ကျိုးကျယ်ပင်း ထွက်သွားပြီးနောက် လင်းရန်က ယင်းဖန်ကို လီရှို့လီနှင့်ကျန်ရှိသော ကိစ္စများကို အမြန်ဆုံးသွားရောက်အဆုံးသတ်ရန် တိုက်တွန်းလိုက်လေသည်။
သို့သော် ယင်းဖန်သည်ကား မတိုင်မီက အဖြစ်အပျက်ကြောင့် အလုပ်လုပ်ရန် စိတ်ပါဝင်စားမှု မရှိတော့ပါချေ။
ဤမြို့ပေါ်တွင် အလုပ်လုပ်ရသည်မှာ သူမ ထင်မှတ်ထားသကဲ့သို့ သက်သောင့်သက်သာ မရှိနေခဲ့ပေ။
လုပ်စရာ များပြားလွန်းသည့်အပြင် ဤမြို့သားများ၏ အထင်သေးမှုကိုလည်း ခံနေရ၏။
အထင်သေးကြောင်းကို ပွင့်ပွင့်လင်းလင်း မပြသလျှင်ပင် သူမအား အရေးတယူ လုပ်ကြမည် မဟုတ်ပါချေ။
သူမအနေဖြင့် မြို့ပေါ်တွင် စည်းကမ်းများက ဤမျှအထိ များပြားကြောင်းလိမ့်မည်ဟု မသိထားခဲ့။
ဒီလူတွေက အခုလို စည်းတွေဘောင်တွေနဲ့ နေထိုင်ရတာ မပင်ပန်းကြဘူးလား။
ယင်းဖန်တစ်ယောက် မတိုင်မီက ဖြစ်ရပ်ကြောင့် ထိတ်လန့်နေကြောင်းကို မြင်လိုက်ရချိန်တွင် လင်းရန်က လှမ်းပြောလိုက်လေသည်။
“တတိယအဒေါ်... မြို့ပေါ်က ဘဝဆိုတာက အဒေါ်ထင်နေသလောက် မရိုးရှင်းသလို လွယ်လည်းမလွယ်ကူပါဘူး၊ ဒီလိုကိစ္စမျိုးတွေက နေ့တိုင်း ဖြစ်ပျက်နေတာ
တကယ်လို့ အဒေါ့်ဆီမှာ အရည်အချင်း တစ်ခုခု မရှိဘူးဆိုရင် လူအများကြီးက အဒေါ်ကို အထင်သေးကြပြီး ဒုက္ခပေးကြလိမ့်မယ်၊
အရေးကြီးဆုံးအချက်ကတော့ ဒီမှာ မှာ ခိုင်ခိုင်မာမာရပ်တည်ချင်တယ်ဆိုရင် အဒေါ်က တစ်ဖက်လူတွေထက် အများကြီး သာလွန်နေမှ နည်းနည်းလောက် သက်သောင့်သက်သာနေထိုင်နိုင်မှာ”
ယခင်ကဆိုလျှင် ယင်းဖန်က ဤစကားကို လက်ခံလိမ့်မည် မဟုတ်ပါချေ။ သို့သော်လည်း ယခုအချိန်တွင်တော့ ဤအဖြစ်အပျက်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီဖြစ်၍ လင်းရန်၏ စကားကို အမှန်တကယ်ပင် နားဝင်သွားခဲ့ပေသည်။
သို့သော်လည်း ယင်းဖန်သည်က မြို့ပေါ်တွင် နေထိုင်ရန် နှစ်ပေါင်းများစွာ စိတ်ကူးယဉ်လာခဲ့သူ ဖြစ်သောကြောင့် ဤမျှနှင့် လက်လျှော့ရန် မဖြစ်နိုင်သေးပါချေ။
ထို့ကြောင့် သူမက ဇွဲမလျှော့သေးဘဲ လင်းရန်ကို မေးလိုက်လေသည်။
“ရန်ရန်... ဒါဆို ငါ့လို အရည်အချင်း မရှိတဲ့သူက မြို့ပေါ်မှာ တကယ်ပဲ အခြေချလို့ မရနိုင်ဘူးလား”
လင်းရန်၏ နှုတ်ခမ်းထောင့်များက ကွေးညွှတ်သွားသည်။
“ရတာပေါ့”
ယင်းဖန်၏ မျက်လုံးများ တောက်ပသွား၏။
“ဒါဆို ပြောပြပါဦး၊ ငါ ဘယ်လိုလုပ်သင့်သလဲ၊ ငါ ဘာတွေလုပ်နိုင်မလဲ”
သူမ၏ မျှော်လင့်ချက် အပြည့်ရှိသော အကြည့်များကို ရင်ဆိုင်လိုက်ရချိန်တွင် လင်းရန်က ရက်စက်လွန်းသော အဖြေကို ပေးလိုက်လေသည်။
“တတိယအဒေါ်၊ အဒေါ်မှာ ပညာအရည်အချင်းလည်း မရှိဘူး၊ ကျွမ်းကျင်မှုလည်း မရှိဘူး.. ဒါပေါ့ လယ်ယာလုပ်ငန်းကို လုပ်နိုင်တယ်ဆိုတာကိုတော့ ထည့်ပြီးစဉ်းစားလို့ ရနိုင်ပေမဲ့ မြို့ပေါ်မှာ အဒေါ် စိုက်ပျိုးဖို့အတွက် မြေမရှိဘူးလေ
ဒါကြောင့် အဒေါ်ရဲ့ လက်ရှိ အခြေအနေအရ လုပ်နိုင်တဲ့အလုပ်ဆိုရင် လူနာကို ပြုစုရတဲ့ အလုပ်မျိုး၊ ဒါမှမဟုတ် အင်အားသုံးရတဲ့ အလုပ်မျိုးတွေပဲ ရှိတယ်
ပြီးတော့ အဲဒီလို အင်အားသုံးရတဲ့ အလုပ်တွေကလည်း အချိန်တိုင်း နေရာတိုင်းမှာ ရှိနေတာ မဟုတ်ဘူးလေ၊ ဒါကြောင့်...”
လင်းရန်၏ စကားများမှာ ယင်းဖန်၏ ခေါင်းပေါ်သို့ ရေအေးဖြင့် လောင်းချလိုက်သကဲ့သို့ ဖြစ်စေပြီး သူမ၏ စိတ်လှုပ်ရှားနေသော နှလုံးသားကို အေးစက်သွားစေခဲ့သည်။
လင်းရန် ပြောသည့်စကားများက မှန်ပေသည်။ သူမတွင် ပညာလည်း မရှိ၊ ကျွမ်းကျင်မှုလည်း မရှိသောကြောင့် ကြိုးစားအားထုတ်မှုဖြင့်သာ အလုပ်လုပ်ရလိမ့်မည်။
သို့သော် လူနာပြုစုရခြင်းကဲ့သို့သော အလုပ်မျိုးတွင်ပင် အင်အားသုံးရသည်ကတော့ အတော်လေး ခက်ခဲပေ၏။
အကယ်၍ ဤထက် ပို၍ပင်ပန်းသော အလုပ်ဆိုလျှင် သူမအနေဖြင့် လုံးဝ ခံနိုင်ရည် ရှိတော့မည် မဟုတ်ပါချေ။
တစ်ဖက်လူများကို ပြုစုရသည့် အလုပ်ကို ကိုယ်တိုင်စမ်းသပ်လုပ်ကိုင်ကြည့်ပြီးမှသာ ထိုအလုပ်မှာလည်း မည်မျှအထိ နှိပ်စက်ညှဉ်းပန်းမှု ဖြစ်စေသည်ကို သူမ သဘောပေါက်သွားခဲ့ရသည်။
တစ်ဖက်တွင် အလုပ်သမားလေးတစ်ဦးကဲ့သို့ ဆက်ဆံခံရပြီး တစ်ဖက်တွင်တော့ စည်းကမ်းမရှိသူဟု ဝေဖန်ခြင်းကို ခံနေရသည်ထက် ကျေးလက်ဒေသရှိ အိမ်တွင် နေရခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
အနည်းဆုံးတော့ အလုပ်လုပ်ရသည်က ပင်ပန်းသော်လည်း မည်သူကမျှ သူမကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်လိမ့်မည် မဟုတ်ပါချေ။
နှိုင်းယှဉ်မှု မရှိလျှင် ထိခိုက်မှုလည်းမရှိပေ။ ယခုကိစ္စကို ကြုံတွေ့ပြီးနောက်တွင်တော့ ယင်းဖန်တစ်ယောက် မြို့ပေါ်၌ ရပ်တည်ရန်က ထင်သလောက် မလွယ်ကူကြောင်းကိုသိသွားရပေပြီ။
အထူးသဖြင့် သူမကဲ့သို့ အရည်အချင်း မရှိသူများအတွက် ထိုကဲ့သို့သော ကံကြမ္မာမျိုး မရှိကြောင်းကို သဘောပေါက်သွားခဲ့လေတော့သည်။
သို့ဖြစ်၍ အချိန်တိုအတွင်း သူမက မြို့ပေါ်သို့ အလုပ်လာလုပ်မည်ဟူသော စကားကို ထပ်မံ၍ ပြောဆိုတော့မည် မဟုတ်ပါချေ။
လင်းရန်သည်လည်း ယင်းဖန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို ဘေးမှနေ၍ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
သူမက မြို့ပေါ်တွင် အခြေချမည့် အစီအစဉ်ကို လက်လျှော့လိုက်ပုံရသည်ကို မြင်လျှင် စိတ်ထဲမှနေ၍ တိတ်တဆိတ် သက်ပြင်းချလိုက်မိလေသည်။
မှန်ပေ၏။ ဤကဲ့သို့သော လူမျိုးမှာ ကိုယ်တိုင် နာကျင်အောင် အရိုက်ခံရဖူးမှ၊ ကိုယ်တိုင်လည်း ဒုက္ခကြုံဖူးမှသာ တချို့သော အမှန်တရားများမှာ တစ်ဖက်လူများက သူမအား ခြောက်လှန့်ရန် ပြောနေခြင်းမဟုတ်ပါချေ။
ရှေးလူကြီးမိဘများ၏ သွေးမျက်ရည်များ၊ အတွေ့အကြုံများနှင့် သင်ခန်းစာများမှတစ်ဆင့် စုစည်းထားခြင်းသာဖြစ်ပေ၏။
မည်သို့ပင်ဖြစ်စေ ဤတစ်ကြိမ်ပြီးနောက်တွင်တော့ ယင်းဖန်က သူမ၏ဇာတိသို့ ပြန်သွားလျှင်ပင် နောက်ပိုင်းတွင် ထပ်မံ၍ ပြဿနာရှာတော့မည်မဟုတ်ပါချေ။
ဤမျှဆိုလျှင် လုံလောက်ပေပြီ။
ထို့အပြင် ဤဖြစ်ရပ်ကြောင့် သူမအနေဖြင့် အတတ်ပညာတစ်ခုခု သင်ယူထားရန် သို့မဟုတ် သူ၏အရည်အချင်းကို မြှင့်တင်ထားရန်က မည်မျှအရေးကြီးကြောင်း သိမြင်သွားနိုင်ကောင်းပါ၏။
ဤသည်ကလည်း သူမ၏ နောင်ရေးအတွက်လည်း အကျိုးရှိစေပေလိမ့်မည်။
မကြာမီမှာပင် ယင်းဖန်တစ်ယောက် စိတ်ကိုပြန်လည်စုစည်းပြီး လူနာဆောင်ထဲသို့ ပြန်ဝင်လာခဲ့သည်။
သူမက ဤအလုပ်ကို ဆက်လုပ်ရန် စိတ်ကူးမရှိတော့သော်လည်း လီရှို့လီအား အသိပေးရန်တော့ လိုအပ်ပေသည်။
အရေးကြီးဆုံးအချက်မှာ သူမက တစ်နေကုန် အပင်ပန်းခံ နှိပ်စက်ခံထားရသော်လည်း လုပ်အားခကို မရရှိသေးပေ။
ဤပိုက်ဆံကို သူမအနေဖြင့် များစွာသော အားထုတ်မှု၊ အရှက်ရမှုတို့ဖြင့် ရှာဖွေထားခြင်းဖြစ်၍ သေချာပေါက် ရအောင်ယူထားရမည်။
အခန်းထဲတွင်ရှိနေသောလီရှို့လီက ယင်းဖန် ဝင်လာသည်ကို မြင်ချိန်တွင် မကျေမနပ် ညည်းညူတော့သည်။
“ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ.. နင့်ကို စောင့်ရင်း ငါတောင် အိပ်ပျော်တော့မယ်! နင့်ရဲ့ လက်တွေခြေတွေက နှေးကွေးလိုက်တာ.. နောင်ကျရင် ဘယ်သူကများ နင့်ကို အလုပ်ခန့်ဦးမလဲ”
ယင်းဖန်သည်ကား နောက်ထပ် အလုပ်လုပ်ရန် စိတ်ကူးမရှိတော့သည့်အတွက်ကြောင့် လီရှို့လီ၏ ဆူပူကြိမ်းမောင်းမှုကို ဆက်လက်၍ သည်းခံနေစရာ အကြောင်းမရှိတော့ပါချေ။
သို့ဖြစ်၍ သူမက ဇလုံကို စားပွဲပေါ်သို့ ဘန်းကနဲ အသံမြည်အောင် တင်လိုက်ပြီးနောက် လီရှို့လီထံသို့ လက်ဖြန့်ပြလိုက်လေတော့သည်။
“ကျွန်မ မနက်ဖြန်ကစပြီး ထွက်ပြီ၊ ဒီနေ့အတွက် လုပ်အားခကို အခုချက်ချင်းပေးတော့..ကျွန်မ သွားတော့မယ်!”
လီရှို့လီမှာ ထိုစကားကို ကြားချိန်တွင် ကြောင်အမ်းသွားရလေ၏။
“ဘာ.. နင်က မလုပ်တော့ဘူး ဟုတ်လား၊ နင်မလုပ်ရင် ငါက ဘယ်လိုလုပ်ရတော့မလဲ!”
ယင်းဖန်က မျက်လုံးကို အသာဝေ့ကြည့်လိုက်သည်။
“ရှင် ဘယ်လိုလုပ်ရမလဲဆိုတာက ကျွန်မနဲ့မဆိုင်ဘူး.. မြန်မြန် ပိုက်ဆံပေးတော့၊ မဟုတ်ရင်တော့ ဒီရေတွေနဲ့ ရှင့်ကို ပက်မိလိမ့်မယ်
ကျွန်မရဲ့ ဒေါသထွက်နေတဲ့စိတ်နဲ့ဆိုရင် ဘာတွေလုပ်မိမလဲဆိုတာ ကျွန်မကိုယ်တိုင်တောင် မသိဘူးနော်!”
လီရှို့လီမှာ ယင်းဖန်ဘက်မှ အမှန်တကယ်ပြောဆိုခြင်းဖြစ်ကြောင်း တွေ့လိုက်ရချိန်တွင် အတော်လေး မကျေမနပ် ဖြစ်သွားရသည်။
ယင်းဖန်သည်က သူတစ်ပါးကို ပြုစုရာတွင် မကျွမ်းကျင်သော်လည်း မည်သို့ပင်ဖြစ်စေ သူမကို ကူညီပေးနိုင်သည် မဟုတ်ပါလား။
သူမ ထွက်သွားလျှင် သူမ(လီရှို့လီ)အနေဖြင့် တစ်ယောက်တည်း ပြန်ဖြစ်သွားတော့မည်။
သို့သော် သူမက စကားလုံးတချို့ ထပ်ပြောရန် ပြင်လိုက်ချိန်မှာပင် လင်းရန်က တံခါးဝမှ ဝင်လာခဲ့သည်။
“ပိုက်ဆံကို ပေးရမယ့်အချိန်မှာ ပိုက်ဆံပေးလိုက်ပါ ၊ ကတိမဖျက်သင့်ဘူးလေ”
ယခုအချိန်တွင် လီရှို့လီအနေဖြင့် လင်းရန်နှင့် ဆက်ဆံရေးပျက်ပြားသွားမည့်ကိစ္စကို လုံးဝ မလုပ်ရဲတော့ပါချေ။ အဆုံးတွင် လင်းရန်က သူမအား ခွင့်လွှတ်ပေးပြီး သူမအပေါ် သိတတ်လိမ့်မည်ဟု မျှော်လင့်နေဆဲပင်မဟုတ်ပါလား။
သို့ဖြစ်၍ လင်းရန်က ထိုသို့ပြောလာချိန်တွင် သူမက လင်းရန် ရှာပေးခဲ့သော “အရည်အချင်းရှိသူ”က တစ်ရက်တည်းနှင့် ထွက်သွားသည်ဟု မကျေမနပ် ပြောဆိုရင်းဖြင့် ပိုက်ဆံကိုထုတ်ပေးလိုက်ရတော့သည်။
“ဒီမှာ ..ယူသွားလိုက်! ဘာပဲဖြစ်ဖြစ် ငါ့ကလွဲရင် တခြားဘယ်သူကမှ နင့်ကို အလုပ်ခန့်မှာ မဟုတ်ဘူး!”
ယင်းဖန်အနေဖြင့် ပိုက်ဆံရရှိသွားချိန်တွင်မှသာ စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားတော့သည်။
လီရှို့လီ ပြောသည်မှာ မှန်ကန်ကြောင်းကို သူမ ဝန်ခံရမည်ဖြစ်သော်လည်း ထိုသို့ အပြောခံရခြင်းကိုတော့ မကျေမနပ်ဖြစ်နေရဆဲပင်။
ကံကောင်းစွာဖြင့် သူမက လီရှို့လီအား နောက်ထပ် မြင်တွေ့ရတော့မည် မဟုတ်သည့်အတွက် လှောင်ပြောင်လိုစွာ ပြုံးလျက် ဆိုလိုက်လေသည်။
“ဟုတ်တယ် ၊ ရှင့်လို အရူးမျိုးကပဲကျွန်မကို အလုပ်ခန့်တာနေမှာပေါ့.. ဒါနဲ့... နေ့လယ်က စားခဲ့တဲ့ ထမင်းက စားလို့ကောင်းရဲ့လား၊
တကယ်လို့ စားကောင်းတယ်ဆိုရင် မနက်ဖြန်ကျရင်လည်း ဘေးခန်းက အဒေါ်ကြီးကို ထပ်ချက်ခိုင်းဖို့ မမေ့နဲ့ဦးနော် ၊ မဟုတ်ရင် သူ့ရဲ့ လူနာက အကုန်စားပစ်လိုက်လို့ ရှင့်အတွက် စားစရာ မကျန်ဘဲ နေဦးမယ်!”
ယင်းဖန်က ပြောပြီးသည်နှင့် ပိုက်ဆံကို အိတ်ထဲသို့ထည့်ကာ ခေါင်းကို မော့လျက် ထွက်ခွာသွားခဲ့တော့သည်။
စိတ်ထဲမှ အာဃာတများကို ဖွင့်ထုတ်လိုက်နိုင်သောကြောင့် သူမ အမှန်တကယ် ပျော်ရွှင်သွားရပေပြီ။
လီရှို့လီသည်ကား ယင်းဖန် ပြောလိုက်သည့် အဓိပ္ပာယ်ကို အစပိုင်း၌ သဘောမပေါက်သေးပါချေ။
သို့သော် သူမ၏ စိတ်ထဲတွင် ထိုစကားမှာ မကောင်းသောအရာ ဖြစ်လိမ့်မည်ဟု အလိုလို သိနေခဲ့သည်။
အထူးသဖြင့် ယင်းဖန်၏ ထိုလှောင်ပြုံးမှာ ဆိုးရွားသောအရာတစ်ခုကို လုပ်ထားသကဲ့သို့ဖြစ်နေခဲ့သည်။
နောက်တစ်နေ့တွင် ဘေးဘက်အခန်းမှ လူနာဆောင် တံခါးဝမှ စကားသံများကို ကြားလိုက်ရချိန်မှသာ သူမ အမှန်တရားကို သိရှိသွားခဲ့လေတော့သည်။
လူနာစောင့်တစ်ဦးက ယင်းဖန်မှ ယမန်နေ့က ဆင့်ငါးဆယ်ပေးကာ စားကြွင်းစားကျန်များကို ဝယ်ယူသွားကြောင်း ပြောဆိုနေခဲ့လေ၏။
မနေ့က ယင်းဖန်က သူမအား နေ့လယ်စာ တစ်ကြိမ်သာ ကျွေးခဲ့သည် မဟုတ်ပါလား။
သို့ဆိုလျှင် မနေ့က သူမ ခံတွင်းတွေ့စွာ စားခဲ့သော ထမင်းမှာ တစ်ဖက်လူများ၏ စားကြွင်းစားကျန်များ ဖြစ်နေခဲ့သည်ပင်။
ဤအကြောင်းကို တွေးမိချိန်တွင် လီရှို့လီတစ်ယောက် ဗိုက်ထဲမှ ပြန်အန်ချင်သကဲ့သို့ ခံစားလိုက်ရပြီး အံကိုကြိတ်ကာ အော်ဟစ်လိုက်လေတော့သည်။
“ယင်းဖန်! နင်နဲ့ ငါကတော့ ဘယ်တော့မှ မကျေအေးနိုင်တော့ဘူး!!!”
…
***