လင်းရန်တစ်ယောက် စုန့်ရှီးယန် ယူဆောင်လာသော သတင်းကြောင့် အမှန်တကယ်ပင် ပျော်ရွှင်နေခဲ့သည်။
တစ်ယောက်တည်း နေထိုင်ရခြင်းက ပြဿနာမရှိဟု ထင်ရသော်လည်း တစ်ခါတရံ စုန့်ရှီးယန်သာ ဘေးနား၌တွင်ရှိနေပါက ဘဝက ပို၍ပင် စိတ်ဝင်စားစရာ ကောင်းလိမ့်မည်ဟု ခံစားမိသည်။
ဥပမာအားဖြင့် ယနေ့ညကဲ့သို့ပင်။
ပုံမှန်ဆိုလျှင် မည်မျှပင်နွေးထွေးသော အိပ်ရာထဲတွင် အိပ်စက်နေခဲ့သော်လည်း အအေးဓာတ်တို့အနည်းငယ် ရှိနေသေးသည်။
သို့သော်လည်း စုန့်ရှီးယန် ရောက်ရှိလာခြင်းက လျှပ်စစ်စောင်တစ်ခုကို ခင်းပေးလိုက်သကဲ့သို့ နွေးထွေးမှုကို ပေးနိုင်နေခဲ့သည်။
... ဒီလျှပ်စစ်စောင်ကသာ သူမကို အဆက်မပြတ် နှိပ်စက်တာမျိုးမလုပ်ရင်ပေါ့။
နောက်တစ်နေ့ မနက်အစောပိုင်းတွင် လင်းရန်တစ်ယောက် နာကျင်ကိုက်ခဲနေသော ခန္ဓာကိုယ်ဖြင့် အိပ်ရာမှ ထခဲ့ရပြန်သည်။
တစ်ဖက်တွင်တော့ အဓိက တရားခံဖြစ်သူ စုန့်ရှီးယန်မှာ အားဆေးများ သောက်ထားသကဲ့သို့ လန်းဆန်းတက်ကြွနေခဲ့လေသည်။
လင်းရန် တစ်ဖက်လူကိုကြည့်ရင်းနှင့် ပို၍ မကျေမနပ် ဖြစ်လာသောကြောင့် စုန့်ရှီးယန်အား မနက်ခင်းတွင် အမျိုးမျိုးအလုပ်များကို ခိုင်းစေတော့သည်။
သို့သော်လည်း ဤသည်မှာ စုန့်ရှီးယန်အတွက်တော့ အပြစ်ပေးခြင်း မဟုတ်ခဲ့ပေ။ သူက ပျော်ရွှင်စွာပင် လုပ်ဆောင်ပေးနေသည်ကို တွေ့လိုက်ရလေ၏။
လင်းရန်: “...”
ပိုပြီးတော့ ဒေါသထွက်လာပြီ!
မကြာမီပင် အချိန်က ရှစ်နာရီဝန်းကျင်သို့ ရောက်လာပြီဖြစ်၍ လင်းရန်က အလုပ်သွားရန် ပြင်ဆင်ခဲ့သည်။
စုန့်ရှီးယန်က သူမအား တံခါးဝအထိ လိုက်ပို့ပေးခဲ့လေသည်။ မူလက သူ့အနေဖြင့် လင်းရန်ကို စားသောက်ဆိုင်တံခါးဝအထိ လိုက်ပါပို့ဆောင်လိုသော်လည်း လင်းရန်က ပြတ်ပြတ်သားသားဖြင့် တားဆီးလိုက်လေသည်။
အကယ်၍ စုန့်ရှီးယန်သာ ထိုနေရာသို့ လိုက်လာပါက ဆိုင်တွင်ရှိနေသော လူများက သူမထံတွင် သူ့အကြောင်းကို သေချာပေါက် မေးမြန်းကြပေလိမ့်မည်။
သူမက စုန့်ရှီးယန်အား စိတ်ဆိုးနေဆဲဖြစ်၍ တစ်ဖက်လူကို မဖော်ပြလိုသေးပေ။
ထို့ကြောင့် နောက်ဆုံးတွင် စုန့်ရှီးယန်မှာ တံခါးဝတွင် ရပ်လျက် လင်းရန် သူ၏မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်အထိသာ ငေးကြည့်၍ နေခဲ့ရလေတော့သည်။
လင်းရန်က အိမ်ထဲမှ မထွက်ခွာမီ စုန့်ရှီးယန်ကို အားလပ်မည်ဆိုပါက ကုန်တိုက်သို့ သွား၍ ဒေါ်လေးဖြစ်သူ လင်းကျန်းဖူကို ညစာ လာစားရန် ဖိတ်ခိုင်းခဲ့သည်။
မည်သို့ပင်ဖြစ်စေ စုန့်ရှီးယန် ပြန်ရောက်လာခြင်းက သတင်းကောင်းဖြစ်ပြီး သူတို့လည်း မဆုံတွေ့ကြသည်မှာ ကြာပြီဖြစ်၍ ဤအခွင့်အရေးကို အသုံးချလိုခဲ့သည်။
အကြီးဆုံးအဒေါ်အတွက်တော့ သူမ အလုပ်သွားသည့်အချိန်တွင်မှ တိုက်ရိုက်ပြောပြလိုက်လျှင် ရပေသည်။
စုန့်ရှီးယန်သည်လည်း ဤကိစ္စကို ငြင်းပယ်စရာ အကြောင်းမရှိပါချေ။ သူက ညနေပိုင်းတွင် ကုန်တိုက်သို့ သွားကာ ဒေါ်လေးထံသို့ အကြောင်းကြားရန် စီစဉ်ထားလိုက်သည်။
လင်းရန် ထွက်သွားပြီးနောက် မကြာမီပင် စုန့်ရှီးယန်လည်း အပြင်သို့ ထွက်လာခဲ့သည်။
သူ့အနေဖြင့် ခွင့်ဖြင့် ပြန်လာခြင်း ဖြစ်သော်လည်း ခွင့်ရက်အတွင်း၌ ပြောင်းရွှေ့ခြင်းဆိုင်ရာ ကိစ္စရပ်များကို ပြီးပြတ်အောင် လုပ်ဆောင်ရလိမ့်မည်။
ထို့အပြင် မြို့တော်ဆေးရုံမှာလည်း ဤနေရာနဲ့ မဝေးလှသောကြောင့် ကျိုးကျယ်ပင်းကို ဝင်ရောက်တွေ့ဆုံရန်လည်း စိတ်ကူးထားလေ၏။
သွားရသည့်အကြောင်းရင်းမှာတော့..
ထိုကောင်စုတ်လေးထံတွင် လက်တွဲဖော် ရှိ၊မရှိ သွားရောက် စပ်စုရန်သာ ဖြစ်လေသည်။
သူ့အနေဖြင့် သူ၏ ကိစ္စတချို့ကို အရင်ဦးဆုံး သွားရောက် ဖြေရှင်းပြီးနောက် မွန်းတည့်ချိန်တွင် ကျိုးကျယ်ပင်းကို ခေါ်ဆောင်ကာ လင်းရန် အလုပ်လုပ်သည့် ဆိုင်သို့ သွားရောက် စားသောက်ရန် စဉ်းစားလိုက်သည်။
ထမင်းသွားစားခြင်းမှာ တရားဝင် ကိစ္စတစ်ခု ဖြစ်သောကြောင့် လင်းရန်အနေဖြင့် သူ့အား အပြစ်တင်လိမ့်မည် မဟုတ်ပါချေ။
လင်းရန် အလုပ်လုပ်သည့် စားသောက်ဆိုင်နှင့် ကျိုးကျယ်ပင်း အလုပ်လုပ်သည့် ဆေးရုံမှာ နာရီဝက်ခန့်သာ ကွာဝေးသောကြောင့် အချိန်ကြာမြင့်နေမည်ကိုလည်း စိုးရိမ်စရာမလိုဘဲ အဆင်ပြေနေခဲ့သည်။
ကျိုးကျယ်ပင်းက အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက် ဖြစ်၍ ဤမျှလောက် လမ်းလျှောက်ရုံဖြင့် ပြောဆိုနေလိမ့်မည် မဟုတ်ပေ။
သို့ဖြစ်၍ သူငယ်ချင်းဖြစ်သူကို ထမင်းကျွေးမည်ဟူသော အကြောင်းပြချက်ဖြင့် သူ၏ဇနီးကို သွားရောက်တွေ့ဆုံရန် ကြံစည်ထားသော စုန့်ရှီးယန်တစ်ယောက် မြို့တော်ဆေးရုံသို့ ရောက်ရှိလာခဲ့လေသည်။
သို့သော်လည်း သူ့အနေဖြင့် မမျှော်လင့်ထားသော မြင်ကွင်းကို မြင်တွေ့လိုက်ရလေ၏။
ကျိုးကျယ်ပင်းက အမျိုးသမီးတစ်ယောက်နှင့် မျက်နှာချင်းဆိုင်ရပ်နေခဲ့ပြီး သူ၏လက်ထဲတွင်လည်း အစားအသောက်ထည့်ထားသော အိတ်ကို ကိုင်ထားခဲ့သည်။
သူ၏အရှေ့တွင် ရှိနေသော အမျိုးသမီးသည်ကား လင်းရန်၏ ဒေါ်လေးဖြစ်သူ လင်းကျန်းဖူသာဖြစ်လေ၏။
သူမက သူမ၏ ဟင်းချက်လက်ရာများက အရသာမရှိကြောင်းကို နှိမ့်ချ၍ ပြောဆိုနေခဲ့သည်။
သို့သော် ကျိုးကျယ်ပင်းသည်ကား ချက်ချင်းပင် ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။
“ဘယ်သူက အဲဒီလို ပြောတာလဲ။ မင်း ချက်တဲ့ ဟင်းတွေက အရသာ မဆိုးပါဘူး၊ ကိုယ်ကတော့ ဒီဟင်းတွေကို အရမ်းကြိုက်တယ်၊ အရမ်းကို ကြိုက်တာ!”
သူ့အနေဖြင့် ထိုလက်ရာများကို တစ်သက်လုံး စားသွားချင်သည်ဟုလည်း ပြောချင်ခဲ့သည်။
သူက လင်းကျန်းဖူကို ပြောခဲ့သည့်စကားတို့က အလိမ်အညာ မဟုတ်ကြောင်းကို သက်သေပြချင်သကဲ့သို့ ထမင်းဘူးကို ချက်ချင်းဖွင့်ကာ အထဲမှ အစားအသောက်ကိုပင် စားသောက်ပြခဲ့လေသည်။
“ကြည့်လေ.. ကိုယ်က ဒါတွေကို အရမ်းကြိုက်တာ၊ ဒီအစားအသောက်တွေက အကောင်းဆုံးပဲ”
သူက စားသောက်နေရင်းဖြင့် လင်းကျန်းဖူကိုလည်း သူပြောသမျှစကားတို့က အမှန်ဖြစ်ကြောင်း သက်သေပြနေခဲ့သည်။
သူ၏ ရယ်စရာကောင်းသော အမူအရာတို့ကြောင့် လင်းကျန်းဖူတစ်ယောက် ရယ်မောမိသွားသော်လည်း တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားမှုကိုလည်း ခံစားလိုက်ရလေသည်။
သူမအနေဖြင့် တစ်ခါက လော့ပင်းအတွက် ဤကဲ့သို့သော ဟင်းလျာများကို ချက်ပြုတ်ပေးပြီး သူ အလုပ်မှပြန်လာချိန်တွင် အတူစားရန် စောင့်ဆိုင်းခဲ့ဖူးသည်။
သို့သော် လော့ပင်းကတော့ နောက်ပိုင်း သူ့အတွက် ဟင်းမချက်ပေးရန်နှင့် သူသည်က စားသောက်ဆိုင်တွင်သာ စားမည်ဖြစ်ကြောင်း ယဉ်ကျေးစွာ ငြင်းပယ်ခဲ့ဖူးလေသည်။
ထိုစကား၏ အဓိပ္ပာယ်မှာ သူမ ချက်ပြုတ်သည်ကို မစားချင်ဘဲ သူမ၏လက်ရာကို အထင်သေးခြင်းသာ ဖြစ်ပေ၏။
နောက်ပိုင်းတွင် သူမလည်း ဟင်းချက်ရန်အတွက် ပျင်းရိလာခဲ့ပြီး နေ့စဉ် ဗိုက်ပြည့်ရန်အတွက်သာ စားသောက်ခဲ့သောကြောင့် သူမ၏ ဟင်းချက်အရည်အချင်းမှာလည်း တိုးတက်လာခြင်း မရှိခဲ့ပါချေ။
လော့ပင်းကို တွေးမိသွားသောကြောင့်ဖြစ်နိုင်သည်။ လင်းကျန်းဖူ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ အနည်းငယ် မှေးမှိန်သွားခဲ့ရလေသည်။
“ရုံးခန်းထဲကို ပြန်ပြီး စားတာ ပိုကောင်းမယ် ထင်တယ်၊ အပြင်မှာ လေတွေတိုက်နေတော့ ဟင်းတွေ အေးကုန်လိမ့်မယ်၊ ဒါဆို ကျွန်မ အရင် ပြန်နှင့်ပါ့မယ် ၊ ညနေကျမှ ထမင်းဘူးကို လာယူလိုက်မယ်”
ထိုသို့ပြောပြီးသည်နှင့် လင်းကျန်းဖူ လှည့်ထွက်သွားခဲ့လေသည်။
ကျိုးကျယ်ပင်းသည်ကား ပါးစပ်ထဲတွင် အစားအသောက်များ ပြည့်နေသောကြောင့် သူမကို လှမ်း၍ မတားနိုင်ခဲ့ပါချေ။
လင်းကျန်းဖူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သူ သတိပြုမိလိုက်ပေသည်။ မတိုင်မီက ပျော်ရွှင်နေသော်လည်း ရုတ်တရက် ဝမ်းနည်းသွားပုံရသည်။
ထို့နောက် ထွက်သွားခဲ့လေသည်။ ဤအကြောင်းကို တွေးမိချိန်တွင် ကျိုးကျယ်ပင်း၏ မျက်လုံးများတွင် စိတ်ပျက်မှုများ ပြည့်နှက်သွားရသည်။
လင်းကျန်းဖူအနေဖြင့် ယခင်က မည်သည့်အကြောင်းများကို ကြုံတွေ့ခဲ့ရသည်ကို သူ မသိရှိပါချေ။
သူနှင့် သူမ၏ကြားတွင် မျှော်လင့်ချက် ရှိပြီဟု ထင်ရတိုင်း၊ သူမက သူ့အပေါ်တွင် သံယောဇဉ်ရှိသည်ဟု ခံစားရတိုင်း သူမက ရုတ်တရက် အဝေးသို့ ဆုတ်ခွာသွားတတ်ပေသည်။
သူမ၏ စိတ်ထဲတွင် အနာဟောင်း သို့မဟုတ် ဆူးတစ်ချောင်း ရှိနေပေလိမ့်မည်။
ကျိုးကျယ်ပင်း၏ စရိုက်အရ သူတစ်ပါး၏ လျှို့ဝှက်ချက်များကို တကူးတက စပ်စုတတ်သူ မဟုတ်ပါချေ။
သို့သော် လွန်ခဲ့သော နှစ်လအတွင်း လင်းကျန်းဖူနှင့် နီးစပ်ခဲ့ပြီးနောက် လင်းကျန်းဖူမှာ အလွန်ကောင်းမွန်သော မိန်းကလေးတစ်ဦး ဖြစ်ကြောင်းကို သူ အတည်ပြုနိုင်ခဲ့သည်။
သူသည်လည်း သူမအပေါ်တွင် ရေရှည်လက်တွဲလိုသည့် ခံစားချက်မျိုး ရှိနေခဲ့ပေသည်။
သို့သော်လည်း ဤတိုးတက်မှုမှာ သူထင်ထားသည်ထက် များစွာ ပို၍ ခက်ခဲနေပုံရပေသည်။
ဟင်း.. လင်းရန်နှင့် ဆုံတွေ့တဲ့အချိန်ကျမှ အခြေအနေတွေကို မေးမြန်းကြည့်ရတော့မှာပဲ။
“ဒီကောင်စုတ်လေး...မင်းက ဒီလို ကိစ္စကြီးကိုတောင်တိတ်တိတ်ကလေး လုပ်နေတာလား!”
ကျိုးကျယ်ပင်း တစ်ယောက်တည်း သက်ပြင်းချနေချိန်မှာပင် စုန့်ရှီးယန် ရောက်ရှိလာခဲ့လေသည်။
ကျိုးကျယ်ပင်း လှည့်ကြည့်လိုက်ချိန်တွင် စုန့်ရှီးယန်၏ ပြုံးရယ်ချင်နေသော မျက်နှာကို မြင်တွေ့လိုက်ရလေ၏။ သို့သော်လည်း သူ့အနေဖြင့် မချိပြုံးသာ ပြုံးနိုင်တော့သည်။
“မင်း မြင်သွားပြီပေါ့”
စုန့်ရှီးယန် ကြောင်အသွားရ၏။
ဘာဖြစ်လို့လဲ။ ခုနကမှ အဆင်ပြေနေတာ မဟုတ်ဘူးလား။ တစ်ခုခုများ လွဲချော်သွားလို့လား။
သူက သံသယဖြင့် မေးလိုက်လေသည်။
“ငါ မြင်ခဲ့တယ်၊ မင်းနဲ့ ရန်ရန်ရဲ့ ဒေါ်လေးကြားမှာ ဘာတွေ ဖြစ်နေတာလဲ”
ကျိုးကျယ်ပင်းသည်ကား ယခုအချိန်တွင် သံသယများနှင့် စိတ်ဓာတ်ကျမှုများ ပြည့်နှက်နေပြီး ဖွင့်ထုတ်စရာနေရာ မရှိဖြစ်နေချိန်တွင် စုန့်ရှီးယန် ရောက်လာသောကြောင့် မထိန်းနိုင်တော့ဘဲ လင်းကျန်းဖူနှင့် သူ၏ အခြေအနေများကို တိုက်ရိုက်ပင် ပြောပြလိုက်လေတော့သည်။
အရေးကြီးဆုံးအချက်မှာ လင်းကျန်းဖူအနေဖြင့် မကောင်းသော အတွေ့အကြုံတို့ကို ကြုံတွေ့ခဲ့ဖူးခြင်း ရှိ၊ မရှိ စုန့်ရှီးယန်အား မေးမြန်းလိုခြင်းသာဖြစ်၏။
ဆိုရလျှင် တစ်ခါတစ်ရံတွင် သူမက သူ့ထံမှ တစ်ဆင့် တစ်စုံတစ်ဦးကို မုန်းတီးနေသကဲ့သို့ ခံစားရသည်။
သူ၏ အသိစိတ်က ထိုသူမှာ အမျိုးသားတစ်ဦး ဖြစ်လိမ့်မည်ဟု ပြောနေခဲ့သည်။
စုန့်ရှီးယန်တစ်ယောက် ထိုစကားကို ကြားချိန်တွင် အနည်းငယ် အံ့ဩသွားရသည်။
သူနှင့်အတူ ကြီးပြင်းလာခဲ့သည့် သူငယ်ချင်းမှာ ယခုကဲ့သို့ ဖြစ်နေသည်ကို သူပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင်။ သူက အံ့ဩတကြီး မေးလိုက်လေသည်။
“ဒါဆို မင်းက သူ့ရဲ့ အကြောင်းကိုတောင် သေသေချာချာ မသိဘဲနဲ့ သူ့ကို ချစ်မိသွားတာပေါ့ ဟုတ်လား?”
ကျိုးကျယ်ပင်းမှာ စုန့်ရှီးယန်၏ “မင်းက ဒီလိုမျိုးအချစ်ကြီးတတ်တဲ့သူဆိုတာ ငါ မသိခဲ့ဘူး” ဟူသော မျက်နှာထားကြောင့် အနေခက်သွားရသည်။
သို့သော် သေသေချာချာ ပြန်စဉ်းစားကြည့်လျှင် ထိုသည်က အမှန်ပင် ဖြစ်ပေသည်။ သူ့အနေဖြင်် ဆေးရုံတွင် လင်းကျန်းဖူနှင့် ပထမဆုံး ဆုံတွေ့စဉ်ကတည်းက သူမကို ငေးကြည့်ချင်နေခဲ့ပြီး သူမဘက်မှ သူ့အား ဆူပူချိန်တွင်ပင် မသိစိတ်ဖြင့် သူမအတွက် ဆင်ခြေပေးမိခဲ့သည်။
နောက်ပိုင်းတွင် သူမက သူ့ကို လာရောက် တောင်းပန်ချိန်တွင် သူက ထိုအခွင့်အရေးကို အရယူ၍ ဆက်သွယ်ခဲ့ခြင်း ဖြစ်ပေသည်။
ထို့နောက်တွင် သူတို့က သူငယ်ချင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူက အလုပ်များသောကြောင့် ဟင်းမချက်နိုင်ကြောင်းကို စနောက်လိုသည့်ပုံဖြင့်ပြောဆိုကာ သူမကို ဟင်းလာပို့ခိုင်းခဲ့လေ၏။
ထိုမှတစ်ဆင့် ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။
***