အဘွားလင်းအနေဖြင့် လင်းရန်ကို လီရှို့လီနှင့် မတွေ့စေချင်သော်လည်း၊ သူမ၏ မြေးမလေး ပြောသည့်စကားကလည်း မှန်ကန်ပေ၏။
လီရှို့လီက အမည်အားဖြင့် သူမ၏ မိခင်ဖြစ်နေသေးသည်။ သို့ဖြစ်၍ မိခင်ဖြစ်သူ နေမကောင်းဖြစ်ကာ ဆေးရုံတက်နေချိန်တွင်သမီးဖြစ်သူကသာ လာမကြည့်ပါက သေချာပေါက် ကဲ့ရဲ့စရာဖြစ်လာပေလိမ့်မည်။
“ဒါဆိုရင်တော့.. မနက်ဖန် မင်း အလုပ်ဆင်းရင် အဘွားပါ လိုက်ခဲ့ပေးမယ်”
အဘွားလင်းအနေဖြင့် လင်းရန်အား တစ်ယောက်တည်း မလွှတ်လိုပါချေ။
မည်သို့ပင်ဖြစ်စေ သူမက မိန်းကလေးတစ်ဦးသာ ဖြစ်သောကြောင့် လီရှို့လီနှင့် စုန့်ဝေ့တို့ဘက်မှ အနိုင်ကျင့်နှိပ်စက်လာမည်ကို စိုးရိမ်နေရသည်။
ထိုအကြောင်းကို ကြားလျှင် လင်းရန်က ရုတ်တရက် ပြောလာခဲ့လေသည်။
“ဒါပေမဲ့ အဘွား..မနက်ဖြန် မွန်းလွဲပိုင်းမှာ ဒေါ်လေးရဲ့ အိပ်ဆောင်ကို သွားကြည့်မယ်လို့ ဒေါ်လေးကို ကတိပေးထားတယ် မဟုတ်ဘူးလား “
“ဟုတ်သားပဲ!”
ဤအချိန်မှသာ အဘွားလင်းတစ်ယောက် ထမင်းစားချိန်က လင်းကျန်းဖူနှင့် သဘောတူထားခဲ့ကြောင်းကို သတိရလေတော့သည်။
ယခုအချန်တွင် မြို့ပေါ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် သူမက သမီးအငယ်ဆုံး၏ အလုပ်ခွင်နှင့် နေထိုင်ရာ တည်နေရာကို သူမ၏မျက်စိဖြင့် အတည်ပြုပြီးမှသာ စိတ်အေးနိုင်လိမ့်မည်။
အဘွားလင်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် တုံ့ဆိုင်းစွာဖြင့် ပြောဆိုလိုက်သည်။
“ဒါဆိုရင် နောက်မှပဲ သွားတော့မလား “
“အဆင်ပြေပါတယ် အဘွား... မနက်ဖြန်ကျရင် ဒေါ်လေးနဲ့အတူ လိုက်သွားပြီး လမ်းလျှောက်ကြည့်လိုက်ပါဦး၊ ဒေါ်လေးကလည်း ဒီနှစ်ရက်ကျော်ပြီးရင် အချိန်သိပ်ရမှာ မဟုတ်တော့ဘူးလေ”
လင်းရန်က ဘေးဘက်မှ ယင်းဖန်ကို လှည့်ကြည့်လိုက်ကာ အနည်းငယ် အားနာသည့်အမူအရာဖြင့် ပြုံးပြလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ကျွန်မက ဆေးရုံကို အဖော်လိုက်ပေးမဲ့လူ တစ်ယောက်လောက်ပဲ လိုချင်တာဆိုတော့ တတိယအဒေါ်ကိုပဲ အဖော်ခေါ်လိုက်ရင် ပိုကောင်းမယ်ထင်တယ် ၊ တတိယအဒေါ်ကလည်း ဘာမှလုပ်စရာ မရှိသေးဘူးမလား”
အဘွားလင်းတစ်ယောက် ထိုစကားကို ကြားသည့်အခိုက်တွင် သူမ၏ တတိယချွေးမ ယင်းဖန်အား လှည့်ကြည့်လိုက်မိလေသည်။
ယင်းဖန်၏ တွန့်တိုတတ်သော စရိုက်အရဆိုလျှင် သူမက သေချာပေါက် တိုက်ရိုက် ငြင်းပယ်လိမ့်မည်ဟု အဘွားလင်း ထင်မှတ်ထားခဲ့သည်။ သို့သော် ယင်းဖန်သည်က အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် ခေါင်းညိတ် သဘောတူလိုက်မည်ကိုတော့ မမျှော်လင့်မိခဲ့ပါချေ။
“ကောင်းပြီ၊ ကောင်းပြီ ... ငါလည်း ဘာမှလုပ်စရာ မရှိတာနဲ့ အတော်ပဲ၊ မနက်ဖြန်ကျရင် ရန်ရန်နဲ့အတူ ဆေးရုံကို လိုက်ခဲ့မယ်၊ အမေ စိတ်မပူပါနဲ့၊ ကျွန်မ ရှိနေသရွေ့ ရန်ရန်ကို ဘယ်သူမှ အနိုင်ကျင့်လို့ မရစေရဘူး”
နေက အနောက်ဘက်က ထွက်လာတာလား။
ယင်းဖန်တစ်ယောက် တခြားလူတစ်ဦးကို ကူညီရန်အတွက် ဤမျှအထိ တက်ကြွနေကြောင်းကို မြင်ရသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်ပေ၏။
အဘွားလင်းက သူမအား သံသယဖြင့် စိုက်ကြည့်နေမိလေသည်။
သို့သော် ခေတ္တမျှ စဉ်းစားကြည့်ပြီးနောက်တွင်ပင် ယင်းဖန်က မည်သည့်အရာများကို ကြံစည်နေကြောင်း သူမ မသိနိုင်ပါချေ။
ဤသည်က ဆေးရုံကို သွားရုံသာဖြစ်ပြီး လင်းရန်လည်း ဘေးတွင်ပါမည်ဖြစ်၍ ကိစ္စတစ်စုံတစ်ရာတော့ ဖြစ်လိမ့်မည် မဟုတ်ဟုသာ တွေးမိလိုက်သည်။
ထို့ကြောင့် အဘွားလင်းလည်း ယင်းဖန်အား လင်းရန်နှင့်အတူ လိုက်သွားရန် သဘောတူလိုက်သည်။ သို့သော်လည်း သတိပေးစကားများ ပြောဖို့အတွက် မမေ့လျော့ခဲ့ပါချေ။
ယင်းဖန်ကလည်း ရိုးသားစွာဖြင့် သဘောတူခဲ့ကာ ဆေးရုံတွင် ပြဿနာမရှာကြောင်း အထပ်ထပ်အခါခါ ကတိပေးလေတော့သည်။
ဟားဟား .. သူမက ငွေရှာဖို့ သွားမှာလေ။ ဘာလို့ပြဿနာရှာမှာလဲ!
လင်းရန်က ယင်းဖန်၏ မျက်နှာကို မသိမသာလှမ်းကြည့်လိုက်လျှင် မျှော်လင့်ထားသည့်အတိုင်း သူမ၏ မျက်နှာပေါ်မှ ခိုးကြောင်ခိုးဝှက်ဖြင့် ပျော်ရွှင်နေသော အမူအရာကို မြင်တွေ့လိုက်ရလေသည်။
သူမ ခေါင်းကို အသာခါရမ်းလိုက်မိသည်။
ဤတတိယအဒေါ်က ငယ်ရွယ်လွန်းသေးသည်ဟု ဆိုရပေမည်။
သူမအနေဖြင့် ထိုအကြောင်းကို တွေးပင်မတွေးခဲ့ပါချေ။ အကယ်၍သာ လူနာပြုစုရသည့် အလုပ်မျိုးက ရှာဖွေရ လွယ်ကူနေမည်ဆိုပါက လူတိုင်း ထိုအလုပ်ကို လုပ်ကိုင်ကြလိမ့်မည် မဟုတ်ပါလား။
ထိုသို့ဆိုလျှင် မြို့ပေါ်၌ အလုပ်အကိုင် ရှာမရသောကြောင့် ကျေးလက်ဒေသများသို့ မဖြစ်မနေ သွားရောက်နေကြရသည့် လူအများအပြား ရှိလာမည် မဟုတ်ပေ။
သို့သော်လည်း လင်းရန်အနေဖြင့် ဤအကြောင်းများကို ယင်းဖန်အား ပြောပြရန် မလိုအပ်ပါချေ။
ဆိုရလျှင် တခြားသူများအတွက် လူနာစောင့်အလုပ် ရှာဖွေရန် ခက်ခဲနိုင်သော်လည်း ယင်းဖန်အတွက်တော့ သူမ၏ ရှေ့တွင်အဆင်သင့်ရှိနေသော အခွင့်အရေးတစ်ခု ရှိနေခဲ့သည်မဟုတ်ပါလား။
လင်းရန်က မနက်ဖြန်တွင် အလုပ်တက်ရမည် ဖြစ်သောကြောင့် အလုပ်ဆင်းချိန်ကျမှသာ ဆေးရုံသို့သွားရန် အချိန်သတ်မှတ်လိုက်လေသည်။ ထိုအချိန်တွင် ယင်းဖန်ကို စားသောက်ဆိုင်တံခါးဝသို့ တိုက်ရိုက်လာစောင့်နေရန် ပြောကြားခဲ့သည်။
အလုပ်ပြီးချိန်တွင် သူတို့နှစ်ဦး ဆေးရုံသို့ အတူသွားကြလိမ့်မည်။
…
နောက်တစ်နေ့တွင် လင်းရန်က အဘွားလင်းနှင့် ယင်းဖန်တို့အား အိမ်၏အနီးတဝိုက်တွင် လျှောက်လည်ကြရန် ပြောခဲ့သည်။
မွန်းတည့်ချိန်သို့ ရောက်လာချိန်တွင် သူမ၏ ဖခင်ဖြစ်သူက သူတို့ကို လာရောက်ခေါ်ဆောင်မည်ဖြစ်ပြီး လင်းရန် အလုပ်လုပ်ကိုင်သည့် စားသောက်ဆိုင်သို့ လိုက်ပါပို့ဆောင်ပေးလိမ့်မည်။
ထိုသို့ဆိုလျှင် သူတို့အနေဖြင့် ထမင်းစားရင်း လင်းရန်ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်၍ ခဲတစ်လုံးနှင့်ငှက်နှစ်ကောင်ပစ်နိုင်သောအခြေအနေမျိုးပင် ဖြစ်ပေ၏။
ထို့အပြင် ဖခင်ဖြစ်သူ လင်းကျန်းအန်းအနေဖြင့် အသစ်ဖွင့်လှစ်ထားသော နိုင်ငံပိုင်စားသောက်ဆိုင်ကို ရှာမတွေ့မည်ကိုလည်း လင်းရန်က အနည်းငယ်မျှ စိုးရိမ်ခြင်းမရှိပါချေ။
လင်းကျန်းအန်းက မြို့၏ တခြားနေရာများနှင့် မရင်းနှီးလျှင်ပင် မြို့တော်ခန်းမနှင့် မြို့တော်ဆေးရုံကို အလွန်ပင် ရင်းနှီးကျွမ်းဝင်ပေသည်။
အသစ်ဖွင့်လှစ်ထားသော နိုင်ငံပိုင်စားသောက်ဆိုင်မှာလည်း မြို့တော်ခန်းမ၏ အရှေ့တည့်တည့်တွင် တည်ရှိနေသောကြောင့် သူ ရှာမတွေ့နိုင်စရာ အကြောင်းမရှိပါချေ။
လင်းရန် အလုပ်သွားပြီးနောက်တွင် ယင်းဖန်အနေဖြင့် အိမ်၌သာ အေးအေးလူလူ လှဲလျောင်းနေပြီး လင်းကျန်းအန်း အလုပ်ပြီး၍ လာခေါ်မည့်အချိန်ကို စောင့်ဆိုင်းကာ လင်းရန် အလုပ်လုပ်သည့် ဆိုင်တွင် သွားရောက်စားသောက်ရန် စိတ်ကူးထားခဲ့သည်။
သို့သော်လည်း အဘွားလင်းက သူမကို ချက်ချင်းပင် ထခိုင်းခဲ့လေသည်။
“ဘာတွေ လုပ်နေတာလဲ၊ မြန်မြန်ထပြီး ရန်ရန်ရဲ့ အိမ်ကို သန့်ရှင်းရေး လုပ်ဦး၊ အဒေါ်တစ်ယောက် ဖြစ်ပြီးတော့ ဒါလေးတောင် မတွေးမိဘူးလား!”
အဘွားလင်းသည်က ကိုယ်တိုင်လည်း အလုပ်ရှုပ်နေရင်းဖြင့် ယင်းဖန်ကို ဆူပူပြောဆိုနေခဲ့သည်။
တကယ်တမ်းတွင် လင်းရန်ကိုယ်တိုင်က သန့်ရှင်းမှုကို မြတ်နိုးသူဖြစ်သောကြောင့် အိမ်ကို အမြဲတစေ သပ်သပ်ရပ်ရပ် ထားရှိတတ်ပေသည်။
သို့သော်လည်း လူကြီးများသည်ကလုပ်စရာ အလုပ်မရှိလျှင်ပင် အလုပ်ကို အတင်းရှာ၍ လုပ်တတ်ကြသည်ပင်။
သို့ဖြစ်၍ တစ်မနက်ခင်းလုံးတွင် ယင်းဖန်တစ်ယောက် အဘွားလင်း၏ ခိုင်းစေမှုကြောင့် အလုပ်များကို မနားတမ်း လုပ်ကိုင်နေခဲ့ရရှာသည်။
နောက်ဆုံး မွန်းတည့်ချိန်သို့ ရောက်ရှိသည်နှင့် လင်းကျန်းအန်းက သူတို့ကို လာရောက်ခေါ်ဆောင်ခဲ့သည်။ ထိုအချိန်မှသာ ယင်းဖန်တစ်ယောက် သက်ပြင်းချနိုင်ပြီး သူတို့ သုံးဦး မြို့တော်ခန်းမအနီးရှိ နိုင်ငံပိုင်စားသောက်ဆိုင်သို့ ထွက်ခွာခဲ့ကြလေ၏။
လမ်းတွင် အဘွားလင်းက လင်းကျန်းအန်းအား မနက်ခင်းမှ အလုပ်ကိစ္စများ၏အခြေအနေကို စိတ်ပူပန်စွာဖြင့် မေးမြန်းခဲ့ပေသည်။
လင်းကျန်းအန်း မည်သည့်ကိစ္စကို လုပ်ဆောင်နေသည်ကို သူမ အတိအကျ မသိရှိသော်လည်း ရလဒ်ကောင်းမကောင်း သိရှိရမှသာ သူမ စိတ်အေးသွားရလိမ့်မည်။
အမေဖြစ်သူ၏စကားကို ကြားချိန်တွင် လင်းကျန်းအန်းက မရယ်မောဘဲ မနေနိုင်တော့ဘဲ အဘွားလင်းကို ပြောပြလိုက်၏။
“အမေ၊ ကျွန်တော် လုပ်တဲ့ကိစ္စကို စိတ်မပူပါနဲ့၊ အရာအားလုံး အဆင်ပြေသွားပါပြီ၊ ဒါပေမဲ့ ညနေပိုင်းမှာ ခေါင်းဆောင်တစ်ယောက်ဆီကို တစ်ခေါက်လောက် ထပ်သွားစရာ ရှိသေးတယ်၊ အဲဒါပြီးရင်တော့ တခြားကိစ္စ မရှိတော့ပါဘူး”
“ကျွန်တော်တို့ နောက်ထပ် နှစ်ရက်လောက် ကြာမှ ပြန်ကြတာပေါ့၊ အမေတို့ကို မြို့ထဲကို လိုက်ပြပေးပါ့မယ်”
လွန်ခဲ့သော နှစ်ဝက်အတွင်း လင်းကျန်းအန်းက မြို့၏ နေရာအနှံ့အပြားကို ရင်းနှီးနေပြီဖြစ်၍ ဤမြို့တွင် မွေးဖွားကြီးပြင်းလာသူကဲ့သို့ပင် အကျွမ်းတဝင် ရှိနေခဲ့ပေပြီ။
ထို့ကြောင့် အဘွားလင်းတို့ကဲ့သို့ မြို့ပေါ်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာသူများကို လိုက်လံပို့ဆောင်ပေးရန်အတွက် အခက်အခဲ မရှိပါချေ။
အဘွားလင်းသည်လည်း သူ၏ အလုပ်ကိစ္စများ ပြီးမြောက်လုနီးပါး ဖြစ်နေပြီဟု ကြားရမှသာ စိတ်သက်သာရာ ရသွားတော့သည်။
“ကောင်းပြီ၊ တကယ်လို့ မင်း အားတယ်ဆိုရင်လည်း လျှောက်ကြည့်ကြတာပေါ့၊ ငါလည်း ဒီလို မြို့ကြီးကို သေသေချာချာ မရောက်ဖူးသေးဘူး”
ဘေးနားတွင်ရှိနေသော ယင်းဖန်သည်လည်း သားအမိနှစ်ဦး၏ စကားကို ကြားချိန်တွင် အတူလိုက်ပြီးလည်ပတ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။
မည်သူကများ ဤကဲ့သို့မြို့ကြီးကို လိုက်ပါလည်ပတ်ပြီး အမြင်ကျယ်အောင် မလုပ်ချင်ဘဲ နေပါမည်နည်း။
သူမ အမှန်တကယ်ပင် လည်ပတ်ချင်ပေပြီ။
သို့သော်လည်း သူမတွင် အလုပ်ရနိုင်သည့် အခွင့်အရေး ရှိနေသောကြောင့် အချိန်မပေးနိုင်မည်ကို တွေးမိကာ တုံ့ဆိုင်းစွာဖြင့်သာ နှုတ်ပိတ်နေခဲ့ရသည်။
သူတို့သုံးဦး စကားပြောဆိုရင်းဖြင့် လင်းရန် အလုပ်လုပ်ရာ စားသောက်ဆိုင်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြလေသည်။
လင်းရန်က လီမေ့တို့အား ကြိုတင် မှာထားပုံရသည်။ ထို့ကြောင့် လီမေ့က စိမ်းသက်သော မျက်နှာများကို မြင်တွေ့ရသော်လည်း အံ့ဩသွားခြင်းမရှိဘဲ သူတို့ကို နွေးထွေးစွာ ကြိုဆိုခဲ့လေ၏။
“မင်္ဂလာပါ.. ဒါက စားဖိုမှူးရှောင်လင်းရဲ့ မိသားစုဝင်တွေပဲ ဖြစ်ရမယ်၊ လာကြပါ.. ဒီမှာ ထိုင်ကြပါဦး”
လီမေ့က သူတို့သုံးဦးကို နေရာချပေးပြီးနောက် မီးဖိုချောင်ဘက်သို့ လှမ်းအော်ပြောလိုက်လေသည်။
“စားဖိုမှူးရှောင်လင်း... မင်းရဲ့ မိသားစုဝင်တွေ ရောက်နေပြီ”
ကံကောင်းစွာဖြင့် လင်းကျန်းအန်းတို့ ရောက်ရှိလာချိန်က အနည်းငယ် နောက်ကျနေပြီဖြစ်သောကြောင့် ထမင်းစားချိန်ကို ကျော်လွန်နေခဲ့ကာ လူများရှင်းလင်းနေပေသည်။
ထို့ကြောင့် စားဖိုမှူးတစ်ခုလုံးတွင် လက်ရှိ၌ သူတို့သုံးဦးသာ ဧည့်သည်အဖြစ် ရှိနေကြလေ၏။
လင်းရန်လည်း အသံကြားသည်နှင့် ကာထားသော လိုက်ကာကို ဆွဲဖွင့်ကာ အမြန်ထွက်လာခဲ့ပြီးနောက် သူတို့ကို မေးမြန်းလိုက်သည်။
“အဘွား၊ အဖေနဲ့ တတိယအဒေါ်... ဘာစားချင်ကြလဲ ၊ ကျွန်မ ချက်ပေးမယ်လေ”
လင်းကျန်းအန်းမှလွဲ၍ ကျန်ရှိသည့် လူနှစ်ဦးမှာ စားသောက်ဆိုင်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သော်လည်း လင်းရန်ကိုယ်တိုင် အလုပ်လုပ်သည့်ဆိုင် ဖြစ်နေသည့်အပြင် ချက်ပြုတ်သူမှာလည်း လင်းရန်သာ ဖြစ်နေသောကြောင့် သူတို့အနေဖြင့် အနေရမခက်ဘဲ လွတ်လပ်ပေါ့ပါးနေခဲ့ကြပေသည်။
သူတို့သုံးဦးက ဟင်းလျာများကို အလျှင်အမြန်ပင်မှာလိုက်ကြလေ၏။
လင်းရန်ကလည်း မီးဖိုချောင်ထဲသို့ အလျှင်အမြန် ပြန်ဝင်ပြီးချက်ပြုတ်ပေးခဲ့သည်။
***