ယင်းဖန် လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပြီးနောက် လှည့်ထွက်လာခဲ့သည်။
ပိုက်ဆံ တစ်ယွမ်တည်းနှင့် ဟင်းသုံးပွဲ၊ ဟင်းရည်တစ်ခွက် ရအောင် မည်သို့ စီစဉ်ရပါမည်နည်း။
အဓိကပြဿနာမှာ သူမတွင် ရိက္ခာကူပွန်လည်း မရှိပါချေ။
သို့သော် ဤသည်မှာ ယင်းဖန်အတွက် အခက်အခဲမဟုတ်ပေ။ သူမက မျက်လုံးဖြင့် လှည့်ပတ်ကြည့်လိုက်လျှင် ဘေးလူနာဆောင်မှ လူနာစောင့် အမျိုးသမီးကြီးကို တွေ့လိုက်ရသည်။
ထို့ကြောင်း အပြုံးတစ်ခုဖြင့် အနားသို့ တိုးသွားကာ မေးလိုက်၏။
“အစ်မ.. ဒီထမင်းတွေကို အိမ်က ချက်လာတာလား၊ ဒါမှမဟုတ် ဆိုင်က ဝယ်တာလား ”
မနက်ခင်းက ယင်းဖန်နှင့် လီရှို့လီတို့နှစ်ယောက် ဆူညံပွက်လောရိုက်နေကြသောကြောင့် ဘေးပတ်ဝန်းကျင်မှ လူများမှာလည်း ယင်းဖန်သည်က လီရှို့လီ ငှားရမ်းထားသည့် လူနာစောင့်ဖြစ်ကြောင်း သိထားကြပေသည်။
ထို့ကြောင့် ထိုအမျိုးသမီးက မည်သည်ကိုမျှ ဖုံးကွယ်မထားဘဲ ပြန်ဖြေလိုက်၏။
“အိမ်က ချက်လာတာလေ၊ ဘာလို့လဲ... မင်း သူတို့အတွက် မချက်ပေးရသေးဘူးလား၊ လူနာဆိုတာ ခန္ဓာကိုယ် အမြန်ပြန်ကောင်းဖို့ အာဟာရရှိတာလေးတွေ စားပေးရမှာလေ”
လီရှို့လီကို အာဟာရရှိသည့်အစားအသောက် ကျွေးရဦးမည်ဟု ကြားလိုက်ရချိန်တွင် ယင်းဖန်က နှုတ်ခမ်းအသာ မဲ့လိုက်မိသည်။
သူမကတော့ လီရှို့လီအတွက် မီးဖိုချောင်ထဲ ဝင်မချက်ပေးနိုင်ပါချေ။ သူမက ထိုသို့အပင်ပန်းခံတတ်သည့် လူစားမျိုး မဟုတ်ချေ။
ယခုအချိန်တွင် အိမ်သို့ပြန်ချက်ဖို့ရန်အတွက်လည်း နောက်ကျသွားပြီ မဟုတ်ပါလား။
နောက်ဆုံးတွင် သူမက ဆိုးရွားသော အကြံတစ်ခု ထုတ်လိုက်လေတော့သည်။
“အစ်မ... ကျွန်မက ဒီနေ့မှ ပထမဆုံးလူနာပြုစုတာဆိုတော့ ဘာမှ နားမလည်သေးဘူး၊ အဲဒါကြောင့် ထမင်းဟင်းလည်း မပြင်ဆင်မိလိုက်ဘူးလေ
အစ်မ ပြင်ထားတာတွေကိုကြည့်ရတာ အများကြီးပဲဆိုတော့ ကျွန်မကို နည်းနည်းလောက် ခွဲရောင်းပေပါလား”
ထိုအမျိုးသမီးမှာ အမှန်တကယ်ပင် ဟင်းလျာများကို များစွာ ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် အလုပ်ရှင်ဖြစ်သူာ အကုန်မစားနိုင်ပါချေ။
သို့သော် အနည်းငယ်လောက်သာ ပြင်လာလျှင်လည်း မျက်နှာပူစရာ ကောင်းသည် မဟုတ်ပါလား။
များသောအားဖြင့် သူမသည်က ပိုသည့်ဟင်းများကို အိမ်သို့ပြန်ယူသွားကာ ညစာအဖြစ် ပြန်နွှေးတတ်သော်လည်း အလုပ်ရှင်က ယနေ့ နေ့လယ်ဘက်တွင် အစားအသောက် သိပ်မဝင်သောကြောင့် ဟင်းများစွာ ပိုနေခဲ့သည်။
“အာ... ဒါပေမဲ့ ဒါတွေက စားကြွင်းစားကျန်တွေ ဖြစ်နေမှာပေါ့”
သူမက ယင်းဖန်အား တွန့်ဆုတ်စွာ ကြည့်လိုက်သည်။
ယင်းဖန်က ထမင်းချိုင့်ထဲမှ ဟင်းများကို ငုံ့ကြည့်လိုက်လျှင် အတော်လေးကို စုံစုံလင်လင် ရှိနေသည်ကို တွေ့ရ၏။
“ရပါတယ် အစ်မ၊ ကျွန်မက အစားမရွေးပါဘူး”
သူမက အစားမရွေးသော်လည်း သူမ၏ အလုပ်ရှင်ဖြစ်သူ လီရှို့လီသာ သိသွားလျှင်တော့ သေချာပေါက် ငြင်းဆန်ပေလိမ့်မည်။
စိတ်ထားကောင်းမွကြောင်အမ်းသော ထိုအမျိုးသမီးမှာ ယင်းဖန်၏ စကားကြောင့် မင်တက်သွားရလေသည်။
“မင်း ဒီဟင်းတွေနဲ့ပဲ လူနာကို တကယ် ကျွေးမလို့လား”
ယင်းဖန်က လေးနက်စွာပင် ခေါင်းညိတ်ပြလိုက်၏။
“အစ်မရဲ့ ဟင်းတွေက ကြည့်ရတာ အတော်လေးကောင်းသားပဲ၊ ဘာလို့ စားလို့မရ,ရမှာလဲ”
အသားနှင့် ဟင်းသီးဟင်းရွက် နှစ်ခုလုံး ပါသည် မဟုတ်ပါလား။
တောရွာဘက်တွင်ဆိုလျှင် နေ့တိုင်း စားရဖို့ မလွယ်ပါချေ။ အရေးကြီးဆုံးအချက်မှာ လီရှို့လီ မှာထားသည့်အတိုင်း ဟင်းသုံးပွဲနှင့် ဟင်းရည်တစ်ခွက် အတိအကျ ဖြစ်နေခဲ့သည်။
“အစ်မအနေနဲ့ အိမ်ပြန်သယ်သွားရင်လည်း ပင်ပန်းမှာပဲလေ၊ ကျွန်မကိုပဲ ရောင်းပေးလိုက်ပါ၊ ဆင့်ငါးဆယ်ပေးမယ်လေ ဟုတ်ပြီလား”
ဆင့်ငါးဆယ်နှင့် ဝယ်လိုက်လျှင် သူမ၏လက်ထဲတွင် ဆင့်ငါးဆယ် ကျန်နေဦးမည် မဟုတ်ပါလား။
ဟားဟား.. သူမက တကယ့်ကို ဉာဏ်ကောင်းတာပဲ!
ဆင့်ငါးဆယ်လား။
ထိုစကားကို ကြားချိန်တွင် တစ်ဖက်မှ အမျိုးသမီးလည်း စိတ်လှုပ်ရှားသွားသည်။ စားကြွင်းစားကျန် တစ်ပွဲကို ဆင့်ငါးဆယ် ရမည်ဆိုသည်မှာ မဆိုးလှပါချေ။
သို့သော် သူမ၏ စိတ်ထဲတွင် အနည်းငယ်လောက် အပြစ်ရှိသကဲ့သို့ ခံစားနေရဆဲပင်။
ထိုအမျိုးသမီး စိတ်ယိုင်လာသည်ကို မြင်လိုက်ရလျှင် ယင်းဖန်က အခွင့်ကောင်းယူကာ အိတ်ထဲမှ ဆင့်ငါးဆယ်ကိုထုတ်၍ သူမ၏ လက်ထဲသို့ အတင်းထိုးထည့်လိုက်လေသည်။
“စိတ်ချပါ အစ်မ၊ ဒီဟင်းတွေက သန့်ရှင်းပါတယ်၊ စားပြီးရင် ဘာပြဿနာမှ မရှိစေရပါဘူး.. တကယ်လို့ ပြဿနာရှိရင်တောင် ဒါက ကျွန်မရဲ့စိတ်ကူးပဲလေ၊
အစ်မကို လုံးဝ အပြစ်မတင်ပါဘူး၊ ဒီထမင်းချိုင့်လေးကို ခဏ ငှားလိုက်မယ်နော်၊ ပြီးရင် ပြန်ပေးပါ့မယ် ဒါဆို ယူသွားပြီနော်”
ပြောပြီးသည်နှင့် ယင်းဖန်က သူမ၏ လက်ထဲမှ ထမင်းချိုင့်ကို ဆွဲယူကာ ထွက်ပြေးသွားတော့သည်။
သူမက လူနာဆောင်ထဲသို့ ချက်ချင်း ပြန်မဝင်သေးပါချေ။ ဆိုရလျှင် အချိန်တိုအတွင်း ဟင်းများ ချက်ပြီး ပြန်လာသည်ဟု ဆိုပါက မယုံနိုင်စရာ ဖြစ်နေမည် မဟုတ်ပါလား။
ထို့အပြင် ဟင်းပွဲများကိုလည်း တခြားသူ စားထားသည်ဟု မရိပ်မိစေရန် သေသေသပ်သပ် ပြန်ပြင်ရဦးမည် ။
တစ်ဖက်မှအမျိုးသမီးမှာ ယင်းဖန်အား မတားနိုင်လိုက်ဘဲ သူမ ပြေးထွက်သွားသည်ကိုသာ ငေးကြည့်နေမိတော့သည်။ သူမက လီရှို့လီတို့၏ လူနာဆောင်ဘက်သို့ လှမ်းကြည့်ရင်း ရေရွတ်လိုက်၏။
“ဒါ ငါနဲ့ မဆိုင်ဘူးနော်၊ အပြစ်တင်ချင်ရင် နင်ငှားထားတဲ့သူကိုပဲ အပြစ်တင်တော့.. ငါ့ဟင်းတွေကလည်း သန့်ရှင်းပါတယ်၊ စားလို့ ဘာမှမဖြစ်ပါဘူး”
တခြားသူစားထားသော ဟင်းများကို စားရမည်ဆိုသည်က အနည်းငယ်လောက်တော့ ရွံစရာကောင်းပေလိမ့်မည်။
…
ယင်းဖန်က အပြင်တွင် ခေတ္တစောင့်ဆိုင်းနေခဲ့ကာ ဟင်းများကို သေသေသပ်သပ် ပြန်ပြင်လိုက်ပြီးနောက် စားကြွင်းစားကျန်ဟင်းများက ကြည့်၍ကောင်းသွားခဲ့သည်။
ထို့ကြောင့် ခေတ္တကြာပြီးနောက်သူမ လူနာဆောင်သို့ ပြန်ဝင်လာချိန်တွင် လီရှို့လီက ထမင်းချိုင့်ထဲမှ ဟင်းများကိုကြည့်ပြီး သံသယမျှ မဝင်ခဲ့ပါချေ။
သူမက ယင်းဖန်၏ ဟင်းချက်လက်ရာက အတော်လေး ကောင်းမွန်သည်ဟုသာ တွေးမိနေပြီး တစ်ယွမ်တည်းနှင့် ဟင်းလျာများစွာ ရအောင် စီစဉ်နိုင်သည်ကို အံ့ဩနေခဲ့သည်။
“ဒါ နင် အိမ်ကနေ ချက်လာတာလား”
လီရှို့လီက စားရင်းနှင့် ယင်းဖန်ကို မေးမြန်းလိုက်လေသည်။ ယင်းဖန်က ဝေဝေဝါးဝါးပင် ခေါင်းညိတ်ပြလိုက်၏။
“အင်းလေ... မြန်မြန်စားလိုက်၊ ခဏနေရင် အေးကုန်လိမ့်မယ်!”
လီရှို့လီလည်း မည်သည်ကိုမျှ ထပ်မမေးတော့ဘဲ ဟင်းများကို အလျှင်အမြန် စားသောက်လိုက်လေ၏။ ထမင်းချိုင့်ထဲတွင် ဟင်းလုံးဝမကျန်တော့ပါချေ။
ယင်းဖန်အနေဖြင့် စားကြွင်းစားကျန်များကို ကျွေးခြင်းက ပြဿနာမရှိဟု ထင်ခဲ့သော်လည်း လီရှို့လီ၏ အားပါးတရ စားနေသည့် ပုံစံကို မြင်ချိန်တွင် အနည်းငယ်တော့အနေရခက်မိသွားရသည်။
ဆိုရလျှင် သူမ၏ ရင်ထဲတွင် အပြစ်ရှိသကဲ့သို့ ခံစားနေရပေ၏။
ထို့ကြောင့် သူမက ထမင်းချိုင့်ကို သိမ်းဆည်းဆေးကြောရန် အလျှင်အမြန်ပင် ယူဆောင်သွားခဲ့သည်။
သို့သော် မထွက်သွားမီ လီရှို့လီအား မေးလိုက်လေသည်။
“ဒါနဲ့... ရှင့်ရဲ့ စုန့်ဝေ့က တစ်မနက်လုံး ဘယ်ပျောက်နေတာလဲ နေ့လယ်စာ စားဖို့တောင် ပြန်မလာဘူးလား”
စုန့်ဝေ့မှာ ယမန်နေ့ညကမှ ဆေးရုံတက်ထားရခြင်း ဖြစ်၍ ယခုကဲ့သို့ စောစောစီးစီး ဆေးရုံမှဆင်းသွားရန် အကြောင်းမရှိပါချေ။
ယင်းဖန်အနေဖြင့် မနက်ကတည်းက စုန့်ဝေ့ကို မတွေ့သောကြောင့် အပြင်သို့သွားသည်ဟု ထင်ထားသော်လည်း တစ်မနက်လုံး မတွေ့ရရုံသာမက နေ့လယ်စာစားချိန်အထိ ပြန်မလာသည်က ထူးဆန်းနေပေသည်။
စုန့်ဝေ့အကြောင်း မေးသည်ကို ကြားချိန်တွင် လီရှို့လီမှာ ရုတ်တရက် သတိကြီးသွားရပြီး ပြန်မေးလိုက်သည်။
“နင် ဒါကို ဘာလို့ မေးနေတာလဲ”
ယင်းဖန် ကြောင်အသွားရသည်။ လီရှို့လီ အဘယ်ကြောင့် ဤမျှအထိ သတိထားနေရသည်ကို သူမနားမလည်နိုင်ပေ။
“မေးတောင် မမေးရတော့ဘူးလား၊ ကျွန်မက သူ့ကို ကြိုက်နေတယ်လို့ ထင်နေတာလား!”
ယင်းဖန်အနေဖြင့် လီရှို့လီမှ သူမ၏ခင်ပွန်းသည်ကို လုယူမည်ကို စိုးရိမ်နေသည်ဟုသာ ရိုးရိုးရှင်းရှင်း တွေးလိုက်မိသည်။
သို့သော် လီရှို့လီက စုန့်ဝေ့၏ သတင်းကို မပြောရဲခြင်းမှာ စုန့်ဝေ့ကိုယ်တိုင်က သူမအား သူ သွားသည့်နေရာကို တစ်ဦးတစ်ယောက်ကိုမျှ မပြောရန် မှာထားခဲ့သောကြောင့် ဖြစ်သည်။
ဆိုရလျှင် လီရှို့လီကိုယ်တိုင်ပင် စုန့်ဝေ့ သွားသည့်ကိစ္စကို အတိအကျ မသိပါချေ။
ထိုသူက မနက်ခင်းတွင် ရုတ်တရက် ဆေးရုံဆင်းမည်ဟု ပြောဆိုခဲ့သည်။ ထို့နောက် လီရှို့လီ၏ တားဆီသည့်စကားများကို လျစ်လျူရှုကာ ဆရာဝန်ထံသို့ တိုက်ရိုက် သွားခဲ့ပေသည်။
လီရှို့လီမှာ စုန့်ဝေ့မှ ဆေးရုံစောစောဆင်းပြီး သူမအား ပစ်ထားခဲ့၍ ထွက်ပြေးသွားမည်ကို စိုးရိမ်နေခဲ့မိလေ၏။ သို့သော်လည်း ကံကောင်းစွာဖြင့် စုန့်ဝေ့က အဝတ်အစားကို လဲလှယ်ပြီး အလောတကြီး ထွက်သွားခဲ့သည်။ သူက ကျန်ရှိသော ပစ္စည်းများကို ယူမသွားခဲ့ပါချေ။
ထိုသည်ကို ကြည့်ခြင်းအားဖြင့် သူ ပြန်လာလိမ့်မည်ဟု သူမ ခန့်မှန်းထားလေ၏။
စုန့်ဝေ့က ထွက်ပြေးသွားခြင်းမျိုးမဟုတ်ဘဲ သူကိုယ်တိုင် စက်ရုံတစ်ရုံတည်ထောင်ရန်အတွက် လိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနများသို့ သွားရောက်စုံစမ်းနေခြင်းဖြစ်ကြောင်းကိုတော့သူမ မသိရှိခဲ့ပါချေ။
မှန်ပေ၏။ ယမန်နေ့မွန်းလွဲပိုင်းက လင်းကျန်းအန်းနှင့် ခေါင်းဆောင်ချန်တို့၏ စကားဝိုင်းကို နားထောင်ပြီးနောက် စုန့်ဝေ့တစ်ယောက် အလွန် စိတ်လှုပ်ရှားသွားခဲ့ရသည်။
သူသည်ကား လင်းကျန်းအန်းအား တစ်ခါမျှ အလေးအနက်မထားခဲ့ဖူးပါချေ။
သို့သော် မနေ့က ဖြစ်ရပ်များက သူ အထင်သေးခဲ့သော လင်းကျန်းအန်းမှာ ဘဝကို ပြောင်းလဲပစ်တော့မည်ဖြစ်ကြောင်း သက်သေပြနေခဲ့ပြီ ဖြစ်သည်။
ထိုသို့ ပြောင်းလဲနိုင်ခြင်းမှာလည်း သူကိုယ်ပိုင် စက်ရုံဖွင့်လှစ်ခြင်းကြောင့်ပင် မဟုတ်ပါလား။
သို့ဖြစ်၍ မနေ့ညက စုန့်ဝေ့တစ်ယောက် လူနာခုတင်ပေါ်တွင် လူးလှိမ့်နေခဲ့ကာ တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပါချေ။ သူ့အနေဖြင့် အကြောင်းအရာတစ်ခုကိုသာ ထပ်ခါတလဲလဲ တွေးတောနေမိသည်။
အကယ်၍ သူသာ လင်းကျန်းအန်းကဲ့သို့ လုပ်ဆောင်မည်ဆိုပါက ရလဒ်က မည်သို့ရှိမည်နည်း။
နောက်ဆုံးတွင် စုန့်ဝေ့တစ်ယောက် အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက်တွင် သူသည်က လင်းကျန်းအန်းထက် ပို၍ ကောင်းမွန်အောင် သေချာပေါက် လုပ်ဆောင်နိုင်လိမ့်မည်ဟူသော ကောက်ချက်ကို ချလိုက်လေသည်။
သူက ပညာတတ်တစ်ယောက်ဖြစ်သည်။ ကျွမ်းကျင်မှုရှိသည်။ အရေးကြီးဆုံးအချက်မှာ အလုပ်အတွေ့အကြုံရှိသည်ဖြစ်၍ လင်းကျန်းအန်းထက် ညံ့ဖျင်းစရာ အကြောင်းမရှိပါချေ။
အကယ်၍ ဤကိစ္စမျိုးမှာ ယခင်က ဖြစ်ပွားခဲ့လျှင် စုန့်ဝေ့အနေဖြင့် တွေးပင်တွေးမိမည် မဟုတ်ပေ။ သို့သော်လည်း ယခုအချိန်တွင် သူသည်က အလုပ်လက်မဲ့တစ်ဦး ဖြစ်လုနီးပါး ဖြစ်နေချေပြီ။
သို့ဖြစ်၍ ကျန်ရှိသော စုဆောင်းငွေဖြင့်သာ ရပ်တည်နေရခြင်းက သူ့အား အလွန်ပင် စိတ်မသက်မသာ ဖြစ်စေသည်။
ထို့အပြင် မနေ့က လင်းကျန်းအန်း၏ ကြီးမားသော ပြောင်းလဲမှုကို မြင်တွေ့လိုက်ရခြင်းက သူ့အား လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားရသည်။
ထို့အတွက်ကြောင့် စုန့်ဝေ့၏ စိတ်ထဲမှ အလိုဆန္ဒကို မထိန်းချုပ်နိုင်တော့ဘဲ စက်ရုံဖွင့်ရန် လျှောက်ထားချင်စိတ်တို့ ပေါ်ပေါက်လာခဲ့ရလေ၏။
သို့သော်လည်း ယခုအချိန်တွင် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်ခြင်းကို ခွင့်မပြုသေးပါချေ။
သူသည်က ဥပဒေချိုးဖောက်ရလောက်အောင်အထိ တုံးအသူမဟုတ်သောကြောင့် စက်ရုံတည်ထောင်ခြင်းအတွက် အခြေအနေက မည်သို့ရှိနေကြောင်းကို သက်ဆိုင်ရာဌာနများသို့ သွားရောက်၍ ရှင်းလင်းစွာ မေးမြန်းရန်တွေးခဲ့သည်။
သိုသော်လည်း စက်ရုံတည်ထောင်ခြင်းက သူထင်ထားသည်ထက် ခက်ခဲနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
***