“အိုက်ယား.. ဒါဆို တုန်လိလိက လော့ပင်းနဲ့ မတွေ့ခင် အနည်းဆုံး နှစ်လလောက်ကတည်းက အဲဒီယောကျ်ားနဲ့ ပတ်သက်နေခဲ့တာပေါ့”
သို့မဟုတ်ပါက သူမ၏ ငါးလ၊ ခြောက်လခန့်ရှိနေပြီဖြစ်သော ဗိုက်ကြီးက မည်သို့ကြည့်သည်ဖြစ်စေ ထူးခြားနေပေလိမ့်မည်။
ထိုသည်က လော့ပင်းနှင့် လက်ထပ်ပြီးမှ ကိုယ်ဝန်ရလာသည့်ကိုယ်ဝန်မျိုး မဟုတ်ကြောင်း သေချာပေသည်။
ဤကလေးက မတိုင်ခင်ကအမျိုးသား၏ ရင်သွေးသာဖြစ်ရမည်။
“ဘုရားရေ..လော့ပင်းတစ်ယောက်တော့ ဦးထုပ်စိမ်းဆောင်းခံလိုက်ရပြီ”
ယင်းဖန်တစ်ယောက် မသိစိတ်ဖြင့် အော်ဟစ်လိုက်မိသည်။
ထိုအသံကိုကြားလိုက်ရချိန်တွင် အဘွားလင်းက ယင်းဖန်၏ ပါးစပ်ကို ပိတ်လိုက်ပြီး နောက်တစ်ကြိမ် ဆူပူလိုက်ပြန်လေသည်။
“အသံကို လျှော့စမ်းပါ!”
ယင်းဖန်သည်ကား ပါးစပ်ကို ထပ်မံအပိတ်ခံထားရသောကြောင့် အလျင်အမြန် ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ထဲတွင်တော့ ရေရွတ်နေမိလေသည်။
“ဒီအဘွားကြီးက အိမ်မှာတုန်းကကျတော့ လော့ပင်းကို နည်းမျိုးစုံနဲ့ ဆဲဆိုခဲ့တာ မဟုတ်ဘူးလား၊ အခုကျမှ သူ့ရဲ့ အရှုပ်အထွေးကို ပြောပြတာကို ဘာလို့ ပါးစပ်ပိတ်ခိုင်းရတာလဲ
သူမက သူမရဲ့ သမက်ဟောင်းကို သံယောဇဉ်ရှိနေသေးလို့ အခု သူ အစော်ကားခံနေရတာကို စိတ်မကောင်းဖြစ်နေတာလား
သူ့မိန်းမက တခြားသူနဲ့ ဖောက်ပြန်နေတာကို သိရင် သူ လင်းကျန်းဖူဆီ ပြန်လာလိမ့်မယ်လို့ ထင်နေတာလား”
သို့သော် ယင်းဖန် သံသယများဖြင့် ပြည့်နှက်နေပြီး နောက်တစ်စက္ကန့်၌ပင် အဘွားလင်းက စိတ်မရှည်စွာဖြင့် ပြောဆိုလာသည်ကို ကြားလိုက်ရလေသည်။
“မင်း အဲဒီလောက် အသံကျယ်ကျယ်နှင့် အော်ပြောနေလို့ လော့ပင်းကြားသွားရင် ဘယ်လိုလုပ်မလဲ “
အကယ်၍ ထိုသူသာ ကြားသွားခဲ့ပါက သူ မည်မျှပင် တိုးအနေပါစေ တစ်စုံတစ်ခုကို ရိပ်မိသွားပြီး တုန်လိလိကို ပြဿနာရှာပေလိမ့်မည်။
ဤကိစ္စကို သူတို့ဘက်မှ သွားပြောပြခြင်းမှာ လော့ပင်းအတွက် ကူညီပေးလိုက်သည်နှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။
သူမက အဘွားအိုတစ်ဦးသာ ဖြစ်သော်လည်း သူမ၏ မိသားစုကို စော်ကားခဲ့သူ၊ သူမ၏ ကလေးကို နှိပ်စက်ခဲ့သူများကို ခေါင်းတလားထဲ ရောက်သည့်တိုင်အောင် သေချာပေါက် မေ့ပျောက်လိမ့်မည် မဟုတ်ပါချေ။
သို့ဖြစ်၍ သူတို့အနေဖြင့် ဤကိစ္စကို လော့ပင်းအား မပြောပြရုံသာမက ဖုံးကွယ်ထားရန် နည်းလမ်းပင် ရှာပေဦးမည်။
တုန်လိလိ၏ ဗိုက်ထဲမှ ကလေးကို မွေးဖွားလာပြီးမှ သူကိုယ်တိုင် သိရှိသွားခြင်းကသာ အကောင်းဆုံးဖြစ်လိမ့်မည်။
ဤတစ်ကြိမ်တွင်မှသာ စစ်မှမ်သော ပွဲကောင်းကိုကြည့်ရလိမ့်မည်မဟုတ်ပါလား။
“ဝဋ်လည်တာ ... ဒါက ဝဋ်လိုက်တာပဲ၊ ဟားဟားဟား... လော့ပင်းလို လူယုတ်မာက နောက်ဆုံးတော့ သူ့ထက် ဆိုးတဲ့သူနဲ့ တွေ့ရပြီ
ဒါက ဘာကို ဆိုလိုတာလဲဆိုတော့၊ လူဆိုးတွေက ထိုက်တန်တဲ့ အကျိုးကို ခံစားရတာပဲ!”
အဘွားလင်းက ထိုသို့ပြောဆိုရင်း ကျေနပ်အားရစွာဖြင့် ပြုံးရယ်နေခဲ့သည်။ ဤမျှအထိ ပျော်ရွှင်သော အပြုံးမျိုးကို သူမ၏ မျက်နှာပေါ်တွင် မတွေ့ရသည်မှာ ကြာပေပြီ။
လင်းကျန်းဖူသည်က မိခင်ဖြစ်သူ ပြုံးနေကြောင်းကို မြင်တွေ့ရချိန်တွင် သူမလည်း လိုက်၍ ရယ်မောမိလေ၏။ သို့သော်လည်း ကူကယ်ရာမဲ့သော ခံစားချက်ကြောင့်သာ ဖြစ်ပေလိမ့်မည်။
“အမေ၊ ကျွန်မ လော့ပင်းရဲ့အကြောင်းကို ဂရုမစိုက်တော့တာ ကြာပြီ။ သူ ဘယ်လိုဘဝနဲ့ပဲ ရှင်သန်နေပါစေ၊ ကျွန်မနဲ့ ဘာမှမဆိုင်တော့ဘူး
အခုကစပြီး ကျွန်မတို့တွေ ကျွန်မတို့ရဲ့ဘဝနဲ့ ကျွန်မတို့ပဲ ရှင်သန်ကြရအောင်!”
အမှန်အတိုင်း ပြောရလျှင် သူမ တုန်လိလိအား အမှန်တကယ်ပင် ကျေးဇူးတင်ချင်မိသည်။
အကယ်၍ တုန်လိလိ မရှိခဲ့လျှင် သူမက လော့ပင်း၏ စရိုက်အမှန်ကို တစ်သက်လုံး သိမြင်နိုင်လိမ့်မည်မဟုတ်ဘဲ ဘဝတစ်ခုလုံးကို ဖြုန်းတီးမိနေပေလိမ့်မည်။
အနည်းဆုံးတော့ ယခုအချိန်တွင် သူမက ငယ်ရွယ်နေသေးသောကြောင့် လူရွေးမှားခဲ့ကြောင်းကို သိရှိပြီးနောက်တွင် ကျောခိုင်းလှည့်ထွက်ကာ ဘဝသစ်တစ်ခုကို စတင်နိုင်ခဲ့ပြီ မဟုတ်ပါလား။
အကယ်၍ အသက်ကြီးမှ လော့ပင်းက မည်သို့သောလူမျိုးဖြစ်ကြောင်းကို သိရှိခဲ့ရလျှင် နောင်တရရန်ပင် အချိန်နှောင်းသွားခဲ့ရပေလိမ့်မည်။
“ဟုတ်တယ် ဟုတ်တယ်.. မင်းပြောတာ မှန်တယ်၊ ငါတို့ အဲဒီလို လူယုတ်မာတွေရဲ့အကြောင်းကို တွေးပြီး စိတ်ပူမနေသင့်တော့ဘူး၊
အခုကစပြီး ငါတို့ရဲ့ ကိုယ်ပိုင်ဘဝကို ပိုကောင်းအောင် ရှင်သန်ကြမယ်၊ အဲဒီလိုမျိုးနေထိုင်ပြီး သူ့ကို ဒေါသထွက်ပြီး သေသွားအောင် လုပ်ကြတာပေါ့!”
ထိုသို့ ပြောဆိုပြီးနောက် လင်းမုသားစုမှလူတစ်စုမှာ အလွန် ကောင်းမွန်သော စိတ်အခြေအနေဖြင့် လင်းရန်၏ အိမ်သို့ ထွက်ခွာခဲ့ကြလေ၏။
သူတို့ အိမ်သို့ ရောက်ရှိချိန်တွင် လင်းရန်င အလုပ်မဆင်းသေးပါချေ။ သူတို့ လာသည့်လမ်းတစ်လျှောက်တွင် အဘွားလင်းက လင်းရန်၏ လက်ရှိရာထူး၊ အလုပ်အခြေအနေစသည်တို့ကို အသေးစိတ် မေးမြန်းခဲ့လေသည်။
သူမ၏ မြေးမလေးက ညနေ ခုနစ်နာရီခန့်မှသာ အိမ်သို့ ပြန်ရောက်မည်ဟု ကြားလိုက်ရသည့်အချိန်တွင် အဘွားလင်းတစ်ယောက် စိတ်မကောင်း ဖြစ်သွားရလေတော့သည်။
“အခု ရာသီဥတုက သိပ်မအေးသေးလို့ တော်သေးတာပေါ့၊ နောက်လနည်းနည်းလောက်ကြာရင် ခုနစ်နာရီဆို မှောင်နေပြီ၊ လမ်းလျှောက်လာရင်လည်း ချမ်းပြီးတုန်နေရတော့မှာပဲ”
အဘွားလင်းက စိတ်မကောင်းဖြစ်လျက် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
“ရန်ရန်ကို တစ်ယောက်ယောက်က သွားကြိုပေးနိုင်ရင် ကောင်းမှာပဲ၊ ဒါမှမဟုတ် သူမက စားသောက်ဆိုင်ရဲ့အနီး နေရရင်လည်း အဆင်ပြေမှာ”
ဆိုရလျှင်အဘွားလင်း၏ စကားမှာ စကားသက်သက်သာ ဖြစ်ပေသည်။
သူမ စဉ်းစားခဲ့သော ထိုအတွေးနှစ်မျိုးလုံးမှာ လက်တွေ့မကျကြောင်းကို သူမကိုယ်တိုင်ကောင်းစွာ သိထားလေ၏။
မည်သို့ပင်ဖြစ်စေ သူမ အလုပ်ဆင်းချိန်တွင် သွားကြိုရန် အသင့်တော်ဆုံးသူမှာ သူမ၏ ခင်ပွန်းသာ ဖြစ်ပေလိမ့်မည်။
သို့သော် သူမ၏ ခင်ပွန်းဖြစ်သူ ရှောင်စုန့်က ယခုအချိန်တွင် တာဝန်ဖြင့် အဝေးသို့ ရောက်ရှိနေသည် မဟုတ်ပါလား။
ကျန်ရှိသော အကြံအစည်က ပို၍ပင် လက်တွေ့မကျပါချေ။
စားသောက်ဆိုင်၏ အနီးတွင် နေထိုင်နိုင်ရန်အတွက် အနီးအနား၌ အိမ်တစ်လုံး ဝယ်ယူရန် သို့မဟုတ် ငှားရမ်းရန်သာ ရှိပေသည်။
သို့သော် ယခု လင်းရန် နေထိုင်သော အိမ်မှာ သူမ၏ ယောက္ခမ ချင်းယွင်ကျစ်က အထူးတလည် ဝယ်ပေးထားခြင်းဖြစ်ကာ ယွမ်ရာချီ၍ ကုန်ကျထားခဲ့ခြင်း ဖြစ်၏။
အကယ်၍ နောက်ထပ်တစ်လုံး ထပ်မံဝယ်ယူလိုပါက ထိုမျှလောက် များပြားသော ငွေကြေးကို သူမ မည်သို့ တတ်နိုင်ပါမည်နည်း။
သူမ၏အမူအရာကို မြင်သည့်အခိုက်တွင် လင်းကျန်းဖူလည်း အသာနှစ်သိမ့်ပေးလိုက်သည်။
“အမေ.. စိတ်မပူပါနဲ့၊ ဒီမြို့ကြီးက အတော်လေး ဘေးကင်းပါတယ်၊ ဘာမှမဖြစ်နိုင်ပါဘူး
ညဘက်အေးမှာ စိုးရိမ်တယ်ဆိုရင်လည်း ရန်ရန်ကို မနက်အပြင်ထွက်ရင် အဝတ်အစား ပိုယူသွားဖို့ ပြောလိုက်ရုံပဲ၊ ဒါဆိုရင် ညဘက်ပြန်လာတဲ့အခါ သိပ်ပြီး မချမ်းတော့ဘူးပေါ့”
“ဒီလိုပဲ လုပ်ရမှာပေါ့လေ”
အဘွားလင်းက ခေါင်းညိတ်လိုက်သော်လည်း သူမ၏ မျက်နှာအမူအရာမှာ လုံးဝ ကျေနပ်ပုံ မရပါချေ။
တစ်ဖက်တွင်တော့ လင်းကျန်းအန်းက အဘွားလင်း၏ စကားကြောင့် မျက်မှောင်ကြုတ်သွားခဲ့ပြီး အိမ်ဝယ်ယူမည့်ကိစ္စကို စတင်စဉ်းစားလာခဲ့လေသည်။
အမှန်အတိုင်း ပြောရလျှင် လင်းရန် ယခု နေထိုင်သော အိမ်မှာ အတော်ပင် ကောင်းမွန်လှပေသည်။
မြို့ပေါ်ရှိ အိမ်က လမ်းကြားထဲမှ အိမ်ဟောင်းတစ်လုံးဖြစ်နေလျှင်ပင် လိုအပ်သည့်အရာအားလုံး ပြည့်စုံပေသည်။
အနည်းငယ် သေးငယ်သည်ဟု ထင်ရသော်လည်း လူတစ်ဦး၊ နှစ်ဦး နေထိုင်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။
ထို့အပြင် ထိုသည်က စုန့်ရှီးယန်၏ မိခင် ချင်းယွင်ကျစ် ပေးထားခြင်း ဖြစ်သောကြောင့် အဓိပ္ပာယ်လည်း ထူးခြားနေခဲ့သည်။
သို့ဖြစ်၍ ထူးခြားသော အခြေအနေမျိုး မရှိခဲ့လျှင် လင်းကျန်းအန်းက လင်းရန်အား ဤအိမ်မှ ထွက်ခွာခိုင်းရန် သို့မဟုတ် ဤနေရာ၌ မနေထိုင်ခိုင်းရန် စဉ်းစားမိလိမ့်မည် မဟုတ်ပါချေ။
သို့သော် အဘွားလင်း ယခု ပြောဆိုသွားသောအချက်မှာ လင်းကျန်းအန်းကိုယ်တိုင် စိုးရိမ်နေခဲ့သည့် အချက်လည်း ဖြစ်နေပြန်သည်။
သူ၏ညီမလေး လင်းကျန်းဖူက မြို့ပေါ်တွင် ဘေးကင်းသည်ဟု ပြောသော်လည်း၊ မည်မျှပင် ဘေးကင်းသည်ဖြစ်စေ လူဆိုးဆိုသည်က ရှိနေနိုင်သည် မဟုတ်ပါလား။
အထူးသဖြင့် သူ၏သမီးဖြစ်သူက ဤမျှအထိ ချစ်စရာကောင်းပြီး လှပသူဖြစ်၍ ညဘက် အလုပ်ဆင်းချိန်တွင် လူဆိုးများနှင့် တွေ့ဆုံမိပါက မည်သို့ဖြစ်လာမည်နည်း။
ထို့အပြင် စုန့်ရှီးယန်ကလည်း သူမ၏ဘေး၌ ရှိမနေဘဲ မကာကွယ်ပေးနိုင်ပေ။
သူ့ကို လက်ထပ်ထားခြင်းက မည်သည့်အကျိုးရှိသည်ကိုပင် သူ မသိနိုင်တော့ပါချေ။
ထိုသို့ တွေးမိသည့်အခိုက်တွင် လင်းကျန်းအန်းတစ်ယောက် စုန့်ရှီးယန်အား အပြစ်မတင်ဘဲမနေနိုင်တော့ပေ။
မိုင်ပေါင်း ထောင်ချီဝေးကွာသော နေရာ၌ တာဝန်ထမ်းဆောင်နေသော စုန့်ရှီးယန်တစ်ယောက် အကြောင်းပြချက်မရှိဘဲ နှာခေါင်းထဲတွင် ယားယ့လာကာ နှာချေမိလေ၏။
ထူးဆန်းလိုက်တာ။ သူ ဖျားလည်း မဖျားဘဲနဲ့ ဘာလို့ ရုတ်တရက် နှာချေချင်နေရတာလဲ ။
တစ်စုံတစ်ယောက်က သူ့အကြောင်းကို တွေးနေလို့များလား။
စုန့်ရှီးယန်၏ စိတ်ထဲတွင် ပုံရိပ်တစ်ခု ချက်ချင်း ပေါ်ပေါက်လာခဲ့ပြီး သူ၏ မျက်ဝန်းများကလည်း တောက်ပသွားခဲ့သည်။
သူ့အား လွမ်းဆွတ်နေမည့်သူာ သေချာပေါက် ရန်ရန်သာ ဖြစ်ပေလိမ့်မည်။
ရန်ရန်က သူ့အား ဤမျှအထိ လွမ်းဆွတ်နေသည်ဖြစ်၍ သူသည်လည်း တာဝန်များကို အချိန်မီ အမြန်ဆုံး အပြီးသတ်ကာ သူမထံသို့ သွားတွေ့သင့်ပေပြီ။
…
လင်းကျန်းအန်းဘက်တွင်တော့ သူက စုန့်ရှီးယန်အား အပြစ်တင်စကားတချို့ကို ရေရွတ်ပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်လေတော့သည်။
သူ နောက်ထပ် အိမ်တစ်လုံး ထပ်မံဝယ်ယူတော့မည်။
သူ့ထံတွင်ရှိသော ငွေကြေးများကို တွက်ချက်ကြည့်လိုက်လျှင် အရံလုပ်ငန်းအဖြစ် ဆေးဘက်ဝင်အပင်များကို စတင်လုပ်ကိုင်ကတည်းက ငွေအတော်များများစုဆောင်းမိထားကြောင်းကို တွေ့ရှိလိုက်ရလေသည်။
ယခင်က လင်းရန် လက်ထပ်ခဲ့ချိန်တွင် ငွေတချို့ကို အသုံးပြုခဲ့ပါသော်လည်း လက်ကျန်များစွာ ရှိနေသေးသည်။
ထို့အပြင် ယခုအကြိမ် စက်ရုံတည်ထောင်ရာတွင်လည်း အစိုးရက အထောက်အပံ့ကြေးများ ပေးအပ်ခဲ့သောကြောင့် သူကိုယ်တိုင် ငွေအမြောက်အမြား အသုံးပြုခဲ့ရခြင်း မရှိပါချေ။
သူ လက်ကျန်ငွေများကို တွက်ချက်ကြည့်လိုက်လျှင် ယွမ်ခြောက်ရာခန့် ရှိနေကြောင်းကို တွေ့လိုက်ရလေ၏။
လင်းကျန်းအန်းတစ်ယောက် မတွက်ချက်မီက ဤမျှလောက်ရှိနေလိမ့်မည်ဟု မသိခဲ့ပါချေ။ ယခု တွက်ချက်ကြည့်လိုက်ပြီးနောက်တွင် သူ့ကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့ရလေသည်။
***