ဤအခန်းထဲမှ အနေရခက်မှု မည်သူ့ထံမှ ရောက်လာသည်လဲ။
တစ်ဖက်တွင် ရှိနေသော စုန့်ဝေ့နှင့် လီရှို့လီတို့ထံမှသာ ဖြစ်ပေသည်။
လီရှို့လီအနေဖြင့် မတိုင်ခင်က မေးခွန်းကို ပြန်မဖြေခဲ့သော်လည်း လင်းကျန်းအန်း၏ စကားများအရ သူတို့က ပြတ်ဆဲခဲ့သည်မှာ ကြာပြီဖြစ်သော ဇနီးမောင်နှံဟောင်းများ ဖြစ်ကြကြောင်းကို ခေါင်းဆောင်ချန် သိရှိသွားခဲ့ပေပြီ။
ခင်ပွန်းဟောင်းနှင့် လက်ရှိခင်ပွန်းတို့ အတူတူရှိနေချိန်တွင် လီရှို့လီက လက်ရှိခင်ပွန်းရှေ့၌ ခင်ပွန်းဟောင်းအား တကူးတက လှမ်းတားခဲ့ခြင်းမှာ သူမ၏ နှလုံးသားထဲ၌ သံယောဇဉ်များ ကျန်ရှိနေသေးသကဲ့သို့ပင် ဖြစ်နေပေသည်။
ဤသည်မှာ...
ခေါင်းဆောင်ချန်နှင့် ဇနီးဖြစ်သူတို့သည်က လောကအတွေ့အကြုံ များလွန်းသော်လည်း ယခုအခြေအနေတွင် မည်သည့်စကားဖြင့် စတင်၍ တိတ်ဆိတ်မှုကို ဖြိုခွဲရမည်ကို မသိတော့ပါချေ။
သို့ဖြစ်၍ အဘိုးအိုနှင့် ဇနီးဖြစ်သူတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စုန့်ဝေ့နှင့် လီရှို့လီတို့အား အချိန်ပေးရန် ဆုံးဖြတ်လိုက်ကာ နေပူစာလှုံရန်အတွက် လူနာဆောင်အပြင်ဘက်သို့သာ ပြတ်ပြတ်သားသား ပြန်လည် ထွက်ခွာသွားခဲ့ကြလေတော့သည်။
ခေါင်းဆောင်ချန်နှင့် ဇနီးဖြစ်သူတို့ ထွက်သွားသည်နှင့် တစ်ပြိုင်နက် စုန့်ဝေ့ကလုံးဝ ပေါက်ကွဲသွားလေတော့သည်။
“လီရှို့လီ.. မင်းကတော့ အတောင်စုံလာလို့ ရူးချင်နေပြီထင်တယ်၊ ဟုတ်လား!”
“ခုနက မင်း ဘာတွေလုပ်နေတာလဲ၊ လင်းကျန်းအန်းကသာ မင်းစကားကို ပြန်ပြီးတုံ့ပြန်လိုက်ရင် မင်း သူ့နောက်ကို တန်းလိုက်သွားတော့မှာ မဟုတ်လား!”
“ဟားဟား... မင်းက ဖောက်ပြန်တတ်တဲ့ မိန်းမစားမျိုးဆိုတာ ငါသိထားပြီးသားပဲ၊ ဒါပေမဲ့ ငါ့ရှေ့တင် အရှက်မရှိ ဒီလိုမျိုး လုပ်ရဲလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး
ငါ့ကွယ်ရာမှာဆိုရင်တော့ မင်း ငါ့ကို ဘယ်နှစ်ကြိမ်တောင် ဦးထုပ်စိမ်းဆောင်းအောင် လုပ်ခဲ့ပြီးပြီလဲ မသိဘူး!”
“ကောင်းပြီလေ၊ မင်း သူ့နောက်က လိုက်ချင်တယ်ဆိုရင်လည်း အခုပဲ ထွက်သွားလိုက်တော့၊ နောက်ကို ငါ့ဆီ ပြန်မလာနဲ့!”
စုန့်ဝေ့၏ ဆဲဆိုအပြစ်တင်မှုများနှင့် စွပ်စွဲချက်များက အဆင်မပြတ် ကျရောက်လာချိန်တွင် လီရှို့လီတစ်ယောက်ပုခုံးများပင် ကျုံ့ဝင်သွားရသည်
သူမက မည်သို့မျှ ပြန်လည်မခုခံရဲဘဲ အလေးအနက်ပင် ရှင်းပြနေရတော့၏။
“မဟုတ်ပါဘူး.. မဟုတ်ပါဘူး၊ ရှင်က ဘယ်လိုတွေ တွေးနေတာလဲ ၊ ကျွန်မက သူ့ကို ဒီအတိုင်း စကားစပ်မိရုံတင်ပါ”
“ကျွန်မ သူ့အပေါ်မှာ သံယောဇဉ် မရှိတော့တာ ကြာပြီ၊ ဘယ်လိုလုပ် သူ့နောက် လိုက်သွားမှာလဲ ၊ လောင်စုန့်ကြီ.. အများကြီး လျှောက်မတွေးပါနဲ့ ၊ ရှင် အရမ်းဒေါသထွက်ရင် ပြန်ပြီး နေမကောင်း ဖြစ်နေပါဦးမယ်”
လင်းကျန်းအန်းထံမှ မျှော်လင့်ချက် လုံးဝမရှိတော့သည်ကို မြင်ချိန်တွင် လီရှို့လီအနေဖြင့် စုန့်ဝေ့အား ရိုးသားစွာဖြင့် ပြန်လည် ချော့မော့ ပြုစုရလေတော့သည်။
သို့မဟုတ်ပါက သူမအနေဖြင့် မည်သူ့ကို အားကိုးရမည်နည်း။
သို့ဖြစ်၍ နောက်ဆုံးတွင် စုန့်ဝေ့က မည်မျှပင် ဆဲဆိုနေပါစေဦးတော့၊ သူမက ခေါင်းငုံ့ကာ တောင်းပန်၍သာ ရှင်းပြနေရပြီး ဒေါသထွက်ရန်ပင် မရဲရှာပါချေ။
…
ညနေဘက် ခြောက်နာရီခွဲတွင် လင်းရန်က နောက်ဆုံးကျန်ရှိသော ဧည့်သည်ကို ပို့ဆောင်ပြီးနောက် အလုပ်သိမ်းလိုက်လေသည်။
လီမေ့က လင်းရန်ထံတွင် ညနေပိုင်း၌ ကိစ္စရှိသည်ကို သိထားသောကြောင့် သူမအား အရင်ဆုံးပြန်ရန် တိုက်တွန်းလေ၏။ ကျန်ရှိသည်များကို သူမနှင့် အားဟွားတို့က ကိုင်တွယ်ဖြေရှင်းပေးမည်ဟု ပြောလာခဲ့သည်။
“ကောင်းပါပြီ၊ ဒါဆို ကျွန်မ အရင်သွားနှင့်မယ်နော်၊ အားလုံးကို ကျေးဇူးတင်ပါတယ်”
လင်းရန်က လီမေ့နှင့် အားဟွားတို့အား အပြုံးတစ်ခုနှင့် ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် တံခါးဝတွင် စောင့်နေသော ယင်းဖန်နှင့် တွေ့ဆုံရန် အပြင်သို့ ထွက်လာခဲ့လေသည်။
“သွားရအောင်၊ တတိယအဒေါ်”
နောက်ဆုံးတွင် ဆေးရုံသို့ သွားနိုင်ပြီဖြစ်ကြောင်း မြင်ရချိန်တွင်မှ ယင်းဖန်လည်း သက်ပြင်းချနိုင်တော့သည်။
သူမအနေဖြင့် လင်းရန်ထံမှ “ဒီနေ့ နောက်ကျသွားပြီဆိုတော့ ဆေးရုံကိုမသွားတော့ဘူး” ဟု ရုတ်တရက် ပြောလာမည်ကို အလွန်ပင် စိုးရိမ်နေခဲ့ခြင်း ဖြစ်ပေသည်။
ကံကောင်းစွာဖြင့် လင်းရန်က ကတိမပျက်ခဲ့ပါချေ။
ဆေးရုံသို့သွားရာ လမ်းတစ်လျှောက်တွင် လင်းရန်က မည်သည့်နေရာတွင်မျှ ရပ်တန့်ခြင်း မရှိသကဲ့သို့ လီရှို့လီတို့အတွက် တစ်စုံတစ်ရာ ဝယ်ယူသွားရန်လည်း စိတ်ကူးမရှိပါချေ။
လက်ဆောင်ပေးရမယ်ဟုတ်လား။
သူမက သူတို့ အဆင်ပြေ၊ မပြေ သွားကြည့်ပေးရင်တောင် သူတို့ဘက်က ဝမ်းသာသင့်နေပြီ။
နောက်ဆုံးတွင် သူတို့နှစ်ဦး ဆေးရုံသို့ ရောက်ရှိချိန်၌ မိုးက လုံးဝ ချုပ်နေပြီ ဖြစ်၏။ ထိုသည်ကို မြင်လျှင် ယင်းဖန်က စိတ်ထဲမှနေ၍ လင်းရန်အား မကျေမနပ် ညည်းညူမိသည်။
ဘာလို့ စောစောမလာရတာလဲ။ အခုတော့ မိုးတောင် ချုပ်နေပြီ။ လူနာတွေကို ပြုစုဖို့ လိုတယ်ဆိုရင်တောင် သူတို့ အိပ်နေလောက်ပြီလေ။
သူမ မကျေမနပ် ဖြစ်နေသော်လည်း လင်းရန်၏ ရှေ့တွင် တိုက်ရိုက်မပြောရဲပါချေ။ သို့သော် သူမ၏ မျက်နှာအမူအရာကတော့ မတိုင်မီကလောက် ကြည်လင်မနေတော့ပေ။
လင်းရန်ကလည်း ထိုသည်ကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး သူနာပြုတစ်ဦးအား လီရှို့လီနှင့် စုန့်ဝေ့တို့ရှိသည့် လူနာဆောင်ကို မေးမြန်းကာ ထိုနေရာသို့ တိုက်ရိုက်ဦးတည်သွားခဲ့သည်။
ထိုအချိန်မှသာ ယင်းဖန်က စကားစလိုက်၏။
သူမက လင်းရန်အား အမြန်တားလိုက်ပြီးလိမ်ညာပြောဆိုလိုက်သည်။
“အာ.. ရန်ရန်၊ ငါ ဗိုက်ထဲက ရုတ်တရက် နေမကောင်းသလို ခံစားနေရလို့.. နင် အရင်ဝင်နှင့်ပါလား၊ ငါ အိမ်သာသွားပြီးမှ နင့်ဆီ လိုက်လာခဲ့မယ်လေ”
လင်းရန်ကလည်း ယုံကြည်သကဲ့သို့ဟန်ဆောင်လိုက်လေ၏။
“ကောင်းပါပြီ၊ ဒါဆိုရင် အဒေါ် အရင်သွားနှင့်လိုက်လေ၊ ခဏနေလို့ အခန်းရှာမတွေ့မှာ စိုးရင် သူနာပြုကို မေးဖို့ မမေ့နဲ့ဦးနော်”
“ကောင်းပြီ.. ငါသိပါတယ်၊ မြန်မြန်ဝင်သွားတော့!”
လင်းရန်သည်လည်း သူမသာ အထဲသို့မဝင်ဘဲ စောင့်နေလျှင် ယင်းဖန်က တခြားသူများအား အခြေအနေကို မေးမြန်းရန် မဝံ့ရဲမည်ကို သိထားသောကြောင့် လှည့်ထွက်ကာ စုန့်ဝေ့နှင့် လီရှို့လီတို့၏ လူနာဆောင်ထဲသို့ ဝင်သွားခဲ့လေတော့သည်။
ယင်းဖန် မည်သည့်နေရာသို့ သွားရောက် စုံစမ်းမည်ကိုတော့ည ဆံပင်တစ်ပင်စာလောက်ပင် စဉ်းစားစရာ မလိုပါချေ။ သူမက လူနာများကို ပြုစုရန် လိုအပ်ခြင်း ရှိ၊ မရှိကိုသာ သွားရောက် စုံစမ်းလိမ့်မည်။
ယင်းဖန်၏ ဦးနှောက်နှင့် အကျင့်စရိုက်အရ သူမအား အတည်တကျ အလုပ်တစ်ခု ရှာပေးရန်အတွက် လင်းရန် စိတ်မကူးခဲ့ပါချေ။
သို့မဟုတ်ဘဲ ယင်းဖန်၏ စိတ်နေစိတ်ထားနှင့်ဆိုလျှင် အလုပ်လုပ်ပြီး နှစ်ရက်အတွင်း ကိစ္စများကို ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူမ၏ ထိုစိတ်နေစိတ်ထားကို အသုံးချ၍ အခြေအနေများကို ရှုပ်ထွေးအောင် လုပ်ဆောင်ပြီးမှ သူမအား ကောင်းစွာ ပြုပြင်ပေးရန်သာ လိုအပ်ပေသည်။
ထိုသို့ တွေးတောရင်း လင်းရန်က အရှေ့မှ လူနာဆောင်တံခါးကို တွန်းဖွင့်လိုက်လေသည်။
သူမ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ခုတင်ပေါ်တွင် မျက်စိမှိတ်ကာ လှဲလျောင်းနေသော စုန့်ဝေ့ကို မြင်လိုက်ရ၏။ အလယ်ဘက်ခုတင်ပေါ်တွင်တော့ လီရှို့လီက ဘေးစောင်းလှဲလျောင်းနေပြီး စုန့်ဝေ့အား အပြစ်ရှိသကဲ့သို့သော မျက်နှာအမူအရာဖြင့် ကြည့်နေခဲ့သည်။
ဤသည်ကို မြင်လျှင် လင်းရန်တစ်ယောက် မျက်ခုံးပင့်လိုက်မိ၏။ ဤလူနှစ်ဦးကြားတွင် တစ်ခုခု မှားယွင်းနေပေသည်။ သူတို့ ရန်ဖြစ်ထားကြခြင်းများလား။
လီရှို့လီမှာ တံခါးဘက်သို့ မျက်နှာ ထားခြင်း ဖြစ်သောကြောင့် လင်းရန် ပေါ်လာသည်နှင့် မြင်တွေ့သွားပြီးနောက် မျက်လုံးများ တောက်ပလာကာ အံ့ဩတကြီး ဟစ်အော်လိုက်လေတော့သည်။
“ရန်ရန်! နောက်ဆုံးတော့ မင်း ရောက်လာပြီပေါ့!”
“ဘာလို့ အခုမှ ရောက်လာတာလဲ၊ အမေ မင်းကို အရမ်းလွမ်းနေတာ၊ ဒီရက်ပိုင်း အမေ ဘယ်လိုတွေ ဖြစ်နေလဲဆိုတာ မင်း မသိလောက်ဘူး
မနေ့ကတည်းက လူကြုံနဲ့ သတင်းပါးထားတာကို ဘာလို့ အခုမှ လာရတာလဲ...”
ပထမဆုံး ရရှိလိုက်သော ဝမ်းသာပီတိများ ကုန်ဆုံးသွားပြီးနောက်တွင် လီရှို့လီက လင်းရန်အပေါ် စတင်၍ မကျေမနပ် ညည်းညူတော့၏။
လင်းရန်က သူမအား မည်သည့်ခံစားချက်မျှမပါသော မျက်နှာဖြင့် ကြည့်လိုက်ပြီး လီရှို့လီ၏ မကျေမနပ်ပြောဆိုမှုများကို တိုက်ရိုက်ဖြတ်တောက်၍ပြောလိုက်လေသည်။
“အမေ့ရဲ့ပုံစံ ကြည့်ရတာ အတော်လေးစိတ်ဓာတ် တက်ကြွနေတာပဲ၊ ရောဂါက သိပ်မပြင်းထန်တဲ့ပုံပဲနော်၊ ဒါနဲ့... စုန့်စစ်ယွီရော ဘယ်မှာလဲ၊
သူမက အမေ့ကို ပြုစုဖို့ ဒီမှာ ရှိနေသင့်တာ မဟုတ်ဘူးလား၊ ဘာလို့ အခု သူမကို မတွေ့ရတာလဲ”
လင်းရန်က ရှုပ်ထွေးနေသော အမူအရာဖြင့် ရည်ရွယ်ချက်ရှိရှိ မေးမြန်းလိုက်ခြင်း ဖြစ်ပေသည်။
စုန့်စစ်ယွီ၏ နာမည်ကို ကြားသည်နှင့် လီရှို့လီ၏ မျက်လုံးထဲတွင် ရွံရှာသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ သို့သော်လည်း ယနေ့တွင် စုန့်ဝေ့က ဒေါသထွက်နေသောကြောင့် သူမအနေဖြင့် စုန့်စစ်ယွီ၏ အကြောင်းကို မကောင်းမပြောရဲဘဲ ဝေဝေဝါးဝါးသာ ဖြေကြားလိုက်ရလေသည်။
“သူမ ဘယ်သွားလဲဆိုတာ ငါလည်း မသိပါဘူး”
“ကောင်းပြီ ရန်ရန်.. အဲဒါတွေကို ဆက်မပြောနဲ့တော့ .. အရင်ဦးဆုံး အမေ့ကို အိမ်သာသွားဖို့ လာကူပေးပါဦး ၊ အမေ မအောင့်နိုင်တော့ဘူး!”
“ဒါနဲ့... ခဏနေလို့ အိမ်သာသွားပြီးရင် အမေ့အတွက် တစ်ခုခု လုပ်ပေးဖို့ နည်းလမ်းရှာပါဦး ၊ အသားလတ်လတ်ဆတ်ဆတ်နဲ့ ထမင်းလေး စားချင်တယ်၊
မင်းရဲ့ဦးလေးစုန့်နဲ့ ငါနဲ့က ဒီနှစ်ရက်လုံး မုန့်အခြောက်တွေပဲ စားနေရတာ အန်တောင် ထွက်ချင်နေပြီ”
လီရှို့လီက အားနာခြင်းလုံးဝမရှိပါချေ။ လင်းရန် ရောက်လာသည်နှင့် သူမအား ခိုင်းစရာ ရှိသည်များကို ဆက်တိုက် ခိုင်းစေတော့သည်။
လင်းရန်မှ သူမကို ပြုစုရန်အတွက် တကူးတက ရောက်လာသကဲ့သို့ပင်။
လင်းရန်တစ်ယောက် နှလုံးသားထဲတွင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လီရှို့လီအား လှောင်ပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။
“ခဏလေး.. အမေ တစ်ခုခု မှားနေပြီထင်တယ်.. ကျွန်မက အမေ့ကို ပြုစုမယ်လို့ မကတိပေးခဲ့ဖူးဘူးနော်”
“ဘာ? မင်းက ငါ့ကို ပြုစုဖို့ လာတာမဟုတ်ရင် ဘာလာလုပ်တာလဲ!”
“လာကြည့်တာလေ၊ အမေ့ရဲ့ သမီးဟောင်း တစ်ယောက်အနေနဲ့ အမေ နေမကောင်းဖြစ်ပြီး ဆေးရုံတက်နေတာကို လာမကြည့်ရင် မသိတတ်သလို ဖြစ်နေမှာစိုးလို့”
***