လီရှို့လီ စိတ်လှုပ်ရှားနေချိန်မှာပင် စုန့်ဝေ့က မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။
“လင်းရန်က မင်းကို ဘာတွေ အသံတိုးတိုးနဲ့ ပြောသွားတာလဲ”
လီရှို့လီက ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် နောက်ဆုံးတွင် စုန့်ဝေ့အား အဖြစ်မှန်ကို ပြောပြလိုက်ရလေတော့သည်။
စုန့်ဝေ့က လင်းရန်အား အပြစ်တင်မည်ကို စိုးရိမ်သည့်အတွက် သူမက ထပ်ပေါင်း၍ ပြောဆိုလိုက်၏။
“ရန်ရန် ပြောတာ မှန်တယ်လို့ ကျွန်မ ထင်တယ်၊ သူမက အလုပ်ရှိလို့ မလာနိုင်တာဆိုတော့ ကျွန်မတို့ကို ပြုစုဖို့ လူတစ်ယောက် ရှာပေးတာကလည်း အတူတူပါပဲ
ဒါ့အပြင် ရန်ရန်က ကျွန်မတို့အတွက် လူရှာပေးတယ်ဆိုကတည်းက သူမ အတတ်နိုင်ဆုံး လုပ်ပေးတာပဲလေ. တကယ့်ကို အသိတရားရှိတဲ့ ကလေးမလေးပဲ၊
အနည်းဆုံးတော့ ဘယ်လိုကြည့်ကြည့်... အရိပ်အယောင်တောင် မတွေ့ရတဲ့ စုန့်စစ်ယွီဆိုတဲ့ ကျေးဇူးကန်းတဲ့ ကလေးမထက်တော့ အများကြီးသာပါတယ်!”
စုန့်ဝေ့က လင်းရန်၏ အကြံဉာဏ်ကို အမှန်တကယ် ကောင်းသည်ဟု ထင်ခြင်းကြောင့်လား သို့မဟုတ် လီရှို့လီ၏ ဖျောင်းဖျမှုကို လက်ခံလိုက်ခြင်းကြောင့်လား မသိရသော်လည်း လီရှို့လီ ပြောပြီးချိန်တွင် သူက ကန့်ကွက်ခြင်း မပြုခဲ့ပါချေ။
သူတို့ကို ပြုစုပေးရန်အတွက် ပိုက်ဆံအနည်းငယ် သုံးစွဲခြင်းမှာ ပြဿနာမရှိပေ။ ဆိုရလျှင် သူကိုယ်တိုင်လည်း ယခုအချိန်တွင် တခြားသော လူနာပြုစုရမည့်အလုပ်ကို လုပ်ကိုင်ရန် အားအင် မရှိတော့သောကြောင့် ဖြစ်၏။
လူနာဆောင်၏အပြင်ဘက်သို့ ရောက်ချိန်တွင် လင်းရန်က သူမ၏ တတိယအဒေါ် ယင်းဖန်အား စတင်ရှာဖွေလေတော့သည်။
အချိန်က မိုးချုပ်နေပြီပင်။ ယင်းဖန်က လူနာဆောင် တစ်ခုလုံးကို ပတ်ရှာလျှင်ပင် သူမ ငှားရမ်းလိုသည့် သူနာပြုတစ်ဦးကို တွေ့နိုင်ရန်မှာ မလွယ်ကူပါချေ။
ညစောင့်နေသည့် သူနာပြုများ၏ ငြိုငြင်မှုကိုပင် ခံရနိုင်ချေ ရှိသေးသည်။
လင်းရန်အနေဖြင့် ယင်းဖန်တစ်ယောက် အဆင်မပြေဘဲ ပြန်လာမည့်အချိန်ကိုသာ ဤအတိုင်း စောင့်နေရန် လိုအပ်ပေသည်။
ယင်းဖန်၏ အခြေအနေမှာလည်း လင်းရန် ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်ပေသည်။
အစောပိုင်းက လင်းရန်နှင့် လမ်းခွဲခဲ့ပြီးနောက် သူမသည်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေလေ၏။ သူမက လူနာဆောင်တစ်ခုချင်းစီသို့ ဝင်ရောက်ကာ မည်သူကများ ပြုစုစောင့်ရှောက်သူ လိုအပ်နေသနည်းဟု တစ်ဦးချင်း လိုက်လံ မေးမြန်းခဲ့သည်။
ရလဒ်မှာတော့ မေးမြန်းသည့်အချိန်တိုင်း “မလိုအပ်ပါဘူး” ဟု ယဉ်ကျေးစွာ ငြင်းဆိုခံရခြင်း သို့မဟုတ် ပြုစုစောင့်ရှောက်သူ ရှိပြီးသားဖြစ်နေသောကြောင့် ထိုပြုစုသူက သူမအား ရန်သူကဲ့သို့ ကြည့်ကာ မောင်းထုတ်ခြင်းများကိုသာ ကြုံတွေ့ခဲ့ရသည်။
သူမက ရန်သူမဟုတ်ပါချေ။
သူမက ပြုစုစောင့်ရှောက်သူ အလုပ်ကို ကောင်းကောင်းလုပ်လိုခြင်းသာ ဖြစ်သော်လည်း တခြားသူများ၏ အမြင်တွင် သူမက အလုပ်လာလုနေသူဟုသာ ထင်မြင်ခဲ့ကြသည်။
မည်သူကများ စိတ်မဆိုးဘဲ နေမည်နည်း။
နောက်ဆုံးတွင် ယင်းဖန်က တစ်ပတ်ပတ်ခဲ့သော်လည်း ပိုက်ဆံရှာရန် အခွင့်အရေး တစ်ခုမျှ မတွေ့ရှိခဲ့ပါချေ။
သူမအနေဖြင့် အိမ်သာသို့ သွားသည်မှာ ကြာနေပြီဖြစ်၍ ပြန်မသွားလျှင် လင်းရန်က သံသယဝင်တော့မည်ဖြစ်သောကြောင့် လီရှို့လီတို့၏ လူနာဆောင်ဘက်သို့ အမြန်ပြေးလာခဲ့ရလေသည်။
မနက်ဖြန်ကျမှသာ ကံစမ်းရန်အတွက် တခြားအခွင့်အရေးတစ်ခုကို ရှာဖွေတော့မည်ဟု သူမ ဆုံးဖြတ်လိုက်သည်။
သို့သော် သူမ လမ်းလျှောက်လာချိန်မှာပင် လင်းရန်က လူနာဆောင်အပြင်ဘက်၌ ရပ်နေသည်ကို မြင်လိုက်ရသောကြောင့် ယင်းဖန်မှာ အံ့သြသွားရကာ အနားသို့ ပြေးသွားလိုက်သည်။
“ဟေး... ရန်ရန်၊ စကားပြောလို့ ပြီးပြီလား ၊ လီရှို့လီက နင့်ကို နှိပ်စက်နေသေးလား”
လင်းရန်က ခေါင်းခါပြလိုက်ပြီး ယင်းဖန်အား ဝတ်ကျေတန်းကျေ မေးလိုက်သည်။
“တတိယအဒေါ်... ဝမ်းလျှောနေတာလား”
“အမ် .. အင်း ”
ယင်းဖန်အနေဖြင့် သူမ အလုပ်လိုက်ရှာနေကြောင်းကို လင်းရန်အား မသိစေချင်သောကြောင့် အဘွားလင်းအား ပြောသကဲ့သို့ပင် လက်ကို အမြန်ဝေ့ရမ်းကာပြောလိုက်သည်။
“ဒါပေမဲ့ အခုတော့ သက်သာသွားပါပြီ!”
လင်းရန်က ခေါင်းညိတ်လိုက်ပြီးနောက် စိတ်မကောင်းဖြစ်နေသော မျက်နှာအမူအရာဖြင့် သက်ပြင်းချလိုက်လေသည်။
“တတိယအဒေါ်... ကျွန်မမှာ အခု ဘာလုပ်ရမှန်း မသိတော့တဲ့ ကိစ္စတစ်ခု ရှိနေတယ် ၊ အဒေါ် ကျွန်မကို ကူပြီး စဉ်းစားပေးပါဦးလား”
ယင်းဖန်က တွန့်ဆုတ်စွာဖြင့် မေးမြန်းလိုက်၏။
“ဘာကိစ္စလဲ”
လင်းရန်၏ ဦးနှောက်က အမြဲတစေ ဉာဏ်ကောင်းလွန်းသည် မဟုတ်ပါလား။ သူမကိုတောင် အခက်တွေ့စေသည့် ကိစ္စမျိုး ရှိနေသေးသည်လား။
ယင်းဖန်က စိတ်ထဲတွင် ရေရွတ်နေချိန်၌ လင်းရန်က သူမစိတ်ပူနေရသည့် အကြောင်းအရင်းကို ဖွင့်ဟပြောဆိုလာခဲ့သည်။
လင်းရန်၏ စကားများကို ကြားပြီးနောက်တွင် မူလက စိတ်ပျက်နေသော ယင်းဖန်တစ်ယောက် ချက်ချင်းပင် စိတ်လှုပ်ရှားသွားရတော့သည်။
ဆိုရလျှင် လင်းရန် ပြောနေသည့်အရာမှာ ယခုလေးတင် သူမ လိုက်လံစုံစမ်းနေသည့် “လူနာပြုစုခြင်း” အလုပ်ပင် ဖြစ်နေခဲ့သည်မဟုတ်ပါလား။
ဒါပေမဲ့ နေပါဦး။
လင်းရန်က ဘယ်သူ့အတွက် ပြုစုပေးမယ့်သူ ရှာနေတာလဲ။
လီရှို့လီအတွက်ပဲ ဖြစ်မယ်ထင်တယ်။ ဟုတ်တယ်မလား။
လီရှို့လီအတွက် ပြုစုပေးရမည့် သူနာပြုအလုပ်ဟု တွေးမိချိန်တွင် ယင်းဖန်မှာ သိပ်ပြီး မပျော်နိုင်တော့ပါချေ။
သူမသည်က ပိုက်ဆံရှာချင်သော်လည်း အဘွားလင်းက သူမ၏နားထဲတွင် လီရှို့လီ၏ မကောင်းသတင်းများကို အမြဲတစေ ရိုက်သွင်းပေးနေခဲ့သည်။
ထို့အပြင် လွန်ခဲ့သောတစ်ခေါက်က လီရှို့လီနှင့် စုန့်ဝေ့တို့ အိမ်တံခါးဝသို့ ရောက်လာချိန်ကလည်း သူမကိုယ်တိုင် တံမြက်စည်းဖြင့် မောင်းထုတ်ခဲ့ဖူးသည် မဟုတ်ပါလား။
သူတို့နှင့် ရန်သူများ ဖြစ်ခဲ့ပြီးပြီ ဖြစ်၍ သူတို့ကို ပြုစုပေးရန်အတွက်က မည်သို့ပင် စဉ်းစားကြည့်ပါစေ စိတ်ထဲတွင် အဆင်မပြေတော့ပေ။
“ဟင်း .. သူတို့က ဆေးရုံမှာ နောက်ထပ် တစ်ပတ်လောက်ပဲ နေရမှာဆိုတော့ အဲဒီလို အချိန်တိုလေးအတွက် ဘယ်သူ့ကို သွားရှာရမလဲ”
လင်းရန်က ဆက်လက်၍ သက်ပြင်းချပြန်သည်။
“တစ်ရက်ကို တစ်ယွမ်တောင် ပေးမယ်လို့ ပြောထားတာဆိုတော့ နည်းတာတော့ မဟုတ်ဘူး ၊ ဒါပေမဲ့ အချိန်က တိုလွန်းနေတော့ ဒီအလုပ်ကို အတည်တကျ လုပ်နေတဲ့ အတွေ့အကြုံရှိသူတွေက လက်ခံကြမှာ မဟုတ်ဘူး”
တစ်ရက်ကို တစ်ယွမ်တောင် ပေးမှာ ဟုတ်လား!
ဒါဆို ခုနစ်ရက်ဆို ခုနစ်ယွမ်တောင် ရမှာပေါ့!
ယင်းဖန်က ပိုက်ဆံအကြောင်းကို ကြားသည်နှင့် တစ်ပြိုင်နက် စိတ်ဝင်စားသွားကာ လှုပ်ရှားချင်လာတော့သည်။
သို့သော် သူမတွင် မေးစရာ မေးခွန်းတစ်ခု ရှိနေသေးသည်။
“ရန်ရန်... ပုံမှန် လူနာစောင့်တွေက ဘာလို့ ဒီလိုအချိန်တိုအလုပ်မျိုးကို မလုပ်ချင်ကြတာလဲ”
“ဘာလို့လဲဆိုတော့ ဆေးရုံမှာ အလုပ်လုပ်နိုင်တဲ့ လူနာစောင့်တွေက တစ်ဆင့်စကားနဲ့ မိတ်ဆက်ပေးကြတာလေ၊ သူတို့နှင့်ဆက်သွယ်ဖို့လူတွေလိုသေးတယ်၊ အများစုက ဒီအလုပ်ကို အချိန်အကြာကြီး လုပ်လာကြတာ
အလုပ်ရှင်ကလည်း သူတို့ရဲ့ နာမည်ကောင်းကို ယုံကြည်လို့ ငှားကြတာ၊ မဟုတ်ရင်... ဘယ်သူကများ ပြုစုပေးမယ်လို့ ပြောရုံနဲ့ သူစိမ်းတစ်ယောက်ကို ငှားရဲပါ့မလဲ”
သူတတို့က အရူးတွေမှ မဟုတ်တာ။ ဘယ်လိုလုပ်ပြီး သူစိမ်းတစ်ယောက်ကို အကူအညီ တောင်းမှာလဲ။
လင်းရန်၏ စကားကို ကြားပြီးနောက် ယင်းဖန် ရုတ်တရက် သဘောပေါက်သွားရသည်။
မတိုင်မီက သူမအနေဖြင့် လူနာဆောင်များစွာသို့ သွားရောက်ခဲ့သော်လည်း မည်သူကမျှ သူမအား အလုပ်မခန့်ခဲ့ကြပေ။ ဤသည်က သူမတွင် အသိအကျွမ်း မရှိခြင်းနှင့် လူများက သူမကို မယုံကြည်ခြင်းကြောင့် ဖြစ်ရမည်။
သူမက ဆေးရုံတွင် ရှိနေသော်လည်း အသိအကျွမ်း မရှိသောကြောင့် မည်သည့် ဖောက်သည်ကမျှ သူမအား လိုချင်မည် မဟုတ်ပါချေ။
ဤသည်ကို သိရှိသွားချိန်တွင် ယင်းဖန်မှာ စိတ်ပျက်သွားရသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် လင်းရန် ပြောခဲ့သော လီရှို့လီအား ပြုစုမည့်သူ ရှာပေးရမည့် ကိစ္စအပေါ်တွင် ပို၍ စိတ်ဝင်စားလာခဲ့သည်။
သူမသည်က လီရှို့လီကို မုန်းသော်လည်း လီရှို့လီ၏ ပိုက်ဆံကိုတော့ မလိုချင်ဘဲမနေပါချေ။
သူမက လီရှို့လီကို မုန်းတီးသောကြောင့်ပင် သူမထံမှ ပိုက်ဆံကို ပို၍ပင် ယူချင်နေသေးသည်။
ဤသို့ တွေးမိပြီးနောက် သူမက ဤအလုပ်ကို လုပ်ရန် အလွန်ပင် သင့်လျော်သည်ဟု ရုတ်တရက် ခံစားလိုက်ရတော့သည်။ ထို့အပြင် သူမနှင့် လင်းရန်တို့မှာ ဆွေမျိုးများ ဖြစ်ကြသောကြောင့် လီရှို့လီအနေဖြင့် သူမအပေါ်တွင် တကူးတက ခက်ခဲအောင် လုပ်လိမ့်မည် မဟုတ်ပါချေ။
ယင်းဖန်သည် တွေးကြည့်လေလေ ဤအကြံမှာ ပို၍သင့်တော်လေလေဟု ခံစားလာရပြီး နောက်ဆုံးတွင် လင်းရန်၏ ညှိုးငယ်နေသော မျက်နှာအမူအရာကို ကြည့်ကာ မနေနိုင်တော့ဘဲ စကားစလိုက်တော့သည်။
“ဒါဆိုရင် ဒီလိုလုပ်ပါလား ရန်ရန်၊ နင် တကယ်လို့ သင့်တော်တဲ့သူ ရှာမတွေ့ဘူးဆိုရင် ငါပဲ မင်းအမေ့ကို ရက်နည်းနည်းလောက် ကူပြီး ပြုစုပေးမယ်လေ
ငါလည်း အခုလောလောဆယ် ဘာမှလုပ်စရာ မရှိတာနဲ့ အတော်ပဲ၊ ဒါပေမဲ့ အဘွားကိုတော့ နင်ပဲ သေသေချာချာ ပြောပြပေးရမယ်နော်၊ မဟုတ်ရင် ငါက ဒီမှာ တမင်တကာ ကျန်နေခဲ့တာလို့ မင်းအဘွားက ထင်နေဦးမယ်”
ယင်းဖန် ချက်ချင်းပင် သဘောတူလိမ့်မည်ဟု လင်းရန် တွေးထားခဲ့သော်လည်း ယခုကဲ့သို့ သူမ ထင်ထားသည်ထက်ပင် ပို၍ မြန်မြန်ဆန်ဆန် သဘောတူလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါချေ။
သို့သော်လည်း ဤသည်ကလည်း ကောင်းမွန်ပေသည်။ ပြဿနာကို စောစောစီးစီး ဖြေရှင်းနိုင်လေလေ စိတ်အနှောင့်အယှက် ဖြစ်စရာများကို စောစော ဖယ်ရှားနိုင်လေလေ မဟုတ်ပါလား။
ထို့ကြောင့် လင်းရန်က အံ့ဩသွားဟန်ဆောင်ကာ ယင်းဖန်အား ကြည့်လိုက်လေသည်။
“တတိယအဒေါ်... အဒေါ်က တကယ်ပဲ ကျွန်မအတွက် ဒါကို လုပ်ပေးချင်တာလား၊ အဒေါ်က တကယ့်ကို စိတ်ထားကောင်းတဲ့သူပဲနော်၊ ကျွန်မ အဘွားကို သေသေချာချာ ရှင်းပြပေးပါ့မယ်!”
ယင်းဖန်ကလည်း လင်းရန် သဘောတူသည်ကို မြင်ချိန်တွင် ပျော်ရွှင်သွားရလေ၏။
အခုတော့ ပိုက်ဆံရှာလို့ ရပြီပဲ!
ဒါ့အပြင် လီရှို့လီကို ပြုစုပေးနေတဲ့ ရက်ပိုင်းအတွင်း ဆေးရုံမှာ လိုက်ပြီး စပ်စုကြည့်လို့ ရသေးတယ်။
ကံကောင်းရင် သူမကို အလုပ်ခန့်မယ့်သူ တစ်ယောက်ယောက်များ ထပ်တွေ့နိုင်မှာပဲလေ။
“ဒါဆို တတိယအဒေါ်... ကျွန်မ အဒေါ်ကို အထဲကို ခေါ်သွားမယ် ”
“အင်း... သွားရအောင်!”
ပိုက်ဆံရှာဖို့နဲ့ မြို့ပေါ်တွင် နေထိုင်ခွင့်ရရန်အတွက် ယင်းဖန်တစ်ယောက် သည်းခံဖို့ ဆုံးဖြတ်လိုက်ပေပြီ။
မကြာမီမှာပင် လင်းရန်က ယင်းဖန်အား အထဲသို့ ခေါ်လာခဲ့တော့သည်။
***