“အဲဒါတွေက အရေးမကြီးပါဘူး၊ အရေးကြီးတာက သူမ အရင်တုန်းက အနှိပ်စက်ခံခဲ့ရဖူးလား ဆိုတာပဲ၊ ငါ့ကို မြန်မြန် ပြောစမ်းပါ”
ကျိုးကျယ်ပင်းက စိတ်မရှည်စွာဖြင့် တိုက်တွန်းလိုက်လေသည်။
စုန့်ရှီးယန်သည်ကား အကြောင်းရင်း တစ်စုံတစ်ရာကြောင့် တွန့်ဆုတ်နေခဲ့ပေသည်။ တစ်ဖက်တွင် သူ၏ ငယ်သူငယ်ချင်းဖြစ်ပြီး တခြားတစ်ဖက်တွင်တော့ လင်းရန်၏ ဒေါ်လေး ဖြစ်နေပေသည်။
မည်သူ့ကိုမျှ မကူညီလျှင်လည်း မဖြစ်နိုင်သကဲ့သို့ ကူညီရန်မှာလည်း ခက်ခဲနေခဲ့သည်။
အဓိကမှာ ဒေါ်လေး ကြုံတွေ့ခဲ့ရသည့်ကိစ္စများကို သူမကိုယ်တိုင် မပြောပါဘဲ သူ့ဘက်မှ ကျိုးကျယ်ပင်းအား ပြောပြလိုက်ခြင်းက မသင့်တော်လောက်ပါချေ။
နောက်ဆုံးတွင် စုန့်ရှီးယန် ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ထိုအကြောင်းတို့ကို မပြောပြရန် ဆုံးဖြတ်လိုက်လေသည်။ သူက ကျိုးကျယ်ပင်းအား ဤသို့သာ ပြောလိုက်လေ၏။
“တချို့ ကိစ္စတွေကို ငါ့ဘက်က ဝင်ပြောပြဖို့က မသင့်တော်ဘူး၊ မင်း တကယ် သိချင်တယ်ဆိုရင် ဒေါ်လေးကိုပဲ ကိုယ်တိုင် မေးကြည့်လိုက်သင့်တယ်”
စုန့်ရှီးယန်၏ စကားကို ကြားချိန်တွင် ကျိုးကျယ်ပင်းသည်လည်း သူ စိတ်စောသွားကြောင်းကို သတိပြုမိလိုက်တော့သည်။
သူ မျက်နှာကို ပွတ်သပ်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။
“ငါ ဒါကို မစဉ်းစားမိလိုက်ဘူး၊ ကောင်းပါပြီ... စိတ်မပူပါနဲ့၊ ငါကိုယ်တိုင်ပဲ မေးကြည့်ပါ့မယ်”
စုန့်ရှီးယန်အနေဖြင့် ကျိုးကျယ်ပင်းတစ်ယောက် စိတ်ပျက်နေသည်ကို မြင်လျှက် သူ၏ ပုခုံးကို ပုတ်ပေးလိုက်လေသည်။
ဤသည်မှာ သူငယ်ချင်းဖြစ်သူကို အားပေးနှစ်သိမ့်ခြင်းသာ ဖြစ်ပေ၏။ ထို့နောက် နောက်တစ်စက္ကန့်တွင် သူက တိုက်ရိုက်ပင် ပြောလိုက်တော့သည်။
“မင်း နေ့လယ်စာ မစားချင်ဘူးဆိုရင်လည်း ဒီထမင်းချိုင့်ကို ညနေစာအတွက်ပဲ ချန်ထားလိုက်တော့၊ အခု ငါနဲ့အတူ နေရာတစ်ခုကို လိုက်ခဲ့ပါဦး”
ကျိုးကျယ်ပင်း: “...”
သူ့အနေနဲ့ စိတ်ရှုပ်ထွေးနေလို့ ထမင်းမစားချင်သေးဘူးဆိုတာ မှန်ပေမဲ့လည်း.. စုန့်ရှီးယန်ရဲ့ လေသံက အတော်လေးကို ဂရုမစိုက်သလို ဖြစ်မနေဘူးလား။
သို့သော် သူတို့က ညီအစ်ကိုအရင်းများကဲ့သို့ ခင်မင်ရင်းနှီးသူများဖြစ်၍ ကျိုးကျယ်ပင်းလည်း မည်သည်ကိုမျှ ထပ်မမေးတော့ပါချေ။
သူ၏ နေ့လယ်စာ နားချိန်က တစ်နာရီခန့်သာ ရှိသောကြောင့် ရုံးခန်းသို့ အမြန်ပြန်ကာ ထမင်းချိုင့်ကို ထားခဲ့ပြီး စုန့်ရှီးယန် သွားလိုသည့် နေရာသို့ လိုက်ပါသွားခဲ့လေသည်။
ထို့နောက်တွင်တော့...
“နိုင်ငံပိုင်စားသောက်ဆိုင်” ဟူသော စာလုံးများကို မြင်လိုက်ရချိန်တွင် ကျိုးကျယ်ပင်း၏ မျက်နှာက အမူအရာ ကင်းမဲ့သွားရတော့သည်။
သူ ဘေးကိုလှည့်ကြည့်လိုက်ပြီး စုန့်ရှီးယန်အား မည်သည့်ခံစားချက်မျှမပါသော မျက်နှာဖြင့် စိုက်ကြည့်လိုက်လေသည်။
“ငါ ထမင်းမစားချင်ဘူးဆိုတာနဲ့ပဲ မင်းက စားသောက်ဆိုင်ကို ခေါ်လာတာလား”
ဒါက သူ အဲဒီဟင်းကို ထပ်မစားမိအောင်လုပ်နေတာ မဟုတ်ဘူးလား!
စုန့်ရှီးယန်သည်ကား တစ်ဖက်လူက အလွန်အကျွံ လျှောက်တွေးနေသည်ကို သိသော်လည်း ရှင်းမပြတော့ပါချေ။
အကယ်၍ သူက ကျိုးကျယ်ပင်းအား ထမင်းကျွေးချင်သောကြောင့် မဟုတ်ဘဲ သူ၏ဇနီးကို တွေ့ချင်သောကြောင့် ထမင်းကျွေးမည်ဟူသော အကြောင်းပြချက်ကို သုံးခဲ့ခြင်းဖြစ်ကြောင်းကိုသာ ရှင်းပြလိုက်ပါက ကျိုးကျယ်ပင်းက ပို၍ပင် ဒေါသထွက်သွားပေလိမ့်မည်။
“ မင်းထင်သလို မဟုတ်ပါဘူး”
သူက ဝေဝါးစွာသာ ပြောဆိုလိုက်ပြီး ကျိုးကျယ်ပင်းအား စားသောက်ဆိုင်ထဲသို့ တွန်းပို့လိုက်လေသည်။
သူထင်သလို မဟုတ်ရင် ဘာဖြစ်ရမှာလဲ။
ကျိုးကျယ်ပင်းတစ်ယောက် စိတ်ထဲမှနေ၍ တစ်ဖက်လူကို ကျိန်ဆဲကာ ရေရွတ်နေမိသော်လည်း နောက်ဆုံးတွင် စုန့်ရှီးယန်၏ တွန်းပို့မှုကြောင့် အထဲသို့ ဝင်လာခဲ့ရလေသည်။
လီမေ့က ထိုသူနှစ်ဦး ဝင်လာသည်ကို မြင်ချိန်တွင် အလျှင်အမြန်ပင် အနားသို့ သွားကာ ဟင်ယူမည်းဟင်းလျာကို မေးမြန်းလိုက်၏။
စုန့်ရှီးယန်ပ နံရံပေါ်ရှိ မီနူးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် မေးလိုက်လေသည်။
“ဒီနေ့ ခင်ဗျားတို့ရဲ့ စားဖိုမှူး ဘယ်လိုနေလဲ”
လီမေ့တစ်ယောက် အမှာစာယူရန် ပြင်ဆင်နေရင်းဖြင့် ခေတ္တမျှ ရပ်တန့်သွားရသည်။ ထို့နောက် စုန့်ရှီးယန်အား သံသယဖြစ်စွာဖြင့် စိုက်ကြည့်လိုက်လေသည်။
ဒါက ဘာပြောချင်နေတာလဲ။
ဒီလူက ငါတို့ရဲ့ စားဖိုမှူးလေးရှောင်လင်းရဲ့ အရည်အချင်းကို လာပြီး စမ်းသပ်နေတာလား။
သူမအနေဖြင့် ဤဆိုင်မှ စားဖိုမှူး၏ လက်ရာမှာ အမြဲတစေ ထိပ်တန်းအဆင့်သာဖြစ်ကြောင်း တည်ငြိမ်စွာ ရှင်းပြတော့မည့်အချိန်မှာပင် စုန့်ရှီးယန်က ထပ်မံ၍ပြောလိုက်ပြန်သည်။
“ကျွန်တော်... ဆိုလိုတာက ဒီနေ့ သူမ စိတ်ကြည်ရဲ့လားလို့ပါ”
လီမေ့: “???”
မေးခွန်းများက မေးလေလေ ပို၍ ထူးဆန်းလေလေ ဖြစ်နေခဲ့သည်။
“ရဲဘော်... ရှင် ဒီကို ထမင်းစားဖို့ လာတာလား၊ တခြားကိစ္စအတွက် လာတာလား”
လီမေ့တစ်ယောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ စုန့်ရှီးယန်အား ရွံရှာသော မျက်နှာဖြင့် ကြည့်လိုက်လေသည်။
“ကျွန်မ ပြောလိုက်မယ်နော်၊ ကျွန်မတို့ စားဖိုမှူးလေးကိုတော့ လာပြီး မပတ်သက်ပါနဲ့.. ရှောင်လင်းမှာ အိမ်ထောင်ရှိပြီးသား၊ မိသားစုလည်းရှိပြီးသားပါ
သူမအကြောင်းတွေကို ဒီမှာ လာပြီး မမေးပါနဲ့၊ မဟုတ်ရင် ရှင့်ကို တိုင်ပစ်မှာနော်!”
ဆိုရလျှင် သူတို့၏ စားဖိုမှူးလေး လင်းရန်က အရှေ့ဘက်သို့ တစ်ခါတရံ ထွက်လာဖူးလေ၏။
ထိုအချိန်က ထမင်းစားနေသော လူငယ်တစ်စုမှာ သူမကြောင့် အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ကြဖူးသည်။ သူတို့သည်က စားဖိုမှူးများစွာကို မြင်ဖူးသော်လည်း လင်းရန်ကဲ့သို့ လှပချောမောပြီး လက်ရာကောင်းလှသော စားဖိုမှူးမျိုးကိုတော့ တစ်ခါမျှ မတွေ့ဖူးခဲ့ကြပါချေ။
ထိုနေ့မှစ၍ သုံးရက်တစ်ခါ၊ ငါးရက်တစ်ခါ လင်းရန်အကြောင်းကို လာရောက်မေးမြန်းသူများ ရှိလာသောကြောင့် လီမေ့အနေဖြင့် အတွေ့အကြုံရှိနေပေပြီ။
သူမက ဤစုန့်ရှီးယန်မှာလည်း လင်းရန်ကြောင့် ရောက်လာသူဟု ထင်မှတ်ကာ တည်ငြိမ်သော မျက်နှာဖြင့် သတိပေးလိုက်လေ၏။
ဘေးနားမှ ကျိုးကျယ်ပင်းက ထိုစကားကို ကြားလိုက်ရချိန်တွင် အခြေအနေကို ရိပ်မိသွားတော့သည်။
စုန့်ရှီးယန်က သူ့ကို အသုံးချပြီး ဇနီးဖြစ်သူ လင်းရန်အား လာတွေ့ခြင်း ဖြစ်ရပေမည်။
မဟုတ်သေးဘူး။
သူက သူ့ဇနီးကို လာတွေ့တာကို ငါ့ကို ဘာလို့ ခေါ်လာတာလဲ။
ကျိုးကျယ်ပင်းအနေဖြင့် စုန့်ရှီးယန်အား နားမလည်နိုင်သော်လည်း လီမေ့ နားလည်မှု လွဲနေသည်ကို မြင်သောကြောင့် ကူညီ၍ ရှင်းပြလိုက်ရလေသည်။
“အစ်မ... အထင်မမှားပါနဲ့၊ သူက လူဆိုးလူမိုက်တစ်ယောက်မဟုတ်ပါဘူး၊ ခင်ဗျားတို့ စားဖိုမှူးလင်းရဲ့ မိသားစုဝင်ပါ”
ဘာ? မိသားစုဝင် ဟုတ်လား!
လီမေ့မှာ စုန့်ရှီးယန်အား ပြန်လည်အကဲခတ်လိုက်ပြီး လင်းရန်၏ အမျိုးသားမှာ ချောမောခန့်ညားချောမောသော လူငယ်တစ်ဦးဖြစ်ကြောင်း ဝမ်ရှို့ကျူက အမှတ်မထင် ပြောပြဖူးသည်ကို သတိရသွားကာ ရုတ်တရက် သဘောပေါက်သွားတော့၏။
“အိုး... ရဲဘော်၊ ဒါကို အစကတည်းက ပြောရမှာပေါ့.. ကျွန်မက ဘယ်သူများလဲလို့! ဒါဆို ဒီမှာ အရင်ထိုင်ပါဦး၊ ရှောင်လင်းကို သွားပြောလိုက်ပါ့မယ်”
လီမေ့သည် မီးဖိုချောင်ဘက်သို့ ပြေးသွားရန် ပြင်လိုက်ချိန်မှာပင် စုန့်ရှီးယန်က ထိတ်လန့်တကြားဖြင့် သူမအား အမြန်လှမ်းတားလိုက်လေသည်။
“အစ်မ၊ မသွားပါနဲ့ဦး! ကျွန်တော် ကျွန်တော်က ဒီအတိုင်း ထမင်းစားဖို့ လာတာပါ.. သူငယ်ချင်းကို ထမင်းကျွေးရင်း တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတာဆိုတော့ သူမကို သွားမပြောပါနဲ့ဦး”
တိုက်တိုက်ဆိုင်ဆိုင် ဟုတ်လား!
ဟားဟား..
ကျိုးကျယ်ပင်းက စုန့်ရှီးယန်အား အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
စုန့်ရှီးယန်ကတော့ ထိုအကြည့်ကို သတိပြုမိသော်လည်း မသိချင် ဆောင်ကာ လီမေ့အား ဆက်ပြောလိုက်၏။
“ ကျွန်တော် သူ့ရဲ့ အလုပ်ကို မနှောင့်ယှက်ချင်လို့ပါ.. အရင်ဆုံး ဟင်းပဲမှာလိုက်ပါ့မယ်၊ ကျွန်တော် စားပြီးလို့ သူမ အားတဲ့အချိန်ကျမှပဲ စကားပြောလိုက်မယ်လေ”
လီမေ့သည်ကား စုန့်ရှီးယန်မှာ အခြေအနေကို နားလည်သူဖြစ်ကြောင်းရယူဆကာ သူ့အပေါ် အထင်ကြီးသွားရသည်။
ရှောင်လင်းရဲ့ မိသားစုဝင်ဖြစ်ဖို့ ထိုက်တန်ပေတာပဲ!
လီမေ့လည်း မည်သည်ကိုမျှ ထပ်မပြောတော့ဘဲ မီးဖိုချောင်ထဲသို့ အမှာစာ သွားပို့ချိန်တွင်သာ လင်းရန်အား အဓိပ္ပာယ်အပြညာ့ဖြင့် ကြည့်လိုက်လေ၏။
လင်းရန်တစ်ယောက် ထူးဆန်းသကဲ့သို့ ခံစားလိုက်ရလေသည်။
“အစ်မလီမေ့... ဘာဖြစ်လို့လဲ”
“ဟားဟား... ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး!”
လီမေ့က ပါးစပ်ကို ပိတ်ကာ တိတ်တဆိတ် ရယ်မောနေခဲ့သည်။
ရှောင်လင်းသာ သူမရဲ့ ခင်ပွန်းသည် အပြင်မှာ ရောက်နေတာကို သိရင် အရမ်းပျော်သွားမှာပဲ။
ကောင်းပြီ... ဒီသတင်းကောင်းလေးကို သူမကိုယ်တိုင် သိသွားအောင်ပဲ ထားလိုက်တော့မယ်။
လီမေ့ ထွက်သွားပြီးနောက် လင်းရန်မှာ ရှုပ်ထွေးစွာဖြင့် ကျန်ရစ်ခဲ့လေတော့သည်။
ဘာတွေဖြစ်နေတာလဲ။
ဘာလို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ
အပြင်ဘက်တွင်တော့ စုန့်ရှီးယန်အနေဖြင့် ဆိုင်က သိပ်မအားသေးသည်ကို မြင်သောကြောင့် လီမေ့နှင့်သာ စကား ပြောဆိုနေခဲ့သည်။ စကားဝိုင်း၏ အကြောင်းအရာသည်ကား လင်းရန်၏အကြောင်းသာ ဖြစ်ပေ၏။
ကျိုးကျယ်ပင်းကတော့ ဘေးမှနေ ကြောင်အမ်းစွာသာ ကြည့်နေမိသည်။
လက်ထပ်လိုက်ခြင်းက လူတစ်ယောက်၏ စရိုက်ကို ဤမျှအထိ ပြောင်းလဲစေနိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပါချေ။
ယခင်က အလွန်အမင်းအေးစက်ပြီး စကားနည်းလွန်းသော “စစ်မြေပြင်၏နတ်ဆိုး” မှာ ယခုအချိန်တွင် လမ်းပေါ်ရှိ အဒေါ်ကြီးများကဲ့သို့ စကားဖောင်ဖွဲ့နေခဲ့ချေပြီ။
သို့သော်လည်း တစ်ဖက်လူက သူ့အား အကာအကွယ်အဖြစ် အသုံးချနေကြောင်းကို တွေးမိချိန်တွင် ကျိုးကျယ်ပင်းက လှောင်ပြုံးတစ်ချက် ပြုံးလိုက်မိသည်။
စုန့်ရှီးယန်နှင့် လီမေ့တို့ စကားပြောကောင်းနေချိန်တွင် သူ ပြောလိုက်လေ၏။
“ငါ အရင်သွားနှင့်မယ်၊ အလုပ်ပြန်ဝင်ဖို့ အချိန်နီးနေပြီ”
စုန့်ရှီးယန်က သူ့ကို လှည့်ပင်မကြည့်ဘဲ လက်ကာပြလျက် သွားချင်လျှင် သွားနိုင်ကြောင်း အချက်ပြလိုက်လေသည်။
ကျိုးကျယ်ပင်း: ဒီကောင်စုတ်ကတော့... မင်းက ငါ့ကို အသုံးချပြီးတာနဲ့ ပစ်ထုတ်လိုက်ပြီပေါ့!
သူ မျက်လုံးကိုလှန်ကာ ထိုင်နေရာမှ ထလိုက်၏။ ထို့နောက် တံခါးဘက်သို့ ထွက်သွားရမည့်အစား မီးဖိုချောင်ဘက်သို့ လှည့်ကြည့်ကာ ထိုနေရာဘက်သို့ သွားခဲ့လေတော့သည်။
***