လင်းကျန်းအန်းနှင့် အဘွားလင်းတို့က လင်းရန်၏ အလုပ်ဆင်းချိန်အတွက် စိုးရိမ်နေချိန်တွင် ယင်းဖန်ကတော့ အိမ်ထဲတွင် အရှေ့အနောက် လျှောက်ကြည့်ကာ အကဲခတ်နေခဲ့လေသည်။
အမှန်အတိုင်း ပြောရလျှင် သူမက လင်းရန်၏ မြို့ပေါ်ရှိ ဤအိမ်ကလေးအပေါ် အတန်လေး စိတ်ပျက်နေမိပေသည်။
ဤအိမ်မှာ အုတ်နီခဲများဖြင့် တည်ဆောက်ထားပြီး ခြံဝင်းငယ်လေးတစ်ခု ပါဝင်ပါသော်လည်း မြေနေရာက အလွန်ပင် ကျဉ်းမြောင်းလွန်းသည်။
မိသားစုတစ်ခုလုံး နေထိုင်ရန် နေရာမရှိဘဲ လူနှစ်ဦးစာမျှသာ နေထိုင်ရန် လုံလောက်ပေသည်။
ဤမျှသေးငယ်သော အိမ်လေးနှင့်ဆိုပါက နောက်ပိုင်းတွင် သူမ မြို့ပေါ်တွင်သာ အလုပ်လုပ်ဖြစ်ခဲ့လျှင် နေထိုင်ရန် ကျယ်ကျယ်ဝန်းဝန်းရှိလိမ့်မည် မဟုတ်ပါချေ။
ဘေးဘက်တွင်ရှိနေသော ဝမ်ရှို့ကျူသည်ကား ယင်းဖန်တစ်ယောက် အိမ်က နေထိုင်ရန်အတွက် အလွန်ကျဉ်းလွန်းသည်ဟု ရေရွတ်နေကြောင်းကို ကြားလိုက်ရလျှင် ပြောဆိုလိုက်လေသည်။
“ဒီအိမ်က ရန်ရန်နဲ့ ရှောင်စုန့်တို့ နှစ်ယောက်တည်း နေတာ၊ သူတို့အတွက်ဘယ်နေရာမဆို နေလို့ရတာပဲလေ၊ ပြီးတော့ သူတို့က ဘာမှလည်း စိုက်ပျိုးနေဖို့ မလိုဘူး
ဒီမြေကွက်လပ်ပေါ်မှာ ဟင်းသီးဟင်းရွက်လေးတွေ စိုက်ပြီး နေရင်တောင် ဒီအရွယ်အစားက အတော်ပဲ”
ယင်းဖန်က “ အကြီးဆုံးယောက်မကတော့ ဘာမှမသိဘူး” ဟူသော အမူအရာဖြင့် ဝမ်ရှို့ကျူအား တစ်ချက်ကြည့်လိုက်ပြီး တိုက်ရိုက်ပင် ပြန်လည်ချေပလိုက်လေသည်။
“ဒါဆိုတခြားလူတွေ လာနေချင်ရင် ဘယ်လိုလုပ်မလဲ ၊ ဒီမှာပဲ စုပြုံနေထိုင်ကြရမှာလား၊ နေရာက လောက်ပါ့ဦးမလား “
ဝမ်ရှို့ကျူ ခေတ္တမျှ မင်သက်သွားပြီးမေးမြန်းလိုက်လေသည်။
“တခြားလူဆိုတာ ဘယ်သူလဲ “
ယင်းဖန်က သူမ၏ နှာခေါင်းကို မော့ကာ “ကျွန်မပေါ့” ဟု ပြောလိုက်ချင်ပါသော်လည်း၊ အလုပ်ကိစ္စက မပြတ်သားသေးသောကြောင့် မပြောနိုင်ခဲ့ပါချေ။
သူမ၏အစီအစဉ်ကို ယခုကတည်းက ထုတ်ပြောလိုက်ပါက ဝမ်ရှို့ကျူက အဘွားလင်းထံသို့ သွားတိုင်မည်ကို စိုးရိမ်ရသည်။
ထိုသို့ဆိုလျှင် အဘွားလင်းဘက်မှ သူမအား အထုပ်အပိုးများနှင့်အတူ ထိုနေရာ၌ပင် ချက်ချင်း အိမ်ပြန်ခိုင်းပေလိမ့်မည်။
သူမ ထိုသို့ အဖြစ်မခံနိုင်ပါချေ။
သို့ဖြစ်၍ ယင်းဖန်က လက်ကို ခါယမ်းလျက် မရေမရာပင် ပြောဆိုလိုက်လေသည်။
“အိုး... ဘယ်သူမှ မဟုတ်ပါဘူး၊ ဘယ်သူမှ မဟုတ်ပါဘူး၊ ကျွန်မက ဒီအတိုင်း ပြောကြည့်တာပါ”
သူမ အမှန်အတိုင်း မပြောကြောင်းကို မြင်လျှင် ဝမ်ရှို့ကျူလည်း ဆက်လက်၍ မမေးမြန်းတော့ပါချေ။
မည်သို့ပင်ဖြစ်စေ ယင်းဖန် ပြောနေသူမှာ သူမကိုယ်တိုင်(ဝမ်ရှို့ကျူ) မဟုတ်သည်ကတော့ သေချာပေသည်။
ဝမ်ရှို့ကျူအနေဖြင့် မြို့ပေါ်၌ အလုပ်လုပ်ရန် သဘောတူခဲ့ပါသော်လည်း၊ သူမကိုယ်တိုင်လည်း ကြိုတင်စဉ်းစားထားပြီး ဖြစ်ပေသည်။
သူမက လင်းရန်၏ အိမ်တွင် နေထိုင်လိမ့်မည် မဟုတ်ပါချေ။ ထိုသည်က လင်းရန်နှင့် စုန့်ရှီးယန်တို့၏ မင်္ဂလာဦးအိမ် မဟုတ်ပါလား။
အဒေါ်ဖြစ်သူက ဤနေရာ၌ လာရောက်နေထိုင်ရန်အတွက် မသင့်တော်ပါချေ။
နေထိုင်မည့်နေရာနှင့် ပတ်သက်လျှင် သူမက အလုပ်သမားအိပ်ဆောင် လျှောက်ထားနိုင်ခြင်း ရှိ၊ မရှိ သို့မဟုတ် လင်းကျန်းဖူနှင့်အတူ သွားနေရမလားဆိုသည်ကို စဉ်းစားရပေမည်။
အကယ်၍ မရခဲ့လျှင်လည်း အိမ်တစ်လုံး ငှားရမ်းနေထိုင်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ လင်းရန်အား ထပ်မံ၍ ဒုက္ခမပေးလိုတော့ပါချေ။
မိသားစုတစ်ခုလုံးက အတွေးကိုယ်စီဖြင့် တွေးတောနေကြပြီး၊ မကြာမီမှာပင် လင်းရန် ပြန်ရောက်လာကြောင်းကို မြင်တွေ့လိုက်ကြရလေသည်။
လင်းရန်က လက်ဗလာဖြင့် ပြန်လာခြင်း မဟုတ်ပါချေ။ လူတိုင်း ရောက်ရှိလာကြသည့် အချိန်က နေ့လယ်ပိုင်း ကျော်နေပြီဖြစ်ကြောင်းကို သူမ သိထားသောကြောင့်၊ စားသောက်ဆိုင်မှ ဟင်းလျာတချို့ကို ချက်ပြုတ်ကာ ယူဆောင်လာခဲ့ခြင်း ဖြစ်ပေသည်။
သေချာပေ၏။
သူမက ဟင်းလျာများအတွက် ကျသင့်ငွေကို ပေးချေခဲ့ပြီး ဆိုင်မှ မည်သည့်အရာကိုမျှ အလကားယူဆောင်လာခဲ့ခြင်းမျိုး မရှိပေ။
သူမ ပြန်လာကြောင်းကို မြင်လိုက်ရသည့်အခိုက်တွင် အဘွားလင်းတစ်ယောက် အလွန်ပင် ဝမ်းမြောက်ပျော်ရွှင်သွားခဲ့ပြီး ရှေ့သို့လှမ်းကာ လင်းရန်အား တင်းကျပ်စွာ ဖက်လိုက်လေသည်။
လင်းရန်က သူမ၏လက်ထဲမှ အစားအစာများကို အမြန် မြှောက်ပြလာခဲ့သည်။
“အဘွား... စိတ်မလောပါနဲ့ဦး.. အရင်ဆုံး ထမင်းစားကြရအောင်လေ၊ ပြီးမှကျွန်မကို ဖြည်းဖြည်းချင်း ဖက်တော့”
လင်းရန်က ထိုသို့ပြောလိုက်လျှင် အဘွားလင်း၏ မျက်နှာမှာ ရုတ်တရက် နီရဲသွားခဲ့ရလေသည်။
“ဒီကောင်မလေးကတော့!”
“ဒေါ်လေး...ကျွန်မကို ပန်းကန်တွေ ထုတ်ပေးပါဦး.. ကျွန်မ ဒါတွေကို ထည့်လိုက်မယ်”
လင်းကျန်းဖူသည်က လင်းရန်၏အိမ်သို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးသူဖြစ်ပြီး ပစ္စည်းများ မည်သည့်နေရာတွင် ရှိကြောင်းကို သိထားခဲ့သည်။
ထို့ကြောင့် သူမက ပန်းကန်များကို အမြန်ဆုံး သွားရောက်ထုတ်ယူပေးကာ ဟင်းများကို အတူတကွ ပြင်ဆင်ပေးလိုက်လေသည်။
သို့ဖြစ်၍ မိသားစုဝင်များအားလုံး အိမ်ထဲတွင် ထိုင်ကာ မြို့ပေါ်ရှိ သူတို့၏ ပထမဆုံးသော ထမင်းတစ်နပ်ကို အရသာရှိစွာ စားသောက်ခဲ့ကြတော့သည်။
ထမင်းစားနေချိန်တွင် လင်းရန်နှင့် သူမ၏ဒေါ်လေးတို့က ယနေ့ညအတွက် တည်းခိုမည့် အစီအစဉ်ကို ညှိနှိုင်းခဲ့ကြပေသည်။
လင်းရန်ထံတွင် ခုတင်တစ်လုံးတည်းသာ ရှိပါသော်လည်း ထိုသည်က မသေးလွန်းပါချေ။ သုံးယောက်လောက် အတူတကွ တိုးဝှေ့၍အိပ်နိုင်သည်။
ပိုနေသော လူတစ်ဦးက လင်းကျန်းဖူ၏ အိပ်ဆောင်တွင် လိုက်ပါအိပ်စက်နိုင်သည်။ ရှုပ်ထွေးသော လူမျိုး မဟုတ်လျှင် ထိုအဆောင်ဘက်၌လည်း အရေးတယူ လုပ်ဆောင်မည် မဟုတ်ပါချေ။
သူမ၏ဖခင် လင်းကျန်းအန်းကတော့ ယခင်အတိုင်းပင် တည်းခိုခန်း၌ သွားရောက်တည်းခိုရန်ကလွဲ၍ တခြားရွေးချယ်စရာ မရှိပေ။
ကံကောင်းစွာဖြင့် လင်းရန် နေထိုင်သော နေရာနှင့် မနီးမဝေးတွင် တည်းခိုခန်းတစ်ခု ရှိနေသောကြောင့် အဆင်ပြေခဲ့သည်။
လင်းကျန်းဖူနှင့်အတူ အိပ်ဆောင်သို့ မည်သူ့ကို လိုက်သွားခိုင်းရမည်နည်းဟူသော ကိစ္စတွင် အဘွားလင်းကတော့ သေချာပေါက် မဖြစ်နိုင်ပါချေ။
အပြင်ဘက်တွင် မှောင်နေပြီဖြစ်ကာ အဘွားလင်းမှာလည်း လမ်းကျွမ်းကျင်သူ မဟုတ်သောကြောင့် အကယ်၍ လမ်းတွင် လဲကျသွားပါက ဒုက္ခရောက်ပေလိမ့်မည်။
သို့ဖြစ်၍ လင်းရန်က ဝမ်ရှို့ကျူနှင့် ယင်းဖန်တို့ကို ကြည့်လိုက်မိလေသည်။
သူမ လှမ်းကြည့်လိုက်သည့် အချိန်တွင် ယင်းဖန်က ချက်ချင်းပင် စကားစလာခဲ့လေသည်။
“အာ ကျွန်မ.. ကျွန်မပဲ ရန်ရန်ဘက်မှာ နေခဲ့ပြီး အမေ့ကို ကူပြီး စောင့်ရှောက်ပေးမယ်၊ ပြီးတော့ အိမ်ကိုလည်း သန့်ရှင်းရေး ဝိုင်းလုပ်ပေးမယ်လေ”
သူမက လင်းကျန်းဖူနှင့်အတူ အိပ်ဆောင်တွင် သွားရောက်မနေထိုင်လိုခဲ့ပေ။
လင်းရန်၏ အိမ်ခန်းမှာကပင် အလွန်ပင် ကျဉ်းမြောင်းလွန်းသောကြောင့် လင်းကျန်းဖူ၏ အိပ်ဆောင်က မည်မျှအထိ သေးငယ်နေမည်ကို သူမ မခန့်မှန်းနိုင်ပါချေ။
ထိုနေရာ၌ သွားနေရသည်က သေချာပေါက် သက်သောင့်သက်သာ ရှိလိမ့်မည် မဟုတ်ပေ။
သူမ၏ စကားကို ကြားလျှင် အခန်းထဲရှိ လူများက သူမအား တစ်ချက်ကြည့်လိုက်ကြသော်လည်း မည်သည်ကိုမျှ မပြောခဲ့ကြပါချေ။
ဝမ်ရှို့ကျူသည်လည်း တခြားသူများနှင့် အပြိုင်အဆိုင် လုပ်လိုသူမဟုတ်သကဲ့သို့ ဤနေရာမှ ခုတင်နေရာအတွက်လည်း ယင်းဖန်နှင့် အငြင်းပွားရန် ရည်ရွယ်ချက် မရှိနေခဲ့ပေ။
သူမက လင်းကျန်းဖူကို ကြည့်ကာ အပြုံးနှင့်သာ ပြောဆိုလိုက်သည်။
“ဒါဆိုရင်တော့ ဒီညအတွက် ယောက်မဆီမှာပဲ လိုက်ပြီး တိုးဝှေ့ပြီး အိပ်ပါရစေဦး”
ဝမ်ရှို့ကျူသည်ကား လူကောင်းတစ်ဦးဖြစ်ပြီး စိတ်သဘောထားလည်း ကောင်းမွန်လှသူဖြစ်၍ လင်းကျန်းဖူကလည်း သူမအား ပို၍ နှစ်သက်မိသည်။
သူမအနေဖြင့် သူ့၏အိပ်ဆောင်တွင် အတူတကွ လာရောက်နေထိုင်သူကို ဝမ်ရှို့ကျူ ဖြစ်စေရန် အမှန်တကယ် ဆုတောင်းနေခဲ့ခြင်း ဖြစ်သောကြောင့် ထိုစကားကို ကြားလိုက်ရသည့်အခိုက်တွင် ဝမ်းသာစွာ ရယ်မောလိုက်လေသည်။
“အဆင်ပြေပါတယ် ၊ အခုက ရာသီဥတုကလည်း အေးနေတာဆိုတော့ နှစ်ယောက်အတူ တိုးပြီးအိပ်ရင် ပိုတောင် နွေးဦးမှာ”
သို့ဖြစ်၍ ထိုကိစ္စက ပြေလည်သွားခဲ့လေ၏။
သို့သော် အဘွားလင်းအနေဖြင့် ယင်းဖန်အား မနှစ်မြို့သော အကြည့်ဖြင့် မကြည့်ဘဲ မနေနိုင်ခဲ့ပါချေ။
ဤမျှအထိ ဇီဇာကြောင်ပြီး အရာအားလုံးကို အတင်းဦးချင်နေသော ချွေးမမျိုးကို သူမ တစ်ခါမျှ မတွေ့ဖူးပေ။
သို့သော် ပြန်လည်စဉ်းစားကြည့်လျှင် သူမအား မျက်စိအောက်တွင် ထားခြင်းက ပို၍ပင် အဆင်ပြေစေဦးမည်ဟု တွေးမိလိုက်သည်။
ဤသို့ဆိုလျှင် ယင်းဖန်အား သေသေချာချာ စောင့်ကြည့်နိုင်မည်ဖြစ်ကာ သူမအနေဖြင့် လင်းကျန်းဖူ၏ အိပ်ဆောင်သို့ လိုက်သွားပြီး ပြဿနာတစ်စုံတစ်ရာ ရှာမည်ကို စိုးရိမ်နေရန် မလိုတော့ပေ။
ထို့အပြင် လင်းကျန်းဖူက သူမထက် ငယ်ရွယ်သူတစ်ဦး ဖြစ်နေသောကြောင့် ယင်းဖန်ကို ပြတ်ပြတ်သားသား ပြောဆိုရန်မှာလည်း ခက်ခဲနေပေလိမ့်မည် မဟုတ်ပါလား။
လင်းရန်ကတော့ ယင်းဖန်အနေဖြင့် ဤနေရာတွင် နေထိုင်ရန် နည်းလမ်းရှာလိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားခဲ့ပြီးဖြစ်၍ အနည်းငယ်မျှပင် အံ့အားသင့်ခြင်း မရှိပါချေ။
ထို့အပြင် ယင်းဖန် ဤနေရာ၌ နေထိုင်ခြင်းက လင်းရန် အလိုရှိသောကိစ္စသာ ဖြစ်ပေသည်။
ဤသို့ဖြစ်မှသာ သူမ၏ အစီအစဉ်ကို ညဘက်တွင် စတင်နိုင်မည် မဟုတ်ပါလား။
ထမင်းစားပြီးနောက်တွင် အချိန်က အတော်ပင် နောက်ကျနေပြီဖြစ်ပြီး လင်းရန်နှင့် လင်းကျန်းဖူတို့မှာလည်း နောက်တစ်နေ့တွင် အလုပ်သွားကြရမည်ဖြစ်သောကြောင့် လူတိုင်းက ပစ္စည်းများကို သိမ်းဆည်းကာ လောလောဆယ် ခွဲခွာခဲ့ကြပြီး မနက်ဖြန် မွန်းလွဲပိုင်းမှသာ ပြန်လာရန် ချိန်းဆိုလိုက်ကြလေသည်။
လင်းရန်၊ အဘွားလင်းနှင့် ယင်းဖန်တို့က သူတို့နှစ်ဦးကို လမ်းထိပ်အထိ လိုက်ပို့ပေးခဲ့ကြပြီး အိမ်သို့ ပြန်လှည့်လာခဲ့ကြ၏။
အိမ်သို့ ပြန်လာသည့်လမ်းတွင် ယင်းဖန်ဘက်မှ လင်းရန်အား အနားတွင်ရှိ နေသောအခြေအနေများကို တတွတ်တွတ် မေးမြန်းနေခဲ့လေသည်။
အနီးအနားတွင် စက်ရုံများ ရှိနေသည်လား။ စည်ကားသော နေရာများ ရှိနေသည်လား စသည်ဖြင့်ပင်။
လင်းရန်အနေဖြင့် ယင်းဖန်၏ အတွေးကို မသိဟန်ဆောင်လိုက်ကာ အပြုံးဖြင့် ပြန်ဖြေပေးလိုက်သည်။
“ရှိတာပေါ့... ဒီလမ်းကြားက အိမ်တွေက နည်းနည်းလောက် ဟောင်းနွမ်းနေပေမဲ့ နေထိုင်ရတာတော့ အတော်လေး အဆင်ပြေတယ်လေ၊ အနည်းဆုံးတော့ အနားမှာ လူတိုင်းသွားကြတဲ့ နေရာတစ်ခု ရှိနေတာပဲမလား”
လူတိုင်းသွားကြတဲ့ နေရာတစ်ခုလား!
ယင်းဖန်တစ်ယောက် ထိုစကားကို ကြားလိုက်ရသည့်အခိုက်တွင် မျက်လုံးများပင် တောက်ပသွားခဲ့ရလေသည်။
ဤသည်မှာ လူများစွာရှိနေပြီး စည်ကားသည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလား။
သို့ဆိုပါက လင်းရန်နှင့် အဘွားလင်းတို့ သတိမထားမိသည့်အချိန်တွင် သူမ ထိုနေရာသို့ အပြေးအလွှား သွားရောက်ကာ စုံစမ်းကြည့်နိုင်ပေလိမ့်မည်။
မမျှော်လင့်ဘဲ အလုပ်တစ်ခုခုနှင့်ပင် တိုးမိနိုင်နိုင်သည်။
“ရန်ရန်.. အဲဒါက ဘယ်လိုနေရာမျိုးလဲ .. ဘယ်လိုရည်ရွယ်ချက်မှ မရှိပါဘူး၊ ငါက စပ်စုချင်လို့ မေးကြည့်ရုံပဲ”
***