“မျိုးဆက်သစ် လူငယ်...”
ထိုစကားကြောင့် လီရှို့လီနဲ့ စုန့်ဝေ့တို့နှစ်ဦးလုံးမှာ လင်းကျန်းအန်းအား မကြည့်ဘဲ မနေနိုင်တော့ပါချေ။
ဤအခန်းထဲတွင် မျိုးဆက်သစ်လူငယ်ဟု ခေါ်ဆိုနိုင်သူမှာ သူတစ်ဦးတည်းသာ ရှိသည် မဟုတ်ပါလား။
သို့သော်လည်း လင်းကျန်းအန်းက ခေါင်းဆောင်ချန်နှင့် မည်သည့်အချိန်က ဆုံတွေ့ခဲ့ပါသနည်း။
ခေါင်းဆောင်ချန်မှာ မြို့ပေါ်ရှိ အလွန်ဩဇာညောင်းသော ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ကြောင်းကို စုန့်ဝေ့ ရိပ်မိသိထားကြပေသည်။
လင်းကျန်းအန်းမှာ လယ်သမားကြီးတစ်ဦးမျှသာဖြစ်၍ မည်သည့်နေရာမှနေ၍ ယခုကဲ့သို့ အခွင့်အရေးမျိုး ရရှိခဲ့သည်လဲ။
သို့သော် စုန့်ဝေ့နှင့် လီရှို့လီတို့၏ သံသယများကို မည်သူကမျှ အဖြေမပေးခဲ့ပါချေ။
နောက်ဆုံးတွင် လင်းကျန်းအန်းက အရှေ့သို့သာ တည့်တည့်ကြည့်လျက် လူနာဆောင်ထဲသို့ ဝင်လာကာ သူတို့အား လျစ်လျူရှုပြီး ခေါင်းဆောင်ချန်၏ ခုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်ကိုသာ သူတို့ ငေးကြည့်နေခဲ့ရလေတော့သည်။
ဒါတွေက ဘယ်လိုဖြစ်ရတာလဲ!
လင်းကျန်းအန်းက သူမဆီကို လာတာမဟုတ်ဘူးလား။ ဘာလို့ ခေါင်းဆောင်ချန်ဆီကိုပဲ တိုက်ရိုက်သွားရတာလဲ။
လီရှို့လီမှာလည်း အံ့ဩတုန်လှုပ်ရုံသာမက မတိုင်မီက သူမဘာသာ စိတ်ကူးယဉ်မိခဲ့သည့်အတွက်လည်း ရှက်ရွံ့သွားရပြီး မျက်နှာတစ်ခုလုံး နီရဲသွားခဲ့ရသည်။
သူမအနေဖြင့် ဤအကြောင်းကို တခြားလူတစ်ဦးအား ဖွင့်ဟမပြောခဲ့မိခြင်းက ကံကောင်းလွန်းသည်ဟု တွေးမိလိုက်၏။ သို့မဟုတ်ပါက သူမက ဟာသကြီးတစ်ခုသာ ဖြစ်သွားရပေလိမ့်မည်။
လင်းကျန်းအန်းက ဝင်ထိုင်ပြီးနောက်တွင် ခေါင်းဆောင်ချန်နှင့် အလျှင်အမြန်ပင် စကားပြောဆိုခဲ့ကြသည်။
သူတို့နှစ်ဦးက အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးနေကြခြင်း ဖြစ်ပေသည်။ စုန့်ဝေ့တစ်ယောက် စိတ်ထဲရှိ တုန်လှုပ်မှုများကို အတင်းအကြပ် ထိန်းချုပ်လိုက်ပြီး သူတို့ပြောဆိုနေသော အကြောင်းအရာများကို သိရှိရန် နားစွင့်နေခဲ့၏။
သူ နားထောင်နေရင်းဖြင့် တုန်လှုပ်မှုများက ပိုမိုနက်ရှိုင်းလာခဲ့ရသည်။
လင်းကျန်းအန်းက ခေါင်းဆောင်ချန်နှင့် စီးပွားရေးကိစ္စများကို လာရောက်ဆွေးနွေးနေခြင်း ဖြစ်ပေသည်။
လွန်ခဲ့သော နှစ်ဝက်အတွင်း သူ့ထံတွင် မည်သို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်ကိုမသိသော်လည်း လက်ရှိတွင် သူက ခေါင်းဆောင်ချန်နှင့်ပင် အဆင့်တူစွာ စကားပြောနိုင်နေခဲ့ပေပြီ။
စက်ရုံအကြောင်းများ၊ တခြားပြည်နယ်များသို့ တိုးချဲ့မည့်အကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ...
ဤစကားလုံးများက စုန့်ဝေ့အား တစ်ခုခုကို ရှင်းလင်းစွာ သတိပြုမိစေခဲ့သည်။
သူ့အနေဖြင့် ဒါရိုက်တာရှုနှင့် သူ၏သမီးကိစ္စတို့ဖြင့်သာ အလုပ်ရှုပ်နေချိန်တွင် လင်းကျန်းအန်း၏ ကြီးထွားလာမှုမှာ သူ့ထက် အဆပေါင်းများစွာ သာလွန်သွားခဲ့ပြီ ဖြစ်ပေသည်။
သူ့ကိုယ်သူ ပြန်လည်သုံးသပ်ကြည့်လျှင် လွန်ခဲ့သော နှစ်ဝက်အတွင်း မည်သည့်တိုးတက်မှုမျှ မရှိခဲ့ရုံသာမက အင်ဂျင်နီယာရာထူးမှ သာမန်ဝန်ထမ်းတစ်ဦးအဖြစ်သို့ လျှောကျခဲ့ရသည်။
ယခုဆိုလျှင် ထိုဝန်ထမ်းအဖြစ်မှလည်း ထုတ်ပယ်ခံရကာ အိမ်ရာကိုလည်း ဆုံးရှုံးခဲ့ရပြီ ဖြစ်၏။
အခု သူ့မှာ လူတစ်ကိုယ်နှင့် ဘဏ်စာအုပ်တစ်အုပ်ကလွဲလို့ ဘာမှမရှိတော့ဘူး!
လင်းကျန်းအန်းကတော့ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်လာခဲ့ပြီး ယခုဆိုလျှင် သူ့၏ အိပ်မက်ထဲအထိ မျက်နှာချိုသွေးချင်နေသော ပုဂ္ဂိုလ်မျိုးနှင့်ပင် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
စုန့်ဝေ့က ပြတင်းပေါက်နားတွင် ထိုင်ကာ ခေါင်းဆောင်ချန်နှင့် စကားပြောနေသော လင်းကျန်းအန်းကို ငေးကြည့်နေမိသည်။
လူကတော့ ထိုလူအတိုင်းပင် ဖြစ်သော်လည်း သူ၏ စိတ်ဓာတ်နှင့် အရှိန်အဝါက များစွာ ကွာခြားသွားပြီဟု ခံစားနေရပေသည်။
နောက်ဆုံးတွင် ခေါင်းဆောင်ချန်နှင့် လင်းကျန်းအန်းတို့၏ စကားပြောဆိုမှု ပြီးဆုံးသွားကာ လင်းကျန်းအန်းက ထိုင်နေရာမှ ထ၍ ပြန်ရန် ပြင်လိုက်လေသည်။
လင်းကျန်းအန်းနှင့် စကားပြောရန် အခွင့်အရေးကို အောင့်သက်သက်ဖြင့် စောင့်ဆိုင်းနေသော လီရှို့လီသည်ကား သူ ပြန်တော့မည်ကို မြင်ချိန်တွင် မထိန်းချုပ်နိုင်တော့ဘဲ လှမ်း၍ ခေါ်လိုက်လေတော့သည်။
“လင်းကျန်းအန်း!”
လီရှို့လီ၏ အသံထွက်လာသည်နှင့် လင်းကျန်းအန်းမှလွဲ၍ အခန်းထဲရှိ လူတိုင်းက သူမအား လှည့်ကြည့်လိုက်ကြသည်။
အထူးသဖြင့် စုန့်ဝေ့က လူကိုပင် ဝါးစားချင်လုနီးပါး အေးစက်သော အကြည့်များဖြင့် လီရှို့လီအား စိုက်ကြည့်လိုက်၏။
လီရှို့လီနှင့် လင်းကျန်းအန်းတို့၏ ပတ်သက်မှုကို သူ ရှိပြီးသား ဖြစ်ပေသည်။ သူမက စုန့်ဝေ့နှင့် လက်ထပ်ခဲ့သည်မှာ အနှစ်နှစ်ဆယ်နီးပါး ရှိနေပြီ ဖြစ်သော်လည်း ဇနီးဟောင်းဖြစ်သူအနေဖြင့် သူမ၏ ခင်ပွန်းဟောင်းနှင့် တွေ့ဆုံလျှင် ရှောင်ရှားသင့်သည် မဟုတ်ပါလား။
လီရှို့လီအနေဖြင့် စုန့်ဝေ့၏ အေးစက်သော အကြည့်များကို မကြောက်ပါဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်။
သို့သော် သူမအနေဖြင့် မတတ်နိုင်ပါချေ။
အကယ်၍သာ စုန့်ဝေ့က အရင်ကကဲ့သို့ အင်ဂျင်နီယာကြီးတစ်ဦး ဖြစ်နေဦးမည်ဆိုလျှင် သူမက လင်းကျန်းအန်းအား လှည့်ပင်ကြည့်မည် မဟုတ်ပေ။
ဒါပေမဲ့ အခုတော့...
စုန့်ဝေ့က အင်ဂျင်နီယာ မဟုတ်တော့ရုံသာမက ယခုဆိုလျှင် အလုပ်သမားတောင် မဟုတ်တော့ပါချေ။
ဆေးရုံမှ ဆင်းလိုက်သည်နှင့် ရက်အနည်းငယ်အတွင်း စက်ရုံက ဝန်ထမ်းအိမ်ရာကို ပြန်လည်သိမ်းယူမည်မှာ သေချာပေသည်။ ထိုအချိန်ကျလျှင် သူတို့တွင် နေစရာနေရာ ရှိတော့မည် မဟုတ်ပေ။
သူမအနေဖြင့် စုန့်ဝေ့နှင့်အတူ လမ်းပေါ်တွင် လှည့်ပတ်သွားလာနေရန် လုံးဝ မဖြစ်နိုင်ပါချေ။
စုန့်ဝေ့က စက်ရုံတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သောကြောင့် စုဆောင်းငွေများ ရှိလိမ့်မည်က သေချာသော်လည်း ထိုငွေများက မည်မျှအထိ ခံနိုင်ပါမည်နည်း။
သူ၏ အသက်အရွယ်အပြင် ဒါရိုက်တာရှု၏ မိသားစုထံမှ အငြိုးအထားတေးခြင်းကို ခံထားရသောကြောင့် အလုပ်သစ်ပြန်ရှာရန်မှာ လုံးဝ လွယ်ကူမည်မဟုတ်ပေ။
သူ၏ စုဆောင်းငွေအနည်းငယ်မှာလည်း ရေရှည်အတွက် လုံလောက်မည် မဟုတ်ပယ။
အကယ်၍ ထိုသို့သာဆိုလျှင် သူမအနေဖြင့် ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ရှာဖွေထားသင့်သည် မဟုတ်ပါလား။
မူလက ဤအတွေးမှာ ပြင်းပြခြင်းမရှိသေးသော်လည်း လင်းကျန်းအန်းနှင့် ခေါင်းဆောင်ချန်တို့ ထိုအကြောင်းအရာများကို ဆွေးနွေးနေကြသည်ကို မြင်တွေ့လိုက်ရချိန်တွင် လီရှို့လီတစ်ယောက် သဘောပေါက်သွားခဲ့လေသည်။
လင်းကျန်းအန်း၏ စီးပွားရေးမှာ ယခုအချိန်၌ အလွန်ပင် ကြီးမားနေပေပြီ။ ထိုမျှသာမကဘဲ တခြားပြည်နယ်များသို့ပင် သွားရောက်ကာ ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းနေပြီ မဟုတ်ပါလား။
သို့ဆိုလျှင် သူ၏စက်ရုံမှာ အတိုင်းအတာတစ်ခုအထိ ကြီးမားနေမည်မှာ သေချာသည်ပင်။
ထိုစက်ရုံမှာ သူတစ်ဦးတည်း ပိုင်ဆိုင်သည်မဟုတ်လျှင်ပင် သူ့အား စက်ရုံမှူးတစ်ဦးအဖြစ် သတ်မှတ်နိုင်ပေသည်။
အကယ်၍သာ သူနှင့် ပြန်လည်ပေါင်းထုပ်ခွင့်ရမည်ဆိုပါက သူမသည်လည်း စက်ရုံမှူးကတော် ဖြစ်လာမည် မဟုတ်ပါလား။
ဤဘွဲ့နာမည်မှာ လီရှို့လီ အိပ်မက်ထဲတွင်ပင် ကြားချင်နေခဲ့သည့် နာမည်သာ ဖြစ်ပေ၏။
သို့ဖြစ်၍ ရင်ထဲရှိ လောဘရမ္မက်များ၏ တွန်းအားပေးမှုကြောင့် လီရှို့လီမှာ မဆင်မခြင်ပင် စကားဆိုလိုက်တော့သည်။
“ရှောင်လီ... မင်း ရှောင်လင်းနဲ့ သိတာလား”
ဘေးနားရှိ ခေါင်းဆောင်ချန်သည်လည်း လီရှို့လီက လင်းကျန်းအန်း၏ နာမည်ကို တိုက်ရိုက်ခေါ်ဆိုလိုက်သည်ကို မြင်တွေ့ရပြီး လေသံအရလည်း စိမ်းသက်မှုမရှိသောကြောင့် သူတို့က အကျွမ်းတဝင်ရှိသူများ ဖြစ်လိမ့်မည်ဟု ထင်မှတ်ကာ မေးမြန်းလိုက်သည်။
လီရှို့လီကတော့ ခေါင်းဆောင်ချန်အား ရှင်းပြရန် စိတ်မဝင်စားတော့ဘဲ ဝတ်ကျေတန်းကျေသာ ခေါင်းညိတ်ပြလိုက်ပြီးနောက် လင်းကျန်းအန်းအား ဆက်လက်၍ ခေါ်ဆိုလိုက်လေသည်။
“ရှင်... ဒီနှစ်တွေထဲမှာ ဘယ်လိုနေထိုင်ခဲ့လဲ ၊ ကျွန်မ ငယ်ငယ်တုန်းက ဆိုးရွားတဲ့စကားတွေ အများကြီး ပြောခဲ့မိပြီး ရှင့်ကို နာကျင်အောင် လုပ်ခဲ့မိတယ်...”
“လီရှို့လီ!”
“မင်းနဲ့ ငါနဲ့ ဘာတွေများပတ်သက်မှု ရှိနေလို့လဲ”
သူမပ လင်းကျန်းအန်းအား တောင်းပန်လိုသည့်အမူအယာကို ဟန်ဆောင်လိုခဲ့သော်လည်း အသံနှစ်သံက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။
အရှေ့မှအသံမှာ စုန့်ဝေ့၏ အသံဖြစ်ပေသည်။
လီရှို့လီက လင်းကျန်းအန်းကို လှမ်းခေါ်လိုက်ကတည်းက စုန့်ဝေ့တစ်ယောက် ဒေါသကို အောင့်ထားခဲ့ရခြင်း ဖြစ်၏။
သို့သော် လီရှို့လီက သူ့၏ရှေ့တွင်ပင် လင်းကျန်းအန်းအား ရဲတင်းစွာ စကားပြောဆိုနေသည်ကို မြင်တွေ့ရချိန်တွင်တော့ သည်းမခံနိုင်တော့ဘဲ ပြင်းထန်စွာ အော်ဟစ်လိုက်တော့သည်။
နောက်မှစကားကတော့ လင်းကျန်းအန်း ပြောလိုက်ခြင်းပင် ဖြစ်ပေသည်။
“သူတစ်ပါးရှေ့တွင် မျက်နှာကို ဖြတ်ရိုက်ခံရသကဲ့သို့” ဒေါသထွက်နေသော စုန့်ဝေ့၏ မျက်နှာအမူအရာနှင့်မတူဘဲ လင်းကျန်းအန်းကတော့ အလွန်ပင် တည်ငြိမ်နေခဲ့ပေသည်။
သူက ပြန်လှည့်ကြည့်လိုက်ကာ လီရှို့လီအား မည်သည့်ခံစားချက်မျှမပါသော မျက်နှာဖြင့် ကြည့်ရင်း ဆိုလိုက်လေသည်။
“လီရှို့လီ... ငါတို့ ကွာရှင်းခဲ့တာ အနှစ်နှစ်ဆယ်နီးပါး ရှိနေပြီ ၊ မင်းက အခုမှ ရုတ်တရက်ကြီး ဒီမေးခွန်းကို ငါ့ကို လာမေးနေတာက အဓိပ္ပာယ်မရှိဘူးလို့ မထင်ဘူးလား”
“မင်း ရန်ရန်ကို ခေါ်ပြီး ထွက်သွားတုန်းက အပြင်ဘက်မှာ ငတ်သေရင်တောင် ဘယ်တော့မှ ပြန်မလာဘူး၊ ငါ့ကိုလည်း လှည့်မကြည့်ဘူးလို့ ပြောခဲ့တယ်လေ
မင်းရဲ့ မှတ်ဉာဏ်မကောင်းတာကို ငါသိလို့ မင်း ပြောခဲ့တဲ့စကားတွေကို အခု ပြန်ပြောပြပြီး သတိပေးလိုက်မယ်...
မင်း တစ်ချိန်က ပြောခဲ့တဲ့စကားတွေကို မေ့မပစ်လိုက်တာ အကောင်းဆုံးပဲ”
သူမ၏ ထိုစကားများ၊ ထိုလုပ်ရပ်များကြောင့် သူ ရရှိခဲ့သည့် နာကျင်မှုများအတွက်ကတော့..
အစောပိုင်းနှစ်များက သူသည်လည်း လူငယ်တစ်ဦးဖြစ်သောကြောင့် သူမအကြောင်းကို တွေးမိတိုင်း နာကျင်ဒေါသထွက်ခဲ့ရသည်။
သို့သော်လည်း အချိန်များစွာ ကုန်ဆုံးသွားခဲ့ပြီဖြစ်၍ ယခုအချိန် သူသည်လည်း ကောင်းမွန်သော ဘဝတစ်ခုကို ပိုင်ဆိုင်ထားပြီး အရာအားလုံးအပေါ် ကျေနပ်နေပြီ ဖြစ်သောကြောင့် လီရှို့လီကဲ့သို့သော လူစားမျိုးကို တွေးတောကာ အလုပ်ရှုပ်ခံတော့မည် မဟုတ်ပါချေ။
လင်းကျန်းအန်း၏ စကားများမှာ လီရှို့လီ၏ ခေါင်းပေါ်သို့ ရေအေးဖြင့် လောင်းချလိုက်သကဲ့သို့ ဖြစ်စေကာ လင်းကျန်းအန်း၏ ရင်ထဲတွင် သူမအပေါ် မည်သည့် သံယောဇဉ်မျှ မရှိတော့ကြောင်းကို ကောင်းစွာ သိရှိသွားစေခဲ့သည်။
လီရှို့လီမှာ မျက်နှာဖြူလျော့ကာ ဆွံ့အသွားသည်ကို မြင်ချိန်တွင် လင်းကျန်းအန်းက ခေါင်းဆောင်ချန်အား ကြည့်ပြီး ပြောလိုက်လေသည်။
“ခေါင်းဆောင်ချန်... ကျွန်တော် ရှက်စရာကောင်းတဲ့ကိစ္စတွေကို ပြလိုက်မိပြီ၊ အခုတော့ ကိစ္စတွေက ရှင်းသွားပြီဆိုတော့ ကျွန်တော် အရင်သွားပါရစေ.. လိုက်ပို့ဖို့ မလိုပါဘူး၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦး”
ထိုသို့ပြောပြီးနောက် လင်းကျန်းအန်းက ယခုတစ်ကြိမ်တွင် တွန့်ဆုတ်မှုမျှမရှိဘဲ လူနာဆောင်ထဲမှ ထွက်ခွာသွားခဲ့တော့သည်။
သူ ထွက်သွားသည်နှင့် ခေါင်းဆောင်ချန်နှင့် ဇနီးဖြစ်သူတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြပြီး လူနာဆောင်အတွင်းရှိ အနေခက်သော အခြေအနေကို သတိပြုမိလိုက်ကြ၏။
***