ကိုယ်ဝန်ရလာပြီဟူသော သတင်းကောင်းကြောင့် သူတို့နှစ်ဦးလုံး ပျော်ရွှင်ခဲ့ကြသည်။
သို့သော်လည်း ထိုလူငယ်မှာ သူ လမ်းပေါ်တွင် လျှောက်သွားနေသည့်အခိုက်တွင် တုန်မိသားစုက သူ့အား မည်မျှအထိ အထင်သေးစွာ ကြည့်တတ်ကြကြောင်းကို တွေးမိသွားရသည်။
အထူးသဖြင့် သူသည်က မည်သည့်အရာမျှဖြစ်မလာသေးပါချေ။ သူထံတွင် အလုပ်ပင်မရှိသေးသည့် အခြေအနေမျိုးတွင် တုန်မိသားစုဘက်မှ တုန်လိလိအား သူ့ထံသို့ ထည့်ပေးလိမ့်မည်မဟုတ်ပေ။
ထို့အပြင် ဤကလေးကိုလည်း ဆက်လက် ထိန်းသိမ်းထားခွင့် ပေးလိမ့်မည် မဟုတ်ပါချေ။
ဤကလေးသည်က သူတို့နှစ်ဦး၏ ချစ်ခြင်းအမှတ်တံဆိပ် ဖြစ်သောကြောင့် ကလေးကို ဖျက်ချပစ်ရန်ဟူသော အတွေးမျိုးကို သူတို့ လုံးဝ မတွေးခဲ့ကြပါချေ။
သို့ဖြစ်၍ သူတို့နှစ်ဦးက အကြံတစ်ခု ထုတ်လိုက်ကြလေသည်။ ထိုသည်က တုန်လိလိအနေဖြင့် လက်ထပ်ရန် လူတစ်ဦးကို ရှာဖွေပြီး ကလေးကို မွေးဖွားရန်ပင် ဖြစ်ပေ၏။
ဤကိစ္စကို မည်သို့ လုပ်ဆောင်မည်နည်းဟူသည်ကတော့ အလွန် လွယ်ကူပေသည်။ သူတို့နှစ်ဦး ရွေးချယ်ထားသော အမျိုးသားကို အခွင့်ကောင်းတစ်ခုရှာ၍ မူးယစ်အောင် တိုက်ကျွေးလိမ့်မည်။
ပြီးနောက် ထိုသူက တုန်လိလိနှင့် အတူအိပ်ခဲ့သည်ဟု ထင်မှတ်သွားအောင် ဖန်တီးလိုက်ရန်သာ ဖြစ်ပေသည်။ ထိုသို့ဆိုလျှင် တုန်လိလိတွင် ကိုယ်ဝန်ရှိလာခြင်းက ယုတ္တိရှိသော ကိစ္စတစ်ခု ဖြစ်သွားပေလိမ့်မည်။
ထိုအချိန်တွင် တစ်စုံတစ်ဦးက လော့ပင်းအား တုန်လိလိနှင့် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်ပေသည်။
သူတို့နှစ်ဦး ဆွေးနွေးကြည့်ခဲ့ကြပြီး လော့ပင်း၏ ဇနီးဟောင်းမှာ ဆယ်နှစ်ကျော်ကြာသည်အထိ ကလေးတစ်ဦးမျှ မွေးဖွားနိုင်ခြင်း မရှိခဲ့ကြောင်းကို သိရှိသွားကြသည်။ ထို့ကြောင့် တစ်ဖက်လူက ကလေးရရှိရန် အလွန်ပင် လိုချင်တောင့်တနေမည်ဖြစ်ကြောင်း သေချာခဲ့သည်။
အကယ်၍ သူတို့၏လုပ်ဆောင်ချက်သာ ဖြစ်ခဲ့လျှင် သူတို့၏ကလေးမှ ထိုသူအား ပျော်ရွှင်စေနိုင်လိမ့်မည်။ ထို့အတွက် ကလေးကို အတူပြုစုပျိုးထောင်ပေးခိုင်းရန် အသုံးချနိုင်မည် မဟုတ်ပါလား။
အချိန်မည်မျှအထိ ပြုစုခိုင်းမည်ဟူသောမေးခွန်းအတွက်တော့ ထိုလူငယ်၏ အလုပ်အကိုင်များ အောင်မြင်ကျော်ကြားလာသည်အထိပင် ဖြစ်ပေသည်။
ထိုအချိန်ကျမှသာ သူက တုန်လိလိနှင့် ကလေးကို လာရောက်ခေါ်ဆောင်ပေလိမ့်မည်။
လွန်ခဲ့သော လအနည်းငယ်အတွင်း တုန်မိသားစုနှင့် လော့မိသားစုတို့ဘက်မှ သဲလွန်စ တစ်စုံတစ်ရာ မရရှိစေရန်အတွက် သူနှင့် တုန်လိလိတို့ ဆုံတွေ့ခြင်း မရှိခဲ့ကြသော်လည်း တစ်ဦးကိုတစ်ဦး အလွန်ပင် လွမ်းဆွတ်နေခဲ့ကြလေသည်။
သို့သော် ယနေ့တွင်တော့ သူ့ဘက်မှ ဆက်လက်၍ မထိန်းနိုင်တော့ပါချေ။
တုန်လိလိတွင် သူ၏ရင်သွေး ရှိနေပြီဟု သိရှိရကတည်းက သူ့အနေဖြင့် သူ၏ကလေးနှင့် တုန်လိလိတို့၏ ဘေးနားတွင် အတူတူရှိနေရရန် အမြဲတစေ အိပ်မက်မက်နေခဲ့သည်။
မည်သို့ပင်ဖြစ်စေ လက်တွေ့အခြေအနေက ခွင့်မပြုခဲ့ပါချေ။ ထို့အပြင် သူတို့နှစ်ဦးလုံးမှာလည်း ဤမျှအထိ သည်းခံခဲ့ကြပြီးဖြစ်၍ လမ်းတစ်ဝက်တွင် လက်လျှော့လိုက်ရမည်ဆိုပါက အမှန်တကယ်ပင် နှမြောစရာ ကောင်းလွန်းပေလိမ့်မည်။
သို့သော် ယနေ့မနက်တွင် တုန်လိလိနှင့် လော့ပင်းတို့ မြို့ပေါ်သို့ သွားကြကြောင်းကို သူ မြင်တွေ့လိုက်ရလေသည်။
ခေတ္တမျှ စဉ်းစားကြည့်ရုံဖြင့်ပင် သူတို့ မည်သည့်ကိစ္စအတွက် သွားကြောင်းကို သူ သိရှိလိုက်ရ၏။
သူတို့က သေချာပေါက် ကိုယ်ဝန်ဆောင်စစ်ဆေးမှုအတွက် သွားလုပ်ကြခြင်းပင် ဖြစ်ရမည်။
မြို့ကြီးက ခရိုင်မြို့နှင့် ဝေးလွန်းသည်။ အရေးကြီးဆုံးအချက်မှာ ထိုနေရာ၌ လမ်းပေါ်တွင် လျှောက်သွားလျှင် သူနှင့် တုန်လိလိကို မည်သူမျှ မမှတ်မိကြသကဲ့သို့ တုန်မိသားစုဝင်များလည်း အနားတွင် မရှိကြပေ။
ထို့ကြောင့်ပင် သူ မြို့ပေါ်သို့ လိုက်လာကာ တုန်လိလိနှင့် သူ၏ကလေးကို စောင့်ကြည့်နိုင်မည်လားဟု ကံစမ်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။
သူ ကားပေါ်မှ ဆင်းသည်နှင့် သူတို့ကို ဂိတ်တွင် တွေ့လိုက်ရသောကြောင့် အလွန် ကံကောင်းသည်ဟု ဆိုရပေမည်။
ထိုမျှတင်မကသေးပေ။
မတိုင်ခင်က လော့ပင်းနှင့် ထိပ်တိုက်ရင်ဆိုင်မှုအပြီးတွင် သူ့အား ပိုမိုကျေနပ်သွားစေသည့်အချက်ရှိသည်။
လော့ပင်းသည်က အသုံးမကျသူ တစ်ဦးသာဖြစ်ပသည်။ ထို့အပြင် မည်သည့်သက်သေမျှလည်း မရှိပေ။
ထို့ကြောင့် ထိုလူငယ်၏ အကြည့်များမှာ အလွန်ပင် ပွင့်လင်းနေခဲ့သည်။
လော့ပင်း မြင်သွားလျှင်ပင် စွပ်စွဲရန် ရဲမည်လား။ သို့မဟုတ် ဤအဖြစ်မှန်ကို ဝန်ခံရဲမည်လား။
လော့ပင်းက နောက်ဘက်သို့ လှည့်မကြည့်ဘဲ ကားကိုသာ စိုက်ကြည့်နေဆဲဖြစ်ကြောင်းကို တစ်ချက်လှမ်းကြည့်ပြီးနောက် ထိုလူငယ်က တုန်လိလိရှိရာသို့ တိုက်ရိုက်ပင်သွားခဲ့တော့သည်။
တုန်လိလိတစ်ယောက် ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး ထိုနေရာ၌ပင် ကျောက်ရုပ်ကဲ့သို့ အေးခဲသွားခဲ့ရလေတော့သည်။
ထိုအမျိုးသားမှာ အနည်းငယ်မျှပင် ထိတ်လန့်ခြင်းမရှိပါချေ။ သူက တုန်လိလိ၏ရှေ့တွင် ရပ်လိုက်ပြီးနောက် သူမ၏ ဝမ်းဗိုက်အခြေအနေကိုပင် မေးမြန်းလိုက်သေးသည်။
“ဒီနေ့ စစ်ဆေးချက်ရလဒ်တွေက ဘယ်လိုလဲ “
တုန်လိလိအနေဖြင့် ထိုစကားကို ကြားမှ သတိပြန်ဝင်လာခဲ့လေသည်။
သူမက လှည့်မကြည့်သေးသော လော့ပင်းကို ပြာယာခတ်စွာ လှမ်းကြည့်လိုက်ကာ အရှေ့မှ အမျိုးသားအား ခပ်တိုးတိုးပြောဆိုလိုက်လေသည်။
“ရှင် ဒီကို ဘာလာလုပ်တာလဲ! ဘာတွေ ထပ်လုပ်နေဦးမှာလဲ မြန်မြန် ထွက်သွားတော့.. လော့ပင်း မြင်သွားလို့ ကျွန်မတို့ကိစ္စတွေ ပေါက်ကြားကုန်ရင် ဘယ်လိုလုပ်မလဲ!”
“ဘာကို ကြောက်နေတာလဲ ငါ ခုနကပဲ သူ့ကို စမ်းသပ်ပြီးပြီ.. သူ့လိုဦးနှောက်နဲ့ ဘာများတွေးမိမှာလဲ .. ဒါမှမဟုတ် သူ အနားကို လာရင်လည်း လမ်းမေးနေတာလို့ပဲ ပြောလိုက်ပေါ့”
ထိုသို့ပြောရင်း ထိုအမျိုးသား၏ အကြည့်များမှာ တုန်လိလိ၏ ဝမ်းဗိုက်ပေါ်သို့ မသိစိတ်ဖြင့် ကျရောက်သွားခဲ့သည်။ တုန်လိလိဘက်မှ မယုံနိုင်စွာ ကြည့်နေချိန်မှာပင် သူမ၏ ဗိုက်ကို လှမ်းပြီး ထိတွေ့လိုက်လေသည်။
“ဒါ ငါတို့ရဲ့ကလေးလား အတော်လေးတောင် ကြီးနေပြီပဲ”
“ရှင် .. ရှင်.. မလုပ်နဲ့! လော့ပင်းကို ကြည့်ဦး”
တုန်လိလိ၏ ခုခံမှုက အလွန်ပြင်းထန်နေပြီး သူမ၏ စိတ်လှုပ်ရှားမှုကြောင့် ဗိုက်ထဲမှ ကလေးကို ထိခိုက်မည် စိုးရိမ်သောကြောင့် ဖြစ်နိုင်သည်။ ထိုအမျိုးသားက နောက်ဆုံးတွင် သူ၏လက်ကို ပြန်ရုပ်လိုက်လေသည်။
“ကြည့်ပါဦး၊ မင်း ဘာကို ဒီလောက် ကြောက်နေတာလဲ၊ ငါဆို ဘာမှ မကြောက်ဘူး.. ကောင်းပြီလေ... မင်းနဲ့ ကလေး အဆင်ပြေနေတာကို မြင်ရတော့ ငါ စိတ်သက်သာရာရသွားပြီ၊ နောက်ပိုင်းမှ မင်းဆီကို ငါ ပြန်လာခဲ့မယ်
မှတ်ထားနော် လိလိ... ငါတို့နှစ်ယောက်လုံးရဲ့ ကလေးကို သေသေချာချာ ဂရုစိုက်ရမယ်”
ထိုအမျိုးသားက စကားပြောပြီးသည်နှင့် လှည့်ထွက်သွားခဲ့လေသည်။
သူ ထွက်ခွာသွားသည့်အချိန်တွင်ပင် ဘတ်စ်ကား၏ တစ်ဖက်တွင် ရပ်နေသော လော့ပင်းက ရုတ်တရက် လှည့်လာခဲ့ပြီး တုန်လိလိအား ဝမ်းသာနေသော မျက်နှာဖြင့် လှမ်းအော်ပြောလိုက်လေသည်။
“လိလိ... ဒီကို လာခဲ့တော့၊ ငါ အခုပဲ ကားပေါ်ကိုတက်ပြီး နေရာသွားဦးလိုက်မယ်!”
ထိုသို့ပြောပြီးနောက်တွင် လော့ပင်းသည်က ကားပေါ်သို့ အလျင်အမြန် တိုးဝှေ့၍တက်သွားခဲ့လေတော့သည်။
သို့ဖြစ်၍ လော့ပင်းအနေဖြင့် သူ ကားပေါ်တက်သွားသည့် အခိုက်အတန့်တွင် တုန်လိလိ မည်မျှအထိ စိတ်သက်သာရာရသွားကြောင်းကို လုံးဝ မမြင်တွေ့လိုက်ရပါချေ။
တုန်လိလိက ထိတ်လန့်မှုကြောင့် နဖူးပေါ်တွင် ထွက်နေသော ချွေးအေးများကို သုတ်လိုက်ရင်း ဘတ်စ်ကားဆီသို့ အပြေးအလွှား သွားခဲ့လေသည်။
သူမ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ကံကောင်းထောက်မစွာဖြင့် လော့ပင်းက တုံးအနေခဲ့ပြီး၊ သူတို့၏ ကံကြမ္မာမှာလည်း ကံကောင်းနေခဲ့သည်။
သို့မဟုတ်ပါက မတိုင်ခင်က ထိုလူငယ်မှ သူမ၏ ဗိုက်ကို ထိလိုက်သည့်အချိန်တွင်သာ လော့ပင်း မြင်သွားခဲ့လျှင် လျှို့ဝှက်ချက်က သေချာပေါက် ပေါက်ကြားသွားရလိမ့်မည်။
တုန်လိလိတစ်ယောက် ကားပေါ်သို့ ရောက်ရှိပြီးနောက် ဘေးနားတွင် အိပ်ပျော်နေသော လော့ပင်းကို တစ်ချက်ကြည့်လိုက်ကာ ထိုအချိန်ကျမှသာ လုံးလုံးလျားလျားစိတ်သက်သာရာရသွားနိုင်လေ၏။
ကောင်းပြီလေ... သူ တကယ်ကိုမမြင်လိုက်တာပဲ။
သူကတော့ တကယ့်ကို ကံကောင်းလွန်းတယ်။
သို့သော် လော့ပင်း မမြင်လိုက်ရသော်လည်း တခြားတစ်ဦးက မတိုင်ခင်ကမြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်ကိုတော့တုန်လိလိ မသိရှိလိုက်ပါချေ။
ကားဂိတ်အနီးတွင် မိသားစုဝင်များကို ကြိုဆိုနေခဲ့သော လင်းကျန်းဖူမှာ သူမ မြင်တွေ့ခဲ့ရသော မြင်ကွင်းကို ထိတ်လန့်စွာဖြင့် ပြန်လည်တွေးတောနေမိခဲ့သည်။
သူမက ဂိတ်နှင့် အတော်လေး ဝေးကွာသွားသည့်အချိန်အထိ အလွန်အမင်း ထိတ်လန့်နေဆဲဖြစ်ကာ စိတ်ကို ပြန်လည်မစုစည်းနိုင်သေးပါချေ။
“အားစစ်... ခုနကတစ်ယောက်က လော့ပင်းရဲ့ ဇနီးအသစ် မဟုတ်ဘူးလား ၊ သူမက ဘာလို့ တခြားယောကျ်ားတစ်ယောက်နဲ့ အဲဒီလောက် ရင်းရင်းနှီးနှီး ဖြစ်နေရတာလဲ၊
ပြီးတော့ အဲဒီလူက သူမရဲ့ ဗိုက်ကိုတောင် လှမ်းကိုင်လိုက်သေးတယ်”
လင်းကျန်းဖူသာ ထိတ်လန့်နေသည်မဟုတ်ဘဲ သူမ၏ဘေးမှ အဘွားလင်းသည်လည်း အလွန်အမင်း အံ့အားသင့်နေခဲ့လေသည်။
သူမက လော့ပင်းနှင့် အကြိမ်ပေါင်းများစွာ ဆုံတွေ့ဖူးသူ ဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် ယခင်က အငယ်ဆုံးသမီးနှင့် တွေ့ဆုံရန် မြို့နယ်ရှိ သမဝါယမဆိုင်သို့ မကြာခဏ သွားလေ့ရှိခဲ့သည် မဟုတ်ပါလား။
တစ်ခါတစ်ရံတွင် လင်းကျန်းဖူကို လာတွေ့တတ်သော လော့ပင်းနှင့်လည်း ဆုံတွေ့ခဲ့ဖူးလေသည်။
ထို့အပြင် လော့မိသားစုသည်က သူမ၏သမီးဖြစ်သူ လင်းကျန်းဖူအပေါ် ယခင်က မည်သို့ ဆက်ဆံခဲ့ကြောင်းကိုလည်း အဘွားလင်း မမေ့နိုင်ပါချေ။
သူမ လော့ပင်းကို သွားရောက်ရှာဖွေခဲ့ချိန်က သူ၏ အနာဂတ်ဇနီးလောင်း တုန်လိလိကိုလည်း အဝေးမှ လှမ်းမြင်ခဲ့ဖူးသေးသည်။
ဤလူနှစ်ဦးက အရိုးပြာဖြစ်သွားလျှင်ပင် သူမ မှားမည်မဟုတ်ပါချေ။
အဘွားလင်း၏ စကားကိုကြားလျှင် ဘေးတွင်ရှိနေသော ယင်းဖန်နှင့် ဝမ်ရှို့ကျူတို့မှာလည်း သိလိုစိတ်ဖြင့် နားစွင့်နေကြလေသည်။
အဘွားလင်း၏ စကားများထဲတွင် ပါဝင်သော အချက်အလက်များမှာ အလွန်ကြီးမားလွန်းသည်။
တုန်လိလိက လော့ပင်း၏ ကွယ်ရာတွင် တခြားယောကျ်ားများနှင့် ပတ်သက်နေခြင်းများလား။
ထိုအမျိုးသားက အမျိုးသမီး၏ ဗိုက်ပေါ်သို့ လက်တင်လိုက်ကြောင်းကို မြင်တွေ့ခဲ့ရသည့်အခိုက်တွင် သူတို့နှစ်ဦး စိတ်ထဲ၌ ရေရွတ်လိုက်မိကြသည်။
_ မြို့သားတွေက ဒီလိုမျိုးပဲလား၊ နေ့ခင်းဘက်အချိန်ကြီးကိုတောင် အပြင်မှာ ဘယ်လိုလုပ်ပြီး ဒါမျိုး လုပ်ရဲရတာလဲ ၊ တခြားလူတွေကို လုံးဝ အရေးမစိုက်တာပဲ။
သို့သော် မမျှော်လင့်ဘဲ ထိုအမျိုးသမီးမှာ လော့ပင်း၏ လက်ရှိဇနီး ဖြစ်နေခဲ့သည်။
တစ်ဖက်မှအမျိုးသားကတော့ သေချာပေါက် လော့ပင်း မဟုတ်ပါချေ။
အဘွားလင်း မေးမြန်းပြီးနောက် ထိုနှစ်ဦးကလည်း လင်းကျန်းဖူထံမှ အသေးစိတ် အချက်အလက်များကို ထပ်မံကြားသိရန်အတွက် မျှော်လင့်တကြီး ကြည့်လာကြလေသည်။
နှမြောစရာကောင်းစွာဖြင့် လင်းကျန်းဖူကိုယ်တိုင်လည်း ဤကိစ္စ၏ တိကျသော အခြေအနေကို မသိရှိနိုင်ပါချေ။
သူမ ပြောပြနိုင်သည့်တစ်ခုတည်းသောအချက်မှာ...
“တုန်လိလိရဲ့ဗိုက်က ပုံမှန်ထက်စာရင် သိသိသာသာကို ကြီးလွန်းနေတယ်ဆိုတာတစ်ခုကိုပဲ ကျွန်မသိတယ်”
ဤစကား၏ အဓိပ္ပာယ်မှာ အလွန်ပင် ရှင်းလင်းလွန်းပေသည်။
ထိုနေရာတွင် ရှိနေကြသော အမျိုးသမီးရဲဘော်သုံးဦးလုံးက ကလေးမွေးဖူးသူများ ဖြစ်ပေ၏။
လင်းကျန်းဖူ၏ စကားကို ကြားလျှင် သူတို့က လက်ချောင်းများကိုထောင်ကာ အချိန်ကာလကို ချက်ချင်းပင် တွက်ချက်လိုက်ကြသည်။
ပြီးနောက်တွင်ထိတ်လန့်ဖွယ်ရာ အချက်တစ်ခုကို ရှာဖွေတွေ့ရှိသွားကြတော့သည်။
***