အဘွားလင်းအနေဖြင့် ယင်းဖန်နှင့်လီရှို့လီနှစ်ဦးလုံးက လွယ်ကူသော လူစားမျိုးများ မဟုတ်ကြောင်းကိုသိထားခဲ့သည်။
ထို့ကြောင့် သူတို့နှစ်ဦး ပေါင်းမိလျှင် ပြဿနာကြီးမားစွာ မဖြစ်ဘဲ နေရန်မှာ လုံးဝ မဖြစ်နိုင်ပါချေ။
ယင်းဖန်က လီရှို့လီ၏ နှိပ်စက်မှုကို ခံရသည်ဖြစ်စေ၊ လီရှို့လီက ယင်းဖန်ကြောင့် ဒုက္ခရောက်သည်ဖြစ်စေ..
သူတို့နှစ်ဦး အတူရှိနေသရွေ့တော့ တစ်ခုခုဖြစ်ရန် သေချာပေသည်။
ထိုအချိန်ကျလျှင် ယင်းဖန်အနေဖြင့် အလုပ်ရှာရန် အားအင် ရှိနေဦးမည်ဆိုလျှင်ပင် ထူးဆန်းပေလိမ့်မည်။
လီရှို့လီကြောင့်ပင် သူမက မြို့ကြီးကို ရွံမုန်းသွားပြီး ကျေးလက်ဒေသသို့သာ အမြန်ဆုံး ပြန်ချင်စိတ် ဖြစ်သွားရန်လည်း အလွန်ပင်ဖြစ်နိုင်ချေ ရှိပေသည်။
ဤအချက်များကို တွေးတောမိပြီးနောက် အဘွားလင်းတစ်ယောက် လင်းရန်အား တစ်ချက်ကြည့်ကာ သူမ၏ နဖူးလေးကို အသာတို့ထိရင်း ရယ်မောလိုက်လေသည်။
“ဒီကလေးမလေးကတော့... မင်းရဲ့ခေါင်းထဲမှာ ဉာဏ်နီဉာဏ်နက်တွေ အတော်များတာပဲ”
မည်သို့ပင်ဖြစ်စေ လီရှို့လီနှင့် ယင်းဖန်တို့ထဲမှ မည်သူ့ထဲတွင် ပြသနာဖြစ်လာသည်ဖြစ်စေ လင်းရန်အတွက် ထိခိုက်မှု တစ်စုံတစ်ရာ မရှိနိုင်ပါချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမက ပျော်ရွှင်နေပေလိမ့်မည်။
ဤလှည့်ကွက်က ခဲတစ်လုံးနှင့်ငှက်နှစ်ကောင်ပစ်နိုင်သည်ဟုပင် ဆိုရပေမည်။
“ဟားဟား.. ဒါက ကျွန်မတို့လင်းမိသားစုရဲ့ မျိုးရိုးဗီဇက ကောင်းလွန်းလို့ပဲ”
လင်းရန်က အပြုံးတစ်ခုဖြင့် အဘွားလင်း၏ လက်မောင်းကို ဖက်တွယ်ထားခဲ့လေသည်။
ယင်းဖန်ဘက်တွင်တော့ သူမ၏ ပထမဆုံး အလုပ်ဆင်းသည့်နေ့ ဖြစ်သည့်အပြင် သူမ၏ မျက်စိရှေ့တွင်လည်း တစ်ယွမ်တန်က ဝဲပျံနေသောကြောင့် အလုပ်သွားရန် စိတ်အားထက်သန်မှုက အထွတ်အထိပ်သို့ ရောက်နေခဲ့ပေသည်။
သူမ ဆေးရုံသို့ ရောက်ရှိချိန်၌ ရှစ်နာရီပင် မထိုးသေးပါချေ။ သို့သော် လီရှို့လီကတော့ သူမ၏ လူနာဆောင်တွင် စောင့်ဆိုင်းနေသည်မှာ ကြာမြင့်နေပေပြီ။
မတတ်နိုင်ပါချေ။ သူမသည်က လွန်ခဲ့သောတစ်ညလုံး အိမ်သာမသွားဘဲ အောင့်ထားခဲ့ရလေ၏။
အကယ်၍ မနက်ပိုင်းတွင်သာ ထပ်မံ ၍အောင့်ထားရဦးမည်ဆိုပါက သူမ ပေါက်ကွဲသွားရပေလိမ့်မည်။
“ဒီယင်းဖန်ကတော့.. ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ”
လီရှို့လီတစ်ယောက် ယင်းဖန်အား မကျေမနပ် ဆဲဆိုရင်း တံခါးဘက်သို့သာ မျှော်ကြည့်နေခဲ့ရသည်။
ကံကောင်းစွာဖြင့် နောက်တစ်စက္ကန့်တွင် ယင်းဖန်၏ အရိပ်က တံခါးဝတွင် ပေါ်လာခဲ့ပေသည်။
လီရှို့လီ၏ မျက်လုံးများ တောက်ပသွားပြီး အလျှင်အမြန်ပင် အမိန့်ပေးလိုက်လေ၏။
“မြန်မြန်လာစမ်းပါ၊ ငါ့ကို အိမ်သာကိုလိုက်ပို့ပေးဦး၊ မြန်မြန်လုပ်!”
သူမ မအောင့်နိုင်တော့ပါချေ။
ယင်းဖန်မှာ အခန်းထဲဝင်ပြီးနောက် အမောပင် မဖြေရသေးမီ လီရှို့လီ၏ ခိုင်းစေမှုကို ခံလိုက်ရသောကြောင့် စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားရသည်။
လီရှို့လီက အချိန်ကို တစက္ကန့်ခြင်းမှတ်ပြီး စောင့်နေသည်လား။
သို့သော် ပိုက်ဆံကို ပြန်လည်တွေးမိလိုက်ချိန်တွင် သူမလည်း မတတ်နိုင်ဘဲ ရှေ့သို့တိုးကာ လီရှို့လီအား ထူပေးလိုက်ရလေသည်။
နှမြောစရာကောင်းစွာဖြင့် သူမသည်ကား လူနာပြုစုသည့် အတွေ့အကြုံ တစ်ခါမျှ မရှိခဲ့ဖူးပါချေ။ ထို့ကြောင့် လီရှို့လီအား ထူပေးလိုက်ချိန်တွင် သူမက လီရှို့လီ၏ ဒဏ်ရာရထားသော ခြေထောက်ကို အားဖြင့် ဖိမိလိုက်သောကြောင့် လီရှို့လီမှာ နာကျင်လွန်းပြီး အော်ဟစ်လိုက်ရလေတော့သည်။
“နင်တော့ သေတော့မှာပဲ! ငါ့ခြေထောက်က ဒဏ်ရာရထားတာကို မသိဘူးလား .. နင်က ဒါကိုမှ လာဖိနေတယ် နင် ငါ့ကို သေစေချင်နေတာလား!”
ယင်းဖန်လည်း ထိတ်လန့်သွားရကာ သူမ၏ လက်များကို အမြန်ပင် လွှတ်လိုက်လေသည်။ သူမက လီရှို့လီ၏ ခြေထောက်တွင် တစ်စုံတစ်ရာ ဖြစ်သွားပြီလားဟူ၍ ငုံ့ကြည့်ရန်သာ စိတ်စောနေခဲ့လေ၏။
ရလဒ်အနေဖြင့် သူမက ထိန်းကိုင်ထားသော လက်ကိုပါလွှတ်လိုက်သောကြောင့် လီရှို့လီမှာ မှီထားစရာကင်းမဲ့သွားကာ ခုတင်ပေါ်သို့ ဘန်းကနဲ ပြန်ခဲကျသွားပြီး သူမ၏ ခေါင်းမှာလည်း ခုတင်တိုင်နှင့် ဆောင့်မိသွားပြန်လေသည်။
“အား... ငါ့ခေါင်း!”
“ယင်းဖန်!”
“ကျွန်မ... ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး! “
မတိုင်ခင်က ခုတင်တိုင်နှင့် ဆောင့်မိသည့် အသံက အတော်လေးကျယ်လောင်သောကြောင့် ယင်းဖန်လည်း အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရကာ အမြန်ပင် ရှင်းပြလိုက်သည်။
“ရှင်က ခြေထောက်ကိုပဲ အာရုံစိုက်ခိုင်းနေတာကိုး၊ ရှင့်ခေါင်းမှာလည်း ပြဿနာရှိနေတယ်ဆိုတာကို ကျွန်မမှ မသိတာ...”
သူမရဲ့ ခေါင်းမှာ ပြဿနာ ရှိနေတယ်ဟုတ်လား။ တကယ်လို့ သူမရဲ့ ခေါင်းတွင် တကယ်ကြီး ပြဿနာ တစ်စုံတစ်ရာ ရှိလာခဲ့ရင်တောင် အဲဒါက သေချာပေါက် ယင်းဖန်ကြောင့်ပဲ။
“ကောင်းပြီ ကောင်းပြီ၊ နောက်တစ်ခါကျရင် ကျွန်မ ပိုပြီး ဂရုစိုက်ပါ့မယ်၊ ကျွန်မက ဒီအလုပ်ကို ပထမဆုံးအကြိမ် လုပ်ဖူးတာဆိုတော့ အတွေ့အကြုံ မရှိသေးလို့ပါ”
ယင်းဖန်က ပြောလိုက်ပြီးနောက် လီရှို့လီအား အမြန်ထူကာ အိမ်သာသို့ လိုက်ပို့ပေးလိုက်လေသည်။
ကံကောင်းစွာဖြင့် ကြီးကြီးမားမား ပြဿနာ ထပ်မံမဖြစ်ပွားခဲ့ပါချေ။
သို့သော် လူနာဆောင်သို့ ပြန်ရောက်ချိန်တွင် လီရှို့လီက ယင်းဖန်အား အလုပ်လွှဲပေးနိုင်လိုက်ပြီဟု ထင်မှတ်ခဲ့သော်လည်း ယင်းဖန်က ထပ်မံ၍ ပြဿနာရှာဦးမည်ကို မည်သူ သိပါမည်နည်း။
“ယင်းဖန်... ငါ့ကို မျက်နှာသစ်ဖို့ ပုဝါ ယူပေးပါလို့ ပြောထားတာလေ ၊ ဘာလို့ စုန့်ဝေ့ ခြေထောက်သုတ်တဲ့ ပုဝါကြီးကို ယူလာရတာလဲ!”
လီရှို့လီတစ်ယောက် သူမ၏ မျက်နှာသစ်ဇလုံထဲတွင် ပေါ်နေသော စုန့်ဝေ့၏ ခြေသုတ်ပုဝါကို ကြည့်ရင်း တစ်ကိုယ်လုံး တုန်ယင်လာရလေတော့သည်။
သူမ မည်မျှပင် အနေအထိုင် မတတ်သူဖြစ်ပါစေဦး၊ စုန့်ဝေ့၏ ခြေသုတ်ပုဝါဖြင့် မျက်နှာသစ်ရန်က လုံးဝ မဖြစ်နိုင်ပါချေ။
အမျိုးသား အများစုကဲ့သို့ပင် စုန့်ဝေ့၏ ခြေထောက်မှာလည်း အလွန်အနံ့ဆိုးပေသည်။
ထိုခြေသုတ်ပုဝါအကြောင်း တွေးမိရုံဖြင့်ပင် သူမ အန်ချင်လာရသည်။
“အာ... ဒါက သူခြေထောက်သုတ်တဲ့ ပုဝါလားဘ၊ ရှင်က အစကတည်းက မပြောထားတော့ ကျွန်မက ဘယ်လိုလုပ်ပြီးသိမလဲ ၊ ဒီပုဝါက အသစ်လိုဖြစ်နေပြီး ဒီမှာ ချိတ်ထားတာဆိုတော့ ရှင် မျက်နှာသစ်ဖို့ ထားတာလို့ ထင်နေတာ”
ယင်းဖန်တစ်ယောက် ထိုပုဝါကစုန့်ဝေ့၏ ခြေသုတ်ပုဝါဖြစ်ကြောင်းကို ကြားသည်နှင့် ထိုညစ်ပတ်သော ပုဝါကို ချက်ချင်းပင် ဘေးသို့ လွှင့်ပစ်လိုက်လေတော့သည်။
ရလဒ်အနေဖြင့် ထိုသို့ လွှင့်ပစ်လိုက်ချိန်တွင် ပုဝါမှ ရေမညှစ်ရသေးသော ရေများက လီရှို့လီ၏ မျက်နှာပေါ်သို့ တိုက်ရိုက်ပင် စင်သွားခဲ့လေသည်။
လီရှို့လီ: “!!!”
“အား! နင်... နင် သန့်ရှင်းတဲ့ ရေနဲ့ ငါ့မျက်နှာကို မြန်မြန်သစ်ပေးစမ်း”
သူမ ရူးချင်လာရပေပြီ။ ဤယင်းဖန်မှာ သူမအား ပြုစုရန် လာခြင်းလား၊ သို့မဟုတ် နှိပ်စက်ရန် လာခြင်းလား မသိတော့ပေ။
သို့သော် လီရှို့လီက ဆင်းရဲဒုက္ခ ရောက်နေသကဲ့သို့ ယင်းဖန်ကလည်း သူမ၏ ဘဝမှာ ခက်ခဲလှသည်ဟု ခံစားနေရပေသည်။
လီရှို့လီထံတွင် ခိုင်းစရာကိစ္စ များလွန်းပေသည်။
ဤတစ်ခုကိုလည်း အော်ဟစ်ကာ နောက်တစ်ခုကိုလည်း အော်ဟစ်ပြန်သည်။
တစ်ယွမ် ရဖို့အတွက် အမှန်တကယ်ပင် မလွယ်ကူပါချေ။
နောက်ဆုံးတွင် မျက်နှာကို သန့်ရှင်းအောင် သစ်ပေးပြီးနောက် လီရှို့လီ၏ ခန္ဓာကိုယ်ကို အနည်းငယ် သုတ်ပေးလိုက်နိုင်ခဲ့ကာ စိတ်မသက်မသာ ဖြစ်ရသော မနက်ခင်းတစ်ခု ကုန်ဆုံးသွားခဲ့လေသည်။
ယင်းဖန်နှင့် လီရှို့လီနှစ်ယောက်လုံး အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကြပေပြီ။
မည်သည့်အရာကိုမှ မလုပ်ရသေးသကဲ့သို့ ခံစားရသော်လည်း တစ်နေကုန် လယ်ထဲတွင် ထွန်ယက်ရသည်ထက်ပင် ပို၍ ပင်ပန်းနေသကဲ့သို့ ခံစားနေရသည်။
ယင်းဖန်တစ်ယောက် ပင်ပန်းလွန်းသောကြောင့် ဘေးနားရှိ ကုလားထိုင်ပေါ်တွင် ပစ်လဲလိုက်ပြီး လှုပ်ပင်မလှုပ်ချင်တော့ပါချေ။
သူမသည်ကား စိတ်ပင်ပန်းမှုက လူပင်ပန်းမှုထက် များစွာ ပို၍ ခက်ခဲကြောင်းကို မသိရှိသေးပါချေ။
ဘေးနားရှိ လီရှို့လီက ယင်းဖန်တစ်ယောက် အလုပ်ရှင်ကြီးကဲ့သို့ လှဲလျောင်းနေသည်ကို မြင်ချိန်တွင် ပို၍ မကျေမနပ် ဖြစ်လာပြန်သည်။
ဒီယင်းဖန်ကတော့.. ငါက ပိုက်ဆံပေးပြီး ငှားထားတာကို အလုပ်ကို သေသေချာချာ မလုပ်တဲ့အပြင် အလုပ်ရှင်တစ်ယောက်လို လှဲနေရဲတယ်ပေါ့။
ငါ့ရဲ့ တစ်ယွမ်ကို အလကားရတယ်လို့ သူမ တကယ် ထင်နေတာပဲ။
လီရှို့လီမှာ စိတ်မချမ်းသာ ဖြစ်လာချိန်တွင် တခြားသူများအား အလုပ်ရှာပေးရန် တွေးတောလာပြန်သည်။
သို့ဖြစ်၍ သူမက ယင်းဖန်အား တိုက်ရိုက်ပင် အော်ပြောလိုက်လေသည်။
“နင် ဘာလုပ်နေတာလဲ၊ အခု မွန်းတည့်နေပြီဆိုတာ မမြင်ဘူးလား၊ မြန်မြန်သွားပြီး ငါ့အတွက် စားစရာတစ်ခုခု သွားရှာလိုက်ဦး”
“စားစရာ သွားရှာရမယ် ဟုတ်လား၊ ဘယ်လိုလုပ်ပြီး သွားရှာရမှာလဲ ဒီမှာ မီးဖိုချောင်မှ မရှိတာ?!”
ယင်းဖန်တစ်ယောက် လီရှို့လီအား နားမလည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး စိတ်ထဲမှ ဆဲဆိုနေမိသည်။
တစ်မနက်လုံး အလုပ်လုပ်ထားရလို့ သူမ ဒီလောက်ပင်ပန်းနေတာကို မမြင်ဘူးလား။
ဤအမျိုးသမီးက သူမကို အနားယူခွင့်ပင် မပေးဘဲ ခိုင်းနေခဲ့သည်။ အရင်းရှင် “ဟွမ်ရှီရန်”တောင်မှ ဤမျှအထိ ရက်စက်မည် မဟုတ်ပါချေ။
လီရှို့လီက ထိုစကားကို ကြားချိန်တွင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။
“နင်က လူနာစောင့်လား၊ ငါက လူနာစောင့်လား.. ငါ ဘယ်လိုသိမလဲ ဘာပဲဖြစ်ဖြစ် ငါ နေ့လယ်စာ စားချင်တယ်၊ ငါ့ကို ဟင်းသုံးပွဲနဲ့ ဟင်းရည်တစ်ခွက် ရအောင် ရှာပေး.. နင့်ဘာသာနင် ဘယ်လိုပဲရှာရှာ ငါ မသိဘူး!”
“ဟင်းသုံးပွဲနဲ့ ဟင်းရည်တစ်ခွက် ဟုတ်လား.. ကောင်းပြီလေ.. ရှင်စားချင်တာ ရစေရမှာပေါ့၊ ဒါဆို ပိုက်ဆံပေး .. ကျွန်မ သွားဝယ်ပေးမယ်!”
လီရှို့လီက သူမအား တမင်သက်သက် အလုပ်ရှာပေးနေသည်ကို မြင်ချိန်တွင် ယင်းဖန်က ကုလားထိုင်မှ ထရပ်လိုက်ပြီး လက်ဝါးဖြန့်ကာ ပိုက်ဆံတောင်းလေတော့သည်။
သူမကိုယ်တိုင်လည်း မချက်တတ်သကဲ့သို့ ချက်စရာနေရာလည်း မရှိသည့်အတွက် ပိုက်ဆံပေး၍ ဝယ်ကျွေးခြင်းကသာ အကောင်းဆုံး ဖြစ်မည်မဟုတ်ပါလား။
“ရှင် ပိုက်ဆံမပေးရင်တော့ မရဘူးနော့၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ကိုယ့်အိတ်ထဲကတော့ စိုက်မပေးနိုင်ဘူး!”
လီရှို့လီသည်လည်း ယင်းဖန်၏ စကားကို မချေပနိုင်ပါချေ။ နောက်ဆုံးတွင် အံကိုတင်းတင်းကြိတ်ကာ အိတ်ထဲမှ တစ်ယွမ်တန်တစ်ရွက် ထုတ်ပေးလိုက်ရပြီး မှာလိုက်လေသည်။
“ ယူသွားလိုက်.. ပြီးရင် ဝယ်လာသမျှကို တစ်ဆင့်မကျန် သေသေချာချာ တွက်ပြရမယ်.. မဟုတ်ရင် နင့်ရဲ့လုပ်အားခကနေ ငါ ဖြတ်ပစ်မယ်!”
ဟမ့်! ဒီမိန်းမကတော့ အတော်လေးကို ကပ်စေးနှဲတာပဲ။
သူမက အဲဒီလို လူစားမျိုး မဟုတ်ဘူးနော်!
***