ယင်းဖန်က အနားယူချင်သည့်အပြင် အလုပ်မရှာတော့ဟု ပြောလာသောကြောင့် နောက်ထပ် နှစ်ရက်အတွင်း လင်းရန်နှင့် အဘွားအိုတို့က သူမအား ဆက်၍ မစောင့်ကြည့်တော့ပါချေ။
အားလပ်သည့် အချိန်များတွင် လင်းရန်က သူတို့နှစ်ဦးအား အနီးအနားသို့ လိုက်လံ ပို့ဆောင်ပေးခဲ့သည်။
အကြီးဆုံးအဒေါ်ဖြစ်သူ ဝမ်ရှို့ကျူကတော့ ယင်းဖန်၏ နောင်တရသည့်ဖြစ်ရပ်အပြီး နောက်တစ်နေ့မှာပင် လင်းရန်နှင့်အတူ နိုင်ငံပိုင်စားသောက်ဆိုင်သို့ အလုပ်သွားလုပ်ခဲ့လေသည်။
ယင်းဖန်က ဤသတင်းကို ကြားသော်လည်း ယခုတစ်ကြိမ်တွင်တော့ မည်သည်ကိုမျှ ထပ်မပြောတော့ပါချေ။ သူမတွင်လည်း ထိုကဲ့သို့သော ဟင်းချက်အရည်အချင်းရှိလျှင် အလွန်ကောင်းမည်ဟုသာ နောင်တရစွာ ရေရွတ်နေမိတော့သည်။
သုံးရက်အကြာတွင် အဘွားအိုက ယင်းဖန်တစ်ယောက် မြို့ပေါ်တွင် ခြေရှုပ်လိုစိတ်များ ပျောက်ကွယ်သွားသည်ကို မြင်ရပြီး မြို့ပေါ်၌လည်း လုံလောက်အောင် လည်ပတ်ပြီးပြီဖြစ်သောကြောင့် ဇာတိသို့ ပြန်ရန် စီစဉ်လိုက်လေသည်။
ထို့ကြောင့် လင်းရန်က မနက်ခင်းတွင် အလုပ်ခွင့်တစ်ဝက်ခန့် တောင်းခံလိုက်ပြီး အဘွားအိုတို့အား ဘူတာရုံသို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။
ဖခင်ဖြစ်သူ လင်းကျန်းအန်းမှာတော့ မူလက သူတို့နှင့်အတူ ပြန်ရန် စီစဉ်ထားသော်လည်း လွန်ခဲ့သော နှစ်ရက်အတွင်း မည်သည့် အရေးကြီးကိစ္စများကို လုပ်ဆောင်နေသည်ကို မသိရပါချေ။
သူက လျှို့လျှို့ဝှက်ဝှက်ဖြင့် နောက်ထပ် နှစ်ရက်ခန့် ကြာမှသာ ပြဿနာများ ပြေလည်သွားမည်ဖြစ်ကြောင်း ပြောဆိုလာခဲ့သည်။
အဘွားအိုမှာလည်း လမ်းမမှတ်မိသူ မဟုတ်သည့်အပြင် ယင်းဖန်လည်း ပါရှိနေသောကြောင့် လမ်းပျောက်မည်ကို စိုးရိမ်ခြင်းမရှိဘဲ လင်းကျန်းအန်းအား မြို့ပေါ်၌ သူ၏ကိစ္စများကို ပြီးပြတ်အောင် လုပ်ဆောင်ပြီးမှ အေးအေးဆေးဆေး ပြန်လာရန် ပြောခဲ့သည်။
သို့ဖြစ်၍ လင်းကျန်းအန်းက မြို့ပေါ်၌သာ ကျန်ရစ်ခဲ့လေသည်။
အဘွားလင်းနှင့် ယင်းဖန်တို့အား ပို့ဆောင်ပေးပြီးနောက် လင်းရန်က စားသောက်ဆိုင်သို့ အလုပ်ပြန်ဝင်ခဲ့သည်။
အဒေါ်ဖြစ်သူက ဟင်းလျာအမယ်များအားလုံးကို ပြင်ဆင်ထားပြီးဖြစ်၍ သူမအနေဖြင့် ဧည့်သည်များအတွက် ချက်ပြုတ်ပေးရန်သာ လိုအပ်ပေတော့သည်။
သို့သော် ဧည့်သည်များ မရောက်မီ လင်းကျန်းအန်းက အရင်ဆုံးရောက်ရှိလာခဲ့လေသည်။
သူ၏ မျက်နှာပေါ်တွင် မထိန်းချုပ်နိုင်သော ပျော်ရွှင်မှုများ ပြည့်နှက်နေခဲ့ကာ လင်းရန်အား ကြည့်၍ ပြောလိုက်လေသည်။
“ရန်ရန်... မွန်းလွဲပိုင်းကျရင် ခွင့်တစ်ဝက်လောက်ယူပြီး အဖေနဲ့အတူ အပြင်ကိုလိုက်ခဲ့ပါလား အဖေ မင်း ကို ပြစရာ တစ်ခု ရှိတယ်”
အိမ်တစ်အိမ်၏ တံခါးပေါက်နားတွင် လင်းကျန်းအန်း ရပ်နေသည်ကို မြင်ချိန်တွင် လင်းရန်က သိပ်ပြီးမတွေးမိပါချေ။
ဤအိမ်မှ လူများက ဖခင်ဖြစ်သူ၏ သူငယ်ချင်းများ ဖြစ်လိမ့်မည်ဟုသာ သူမ ထင်မှတ်ခဲ့သည်။
သူ ပြချင်သည့် သတင်းကောင်းမှာလည်း သူငယ်ချင်းဖြစ်သူ၏ အိမ်တွင် ရှိနေလိမ့်မည်ဟု ယူဆခဲ့လေသည်။
သို့ဖြစ်၍ သူမက မေးမြန်းလိုက်သည်။
“အဖေ...ကျွန်မတို့ အထဲကိုဝင်ကြမလား”
လင်းကျန်းအန်းက သူမ၏မေးခွန်းအား ချက်ချင်း မဖြေခဲ့ဘဲ လင်းရန်၏ ရှေ့တွင်ပင် သူ၏ အိတ်ထဲမှ သော့တစ်ချောင်းကို ထုတ်ယူလိုက်လေသည်။
လင်းရန်မှာ ကြောင်အမ်းသွားရ၏။
အကြောင်းရင်းကို မသိရသော်လည်း ဖခင်ဖြစ်သူမှာ အရေးကြီးသော ကိစ္စကြီးတစ်ခုကို လုပ်ဆောင်လိုက်ပြီဖြစ်ကြောင်း သူမ အလိုအလျောာ် သိလိုက်ရသည်။
လင်းရန်၏ ခန့်မှန်းချက်ကို အတည်ပြုပေးသကဲ့သို့ နောက်တစ်စက္ကန့်တွင်ပင် လင်းကျန်းအန်းက ထိုသော့အား လင်းရန်ထံသို့ တိုက်ရိုက်ပင် လှမ်းပေးလာခဲ့သည်။
ထို့နောက် သူမအား အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
“ရန်ရန်... တံခါးဖွင့်လိုက်ပါဦး”
လင်းရန်: “!!!”
ဒါက...
သူမ ထင်ထားသလိုမျိုးတော့ မဟုတ်ဘူးမလား။
လင်းရန်က သော့ကို ကြောင်အမ်းစွာ ယူလိုက်မိလေ၏။
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမက အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်သည်။
“အဖေ... အဖေ ဒီအိမ်ကို ဝယ်လိုက်တာလား”
လင်းကျန်းအန်းက သူမ၏ တုံ့ပြန်မှုများက အမြဲတစေ လျင်မြန်ကြောင်းကို သိထားသောကြောင့် သူမက အမှန်တရားကို ချက်ချင်း သိရှိသွားသည်ကို မအံ့ဩတော့ပါချေ။
သူက ရိုးသားစွာ ခေါင်းညိတ်ပြလိုက်လေသည်။
“ဟုတ်တယ်၊ အဖေ ဒီအိမ်ကို ဝယ်လိုက်တာ၊ အထဲကိုဝင်ကြည့်ပါဦး...သမီး ကြိုက်ရဲ့လား”
လင်းကျန်းအန်း၏ တိုက်တွန်းမှုကြောင့် လင်းရန် အိမ်တံခါးကို ဖွင့်ပေးလိုက်လေ၏။
ထို့နောက် အတွင်းဘက်မှအိမ်ကို မြင်တွေ့လိုက်ရချိန်တွင် သူမ မအံ့ဩဘဲ မနေနိုင်တော့ပါချေ။
ဤအိမ်လေးမှာ အလွန်ပင် သက်သောင့်သက်သာ ရှိသည့်ပုံရလေ၏။
ဆိုရလျှင် ဤအိမ်က သိပ်မကြီးပါချေ ။
ချင်းယွင်ကျစ် သူမအား ပေးခဲ့သော အိမ်လောက်တောင် မကျယ်ပေ။ ထိုအိမ်တွင် ခြံဝန်းလေးပါရှိခဲ့သေးသည်။
သို့သော် ဤအိမ်သည်ကား ပို၍ သစ်လွင်နေခဲ့သည်။ နံရံများကို ဆေးသုတ်ထားပြီး ကြမ်းပြင်များကိုလည်း အုတ်များဖြင့် သပ်သပ်ရပ်ရပ် ခင်းကျင်းထားကာ ဖုန်တစ်စမျှ မရှိဘဲ လူမနေဖူးသကဲ့သို့ ထင်မှတ်ရလေသည်။
ထို့အပြင် အိမ်ထဲမှ ပရိဘောဂများမှာလည်း အလွန်ပင်စုံလင်နေခဲ့သည်။ ဆိုဖာများ၊ စားပွဲနှင့် ကုလားထိုင် အစုံအလင်၊ အဝတ်ဗီရိုနှင့် စားပွဲငယ်လေးများလည်း ပါဝင်လေ၏။
တစ်ကိုယ်တည်း နေထိုင်သူ တစ်ဦးအတွက်ဆိုလျှင် အလွန်ပင် ပြည့်စုံလှသော အိမ်လေးဟု ဆိုရပေမည်။
“အိမ်က နည်းနည်းတော့ သေးတယ်ဆိုပေမဲ့ သမီးအလုပ်လုပ်တဲ့ နေရာနဲ့ အရမ်းနီးတယ်
အဓိကအချက်ကတော့ အရင်အိမ်ရှင်က ဒီမှာ အကြာကြီး မနေလိုက်ရဘူးလေ
အစက သူတို့ သားသမီးတွေအတွက် မင်္ဂလာဆောင်ခန်းအဖြစ် ပြင်ဆင်ထားတာ၊ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့က ဒီထက်ကြီးတဲ့ အိမ်တစ်လုံး ရသွားလို့ တစ်မိသားစုလုံး အဲဒီကို ပြောင်းသွားကြတယ်၊ ဒါကြောင့် ဒီအိမ်က အလကား ဖြစ်နေတဲ့အတွက်ပြန်ရောင်းတာပဲ”
လင်းရန်က အိမ်ထဲတွင် လှည့်ပတ်၍ကြည့်နေချိန်တွင် လင်းကျန်းအန်းက အိမ်၏ အခြေအနေကို ရှင်းပြနေခဲ့သည်။
လင်းရန်တစ်ယောက် ဤအိမ်လေးကို ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်လာကာ လင်းကျန်းအန်းကို မမေးဘဲ မနေနိုင်တော့ပါချေ။
“အဖေ... ဒီအိမ်က အတော်လေး ဈေးကြီးမှာပဲ ဟုတ်တယ်မလား”
လင်းကျန်းအန်းက အပြုံးတစ်ခုနှင့်ပြန်ဖြေလာခဲ့သည်။
“သမီး ကြိုက်ရဲ့လား၊ သမီး ကြိုက်တယ်ဆိုရင် ရပြီ”
ဖခင်ဖြစ်သူ၏ ဤစကားကို ကြားလိုက်ရသည်နှင့် ဤအိမ်၏ ဈေးနှုန်းက သေချာပေါက် မနည်းကြောင်းကို လင်းရန် သိရှိလိုက်ရလေသည်။
သူမ ပို၍ပင် စိတ်လှုပ်ရှားသွားရသည်။
ဆိုရလျှင် ဖခင်ဖြစ်သူ၏ လုပ်ငန်းက ယခုအချိန်တွင် ပိုမို တိုးတက်လာနေပြီ ဖြစ်သော်လည်း လက်ရှိ ပတ်ဝန်းကျင်နှင့် လူမှုရေး ကန့်သတ်ချက်များအရ သူ့အနေဖြင့် ပိုက်ဆံများစွာကို အလွယ်တကူ ရရှိမည်မဟုတ်ကြောင်းကို သူမ သိထားလေ၏။
သူ့အနေဖြင့် ဤလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်မှာလည်း လဝက်ခန့်သာ ရှိသေးသောကြောင့် သူ စုဆောင်းထားသမျှ ပိုက်ဆံအားလုံးကို ဤအိမ်ထဲတွင် ရင်းနှီးမြှုပ်နှံလိုက်ရမည်ကို သူမ စိုးရိမ်မိသည်။
လင်းရန်က လင်းကျန်းအန်းအား ကြည့်ကာ ရိုးသားစွာ ပြောလိုက်မိသည်။
“အဖေက ကျွန်မအပေါ် အရမ်းကောင်းတာပဲ”
“အရူးမလေး... အဖေက မင်းအပေါ်မှာ မကောင်းရင် ဘယ်သူ့အပေါ်မှာ ကောင်းရမှာလဲ”
လင်းကျန်းအန်းက ပြုံးလိုက်ပြီး သူ၏သမီးလေးက ဤအိမ်လေးအပေါ် ကျေနပ်နေသည့်အတွက် စိတ်သက်သာရာရသွားခဲ့သည်။
“နောက်ပိုင်းကျရင် အဖေ ပိုက်ဆံတွေ အများကြီး ထပ်ရှာနိုင်တဲ့အချိန်မင်းအတွက် ဒီထက်ကြီးတဲ့ အိမ်တစ်လုံး ထပ်ဝယ်ပေးမယ် မင်း လိုချင်သလောက် ကြီးတဲ့ အိမ်ကြီးတစ်လုံးကို အဖေ ဝယ်ပေးမှာ!”
လင်းရန်အနေဖြင့် ဖခင်ဖြစ်သူ၏ အရည်အချင်းအပေါ် သံသယမျှ မရှိပါချေ။ သူမက ခေါင်းကို အလျှင်အမြန် ညိတ်ပြလိုက်သည်။
“ကောင်းပါပြီ၊ အဖေ သေချာပေါက် လုပ်နိုင်လိမ့်မယ်၊ ကျွန်မ အဖေ့ကို ယုံတယ်!”
လင်းရန်သည်ကား အိမ်သစ်လေးကို ရရှိသွားသောကြောင့် တစ်နေ့ကုန် စိတ်အခြေအနေ ကောင်းမွန်နေခဲ့ပြီး ညနေပိုင်း စားသောက်ဆိုင်သို့ ပြန်ရောက်ချိန်တွင် အဒေါ်ဖြစ်သူ ဝမ်ရှို့ကျူအား ဤအကြောင်းကို ပြောပြလိုက်လေသည်။
ဝမ်ရှို့ကျူက ထိုသတင်းကို ကြားချိန်တွင် မေးလာခဲ့သည်။
“ရန်ရန်...မင်းက အဲဒီအိမ်ကို ပြောင်းနေဖို့ စဉ်းစားနေတာလား”
ယခုအချိန်တွင် လင်းရန်တွင် နေစရာအိမ်နှစ်လုံး ရှိနေပြီဖြစ်၍ သူမ မည်သည့်နေရာတွင်မဆို နေထိုင်နိုင်ပေသည်။
သို့သော်လည်း လင်းကျန်းအန်း ဝယ်ပေးသော ဤအိမ်က အလုပ်သွားရန်အတွက် ပို၍ အဆင်ပြေနေခဲ့သည်။
မည်သို့ပင်ဖြစ်စေ စားသောက်ဆိုင်နှင့် ငါးမိနစ်ခရီးလောက်ပင် သွားစရာမလိုတော့သည့်အတွက် မနက်ခင်းတွင် နောက်ထပ် နာရီဝက်ခန့် ပို၍ အိပ်နိုင်မည် မဟုတ်ပါလား။
ဆောင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ အိပ်ရာထဲတွင် နောက်ထပ် ဆယ်မိနစ်ခန့် ပို၍ လှဲလျောင်းနေရခြင်းက အလွန်တန်ဖိုးကြီးသည့်အခွင့်အရေးဟုဆိုနိုင်သည်။
ထို့ကြောင့် လင်းရန်သည် ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်လေ၏။
“ကျွန်မ ဒီကို ပြောင်းလာတော့မယ်၊ အဲဒီအခါကျရင် အကြီးဆုံးအဒေါ်လည်း ကျွန်မနဲ့အတူ လာနေလို့ရတာပေါ့၊ ဘာပဲဖြစ်ဖြစ် ကျွန်မက တစ်ယောက်တည်းပဲလေ”
သို့သော်လည်း ဝမ်ရှို့ကျူက အလျင်အမြန်ပင် လက်ခါရမ်း၍ ငြင်းဆိုလာခဲ့သည်။
အကြိးဆုံးအဒေါ်က မင်းနဲ့အတူ လာနေပေးလို့ရတယ်၊ ဒါပေမဲ့ အခု မင်းက တစ်ယောက်တည်းမှ မဟုတ်တော့တာ၊ ရှောင်စုန့် ရှိနေတာပဲလေ”
သူမ၏ သတိပေးစကားကို ကြားလိုက်ရမှ လင်းရန်လည်း စုန့်ရှီးယန်ကို ရုတ်တရက် သတိရသွားခဲ့လေသည်။
ထိုအမျိုးသားက ပေါ်လာခဲလွန်းသောကြောင့် သူမကိုယ်တိုင်ပင် အိမ်ထောင်ကျနေပြီဖြစ်ကြောင်းကို မေ့လုနီးပါး ဖြစ်နေခဲ့သည်။
“ဒါဆို အကြီးဆုံးအဒေါ်က ဒေါ်လေးနဲ့ပဲ ဆက်နေဖို့ စဉ်းစားထားတာလား”
အဘွားလင်းနှင့် တခြားသူများ ရောက်ရှိနေသည့် ရက်ပိုင်းအတွင်းတွင် ဝမ်ရှို့ကျူက သူမ၏ ဒေါ်လေးဖြစ်သူ လင်းကျန်းဖူနှင့်အတူ သွားရောက်နေထိုင်ခဲ့လေ၏။
ထိုနေရာမှ စားသောက်ဆိုင်သို့ရောက်ရန် နေ့စဉ် မိနစ်လေးဆယ်ခန့် လမ်းလျှောက်ခဲ့ရပေသည်။
လင်းရန်၏ အမြင်တွင်တော့ ဤသည်က အတော်လေး ပင်ပန်းလွန်းသည်ပင်။
တစ်ကြိမ်လျှင် တစ်နာရီခန့် လမ်းလျှောက်နေကျဖြစ်သော ဝမ်ရှို့ကျူကဲ့သို့ လူမျိုးအတွက် ထိုခရီးအကွာအဝေးက ပြောစရာမဟုတ်သော်လည်း၊ လင်းရန်ကတော့ အနီးအနားတွင်သာ နေထိုင်ခြင်းက ပို၍ကောင်းမည်ဟု ခံစားနေရဆဲပင်။
ဝမ်ရှို့ကျူသည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ သူမ စဉ်းစားမိလိုက်သည့် အတွေးကို ထုတ်ပြောလာခဲ့၏။
“ရန်ရန်... မင်းသာ ဒီကို ပြောင်းလာမယ်ဆိုရင် အဲဒီဘက်က အိမ်ကို အဒေါ့် ငှားလို့ရမလား၊ ဒါဆိုရင် အဒေါ်လည်း မင်းနဲ့အနီး နေလို့ရတယ်လေ ၊ ရမလား”
“ အဒေါ်၊ အဲဒီအိမ်က အားနေတာပဲလေ၊ ဒီအတိုင်း လာနေလိုက်လို့ရပါတယ်.. ငှားနေဖို့ မလိုပါဘူး”
လင်းရန်က ထပ်မံပြောဆိုရန် ပြင်လိုက်သော်လည်း ဝမ်ရှို့ကျူ၏ သဘောထားက အလွန်ပင် ခိုင်မာနေခဲ့လေ၏။
“ ရန်ရန်... မင်းက အဒေါ့်ကို အများကြီး ကူညီပေးခဲ့ပြီးပြီ၊ မင်းက စိတ်ထားကောင်းတဲ့ ကောင်မလေးဆိုတာလည်း အဒေါ်သိပါတယ်၊
ဒါပေမဲ့ အဒေါ်ကလည်း ကလေးမဟုတ်တော့ဘူးလေ၊ အရာရာတိုင်းကို မင်းဆီကပဲ အကူအညီ တောင်းမနေချင်ဘူး”
“ပြီးတော့ အခုဆိုရင် အဒေါ်လည်း အလုပ်လုပ်ပြီး ပိုက်ဆံရှာနိုင်နေပြီပဲ၊ မင်းရဲ့အိမ်မှာ အလကားနေလို့ ဘယ်လိုလုပ် ဖြစ်မှာလဲ၊
ဒါကြောင့် အိမ်လစာတော့ သေချာပေါက် ပေးရလိမ့်မယ်၊ မဟုတ်ရင်တော့ တခြားလူရဲ့ အိမ်ကိုပဲ ရှာပြီးငှားရတော့မှာပဲ”
***