ယခုအချိန်သည်ကား လော်ပင်းနှင့် တုန်လိလိတို့က မြို့ပြဆေးရုံ၌ စစ်ဆေးမှုများပြုလုပ်ပြီးနောက် ပြန်ထွက်လာကြခြင်းပင် ဖြစ်ပေသည်။
“ဟိုမှာရပ်နေတာ ရှင့်ရဲ့ ဇနီးဟောင်းမလား “
တုန်လိလိက မနီးမဝေးတွင် ရပ်နေသော လင်းကျန်းဖူ၏ ရှည်လျားသွယ်လျသော ခန္ဓာကိုယ်ကို လှမ်းကြည့်လိုက်လေသည်။
သူမက ဝန်ထမ်းယူနီဖောင်းကို သေသေသပ်သပ် ဝတ်ဆင်ထားသည်။ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် မျက်နှာကို သေသေချာချာမမြင်ရလျှင်ပင် သူမက မည်မျှအထိ ပြေပြစ်ကျော့ရှင်းပြီး လှပနေမည်ကို ခန့်မှန်းနိုင်ပေသည်။
မူလက တုန်လိလိနှင့် လင်းကျန်းဖူတို့မှာ လော့ပင်းကြောင့် ရန်ဘက်များကဲ့သို့ ဖြစ်ခဲ့ကြသည်။
သို့သော်လည်း ယခုအချိန်တွင်တော့ ထိုဇနီးဟောင်းဖြစ်သူ လင်းကျန်းဖူက ဤမျှအထိ လှပကျော့ရှင်းနေကြောင်းကို မြင်တွေ့နေရပေသည်။
သူမ၏ ဖောင်းကားနေသော ဗိုက်နှင့် မလှမပဖြစ်နေသော ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကြည့်ရှုမိပြီးနောက်တွင် တုန်လိလိ၏ ရင်ထဲ၌ မနာလိုဒေါသများက နောက်တစ်ဖန် ထွက်ပေါ်လာခဲ့ရပြန်လေသည်။
လော့ပင်းမှာ လွန်ခဲ့သော နှစ်လပတ်လုံး တုန်လိလိ၏ နှိပ်စက်ညှင်းပန်းမှုများကို ခံခဲ့ရသောကြောင့် တခြားအတွေးများ မရှိတော့ပါချေ။
အကယ်၍ ယခင်ကသာဆိုလျှင် သူ လင်းကျန်းဖူထံသို့ သွားရောက်နှုတ်ဆက်လိမ့်မည်။ ထို့နောက် လွန်ခဲ့သောတစ်ကြိမ်က ကုန်တိုက်တွင်ရှိနေစဥ် သူမအား အလှကုန်ပစ္စည်းများစွာ ပေးအပ်ခဲ့သော အမျိုးသမီးမှာ မည်သူဖြစ်ကြောင်းနှင့်၊ သူမက ထိုကဲ့သို့သော လူကုံထံများနှင့် မည်သို့ပတ်သက်နေသနည်းဟူသော မေးခွန်းများကို မေးမြန်းမိပေလိမ့်မည်။
သို့သော် ယခုတွင်တော့...
သူ အိမ်သို့ပြန်၍ နားချင်ရုံသာ ရှိနေတော့သည်။ ကိုယ်ဝန်ဆောင်စစ်ဆေးမှုအတွက် မြို့ပေါ်သို့ မကြာခဏ သွားနေရသည်မှာ အလွန်ပင် ပင်ပန်းသည် မဟုတ်ပါလား။
ထို့အပြင် သူ့ဘက်မှ လင်းကျန်းဖူကို အာရုံစိုက်မိကြောင်းကိုသာ တုန်လိလိ သိရှိသွားပါက သူမ သေချာပေါက် ပြဿနာရှာဦးမည်ကိုလည်း သူ ကောင်းစွာသိထားပေသည်။
သို့ဖြစ်၍ သူ၏ နားကို သက်သာရာရစေရန်အတွက် မရေမရာသောလေသံဖြင့်သာ တုံ့ပြန်လိုက်ပြီး၊ အကြောင်းကိစ္စကို အမြန်ဆုံး လွှဲဖယ်လိုက်တော့သည်။
“ လိလိ ကြည့်လိုက်ဦး.. ကားလာနေပြီ ငါ အရင်သွားပြီး မင်းအတွက် နေရာကောင်းကောင်းလေး သွားဦးလိုက်မယ်.. မင်း ဖြည်းဖြည်းချင်းပဲ တက်ခဲ့တော့နော်”
တိုက်ဆိုင်စွာပင် ထိုအခိုက်အတန့်၌ ခရိုင်မှလာသော ဘတ်စ်ကားက ဂိတ်အတွင်းသို့ ဆိုက်ရောက်လာခဲ့လေသည်။
လော့ပင်းက စကားပြောပြီးသည်နှင့် တုန်လိလိ၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ အရှေ့သို့ ပြေးထွက်သွားခဲ့လေသည်။
လင်းကျန်းဖူနှင့် ထိပ်တိုက်တွေ့ဆုံပြီး အန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် သူက လင်းကျန်းဖူနှင့် ဝေးကွာသော နေရာ၌သာ သွားရပ်နေခဲ့၏။
သူ ဤမျှအထိ လျင်မြန်စွာ ပုန်းရှောင်သွားကြောင်းကို မြင်ရသည့်အခိုက်တွင် တုန်လိလိတစ်ယောက် စိတ်ပျက်သွားမိကာ နှုတ်ခမ်းကို စူလျက် ထိုနေရာ၌ စောင့်နေရုံသာတတ်နိုင်တော့သည်။
ကားပေါ်မှဆင်းလာသည့်လူများမရှိတော့မှ သူမက ဖြည်းဖြည်းချင်း တက်သွားပေလိမ့်မည်။ သို့မဟုတ်ပါက မျက်စိမပါသောလူများက သူမအား ဝင်တိုက်မိကာ သူမ၏ ဗိုက်ကို ထိခိုက်မိမည်ကို စိုးရိမ်ရပေသည်။
ထိုသည်က ပြဿနာကြီးပင် ဖြစ်ပေလိမ့်မည်။
ကားက ဂိတ်ထဲသို့ ဆိုက်ရောက်ပြီးနောက် ရပ်တန့်သွားခဲ့ကာ အထုပ်အပိုးကြီးငယ်များကိုယ်စီ သယ်ဆောင်လာကြသော လူအမြောက်အမြားက ကားပေါ်မှ ဆင်းလာခဲ့ကြလေသည်။
ထိုသည်က မြို့ပေါ်သို့ တက်လာကြသော သာမန်တောင်သူလယ်သမားများသာဖြစ်ကြပေ၏။
တုန်လိလိတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး ရွံရှာသော အမူအရာဖြင့် အကြည့်ကို လွှဲဖယ်လိုက်ရန် ပြင်လိုက်လေသည်။
သို့သော် သူမ အကြည့်လွှဲလိုက်သည့် အချိန်မှာပင် ဘတ်စ်ကားပေါ်မှ ဆင်းလာသော ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရလေသည်။
ထိုသည်က လက်ဗလာဖြင့် ဆင်းလာသော လူငယ်တစ်ဦးပင် ဖြစ်သည်။
ထိုလူငယ်ကို မြင်လိုက်ရသည့်အခိုက်တွင် တုန်လိလိ၏ မျက်လုံးများက ပြူးကျယ်သွားခဲ့ရလေ၏။
သူ ဘာလို့ ဒီကို ရောက်နေတာလဲ။
တုန်လိလိ၏ ရင်ခုန်သံများက မြန်ဆန်လာခဲ့ပြီး အပြစ်ရှိသကဲ့သို့သော အမူအရာဖြင့် သူမ၏ရှေ့မှ လော့ပင်းကို လှမ်းကြည့်လိုက်မိလေသည်။
ကံကောင်းစွာဖြင့် လော့ပင်းက သူ၏ဘေးမှ ဖြတ်လျှောက်သွားသော ထိုလူငယ်ကို သတိထားမိပုံမရပါချေ။
သူသည်က ကားပေါ်တွင် လူမည်မျှရှိသည်ကိုသာ ခေါင်းပြူ၍ ကြည့်ရှုနေခဲ့သည်။
ထိုမြင်ကွင်းကို မြင်ရမှသာ တုန်လိလိလည်း စိတ်သက်သာရာ ရသွားခဲ့လေ၏။
သို့သော်လည်း သူမက ထိုလူငယ်ကို မကြည့်ဘဲ မနေနိုင်ခဲ့ပါချေ။
သူမ၏ မျက်ဝန်းများထဲတွင်လည်း နက်ရှိုင်းလှသော သံယောဇဉ်တရားများဖြင့် ဖုံးကွယ်နေခဲ့လေသည်။
လော့ပင်းအနေဖြင့် အစပိုင်းတွင် ထိုလူငယ်ကို လုံးဝ သတိမထားမိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ကားပေါ်မှ ဆင်းလာသူများက အလွန် များပြားလွန်းသည်။ သူ့တွင် မျက်လုံးနှစ်လုံးသာ ရှိသည်ဖြစ်၍ လူတိုင်းကို လိုက်ကြည့်နေရန်မှာ မဖြစ်နိုင်ပါချေ။
သူင အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ကားပေါ်သို့ ပြေးတက်ပြီး နေရာကောင်းတစ်ခုကို အရင်ဦးရန်သာ အာရုံစိုက်နေခဲ့သည်။
သို့မဟုတ်ဘဲ နေရာကောင်းကိုမရထားလျှင် တုန်လိလိက သူ့အား အကြီးအကျယ် ပြဿနာရှာဦးမည် မဟုတ်ပါလား။
ထိုအကြောင်းများကို တွေးမိရုံဖြင့်ပင် လော့ပင်း ခေါင်းခဲနေရပေပြီ။
သို့သော် မမျှော်လင့်စွာဖြင့် သူ ကားတံခါးဘေး၌ ကပ်၍ ရပ်နေစဉ် တစ်စုံတစ်ဦးက သူ့အား ပြင်းထန်စွာ ဝင်တိုက်လိုက်လေ၏။
လော့ပင်းသည်ကား သတိမထားမိခဲ့သောကြောင့် ထိုသူမှ ဝင်တိုက်လာချိန်တွင် မြေပြင်ပေါ်သို့ပင် မှောက်လျက်လဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
သူက ဟန်ချက်ကို ခက်ခက်ခဲခဲ ပြန်လည်ထိန်းလိုက်ပြီးနောက် ချက်ချင်းပင် သတိဝင်လာကာ သူ့အား ဝင်တိုက်သောသူကို မော့ကြည့်လိုက်လေသည်။
“မင်း လမ်းကို မျက်လုံးနဲ့ကြည့်ပြီးလျှောက်ရဲ့လား ငါ လူတစ်ယောက်လုံး ဒီမှာ ရပ်နေတာကို မမြင်ဘူးလား “
သူ့အား ဝင်တိုက်သူမှာ လူငယ်တစ်ဦးဖြစ်ပြီး ပုံစံ ပေါ့ပျက်ပျက်ရှိနေကာ ဝတ်စားဆင်ယင်မှုမှာလည်း သေသပ်ခြင်းမရှိဘဲ လူဆိုးလူပေတစ်ဦးနှင့်ပင် တူနေခဲ့သည်။
လော့ပင်း တစ်ဖက်လူကို ဒေါသထွက်စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။ မမျှော်လင့်ဘဲ ထိုလူငယ်မှာ သူ့အား ရုတ်တရက် ပြုံးပြလိုက်ပြီး ခနဲ့သည့်လေသံဖြင့် ပြောဆိုလိုက်လေသည်။
“ဒါဆိုရင်လည်း တောင်းပန်ပါတယ်”
သူသည်က တောင်းပန်စကား ပြောလာခဲ့သော်လည်း၊ သူ၏ တောင်းပန်မှုက စိတ်ရင်းအမှန်မဟုတ်ဘဲ တမင်တကာ ပြဿနာရှာလိုသည့်ပုံစံ ဖြစ်နေကြောင်းကို မည်သူမဆို မြင်နိုင်ပေသည်။
လော့ပင်း၏ မျက်ခုံးများက ပို၍ပင် တွန့်ချိုးသွားခဲ့ရလေတော့သည်။
ဒီတစ်ယောက်က ဘာဖြစ်နေတာလဲ။ သူတို့က တစ်ခါမှလည်း မတွေ့ဖူးဘဲ ဘာလို့ သူ့ကို တမင်သက်သက် ဝင်တိုက်ရတာလဲ။
သူတို့ကြားမှာ ရန်ငြိုးရန်စလည်း မရှိဘူးလေ။
သို့သော် လော့ပင်းက သူ့၏ ခန္ဓာကိုယ်နှင့် တစ်ဖက်လူ၏ ခန္ဓာကိုယ် အရွယ်အစားကို နှိုင်းယှဉ်ကြည့်လိုက်ပြီးနောက် အကယ်၍ သူတို့နှစ်ဦးသာ အမှန်တကယ် ရန်ဖြစ်ကြမည်ဆိုပါက တစ်ဖက်လူကို နိုင်လိမ့်မည်မဟုတ်ဟု ခံစားလိုက်ရပေသည်။
သို့ဖြစ်၍ သူ လက်လျှော့ရန်သာ ဆုံးဖြတ်လိုက်လေသည်။
မည်သို့ပင်ဖြစ်စေ သူသည်က အမြန်ဆုံးပြန်ရန် လိုအပ်နေသည် မဟုတ်ပါလား။
“ကောင်းပြီလေ... နောက်တစ်ခါကျရင် ပိုပြီး သတိထားပြီးသွားသင့်တယ်”
ထိုသို့ပြောပြီးနောက် လော့ပင်းက ထိုလူနှင့် ထပ်မံစကားပြောရန် အစီအစဉ် မရှိတော့ပါချေ။
ဤသည်ကို မြင်လိုက်ရသည့်အခိုက်တွင် ထိုလူငယ်၏ မျက်ဝန်းများထဲတွင် လှောင်ပြောင်လိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့လေသည်။
သူသည်က လော့ပင်းအား ကြမ်းတမ်းသူတစ်ယောက်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုကဲ့သို့ ကြောက်တတ်ပြီး အသုံးမကျသောသူ ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါချေ။
ဟား.. အံ့ဩစရာ မရှိပါဘူး။
သူ့မိန်းမရဲ့ ဗိုက်ထဲကကလေးက သူ့ကလေးမဟုတ်ဘူးဆိုတာကိုတောင် သူ မသိနိုင်တာ မဆန်းတော့ဘူး။
သူက လှောင်ပြုံးပြုံးလိုက်ပြီး လော့ပင်းနှင့် အချိန်ဖြုန်းမနေတော့ပေ။
သူက မနီးမဝေးတွင် ရပ်နေသော တုန်လိလိအား လှမ်းကြည့်လိုက်ကာ သူမကို အဓိပ္ပာယ်ရှိစွာဖြင့် ပြုံးပြလိုက်လေသည်။
တစ်ဖက်လူက ရုတ်တရက် လှည့်ကြည့်လာသောကြောင့် တုန်လိလိတစ်ယောက် ထိတ်လန့်တုန်လှုပ်သွားရလေတော့သည်။
သူ ရူးနေတာလား !
အပြင်လူတွေရှေ့မှာ၊ အထူးသဖြင့် လော့ပင်းက ဘေးနားမှာ ရှိနေတာကိုတောင် သူက ဘာလို့ ဒီလောက်အထိ ပေါ်ပေါ်ထင်ထင် ဆက်သွယ်ဖို့ ကြိုးစားနေရတာလဲ။
အကယ်၍သာ လော့ပင်းက သူမနှင့် သူ့ကြားမှ ဆက်ဆံရေးကို သိရှိသွားခဲ့လျှင် သူမ၏ ဗိုက်ထဲမှ ကလေးကတော့ သေချာပေါက် ဒုက္ခရောက်လိမ့်မည်။
ထိုသို့ တွေးမိသည်နှင့် တုန်လိလိက တစ်ဖက်လူအား သတိပေးသည့်အနေဖြင့် သူမ၏ ဗိုက်ကို အလျင်အမြန် ပွတ်သပ်ပြလိုက်လေသည်။
မမျှော်လင့်ဘဲ ထိုလူငယ်မှာ ထိတ်လန့်သွားခြင်းမရှိသည့်အပြင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ခြင်းလည်း လုံးဝမရှိပါချေ။
ယခင်ကတော့ သူက လော့ပင်းနှင့် လော့မိသားစုကို အတိုင်းအတာတစ်ခုအထိ ကြောက်ရွံ့ခဲ့ခြင်းဖြစ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ လော့ပင်းသည်က တုန်လိလိ၏ အပေါ်ယံခင်ပွန်းဖြစ်နေပြီး၊ သူကိုယ်တိုင်မှာတော့ တုန်လိလိနှင့် တိတ်တဆိတ်သာ ဆက်သွယ်နိုင်ခဲ့သူ ဖြစ်သောကြောင့် သူ မည်မျှပင် သတ္တိရှိပါစေ လော့ပင်းနှင့် လော့မိသားစုရှေ့တွင် ကခုန်ပြရန် မရဲခဲ့ပါချေ။
ထို့အပြင် သူသည်က အလုပ်အကိုင်မရှိသော လေလွင့်နေသူ၊ လူများက လူမိုက်ဟု ခေါ်ဆိုကြသော သူမျိုးဖြစ်နေသောကြောင့် တုန်လိလိ၏ရှေ့တွင် ထင်ရှားစွာသွားလာရန်မှာ ပို၍ပင် ခက်ခဲပေသည်။
သို့မဟုတ်ပါက ယခင်ကကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
သူ တုန်လိလိနှင့် တွေ့ဆုံရုံမျှ သို့မဟုတ် လမ်းအတူလျှောက်ရုံမျှဖြင့်ပင် သူမ၏ မိသားစုဝင်များက သူမအား အလျင်အမြန် ဆွဲခေါ်သွားကြပြီး သူ့ကဲ့သို့သော လူမျိုးနှင့် ဝေးဝေးနေရန် သတိပေးကြပေလိမ့်မည်။
တုန်မိသားစုက သူ့အား မနှစ်သက်ကြောင်းကို သိရှိထားသောကြောင့် သူနှင့် တုန်လိလိတို့ ချစ်ကြိုက်နေကြသော်လည်း ကွယ်ရာတွင်သာ ဆက်သွယ်နိုင်ခဲ့ကြခြင်း ဖြစ်ပေသည်။
တုန်လိလိဘက်မှ သူမ၏ မိသားစုရှေ့တွင် အိမ်ထောင်ပြုရန် စိတ်မပါသကဲ့သို့ ဟန်ဆောင်ခြင်း၊ သို့မဟုတ် ကြင်ဖက်ရှာပေးလာခြင်းကို ငြင်းပယ်ခြင်း စသည်ဖြင့် နည်းမျိုးစုံသုံကိုးကာ အိမ်ထောင်မပြုဘဲ အချိန်ဆွဲနေခဲ့ခြင်း ဖြစ်၏။
သူမက ဤလှည့်ကွက်ကို အသုံးပြုကာ သူမ၏ မိသားစုဝင်များမှ သည်းမခံနိုင်ဖြစ်ပြီး သူမအား လက်လျှော့သွားသည်အထိ အချိန်ဆွဲထားနိုင်ရန်တွေးထားခဲ့သည်။
ထိုအချိန်ကျမှ သူနှင့် သူမက အတိအလင်း ပေါင်းဖက်ကာ လက်ထပ်နိုင်ကြလိမ့်မည်ဟု တွေးထားခဲ့ဖူးပေသည်။
သို့သော် ထိုအချိန်တွင်ပင် မမျှော်လင့်ဘဲ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ကာ တုန်လိလိတွင် ကိုယ်ဝန်ရှိသွားခဲ့တော့သည်။
***