လင်းရန် ချက်ပြုတ်နေသည့် အချိန်တွင် အဘွားလင်းက ဆိုင်ထဲသို့ လှည့်ပတ်ကြည့်ရှုနေပြီးနောက် လီမေ့ဘက်သို့ လှမ်းကြည့်ကာ လင်းရန်၏ အလုပ်အကိုင် အခြေအနေများကို အပြုံးတစ်ခုဖြင့် မေးမြန်းနေခဲ့လေသည်။
လီမေ့သည်လည်း စကားပြောကောင်းသူ ဖြစ်သည့်အပြင် ယခုအချိန်တွင် တခြားဧည့်သည်များလည်း မရှိသောကြောင့် လင်းရန်၏ မိသားစုဝင်များနှင့် စကားလက်ဆုံ ကျသွားခဲ့တော့သည်။
လင်းကျန်းအန်းအနေဖြင့် သူတို့နှစ်ဦး စကားပြောနေကြသည်ကို ငြိမ်သက်စွာ နားထောင်နေခဲ့သည်။
ယင်းဖန်သည်ကား လင်းရန်၏ အလုပ်အကိုင်ထက် လီမေ့အပေါ်တွင်သာ ပို၍ စိတ်ဝင်တစားရှိနေလေသည်။
လီမေ့၏ အသက်အရွယ်ကို ကြည့်ရလျှင် သူမနှင့် ရွယ်တူခန့်သာ ရှိပုံရပြီး မည်သည့်အရာမှ ထူးထူးခြားခြား ရှိမနေပါချေ။
သို့သော်လည်း ယခုကဲ့သို့ အမျိုးသမီးတစ်ဦးက နိုင်ငံပိုင်ဟိုတယ်တွင် စားပွဲထိုးအဖြစ် လုပ်ကိုင်နိုင်နေခဲ့သည်။ သူမက အမှန်တကယ်ပင် ကံကောင်းလွန်းပုံရသည်။
ယင်းဖန်၏ စိတ်ထဲတွင် မနာလိုသည့် ခံစားချက်များ ခဏလောက်ပေါ်လာခဲ့လေ၏။ သို့သော်လည်း ညနေပိုင်းတွင် ဆေးရုံသို့ သွားရမည်ကို ပြန်လည်တွေးမိလိုက်ပြန်သည်။
ထိုအချိန်တွင် သူမလည်း လူနာစောင့်အလုပ်ရရှိနိုင်ခြေ ရှိသည်ဟု တွေးမိသောကြောင့် စိတ်ကြည်လင်သွားရပြန်သည်။
လင်းရန်က ဟင်းပွဲများကို လာရောက်ချပေးပြီးနောက် သူတို့နှင့်အတူ စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်လေသည်။
လင်းရန်သည်လည်း အဘွားလင်းကဲ့သို့ ထမင်းစားပြီးချိန်တွင် လင်းကျန်းအန်း၏ အလုပ်ကိစ္စများ အကြောင်းကို မေးမြန်းပြန်သည်။
လင်းကျန်းအန်း၏ အဖြေက အဘွားလင်းကို ဖြေခဲ့သည့်အတိုင်းပင် ဖြစ်နေခဲ့သော်လည်း လင်းရန်က နောက်ထပ်မေးခွန်းတစ်ခု ပို၍ မေးမြန်းလိုက်၏။
“အဖေ.. ညနေပိုင်း သွားမယ့်နေရာက ဝေးလား ၊ ဝေးမယ်ဆိုရင် ကျွန်မ စက်ဘီးတစ်စီး ငှားပေးမယ်လေ”
လင်းကျန်းအန်းက အပြုံးတစ်ခုနှင့် ခေါင်းကိုခါရမ်းပြကာ ရှင်းပြလိုက်သည်။
“မဝေးပါဘူး၊ မင်းတို့ရဲ့ အိမ်နားလောက်မှာပဲ”
“ဒါဆို အတော်လေး အဆင်ပြေတာပဲ”
လင်းရန်က ခေါင်းညိတ်လိုက်ပြီး တိုက်ဆိုင်လွန်းသည်ဟု ပြောရန် ပြင်လိုက်ချိန်မှာပင် လင်းကျန်းအန်းက ဆက်လက် ပြောဆိုလိုက်သည်။
“ဒါပေမဲ့ သစ်သီးလိုမျိုး တစ်ခုခု ဝယ်ဖို့အတွက် လမ်းကြုံ ဝင်ရဦးမယ် ထင်တယ်၊ အဲဒီခေါင်းဆောင်က လွန်ခဲ့တဲ့ ရက်ပိုင်းက နေမကောင်းလို့ ဆေးရုံတက်နေရတာလေ”
ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းရန်တစ်ယောက် ကြောင်အသွားရလေတော့သည်။
သို့ဆိုလျှင် သူမ၏အဖေ ညနေပိုင်း သွားရောက်တွေ့ဆုံမည့် ခေါင်းဆောင်မှာ ဆေးရုံတွင် ရှိနေသည်ဟု ဆိုလိုခြင်းဖြစ်၍ သူမတို့နှင့်အတူ ဆေးရုံသို့ သွားရမည်ဟု ပြောလာခြင်းပင် မဟုတ်ပါလား။
“ဒုတိယအစ်ကို၊ တိုက်ဆိုင်လိုက်တာ.. ရန်ရန်နဲ့ ကျွန်မလည်း ညနေကျရင် ဆေးရုံကို သွားကြမလို့လေ၊ ဒါဆို အတူတူ သွားကြတာပေါ့!”
ယင်းဖန်၏ ပါးစပ်က ဦးနှောက်ထက် အမြဲတစေ မြန်ဆန်ပေသည်။
သူမက ထိုစကားပြောပြီးမှသာ သူမနှင့် လင်းရန်တို့သည်က လီရှို့လီနှင့် စုန့်ဝေ့တို့အား သွားရောက်တွေ့ဆုံရမည်ကို ရုတ်တရက် သတိရသွားတော့၏။
ထို့အပြင် လင်းကျန်းအန်းနှင့် ထိုသူနှစ်ဦးကြားရှိ ပတ်သက်မှုကိုလည်း သတိပြုမိသွားကာ ထိတ်လန့်သွားရသည်။
“အာ ... ဟို... ကျွန်မ... ကျွန်မ ဒီအကြောင်းကို ရည်ရွယ်ပြီး ပြောလိုက်တာ မဟုတ်ပါဘူး...”
ယင်းဖန်က သူမ၏ ပါးစပ်ကို လက်ဖြင့်အမြန်ပင် ပိတ်လိုက်ပြီးနောက် အဘွားလင်းဘက်သို့ လှမ်းကြည့်လိုက်လေသည်။
သူမ ထင်ထားသည့်အတိုင်း အဘွားလင်းမှာ သူမ၏ ပါးစပ်ကို အပ်ဖြင့်ချုပ်ပစ်ချင်နေသည့်အလား ဒေါသထွက်စွာစိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရလေ၏။
လင်းကျန်းအန်းအနေဖြင့် သူတို့ မည်သည့်အတွက်ကြောင့် ဤမျှအထိ ထိတ်လန့်နေကြသည်ကို မသိရှိပါချေ။
သူက အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
“အတော်ပဲ.. တိုက်ဆိုင်သွားတာပဲ၊ ငါတို့ အတူတူ သွားကြတာပေါ့”
ယင်းဖန်က မသိစိတ်ဖြင့် ချက်ချင်းပင် တုံ့ပြန်လိုက်လေသည်။
“မရဘူး! ဒုတိယအစ်ကို ကျွန်မတို့နဲ့ အတူတူ လိုက်လာလို့ မဖြစ်ဘူး!”
ယင်းဖန်၏ တုံ့ပြန်မှုမှာ ဆေးရုံတွင် လင်းကျန်းအန်း မမြင်သက့်သည့်အရာ တစ်ခုခု ရှိနေသကဲ့သို့ အလွန်ပင် ကျယ်လောင်လွန်းသည်။
မူလက လင်းကျန်းအန်းအနေဖြကာ့ သူတို့နှင့်အတူလိုက်သွားရန် အမှန်တကယ် ဆန္ဒရှိခဲ့သည်မဟုတ်ပါချေ။သို့သော်လည်း ယင်းဖန်၏ တုံ့ပြန်မှုကြောင့် သူ၏ သိချင်စိတ်တို့က နိုးကြားလာခဲ့ရသည်။
လင်းကျန်းအန်းက လင်းရန်အား ကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်လေသည်။
“ရန်ရန်... တစ်ခုခု ဖြစ်နေလို့လား”
အခြေအနေက ဖုံးကွယ်ထား၍ မရနိုင်တော့သည်ကို မြင်လျှင် လင်းရန်လည်း သက်ပြင်းချလိုက်ပြီးနောက် လီရှို့လီနှင့် စုန့်ဝေ့တို့၏ အကြောင်းကို လင်းကျန်းအန်းအား အနည်းငယ် ဖွင့်ဟပြောပြလိုက်ရလေတော့သည်။
ဘေးနားရှိ ယင်းဖန်ကလည်း လင်းရန်ကိုယ်တိုင် ပြောပြနေသည်ကို မြင်ချိန်တွင် အလျှင်အမြန်ပင် ဝင်၍ ဖြည့်စွက်ပြောဆိုပြန်သည်။
“ဒုတိယအစ်ကို... ကျွန်မက အစ်ကို့အတွက် တွေးပေးလို့ အတူမလိုက်ခိုင်းတာပါ၊ မဟုတ်ရင် အစ်ကိုက သူတို့နှစ်ယောက်ကို တွေ့ရတာ ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်ရလိမ့်မယ်၊ ဘယ်လောက်တောင် မျက်နှာပူစရာ ကောင်းလိုက်မလဲ!”
ထိုစကားကို ကြားချိန်တွင် လင်းရန်တစ်ယောက် ယင်းဖန်အား မျက်လုံးလှန်ပြချင်စိတ်ပင် ဖြစ်သွားရပေသည်။
အကယ်၍သာ ယင်းဖန်အနေဖြင့် မတိုင်မီ ထိုမျှအထိ ပြာပြာသလဲ တုံ့ပြန်ခဲ့ခြင်း မရှိပါက ဖခင်ဖြစ်သူက ဤအကြောင်းကို သိရှိသွားပါမည်လား။
လင်းကျန်းအန်းသည်ကား လီရှို့လီနှင့် စုန့်ဝေ့တို့၏ သတင်းကို ယခုကဲ့သို့ အချိန်မျိုး၌ ရုတ်တရက် ကြားလိုက်ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါချေ။
သူ ခေတ္တမျှ ကြောင်အသွားပြီးနောက်မှ တည်ငြိမ်စွာပင် ပြောဆိုလိုက်လေသည်။
“သူတို့က ဆေးရုံမှာ သူတို့ဘာသာနေကြတာပဲ၊ ငါ့အနေနဲ့ သူတို့ကြောင့်နဲ့ တကူးတက ရှောင်နေဖို့ မလိုပါဘူး၊ အခု ငါတို့ကြားမှာ ဘယ်လိုပတ်သက်မှုမှ မရှိတော့ဘူး၊ သူစိမ်းတွေပဲလေ”
ဖခင်ဖြစ်သူ၏ စကားကို ကြားရချိန်တွင်မှ လင်းရန်လည်း စိတ်သက်သာရာရသွားခဲ့သည်။
ဆိုရလျှင် သူမအနေဖြင့် ဤလူနှစ်ဦးအကြောင်းကို ပြောလိုက်ခြင်းက ဖခင်ဖြစ်သူအား စိတ်မသက်မသာ ဖြစ်စေမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။
သို့သော် ကံကောင်းစွာဖြင့် ကြည့်ရသည်မှာ သူမ၏ ဖခင် လင်းကျန်းအန်း၏ စိတ်ထားက သူမ ထင်မှတ်ထားသည်ထက် ပို၍ ကျယ်ပြောပေသည်။
သို့သော်လည်း သူတို့က လီရှို့လီနှင့် စုန့်ဝေ့တို့ဆီသို့ သွားကြမည် ဖြစ်သောကြောင့် လင်းကျန်းအန်းကလည်း သူတို့ကို စောင့်ဆိုင်းနေရန် ရည်ရွယ်ချက် မရှိပါချေ။
ထို့ကြောင့် နေ့လယ်စာ စားသောက်ပြီးနောက် မကြာမီမှာပင် ထိုင်နေရာမှ ထ၍ အရင်ဦးစွာ ထွက်ခွာသွားခဲ့တော့သည်။
သူက လိုအပ်သည်များကို ဝယ်ယူပြီးနောက် ဆေးရုံသို့သွားကာ ခေါင်းဆောင်အား လူမမာမေးရန်ပြင်ဆင်လိုခဲ့သည်။
ယင်းဖန်နှင့် အဘွားလင်းတို့ကိုတော့ လင်းရန်က အိမ်ပြန်လမ်းကို မှတ်မိခြင်း ရှိ၊ မရှိ မေးမြန်းလိုက်သည်။
သူတို့က ခေါင်းညိတ်ပြချိန်တွင်မှသည သူမက သူတို့ကို လိုက်မပို့တော့ဘဲ ယင်းဖန်အား ညနေ ခြောက်နာရီဝန်းကျင်တွင် ဤနေရာသို့ လာပြီး စောင့်ဆိုင်းနေရန် မှာလွုက်လေ၏။
…
ညနေ သုံးနာရီဝန်းကျင်တွင် လင်းကျန်းအန်းက သစ်သီးများနှင့် မုန့်အ
တချို့ကို ကိုင်ဆောင်ကာ မြို့တော်ဆေးရုံ၏ တံခါးဝသို့ ရောက်ရှိလာခဲ့သည်။
သူ လာရောက်တွေ့ဆုံသည့် ခေါင်းဆောင်မှာ သူ၏ လုပ်ငန်းအတွက် အလွန်ပင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေ၏။
သူသည်က ယခင်က စက်ရုံ တည်ထောင်ပြီးနောက်တွင် သူ၏ လုပ်ငန်းကို တခြားပြည်နယ်များသို့ တိုးချဲ့ရန်နှင့် တခြားပြည်နယ်ရှိ ဆေးဆိုင်များ၊ ဆေးရုံများနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ခဲ့ဖူးသည်။
သို့သော်လည်း တခြားပြည်နယ်များတွင် လုပ်ငန်းလုပ်ကိုင်ရာ၌ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရပ်များနှင့် လုပ်ထုံးလုပ်နည်းများစွာ ရှိနေခဲ့သောကြောင့် လင်းကျန်းအန်းအနေဖြင့် ဤအကြောင်းအရာများကို တစ်ခါမျှ မထိတွေ့ဖူးသည့်အတွက် လုံးဝ နားမလည်ခဲ့ပါချေ။
သို့သော်လည်း မနက်ခင်းတွင် သက်ဆိုင်ရာ ခေါင်းဆောင်များအား ဤကိစ္စကို တင်ပြခဲ့ချိန်၌ တစ်ဖက်လူမှ တစ်စုံတစ်ဦးသည်က သူ့အတွက် ဤအကြောင်းအရာများကို ကြိုတင် စဉ်းစားပေးထားပြီးဖြစ်ကြောင်းနှင့် သတင်းစကားပင် ပါးထားပြီးဖြစ်ကြောင်း ပြောလာခဲ့သည်။
အကယ်၍ လင်းကျန်းအန်းသာ ကိုယ်တိုင် လာရောက် လုပ်ဆောင်မည်ဆိုပါက မည်သည့် ကြန့်ကြာမှုမျှ ရှိလိမ့်မည် မဟုတ်ပေ။
ယနေ့ သူ သွားရောက်တွေ့ဆုံမည့်သူမှာ သူ၏ လုပ်ငန်းအပေါ်တွင် များစွာ အားပေးကူညီခဲ့သော ထိုခေါင်းဆောင်ပင် ဖြစ်ပေသည်။
ဤခေါင်းဆောင်က သူ့အား များစွာ ကူညီခဲ့ပေသည်။ ထိုကိစ္စများကို ခေါင်းဆောင်ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန် မလိုအပ်သော်လည်း အကယ်၍ သူသာ ထိုအကြောင်းကို မပြောဆိုခဲ့ပါက လင်းကျန်းအန်းအနေဖြင့် အချိန်မည်မျှ ကုန်ဆုံးသွားမည်ကို မသိနိုင်ပါချေ။
ထို့ကြောင့် ခေါင်းဆောင် နေမကောင်းဖြစ်၍ ဆေးရုံတက်နေရသည်ဟု ကြားရချိန်တွင် မည်သို့ပင်ဖြစ်စေ သူကိုယ်တိုင် လာရောက်ပြီး လူမမာမေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။
လင်းကျန်းအန်း ဆေးရုံသို့ ဝင်လာပြီးနောက် သူနာပြုတစ်ဦးအား လူနာဆောင်သို့ မည်သို့သွားရမည်ကို မေးမြန်းနေချိန်မှာပင် မမျှော်လင့်ဘဲ ရင်းနှီးသောလူတစ်ဦးကို တွေ့လိုက်ရလေသည်။
“ဦးလေးလင်းလား”
“ရဲဘော်ကျိုး”
ရောက်လာသူမှာ မြို့တော်ဆေးရုံတွင် အလုပ်လုပ်ကိုင်နေသည့် စုန့်ရှီးယန်၏ ငယ်သူငယ်ချင်း ဒေါက်တာ ကျိုးကျယ်ပင်းသာ ဖြစ်ပေသည်။
စုန့်ရှီးယန်က လင်းကျန်းအန်းနှင့်အတူ လုပ်ငန်းပါတနာရှာရန် မြို့ပေါ်သို့ လိုက်ပါလာချိန်က ကျိုးကျယ်ပင်းနှင့် ဆုံတွေ့ခဲ့ဖူးသည်။
မြို့တော်ဆေးရုံနှင့် အဆင်ပြေချောမွေ့စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းမှာလည်း ကျိုးကျယ်ပင်း၏ အကူအညီတို့ အနည်းငယ် ပါဝင်နေခဲ့ပေသည်။
“ဦးလေးလင်း... ဆေးရုံကို ဆေးပင်တွေလာပို့တာလား”
ကျိုးကျယ်ပင်းက အပြုံးတစ်ခုနှင့် မေးမြန်းလိုက်သော်လည်း လင်းကျန်းအန်း ကိုင်ဆောင်ထားသည်မှာ ဆေးပင်များ မဟုတ်ဘဲ သစ်သီးများနှင့် မုန့်များ ဖြစ်နေသည်ကို ရုတ်တရက် သတိပြုမိသွားသည်။
ဤပစ္စည်းများမှာ ပုံမှန်အားဖြင့် လူနာမေးသည့်အချိန်မှသာ ယူဆောင်လာတတ်သည့် အရာများ ဖြစ်ပေ၏။
ကျိုးကျယ်ပင်း၏ သိချင်နေသော အမူအရာကို မြင်ချိန်တွင် လင်းကျန်းအန်းက အပြုံးတစ်ခုနှင့် ရှင်းပြလိုက်လေသည်။
“မဟုတ်ပါဘူး၊ ဆေးရုံတက်နေတဲ့ ခေါင်းဆောင်တစ်ယောက်ဆီကို လူမမာလာမေးတာ”
ထိုစကားကို ကြားလျှင် ကျိုးကျယ်ပင်းလည်း ချက်ချင်းပင် သဘောပေါက်သွားတော့၏။
သူ့အနေဖြင့် ဤလူက စုန့်ရှီးယန်၏ ယောက္ခမဖြစ်သူဖြစ်ကြောင်းကို တွေးမိပြီးနောက် ကူညီပေးရန်တွေးလိုက်သည်။
“ဦးလေး တွေ့ချင်တဲ့ ခေါင်းဆောင်ရဲ့ နာမည်က ဘယ်သူလဲ ၊ ကျွန်တော် သူတို့ ဘယ်လူနာဆောင်မှာ ရီုနေလဲဆိုတာသိနိုင်လောက်တယ်၊ ကျွန်တော် တစ်ခါတည်း လိုက်ပို့ပေးပါ့မယ်”
ကျိုးကျယ်ပင်းသည်က လူနာဆောင်များဘက်သို့ လူနာစစ်ဆေးရန် သွားခါနီး ဖြစ်သောကြောင့် လင်းကျန်းအန်းကိုမြင်ချိန်တွင် တစ်ခါတည်းလမ်းညွှန်ပေးရန် တွေးတောခဲ့ခြင်း ဖြစ်ပေသည်။
လင်းကျန်းအန်းသည်လည်း လူကိုရှာမတွေ့မည်ကို စိုးရိမ်နေခဲ့ချိန်တွင် ကျိုးကျယ်ပင်း၏ စကားကို ကြားခဲ့ရသောကြောင့် ဝမ်းသာအားရဖြင့်ဖြင့် ခေါင်းဆောင်၏ အမည်ကို ပြောပြလိုက်လေသည်။
ကျိုးကျယ်ပင်းက ထိုခေါင်းဆောင် မည်သည့်နေရာတွင် ရှိနေကြောင်းကို သိနေသောကြောင့် လင်းကျန်းအန်းအား ထိုနေရာသို့ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့လေ၏။
“ဦးလေးလင်း... ဒီအခန်းပဲ၊ တံခါးခေါက်ပြီး လူရှိမရှိ မေးကြည့်လိုက်ပါဦး”
ကျိုးကျယ်ပင်းအနေဖြင့် လူနာက နေပူစာလှုံရန် အပြင်သို့ ထွက်သွားမည်ကို စိုးရိမ်နေသောကြောင့် ပြောလိုက်လေ၏။
လင်းကျန်းအန်းလည်း ခေါင်းညိတ်ပြပြီးနောက် တံခါးကို ခေါက်လိုက်သည်။
မမျှော်လင့်ဘဲ သူ တံခါးခေါက်လိုက်သည်နှင့် အထဲမှ အနည်းငယ်ရင်းနှီးသကဲ့သို့ထင်။သော်လည်း စိမ်းသက်နေသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
“ဘယ်သူလဲ... ဝင်သာဝင်လာခဲ့ပါ၊ ဘာလို့ တံခါးခေါက်နေသေးတာလဲ၊ ငါ့ခြေထောက်က ဒဏ်ရာရထားလို့ ခုတင်ပေါ်က ဆင်းမရတာကို မသိဘူးလား”
***