လင်းရန်၏ ဒေါသများ ပြေလျော့သွားသည်ကို မြင်လိုက်ရချိန်တွင် စုန့်ရှီးယန်က လက်တစ်ဖက်ဖြင့် လင်းရန်ကို ပွေ့ပိုက်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် တံခါးသော့ကို ဖွင့်ပေးလိုက်ရင်း ရှင်းပြလိုက်လေသည်။
“ကိုယ် နှစ်လလောက်အလုပ်တွေများနေခဲ့တာ၊ အခုမှ ရက်နည်းနည်းလောက် ခွင့်ရလို့ ပြန်လာတာလေ”
သူမ ဤနေရာသို့ ပြောင်းလာသည်ကို သူ မည်သို့ သိရှိထားသည်ဟူသော မေးခွန်းအတွက်တော့...
ဤအကြောင်းကို တွေးမိချိန်တွင် စုန့်ရှီးယန်က လင်းရန်အား မကျေမနပ်ဖြင့် ကြည့်လိုက်မိသည်။
“ရန်ရန်... မင်း အိမ်ပြောင်းတာကို ကိုယ့်ကို ဘာလို့ မပြောတာလဲ”
ထို့အတွက်ကြောင့် သူ့အနေဖြင့် နေ့လယ်ပိုင်းကတည်းက ယခင်အိမ်ဟောင်း၏ တံခါးဝတွင် သွားရောက်စောင့်ဆိုင်းနေခဲ့မိသည်။
သူက တံခါးဝတွင် အချိန်အတော်ကြာအောင် မတ်တပ်ရပ်နေခဲ့သောကြောင့် အနီးအနားရှိ လူများက သူ့အား အိမ်ခြေရာမဲ့တစ်ဦးဟုပင် ထင်မှတ်သွားကြလောက်သည်။
အကယ်၍သာ သူသာ စစ်ဝတ်စုံကို ဝတ်ဆင်မထားဘဲ ၊ ဘေးအိမ်မှ အဒေါ်ကြီးကလည်း သူ့အား မှတ်မိခြင်း မရှိခဲ့ပါက သူ့အနေဖြင့် ရဲစခန်းသို့ပင် အတိုင်ခံရနိုင်ပေသည်။
နောက်ပိုင်းတွင်မှသာ ထိုအဒေါ်ကြီးက လင်းရန် ဤနေရာသို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်းနှင့် လင်းရန်၏ အဒေါ်ဖြစ်သူ ဝမ်ရှို့ကျူကသာ ထိုအိမ်တွင် နေထိုင်နေကြောင်းကို ပြောပြခဲ့သည်။
ထိုအချိန်မှ သူ ဤနေရာသို့ အလောတကြီး ပြေးလာခဲ့ရခြင်း ဖြစ်လေ၏။
လင်းရန်က သူ၏စကားကို ကြားလျှင် မျက်တောင်အနည်းငယ်ခတ်လိုက်မိကာ အကြောင်းပြချက်မရှိဘဲ အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။
သူမ ဤနေရာသို့ စတင်ပြောင်းရွှေ့စဉ်က စုန့်ရှီးယန်အား အမှန်တကယ်ပင် ပြောပြချင်ခဲ့သော်လည်း နောက်ပိုင်းတွင် စားသောက်ဆိုင်၌ အလုပ်များလွန်းသောကြောင့် မေ့လျော့သွားခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း မတိုင်မီက စုန့်ရှီးယန်၏ မကောင်းသော အပြုအမူကြောင့် သူမက နှာခေါင်းရှုံ့ကာ ရည်ရွယ်ချက်ရှိရှိ ပြောလိုက်လေသည်။
“ရှင်က အပြင်မှာပဲ နေ့တိုင်း ပတ်ပြေးနေတာကိုး.. ရှင့်ကို ဆက်သွယ်လို့ ရ၊ မရ ကျွန်မ ဘယ်လိုလုပ်ပြီးသိမှာလဲ”
ဆိုရလျှင် စုန့်ရှီးယန် ယခင်က ထွက်ခွာသွားစဉ်တွင် လင်းရန်အား သူ၏ တပ်ရင်း ဆက်သွယ်ရန် လိပ်စာ ပေးခဲ့ဖူးသော်လည်း ထိုလိပ်စာက သူ့အား အမြဲတမ်း ဆက်သွယ်နိုင်မည်ဟု မဆိုလိုပါချေ။
သူသည်က ထိုတပ်ရင်းတွင် အမြဲတစေ ရှိနေမည်မဟုတ်ဘဲ တာဝန်ဖြင့် အပြင်သို့ထွက်ရလျှင် တစ်လခန့်အထိ ပြန်မလာဘဲ ရှိနေတတ်သည်။
စုန့်ရှီးယန်တစ်ယောက် လင်းရန်မှ တမင်ပြောလာခြင်းဖြစ်ကြောင်းကို သတိမပြုမိဘဲ အပြစ်ရှိသကဲ့သို့သာ ခံစားလိုက်ရသည်။
သူ လင်းရန်အား ငုံ့ကြည့်လိုက်ပြီး သူမ၏လက်ကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ လေးနက်စွာဖြင့် ပြောလိုက်လေ၏။
“ဒါက ကိုယ့်ရဲ့အမှားပါ၊ ဒီကိစ္စကို ကိုယ် အမြန်ဆုံး ဖြေရှင်းနိုင်အောင် နည်းလမ်းရှာပါ့မယ်၊ ကိုယ့်ကို ယုံကြည်ပေးနော် ရန်ရန်”
စုန့်ရှီးယန်၏ လက်ဖဝါးမှာ သူ၏ခန္ဓာကိုယ်ကဲ့သို့ပင် နွေးထွေးနေခဲ့သည်။ လင်းရန်အနေဖြင့် မူလက သူမ၏လက်ကို အေးစက်နေသည်ဟု မခံစားရသော်လည်း သူ ဆုပ်ကိုင်လိုက်ချိန်တွင်တော့ နွေးထွေးမှုကို ခံစားလိုက်ရကာ လုံးဝလွှတ်အပေးချင်တော့ပါချေ။
အတိတ်ဘဝ၌ လူငယ်ချစ်သူများက ဆောင်းရာသီတွင် လက်တွဲထားရသည်ကို အဘယ်ကြောင့် အလွန်နှစ်သက်ကြသည်၊ အမျိုးသမီးများသည်လည်း သူတို့၏လက်ကို ချစ်သူကောင်လေး၏ အိတ်ကပ်ထဲသို့ အဘယ်ကြောင့် ထည့်ထားချင်ကြသည်ကို သူမ မသိခဲ့ပေ။
သို့သော် လက်ရှိတွင်တော့ သူမနားလည်သွားခဲ့ပေပြီ။
ဤသည်မှာ တစ်နေ့လျှင် (24)နာရီလုံးလုံး အားသွင်းစရာမလိုဘဲ နွေးထွေးမှုကို ပေးနိုင်သည့်အပူပေးစက်လေးတစ်ခုကို သယ်ဆောင်ထားရသကဲ့သို့ ခံစားရသောကြောင့်သာ ဖြစ်လိမ့်မည်။
လင်းရန်အနေဖြင့် လက်တွဲဖော်တစ်ဦး ရှာဖွေထားခြင်းက အလွန်ပင် ကောင်းမွန်သည်ဟု ပထမဆုံးအကြိမ် ခံစားလိုက်ရလေသည်။
စုန့်ရှီးယန် မတိုင်မီက ပြောခဲ့သော စကားများနှင့် ပတ်သက်လျှင်တော့ သူမက စိတ်ထဲတွင် လုံးဝမထားပါချေ။
သူမအနေဖြင့် လက်ထပ်သည့်အချိန်ကတည်းက ဤအခြေအနေများကို တွေးတောထားပြီးသား ဖြစ်သောကြောင့် တမင်သက်သက်စနောက်၍ ပြောလိုက်ခြင်း ဖြစ်ပေသည်။
“ကောင်းပြီ... ကောင်းပြီ၊ အပြင်မှာ အရမ်းအေးတယ်၊ မြန်မြန် အထဲကိုဝင်ရအောင်!”
သူမက စုန့်ရှီးယန်အား အိမ်ထဲသို့ တွန်းပို့လိုက်လေသည်။
အိမ်ထဲသို့ ရောက်ချိန်တွင် လင်းရန်က စုန့်ရှီးယန်အား မေးမြန်းလိုက်သည်။
“ရှင် ထမင်းစားပြီးပြီလား”
ထို့နောက်တွင် တစ်ဖက်လူက နေ့လယ်ပိုင်းကတည်းက ဗိုက်ဆာနေခဲ့ခြင်းဖြစ်ပြီး အားပင်ပြတ်လုနီးပါးဖြစ်နေကြောင်းကို သိရှိလိုက်ရ၏။
“ စားသောက်နိုင်တဲ့နေရာတစ်ခုကို ပထမဆုံးရှာရမယ်ဆိုတာတောင် မသိဘူးလား! ရှင်က အသက်ငယ်သေးလို့ ကျန်းမာရေးကောင်းနေတယ်ဆိုပြီးရဲတင်းလွန်းနေတာပဲ၊ အသက်ကြီးလာတဲ့အချိန် အစာအိမ်ရောဂါ ဖြစ်လိမ့်မယ်!”
လင်းရန်က သူ့ကို ဒေါသတကြီးဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ခေါက်ဆွဲချက်ပေးရန် အလျှင်အမြန်ပင် ပြင်ဆင်လေတော့သည်။
စုန့်ရှီးယန်သည်ကား သူမ၏ ဆူပူမှုကို ခံနေရသော်လည်း ဒေါသထွက်မည့်အစား ပျော်ရွှင်နေခဲ့ရသည်။
ရန်ရန်၏ ပါးစပ်လေးမှာ အတော်လေး မာထန်လွန်းသော်လည်း စိတ်နှလုံးကတော့ နူးညံ့လွန်းပေသည်။ သူမက သူ့အပေါ်တွင် အမှန်တကယ်ပင် ဂရုစိုက်နေခဲ့သည်။
လင်းရန် ချက်ပြုတ်နေချိန်မှာပင် စုန့်ရှီးယန်က ရေတစ်ပုံးကို အမြန်ခပ်ကာ ရေချိုးလိုက်လေသည်။
ဆောင်းရာသီသို့ ရောက်နေပြီဖြစ်သော်လည်း ရေအေးဖြင့် ချိုးရခြင်းက သူ့အတွက် မအေးလှပါချေ။
ဆန့်ကျင်ဘက်အနေဖြင့် သူ၏ အလုပ်ကြောင့် ဤသည်ကို ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။
လင်းရန်က သူ ရေအေးဖြင့် ချိုးလိုက်သည်ကို သိရှိသွားချိန်တွင် သူ့အား မျက်စောင်းမထိုးဘဲ မနေနိုင်တော့ပေ။
စုန့်ရှီးယန်သည်လည်း လက်နှစ်ဖက်ကို မြှောက်ကာ အရှုံးပေးသည့်အမူအရာဖြင့် အပြစ်ကို ဝန်ခံလိုက်ရလေသည်။
“ကိုယ် မှားသွားပါပြီ၊ နောက်တစ်ခါကျရင် သေချာပေါက် ရေနွေးနဲ့ ချိုးပါ့မယ်!”
အကယ်၍ အခြေအနေပေးခဲ့မည်ဆိုလျှင်ပေါ့။
နောက်ဆုံးတွင် လင်းရန်၏ ခေါက်ဆွဲမှာ အဆင်သင့် ဖြစ်သွားခဲ့သည်။
စုန့်ရှီးယန်အနေဖြင့် ပထမတော့ သိပ်ပြီးဗိုက်မဆာဟု ထင်ခဲ့သော်လည်း ကြက်စွပ်ပြုတ်၏ မွှေးပျံ့သော ရနံ့ကို ရလိုက်ချိန်တွင်တော့ သူ၏ ဝမ်းဗိုက်ထဲမှ အသံများ မြည်လာခဲ့လေတော့သည်။
“မြန်မြန်စားလိုက်လေ၊ မလောက်ရင် ထပ်ပေးမယ်”
သူ၏ အမူအရာကို ကြည့်ကာ လင်းရန်တစ်ယောက် မသနားဘဲ မနေနိုင်တော့ဘဲ လေသံမှာလည်း များစွာ ပျော့ပျောင်းသွားခဲ့ပေသည်။
ကံကောင်းစွာဖြင့် သူမက မနေ့က အေးနေသောကြောင့် ခန္ဓာကိုယ်ကို နွေးထွေးစေမည့် စွပ်ပြုတ်တစ်မျိုးမျိုး သောက်ချင်သည့်အတွက် ကြက်စွပ်ပြုတ် ချက်ထားခဲ့သည်။
ထို့နောက် အကုန်မသောက်ခဲ့ဘဲ မနက်ခင်းတွင် ခေါက်ဆွဲချက်ရန်အတွက် ဖယ်ထားခဲ့ခြင်း ဖြစ်၏။
ယခုအချိန်တွင် ကံကောင်းစွာဖြင့် စွပ်ပြုတ်တချို့ ကျန်ရှိနေခဲ့သည်။
သို့မဟုတ်ပါက စုန့်ရှီးယန်အတွက် ကောင်းမွန်သော အစားအစာတစ်ခုကို အလွယ်တကူ ရှာဖွေနိုင်မည် မဟုတ်ပါချေ။
စုန့်ရှီးယန်က ခေါင်းငုံ့၍ ခေါက်ဆွဲစားနေစဉ်တွင် လင်းရန်ကလည်း သူ၏ဘေး၌ ဝင်ထိုင်ကာ စုန့်ရှီးယန်အား မသိမသာကြည့်နေမိသည်။
သို့သော် သူမ ကြည့်လေလေ သူမ၏ မျက်ခုံးများမှာ ပို၍ တွန့်ချိုးလာကာ မျက်မှောင်ကြုတ်မိလာလေလေဖြစ်နေခဲ့သည်။
စုန့်ရှီးယန်မှာ ပိန်သွားသည်ဟု သူမ ခံစားနေရသည်။
ပိန်သွားရုံသာမက အသားအရောင်မှာလည်း ညိုညစ်သွားပုံရသည်။
သူသည်က အခြေအနေ အလွန်ဆိုးရွားလွန်းသော နေရာတစ်ခုခုသို့ တာဝန်ဖြင့် သွားခဲ့ရခြင်းများ ဖြစ်နေသည်လား။
သူမက သူ၏ အလုပ်ကို နားလည်ပေးပြီး အားပေးသော်လည်း သူ၏ ခန္ဓာကိုယ်ကိုတော့ ပို၍ ဂရုစိုက်စေချင်မိသည်။
သို့သော်လည်း သူမသာ ထပ်မံ၍ ဆူပူ ပြောဆိုနေပါက စုန့်ရှီးယန်အနေဖြင့် သူမအား စကားများသူဟု ထင်မြင်သွားမည်ကို စိုးရိမ်သောကြောင့် လင်းရန်တစ်ယောက် တုံ့ဆိုင်းနေသော မျက်နှာအမူအရာဖြင့်သာ မျက်မှောင်ကြုတ်နေမိခဲ့သည်။
စုန့်ရှီးယန်က ခေါက်ဆွဲကို ကုန်အောင်စားပြီး စွပ်ပြုတ်ကိုလည်း အကုန်သောက်လိုက်လေသည်။
သူ ခေါင်းမော့ကြည့်လိုက်ချိန်တွင် တစ်စုံတစ်ခုကို စိုးရိမ်နေပုံရသော လင်းရန်ကို မြင်တွေ့လိုက်ရ၏။
သူ့အနေဖြင့် ယခုတစ်ကြိမ် ပြန်လာရခြင်း၏ အဓိက ရည်ရွယ်ချက်ကို သတိရမိလိုက်ပြီး ရန်ရန်အား ပျော်ရွှင်သွားစေရန်အတွက် သတင်းကောင်းကို ချက်ချင်းပြောပြရန် ဆုံးဖြတ်လိုက်လေသည်။
“ရန်ရန်... ကိုယ် ဒီတစ်ခေါက် ပြန်လာတာက ခွင့်ယူဖို့သက်သက်တင် မဟုတ်ဘူး၊ တကယ်တော့ ကိုယ့်မှာ ကိုင်တွယ်ဖြေရှင်းရမဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုလည်း ရှိသေးတယ်”
လင်းရန်က အတွေးများထဲမှ ပြန်လည် နိုးထလာကာ မသိစိတ်ဖြင့် မေးလိုက်လေသည်။
“ဘာကိစ္စလဲ”
စုန့်ရှီးယန်က မျက်ခုံးပင့်လိုက်ပြီး ဆက်လက် ပြောလာခဲ့သည်။
“ကိုယ့် ရာထူးတိုးတော့မယ် ထင်တယ်၊ ပြီးတော့ ကိုယ့်ကို လဲ့ပြည်နယ်မှာရှိတဲ့ တပ်ဖွဲ့ဆီကို ပြောင်းရွှေ့ပေးလိမ့်မယ်”
လင်းရန်တို့ ရှိနေသော ပြည်နယ်မှာ လဲ့ပြည်နယ် ဖြစ်ပေသည်။ စုန့်ရှီးယန်အနေဖြင့် ယခင်က ကွမ်းပြည်နယ်ရှိ တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေခဲ့ခြင်း ဖြစ်၏။
အကယ်၍ သူသာ ဤနေရာသို့ ပြောင်းရွှေ့လာမည်ဆိုပါက လင်းရန်နှင့် သူတို့ကြားရှိ အကွာအဝေးမှာ များစွာ ပို၍ နီးကပ်သွားတော့မည် မဟုတ်ပါလား။
လင်းရန်မှာ ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် မျက်လုံးများပင် ပြူးကျယ်သွားကာ အံ့ဩတကြီး မေးမြန်းလိုက်လေသည်။
“တကယ်လား!”
“အင်း”
သူမ ပျော်ရွှင်နေသည်ကို မြင်ချိန်တွင် စုန့်ရှီးယန်ကိုယ်တိုင်လည်း ပျော်ရွှင်လာခဲ့ရသည်။
“ဘာတစ်ခုမှ ထူးထူးခြားခြား မဖြစ်ဘူးဆိုရင် နောက်လမှာ ကိုယ် ဒီကို ပြောင်းလာတော့မယ်၊ ဒါ့အပြင် နောက်ပိုင်းကျရင် တာဝန်နဲ့ ထွက်သွားရတာတွေကလည်း အရင်ကထက် နည်းသွားလိမ့်မယ်
အဲဒီအချိန်ကျရင် အားလပ်ရက်တိုင်းမှာ ကိုယ် မင်းဆီကို လာပြီး အဖော်လုပ်ပေးနိုင်တော့မှာ”
စုန့်ရှီးယန် ပြောသည့်စကားက အတည်ဖြစ်ကြောင်း သေချာသွားချိန်တွင် လင်းရန်က ချက်ချင်းပင် ပြုံးရွှင်သွားကာ မျက်လုံးလေးများလည်း ဝိုင်းစက်သွားတော့သည်။
သူမနှင့် ပိုမိုနီးကပ်စွာနေနိုင်ပြီး အချိန်ပေးနိုင်တော့မည်ဟူသော သတင်းကြောင့် လင်းရန် အလွန်ပျော်ရွှင်နေကြောင်းကို မြင်ချိန်တွင် စုန့်ရှီးယန်တစ်ယောက် လွန်ခဲ့သော နှစ်လအတွင်း သူ၏ပင်ပန်းဆင်းရဲမှုများက အလကားသက်သက်မဖြစ်ခဲ့ကြောင်း ရုတ်တရက် ခံစားလိုက်ရလေသည်။
ဆိုရလျှင် လဲ့ပြည်နယ်သို့ ပြောင်းရွှေ့နိုင်ရန် စုန့်ရှီးယန် မည်မျှအထိ ကြိုးပမ်းခဲ့ရသည်ကို လင်းရန် မသိရှိပါချေ။
စုန့်ရှီးယန် ပိန်သွားသည်၊ အသားညိုသွားသည်ဟု သူမ ခံစားရခြင်းမှာလည်း သူသည်က အလွန်အန္တရာယ်များသော တာဝန်တစ်ခုတွင် ပါဝင်ရန်အတွက် ကိုယ်တိုင် လျှောက်ထားခဲ့ပြီး ထိုတာဝန်ကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်နိုင်ခဲ့သောကြောင့်သာ ယခုကဲ့သို့ ရာထူးတိုးခြင်းနှင့် ပြောင်းရွှေ့ခွင့်တို့ကို ရရှိခဲ့ခြင်းဖြစ်ပေသည်။
ထိုတာဝန်ကြောင့်ပင် သူ၏အသက်ပင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသေးသည်။
သို့သော် ဤကဲ့သို့သော ကိစ္စများကို လင်းရန်အား ပြောပြရန် မလိုအပ်ဟု သူ ယူဆထားသည်။
သူမအား ထိတ်လန့်သွားစေမည်ကို စိုးရိမ်ရုံသာမက ပြောပြလိုက်ပါကလည်း သူမက သူ့ကို သေချာပေါက် ဆူပူပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သူသည်က သူ၏အသက်ကို ကာကွယ်ပါမည်ဟု သူမထံ၌ ကတိပေးထားခဲ့သည် မဟုတ်ပါလား။
***