စေ သူမ၏ နှလုံးသားထဲ၌ မျှော်လင့်ချက်များ ပြည့်နှက်နေသောကြောင့် မိနစ်တိုင်း၊ စက္ကန့်တိုင်းက အဓိပ္ပာယ်ရှိနေခဲ့လေသည်။
သို့သော် သူမ၏ မိသားစုဝင်များကို မတွေ့ဆုံမီ ခင်ပွန်းဟောင်းဖြစ်သူ လော့ပင်းနှင့် တုန်လိလိတို့အား အရင်ဆုံး ဆုံတွေ့လိုက်ရလိမ့်မည်ကိုတော့ သူမ မမျှော်လင့်ထားခဲ့ပါချေ။
သူတို့ကို နောက်ဆုံးတွေ့ခဲ့သည်မှာ နှစ်လ၊ သုံးလခန့်ပင် ရှိနေခဲ့ချေပြီ။ ထိုအချိန်က သူမက ကုန်တိုက်တွင် အလုပ်စဝင်ခါစဖြစ်ပြီး၊ လော့ပင်းမှ တုန်လိလိအား ပစ္စည်းဝယ်ရန် ထိုကုန်တိုက်သို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပေ၏။
ထိုအချိန်က လင်းရန်လည်း ရှိနေသည့်အပြင် လင်းရန်၏ ယောက္ခမဖြစ်သူ မစ်စ်ချင်းယွင်ကျစ်ကပါ သူမအား ဝိုင်းဝန်းကူညီပေးခဲ့သောကြောင့် လင်းကျန်းဖူတစ်ယောက် စိတ်သက်သာရာ ရခဲ့သည်။
တစ်ဖက်မှ တုန်လိလိနှင့် လော့ပင်းတို့မှာတော့ဒေါသတကြီးဖြင့် ထွက်ပြေးသွားခဲ့ကြရလေသည်။
နောက်ပိုင်းတွင်တော့ ထိုနှစ်ဦးက ထိုဖြစ်ရပ်ကြောင့် ဒေါသထွက်နေသည်လား သို့မဟုတ် သူတို့ကြားတွင် ပြသနာများဖြစ်သွားသည်လားဟူသည်ကိုတော့ လင်းကျန်းဖူ မသိတော့ပါချေ။
သို့သော် ယခုအချိန်တွင် ထိုနှစ်ဦး အတူတကွလျှောက်လာခြင်းကို ကြည့်ခြင်းအားဖြင့် ထိုနေ့တွင် ဖြစ်ခဲ့သည်က သူတို့အပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိခဲ့ပုံရသည်။
သို့မဟုတ် သက်ရောက်မှုရှိခဲ့လျှင်ပင် သူတို့က အလျင်အမြန် ပြန်လည် ပြေလည်သွားခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။
ဤကြောင်းကို ကြည့်ခြင်းအားဖြင့် ဤလူနှစ်ဦးမှာ “အိုးအပဲ့နဲ့ စလောင်းအကွဲ”ကဲ့သို့ပင် လိုက်ဖက်ပုံရသည်။
သူတို့က ဤအတိုင်း တစ်သက်လုံး အတူတကွ ပေါင်းဖက်သွားကြရပေလိမ့်မည်။
လင်းကျန်းဖူက သူတို့အား နှစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် အကြည့်ကို ပြန်လွှဲကာ အဘွားလင်းတို့၏ ကားရောက်လာမည်ကိုသာ ဆက်လက် စောင့်ဆိုင်းရန် တွေးတောလိုက်လေသည်။
သို့သော် သူမ အကြည့်ကို ပြန်လွှဲတော့မည့်အချိန်တွင် သူမ၏ မျက်လုံးထောင့်မှတဆင့် တုန်လိလိ၏ အလွန်ပင် ဖောင်းကားနေသော ဝမ်းဗိုက်အပေါ်သို့ မထိန်းချုပ်နိုင်ဘဲ ခေတ္တမျှ စိုက်ကြည့်မိသွားခဲ့ရသည်။
တုန်လိလိ ကိုယ်ဝန်ရှိနေခြင်းက လင်းကျန်းဖူအတွက် အံ့ဩစရာ မဟုတ်ပါချေ။ ဆိုရလျှင် လော့မိသားစုမှ လူအိုဇနီးမောင်နှံနှစ်ဦးမှာ မြေးယောကျ်ားလေး ရရှိရန်အတွက် ရူးမတတ် တောင့်တနေခဲ့ကြသည်မဟုတ်ပါလား။
သူမနှင့် လော့ပင်းတို့ လက်ထပ်ခဲ့သည့် လွန်ခဲ့သော ဆယ်နှစ်ပတ်လုံးတွင်လည်း သူတို့က နည်းမျိုးစုံဖြင့် သူမကို အတင်းအကျပ် ဆေးတိုက်ကျွေးခဲ့ကြသကဲ့သို့၊ မြေးရရှိရန်အတွက်လည်း စကားဖြင့်၊ အပြုအမူဖြင့် နည်းမျိုးစုံကိုသုံးကာ သွေးထိုးနှောင့်ယှက်ခဲ့ကြလေသည်။
ထိုနှစ်များအတွင်း သူမက ထိုလူနှစ်ဦးကြောင့် စိတ်ကုန်နွမ်းနယ်ခဲ့ရသည်။ သူမနှင့် လော့ပင်းတို့ နှစ်ယောက် အတူခုခံခဲ့ကြသော်လည်း နောက်ဆုံးတွင် ထိုဇနီးမောင်နှံအိုကြီးကို မယှဉ်နိုင်ခဲ့ကြပါချေ။
သို့ဖြစ်၍ လော့ပင်းနှင့် တုန်လိလိတို့ လက်ထပ်ပြီးနောက်တွင် ထိုလူအိုဇနီးမောင်နှံနှင့် လော့ပင်းကိုယ်တိုင်ပင်လျှင် ကလေးရရှိရန်အတွက် အချိန်ကို အမိအရ အသုံးချမည်က သေချာပေသည်။
သို့သော်လည်း...
သူတို့လက်ထပ်ခဲ့သည့် အချိန် သို့မဟုတ် စတင်တွေ့ဆုံခဲ့သည့် ရက်များကို ပြန်လည်ရေတွက်ကြည့်လျှင် သုံးလေးလမျှသာ ရှိသေးပါသော်လည်း တုန်လိလိ၏ ဗိုက်ကတော့ ဤလအရေအတွက်ထက် ပိုနေလောက်သည်ဟု သူမ ခံစားနေမိရသည်။
လင်းကျန်းဖူအနေဖြင့် သူမကိုယ်တိုင် ကလေး မမွေးဖူးသော်လည်း သူမက မိခင်တစ်ဦးဖြစ်ချင်ပြီး ကိုယ်ပိုင်ကလေးတစ်ယောက် ရရှိရန်အတွက် အမြဲတစေ တိတ်တဆိတ် တောင့်တခဲ့ရသူဖြစ်ပေ၏။
သို့ဖြစ်၍ ဤကိစ္စနှင့် ပတ်သက်၍ အတော်လေးဗဟုသုတ ရှိနေခဲ့သည်။
ယေဘုယျအားဖြင့် ပြောရလျှင် ကိုယ်ဝန် သုံးလကျော်ရုံမျှဖြင့် ဗိုက်က လုံးဝ သိသာလိမ့်မည် မဟုတ်ပါချေ။
ဗိုက်မှာ မိုးပျံပူဖောင်းတစ်ခုကဲ့သို့ အမှန်တကယ် ဖောင်းကားလာခြင်းက ပုံမှန်အားဖြင့် ငါးလဝန်းကျင်သို့ရောက်မှသာ စတင်လေ့ရှိသည်။
သို့ဖြစ်၍ လော့ပင်းနှင့် တုန်လိလိတို့၏ ဖောက်ပြန်မှုက လင်းကျန်းဖူ သိထားသည်ထက် ပို၍ စောနိုင်လောက်သည်။ သို့ဖြစ်၍သာ ယခုအချိန်တွင် သူမ၏ ဗိုက်မှာ ဤမျှအထိ ကြီးနေခြင်း ဖြစ်ရပေမည်။
သို့သော် တခြားသော ခန့်မှန်းချက်တစ်ခုလည်းရှိနေသေးသည်။
...တုန်လိလိက လော့ပင်းနှင့် မတွေ့ဆုံမီကတည်းက ကိုယ်ဝန်ရှိနေခဲ့ခြင်း။
ဒုတိယမြောက် ခန့်မှန်းချက်ကို တွေးမိလိုက်သည့်အခိုက်တွင် လင်းကျန်းဖူ၏ မျက်ခုံးများက ခပ်ပြင်းပြင်း လှုပ်ခတ်သွားခဲ့ရလေသည်။
အကယ်၍သာ ထိုသို့ဖြစ်ခဲ့လျှင် လော့ပင်းတစ်ယောက် ဦးထုပာစိမ်းအဆောင်းခံလိုက်ရချေပြီ။
အကယ်၍သာ ဤသို့သာ အမှန်တကယ်ဖြစ်ခဲ့လျှင် အလွန်ပင် ကောင်းမွန်လွန်းပေလိမ့်မည်။
သို့ဖြစ်သော်လည်း လင်းကျန်းဖူ ပြန်လည်စဉ်းစားကြည့်သည့်အခိုက်တွင်တော့ ဤသည်မှာ ဖြစ်နိုင်ခြေ နည်းပါးသည်ဟု ခံစားလိုက်ရပြန်သည်။
မည်သို့ပင်ဖြစ်စေ လော့ပင်းနှင့် တုန်လိလိတို့က အလွန်အမင်း ချစ်ခင်ကြပုံရသည်ပင်။ တုန်လိလိအနေဖြင့် တခြားယောကျ်ား၏ ကလေးကို လော့ပင်း၏ကလေးအဖြစ် တာဝန်ခံကာ မွေးခိုင်းလိမ့်မည် မဟုတ်ပါချေ။
ထို့အပြင် လော့ပင်းသည်က တုန်လိလိနှင့် နေ့တိုင်း အတူတူရှိနေသည်ဖြစ်၍ သဲလွန်စအနည်းငယ်ကိုမျှ ရှာမတွေ့ဘဲနေရန် မဖြစ်နိုင်လောက်ပေ။
ထိုသို့ တွေးမိလိုက်သည့်အခိုက်တွင် လင်းကျန်းဖူ အနည်းငယ် စိတ်ပျက်သွားမိလေသည်။
အကယ်၍ လော့ပင်းသာ အမှန်တကယ် ဖောက်ပြန်ခံခဲ့ရလျှင် အလွန်ကောင်းပေလိမ့်မည်။
အနည်းဆုံး သူသည်လည်း သူမ ယခင်က ခံစားခဲ့ရသော အရှက်ရမှုမျိုးကို ပြန်လည်ခံစားဖူးသွားပေလိမ့်မည်။
လင်းကျန်းဖူ အကြည့်ကို ပြန်လွှဲလိုက်သည့်အချိန်တွင် ဆေးရုံတွင် ကိုယ်ဝန်ကို သွားရောက်စစ်ဆေးပြီး ပြန်လာခဲ့ကြသော လော့ပင်းနှင့် တုန်လိလိတို့သည်လည်း သူမအား မြင်တွေ့သွားကြလေသည်။
လွန်ခဲ့သော နှစ်လအတွင်းတွင် တုန်လိလိတွင် ကိုယ်ဝန်ရှိနေသည့်အတွက်ကြောင့် လော့မိသားစု၏ နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေခဲ့လေသည်။
လော့မိသားစုသည်ကား ကိုယ်ဝန်ဆောင်ကို ဆေးရုံတွင်ပြသခြင်းဟူသော အရာမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ပါချေ။
သူတို့၏ပတ်ဝန်းကျင်ရှိ လူများမှာလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ထိုမျှအထိ အာရုံစိုက်လေ့မရှိကြပါချေ။
မိသားစု အခြေအနေ ကောင်းမွန်လျှင်ပင် ကိုယ်ဝန်ဆောင်အတွက် အရသာရှိသော အစားအစာများကို ပိုမိုချက်ပြုတ်ကျွေးမွေးကြပြီး၊ သူမ ပင်ပန်းနွမ်းနယ်မှု မရှိစေရန် လုပ်ဆောင်ပေးလျှင်ပင် လုံလောက်ပြီဟု ယူဆတတ်ကြသည်။
ကိုယ်ဝန်ဆောင်၏ ဗိုက်ထဲမှ ကလေး မွေးဖွားလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေတတ်ကြသည်။
ရလဒ်အနေဖြင့် တုန်လိလိက မြို့ပြဆေးရုံသို့ သွားရောက်ကာ ပုံမှန်ကိုယ်ဝန်ဆောင်စစ်ဆေးမှုများ ပြုလုပ်လိုကြောင်း အပြင်းအထန် ပူဆာလာတော့သည်။
ထိုသို့ စစ်ဆေးမှသာ သူမ၏ ဗိုက်ထဲမှ ကလေး၏အခြေအနေ မည်သို့ရှိသည်ကို သိနိုင်ပြီး ပြဿနာ တစ်စုံတစ်ရာ ရှိ၊ မရှိကိုလည်း ကြိုတင်သိထားနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောခဲ့လေသည်။
ထိုစကားကို ကြားရသည့်အချိန်တွင် လော့မိသားစုမှာ ဤကိုယ်ဝန်ဆောင်စစ်ဆေးမှုအကြောင်းကို တစ်ခါမျှ မကြားဖူးသော်လည်း တုန်လိလိ၏ ဗိုက်ထဲမှ ကလေးက အရေးကြီးသောကြောင့် လော့ပင်းကို အလုပ်မှ နားခိုင်းပြီး တုန်လိလိအား အချိန်မှန် မြို့ပေါ်သို့ ခေါ်ဆောင်သွားခိုင်းခဲ့တော့သည်။
***