ဝမ်ရှို့ကျူတွင်လည်း ခေါင်းမာတတ်သည့် စိတ်ဓာတ်တို့ရှိပေသည်။
ထို့ကြောင့် လင်းရန်က သူမထံမှ အခကြေးငွေယူရန် သဘောမတူမချင်း ထိုအိမ်တွင် နေထိုင်မည်မဟုတ်ကြောင်း ရှင်းလင်းစွာ ပြောဆိုခဲ့လေ၏။
အဆုံးတွင်တော့ လင်းရန်သည်လည်း အိမ်လစာကို အနည်းငယ်မျှသာ တောင်းခံရန်သာ ဆုံးဖြတ်လိုက်ရတော့သည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် ဝမ်ရှို့ကျူက လင်းရန်၏အိမ်အတွက် ပေါက်ဈေးကို ကြိုတင်စုံစမ်းထားပြီး ဖြစ်သောကြောင့် လင်းရန်အနေဖြင့် အလွန်အမင်း လျှော့ယူ၍ မရတော့ပေ။
ထို့ကြောင့် နောက်ဆုံးတွင် ထိုအိမ်ကို တစ်လလျှင် ငါးယွမ်ဖြင့် ဝမ်ရှို့ကျူကို ငှားရမ်းလိုက်ရလေ၏။ ထိုအချိန်မှသာ ဝမ်ရှို့ကျူလည်း ပြုံးရယ်လာခဲ့တော့သည်။
လက်ရှိတွင် အိမ်လစာက သူမ၏ လစာထဲမှ ခြောက်ပုံတစ်ပုံခန့် ရှိနေသော်လည်း ဤအိမ်လစာကို ပေးကိုပေးရမည်ဟု သူမ ယူဆထားသည်။
ဤသို့ဖြစ်မှသာ မြို့ပြတွင် နေထိုင်စရာ အတည်တကျရှိလာပြီး သူမ၏ ကြိုးစားအားထုတ်မှုအတွက် ရည်မှန်းချက်မှာလည်း ပို၍ ရှင်းလင်းလာလိမ့်မည်။
တစ်နေ့နေ့တွင် သူမကိုယ်တိုင်လည်း ဤကဲ့သို့ အိမ်တစ်လုံးကို ဝယ်ယူနိုင်ကာ ဘဝကို ပြည့်စုံစွာနေနိုင်ရန် မျှော်လင့်မိလေ၏။
နောက်တစ်နေ့တွင်တော့ လင်းရန်က သူမ၏ ပစ္စည်းများကို ထိုအိမ်မှ မြို့တော်ခန်းမအနီးရှိ အိမ်သို့ ပြောင်းရွှေ့လိုက်ပြီး ဝမ်ရှို့ကျူသည်လည်း လင်းရန် ယခင်နေထိုင်ခဲ့သော အိမ်သို့ ပြောင်းရွှေ့လာခဲ့လေသည်။
သူတို့နှစ်ဦးက အလုပ်ခွင်တွင်လည်း တစ်ဦးနှင့်တစ်ဦး ပိုမိုနားလည်ကာ လိုက်လျောညီထွေ ရှိလာကြသည်။
ထို့အတူ တစ်ဖက်တွင်လည်း စားသောက်ဆိုင်က တရားဝင်ဖွင့်လှစ်မည့် နေ့ရက်သို့ ရောက်ရှိလာခဲ့ပေပြီ။
စမ်းသပ်လည်ပတ်ခဲ့သည့် ကာလအတွင်း ရလဒ်များ အလွန်ကောင်းမွန်ခဲ့သောကြောင့် ကန့်ကွက်ရှုတ်ချသံများ လုံးဝမရှိသလောက်ဖြစ်ခဲ့သည်။
ဝမ်လိန်က ရည်ရွယ်ချက်ရှိရှိဖြင့် လူစုပြီး လာရောက်နှောင့်ယှက်ခဲ့သည့် တစ်ကြိမ်မှလွဲ၍ ကျန်သည့်အချိန်များတွင် လူတိုင်းက စားသောက်ဆိုင်ရှိ အရာအားလုံးကို အလွန်ပင် ကျေနပ်နေကြလေ၏။
အထူးသဖြင့် အကျေနပ်ဆုံးအရာမှာ စားသောက်ဆိုင်မှ အစားအသောက်နှင့် လက်ရာများပင် ဖြစ်သည်။
ဤနေရာတွင် လာရောက်စားသောက်ဖူးသူတိုင်းက တခြားပြည်နယ်များမှ ရဲဘော်များသာ ဤနေရာသို့ လာရောက်စားသောက်ရပါက ပြန်ချင်စိတ် ရှိတော့မည်မဟုတ်ကြောင်း တညီတညွတ်တည်း ပြောဆိုကြလေ၏။
တရားဝင် ဖွင့်လှစ်ပြီးနောက်တွင် တခြားပြည်နယ်များမှ လာရောက်စားသောက်ကြသော ဧည့်သည်များမှာလည်း စားသောက်ဆိုင်၏ လက်ရာကို အလွန်စိတ်တိုင်းကျကာ ချီးကျူးခဲ့ကြသည်။
မြို့တော်အစိုးရ ခေါင်းဆောင်များသည်လည်း ထိုအချက်ကို အလွန်ကျေနပ်ကြပြီး ဂုဏ်ယူခဲ့ကြလေ၏။
လင်းရန်က သူတို့အတွက် မျက်နှာရအောင် ဆောင်ရွက်ပေးနိုင်သောကြောင့် တစ်လအကြာတွင် သူမ၏ လစာမှာလည်း အတော်လေးတိုးမြင့်လာခဲ့လေသည်။
ဤသည်ကိုကြည့်၍ သူမအနေဖြင့် ဤအလုပ်ကို ဆက်လက်လုပ်ကိုင်သွားခြင်းက အလွန်ကောင်းမွန်လိမ့်မည်ဟု ခံစားမိရသည်။
…
ဆောင်းဦးကုန်၍ ဆောင်းရာသီသို့ ကူးပြောင်းလာခဲ့ပြီးနောက် စားသောက်ဆိုင်က တရားဝင်ဖွင့်လှစ်ပြီး တစ်လကျော်အကြာတွင် ဒီဇင်ဘာလသို့ ရောက်ရှိလာခဲ့လေပြီ။
ရာသီဥတုက တဖြည်းဖြည်း အေးစိမ့်လာသော်လည်း စားသောက်ဆိုင်သို့ လာရောက်သော ဧည့်သည်များကတော့ ပိုမို၍ များပြားလာခဲ့လေ၏။
အကြောင်းမှာ လတ်တလောတွင် လင်းရန်က နေ့စဉ်နေ့တိုင်း အထူးဟင်းလျာအသစ်များကို မိတ်ဆက်ပေးနေသည့်အပြင် ဟော့ပေါ့ဟင်းလျာအသေးစားလေးကိုပါ စတင်ရောင်းချနေသောကြောင့်ဖြစ်လေ၏။
ဤခေတ်ကာလတွင် တချို့သောနေရာများ၌ ဟော့ပေါ့ သို့မဟုတ် ဟော့ပေါ့ဟင်းလျာများ ရှိနေပြီဖြစ်သော်လည်း အိမ်တွင်ချက်စားရန်အတွက်က အလွန်ပင် ခက်ခဲလွန်းပေသည်။
ပြင်ဆင်ရသည်က ရှုပ်ထွေးသကဲ့သို့ ကုန်ကြမ်းပစ္စည်းများကိုလည်း တစ်ကြိမ်တည်းနှင့် အများအပြား အသုံးပြုရသောကြောင့် မလွယ်လောက်ပါချေ။
သာမန်မိသားစုများအတွက် ထိုမျှအကုန်အကျခံရန်အတွက်က အမှန်တကယ်ပင် လက်တွန့်စရာဖြစ်နေပေ၏။
တကယ်တမ်းတွင် ဤကဲ့သို့ အေးစိမ့်လွန်းသော ဆောင်းရာသီကာလမျိုးတွင် အငွေ့တထောင်းထောင်းထနေသည့် ဟော့ပေါ့တစ်ခွက်ကို သုံးဆောင်ရခြင်းက အလွန်ပင် အရသာရှိနိုင်သည်။
ထို့ကြောင့် လင်းရန်က ဟော့ပေါ့ဟင်းလျာအသေးစားကို စတင်ရောင်းချခဲ့လေသည်။
သူမသည်က ဟော့ပေါ့အနှစ်များကို ကိုယ်တိုင်ချက်ပြုတ်ပြီး ဟင်းချက်စရာများကိုလည်း နောက်ဘက်မီးဖိုချောင်တွင် အဆင်သင့် ပြင်ဆင်ထားခဲ့သည်။
လူငယ်များမှာ သူတို့စားချင်သည့် အမယ်များကိုသာ မှာယူလိုက်ရုံသာလိုအပ်ပြီး၊ သူမက မီးဖိုချောင်တွင် ချက်ပြုတ်ပေးကာ သူတို့ထံသို့ ပန်းကန်လုံးနဲ့ လာရောက်ချပေးသည့် ‘မောက်ချိုက်’ပုံစံမျိုးဖြင့် ရောင်းချခြင်းဖြစ်ပေသည်။
ဤဟင်းလျာကို စတင်ရောင်းချသည်နှင့်တပြိုင်နက် စားသောက်ဆိုင်တွင် အရောင်းရဆုံးဟင်းလျာ ဖြစ်လာခဲ့ရုံမျှမက ဤဟော့ပေါ့အသေးစားလေးကြောင့်ပင် သူတို့၏စားသောက်ဆိုင်က ပို၍ နာမည်ကျော်ကြားလာခဲ့၏။
နေ့စဉ်နေ့တိုင်း လာရောက်စားသောက်ကြသည့် ဧည့်သည်များက မပြတ်လောက်အောင်များပြားနေသောကြောင့် လင်းရန်နှင့် တခြားသူများ၏ အလုပ်တာဝန်များမှာလည်း အဆပေါင်းများစွာ တိုးမြင့်လာခဲ့ရသည်။
ယနေ့ည ရှစ်နာရီခန့်တွင်တော့ လင်းရန်နှင့် အဖွဲ့သားများက နောက်ဆုံးကျန်ရှိနေသော ဧည့်သည်ကို ပို့ဆောင်ပေးလိုက်ကြလေ၏။
အမြဲတစေ တက်ကြွလှုပ်ရှားနေတတ်သော လူငယ်လေး အားဟွားပင်လျှင် သက်ပြင်းချလိုက်မိသည်။
“နေ့တိုင်း လူတွေ အများကြီးလာနေတာပဲ၊ ဒီအတိုင်းသာ ဆက်သွားရင်တော့ ကျွန်တော်တို့ ညကိုးနာရီလောက်မှ အလုပ်ဆင်းရတော့မယ် ထင်တယ်”
လီမေ့သည်လည်း ပင်ပန်းနွမ်းနယ်နေသည့် အမူအရာကို ပြသနေခဲ့ပေသည်။
သို့သော်လည်း သူတို့အနေဖြင့် ညည်းညူ၍မရနိုင်ပေ။
ယခုအချိန်တွင် သူတို့၏ဆိုင်က နာမည်ရနေသည့် ဆိုင်တစ်ဆိုင် ဖြစ်နေပေပြီ။ အကယ်၍ ဧည့်သည်များကို လက်မခံခြင်း သို့မဟုတ် ဆိုင်ကို တမင်တကာ စောစောပိတ်လိုက်ခြင်းမျိုး ပြုလုပ်မိပါက ဆိုင်၏ဂုဏ်သတင်းကို ပျက်စီးစေမည့် ဘေးဒုက္ခတစ်ခု ဖြစ်လာနိုင်သည်။
တကယ်တမ်း အပင်ပန်းဆုံးလူမှာ စားဖိုမှူးဖြစ်သူ လင်းရန်ပင် ဖြစ်ပေမည်။
ယနေ့တစ်နေ့တည်းမှာပင် သူမ ဟင်းလျာမည်မျှ ချက်ပြုတ်ခဲ့ရသည်ကို မမှတ်မိနိုင်တော့ချေ။
သူမက နာကျင်ကိုက်ခဲနေသော ပုခုံးများကို ပွတ်သပ်ရင်း လူတိုင်းကို နှစ်သိမ့်စကား ပြောရုံသာ တတ်နိုင်ခဲ့လေ၏။
“ခဏလောက် သည်းခံလိုက်ကြပါဦး၊ နောက်နှစ်ရက်လောက်နေရင် တာဝန်ခံရဲဘော်တွေနဲ့ ကျွန်မ စကားပြောကြည့်ပါဦးမယ်၊ အလုပ်ဆင်းချိန်ကို အရင်ထက် စောစော သတ်မှတ်လို့ရမလားဆိုတာကို ကြည့်ရအောင်”
သို့မဟုတ်ဘဲ ဤအတိုင်းသာ ဆက်သွားလျှင် သူမ၏ လက်မောင်းများကိုပင် မသယ်နိုင်လောက်တော့ပေ။
ထိုစကားကို ကြားလိုက်ရမှသာ ဝန်ထမ်းများက အလုပ်စောစောဆင်းရမည့်အချိန်ကို မျှော်လင့်ရင်းဖြင့် ခေါင်းညိတ်လိုက်မိကြသည်။
ယနေ့တွင် လင်းရန်တစ်ယောက် အမှန်တကယ် ပင်ပန်းနေခဲ့သောကြောင့် ကျန်ရှိနေသော သိမ်းဆည်းသည့်အလုပ်များကို တခြားသူများထံ လွှဲထားခဲ့ကာ သူမ အရင်ဆုံး ပြန်လာခဲ့လေသည်။
ယခုအချိန်တွင် သူမ၌ တခြားမည်သည့်အတွေးမှ မရှိတော့ဘဲ အိမ်သို့အမြန်ပြန်ကာ ရေနွေးဖြင့် ခြေထောက်စိမ်၍ ခုတင်ပေါ်သို့ ပစ်လှဲကာ အိပ်စက်ချင်စိတ်သာ ရှိနေတော့၏။
ပြီးခဲ့သည့်လက သူမအနေဖြင့် ဤစားသောက်ဆိုင်တွင် တစ်သက်လုံးအလုပ်လုပ်နိုင်မည်ဟု တွေးတောခဲ့သေးသော်လည်း၊ ယခုအချိန်တွင်မူ ထိုအတွေးကို လုံးဝ စွန့်လွှတ်လိုက်ပေပြီ ။
နေ့စဉ်နေ့တိုင်း ဤမျှများပြားသော ဟင်းလျာများကို ချက်ပြုတ်ရခြင်းမှာ အမှန်တကယ်ပင် ပင်ပန်းလွန်းလှသည်မဟုတ်ပါလား။
နောက်ပိုင်းတွင် သူမအနေဖြင့် စားဖိုမှူးရှုန်းကဲ့သို့ပင် နာမည်ကောင်းတစ်ခုကို တည်ဆောက်ပြီး၊ ဧည့်သည်အချို့ကိုသာ လက်ခံကာ သူမ၏ စိတ်ခံစားချက်အပေါ်မူတည်၍သာ အလုပ်လက်ခံတော့မည်ဟု တွေးတောမိလေ၏။
ငါးမိနစ်မပြည့်မီမှာပင် လင်းရန်က သူမ၏ အိမ်တံခါးရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူမက သော့ကိုထုတ်ယူကာ အိမ်ထဲသို့ဝင်ရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် တစ်စုံတစ်ယောက်က သူမ၏ ပုခုံးကို ပုတ်လိုက်လေ၏။
ထိုမမျှော်လင့်ဘဲ ထိတွေ့ခံလိုက်ရမှုကြောင့် လင်းရန်တစ်ယောက် ထိတ်လန့်သွားရကာ ကြက်သီးများပင် ထသွားရသည်။ သူမ အလန့်တကြား အော်ဟစ်လိုက်မိပြီး လက်ထဲမှ သော့မှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရလေ၏။
“အား..”
သို့သော်လည်း သူမ၏လက်ထဲမှ သော့က မြေပြင်သို့ ကျလုနီးပါးဖြစ်ချိန်မှာပင် မြန်ဆန်သော လက်တစ်ဖက်က ဖမ်းယူလိုက်လေသည်။
ထို့နောက် လင်းရန်၏ နောက်ကျောဘက်မှ ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာ၏။
“မကြောက်နဲ့... ကိုယ်ပါ”
လင်းရန် ထိုအသံကို ကြားလိုက်ရသည်နှင့် ရုတ်တရက် သတိပြန်ဝင်လာခဲ့ပေသည်။
စုန့်ရှီးယန်!
ဤသည်ကို သိရှိလိုက်ရချိန်တွင် စိတ်ထဲ၌ ဝမ်းသာပျော်ရွှင်သွားရသော်လည်း ထိုဝမ်းသာမှုမှာ မတိုင်မီက သေမတတ် ထိတ်လန့်သွားရသည့် ဒေါသကြောင့် ချက်ချင်းပင် အစားထိုးခြင်း ခံလိုက်ရလေသည်။
လင်းရန် နောက်သို့လှည့်ကာ မည်သည်ကိုမျှမစဉ်းစားတော့ဘဲ လက်သီးကို တင်းကြပ်စွာ ဆုပ်၍ စုန့်ရှီးယန်အား အားပြင်းပြင်းဖြင့်အကြိမ်ပေါင်းများစွာ ထိုးလိုက်မိတော့သည်။
“ရှင်က ကျွန်မကို ခြောက်လှန့်ရဲတယ်ပေါ့လေ၊ ရှင် ကျွန်မကို ခြောက်လှန့်ရဲတယ်ပေါ့! ခုနက ကျွန်မ ဘယ်လောက်တောင် လန့်သွားလဲဆိုတာ ရှင် သိရဲ့လား!”
လင်းရန်တစ်ယောက် မတိုင်မီက အမှန်တကယ်ပင် ထိတ်လန့်သွားခဲ့ပြီး စုန့်ရှီးယန်ကလည်း ထိုသည်ကို သတိပြုမိသောကြောင့် ယခုအချိန်တွင် ပြန်လည်မခုခံရဲခဲ့ပါချေ။
လင်းရန်၏ အားမပါလှသော လက်သီးဆုပ်လေးများက မနာကျင်စေဘဲ သူ၏ကြွက်သားများကို နှိပ်နယ်ပေးသကဲ့သို့သာ ခံစားနေရသည်။
သို့သော်လည်း သူသာ နာကျင်သည့်အရိပ်အယောင် မရှိသကဲ့သို့နေပါက လင်းရန်တစ်ယောက် ပို၍ ဒေါသထွက်သွားပေလိမ့်မည်။
သို့ဖြစ်၍ သူက ဇနီးလေး၏ လက်သီးဆုပ်လေးများမှာ အတော်လေး အားပါလွန်းသည်ဟု သက်ပြင်းချရင်း နူးညံ့စွာဖြင့်သာ အလျှော့ပေးရန် တောင်းပန်နေရတော့၏။
“ကိုယ် မှားသွားပါတယ်.. ရန်ရန် ကိုယ် နောက်တစ်ခါ ဒီလိုမျိုး ဘယ်တော့မှ မဖြစ်စေရပါဘူး.. အားနည်းနည်းလောက် လျှော့ပေးပါဦး”
လင်းရန်က သူ့အား အချက်အနည်းငယ် ထိုးနှက်ပြီးနောက်မှသာ အနည်းငယ်လောက် စိတ်ပြေသွားရလေသည်။
သူမက လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်မိ၏။
ထို့နောက် ခေါင်းကိုမော့ကာ စုန့်ရှီးယန်အား စိုက်ကြည့်ရင်း ဒေါသတကြီး မေးမြန်းလိုက်သည်။
“ရှင် ဘာလို့ ပြန်လာတာလဲ ၊ ပြီးတော့ကျွန်မ ဒီကို ပြောင်းလာတာကို ရှင် ဘယ်လိုလုပ်ပြီး သိနေတာလဲ”
***