စားသောက်ဆိုင်မှာ အလုပ်အများဆုံးသော အချိန်ကို ကျော်လွန်သွားပြီဖြစ်၍ အလုပ်သိပ်မရှုပ်တော့ပါချေ။
လင်းရန်တ်ယောက် မီးဖိုချောင်ထဲတွင် အနားယူနေစဉ် လိုက်ကာကို ဆွဲဖွင့်လာသည်ကို မြင်လိုက်ရပြီး အပြင်ဘက်တွေ ရပ်နေသော ကျိုးကျယ်ပင်းအား တွေ့လိုက်ရလေ၏။
“ရဲဘော် လင်းရန်”
“ဟေး... ဒေါက်တာကျိုး၊ ဘာလို့ ဒီကို ရောက်နေတာလဲ”
လင်းရန် အံ့ဩသွားရပြီး ဧည့်ခံရန်အတွက် ပြင်ဆင်လာချိန်တွင် ကျိုးကျယ်ပင်းက အလျှင်အမြန် ပြောလိုက်လေသည်။
“ရဲဘော်လင်း... ထွက်လာစရာမလိုပါဘူး၊ ကျွန်တော်က စုန့်ရှီးယန်ခေါ်လာတာနဲ့ ထမင်းလာစားတာလေ၊ အခုက ဆေးရုံပြန်ရတော့မှာဆိုတော့ မင်းကို လာနှုတ်ဆက်တာပါ၊
အခု နှုတ်ဆက်ပြီးပြီဆိုတော့ ကျွန်တော် သွားတော့မယ်နော်၊ နောက်မှ အေးအေးဆေးဆေး ဆုံကြတာပေါ့”
ကျိုးကျယ်ပင်းက ထိုသို့ ပြောပြီးသည်နှင့် လှည့်ထွက်သွားခဲ့လေသည်။
လင်းရန်တစ်ယောက် ကျိုးကျယ်ပင်း ပေးခဲ့သော သတင်းကို အနက်အဓိပ္ပာယ် ဖွင့်ဆိုရင်း ကျန်ရစ်ခဲ့၏။
ဆိုလိုတာက .. စုန့်ရှီးယန် အခု အပြင်မှာ ရှိနေတာလား။
လင်းရန်က စက္ကန့်ပိုင်းမျှ ရပ်တန့်သွားပြီးနောက် လိုက်ကာကို ရုတ်တရက် ဆွဲဖွင့်လိုက်လျှင် စားပွဲတစ်ခုတွင် ထိုင်ကာ လီမေ့နှင့် စကားပြောနေသော စုန့်ရှီးယန်ကို မြင်တွေ့လိုက်ရလေသည်။
လီမေ့၏ မျက်နှာပေါ်ရှိ အပြုံးကို ကြည့်ရုံဖြင့် သူတို့က သူမအကြောင်း ပြောနေကြခြင်းဖြစ်ကြောင်း သိနိုင်သည်။
လင်းရန်အနေဖြင့် ရှက်စရာမလိုသော်လည်း ခဏကြာလျှင် လီမေ့က သူမအား စနောက်လာတော့မည်ကိုတွေးတောမိကာ အလွန်ပင် ရှက်ရွံ့သွားရခဲ့သည်။
စုန့်ရှီးယန်!
ဒီလူကတော့ မလာပါဘူးလို့ ပြောထားတာမဟုတ်ဘူးလား။
လင်းရန်က လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး စုန့်ရှီးယန်အား ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။
စုန့်ရှီးယန်သည်လည်း တစ်ခုခုကို အာရုံခံမိသွားခဲ့ကာ နောက်သို့ လှည့်ကြည့်လိုက်မိသည်။
ထို့နောက် သူ့ကို အေးစက်စွာ စိုက်ကြည့်နေသော လင်းရန်ကို မြင်တွေ့လိုက်ရလေ၏။ ထိုအကြည့်ကို မြင်လိုက်ရသည်နှင့် အကယ်၍သာ ယခု အချိန်က အပြင်ဘက်တွင် မဟုတ်ခဲ့ပါက လင်းရန်က သူ့ထံသို့ ပြေးလာပြီး ထုရိုက်လိမ့်မည်ဖြစ်ကြောင်းကို စုန့်ရှီးယန် သဘောပေါက်သွားခဲ့သည်။
သို့ဖြစ်၍ စုန့်ရှီးယန်က တစ်မနက်လုံး ပြင်ဆင်လာခဲ့သော ဆင်ခြေကို ချက်ချင်းပင် ထုတ်သုံးလိုက်လေသည်။
သူက လင်းရန်အား တည်ငြိမ်စွာ ပြောလိုက်လေ၏။
“ရန်ရန်.. ကိုယ် တမင်လုပ်တာမဟုတ်ပါဘူး၊ ကျိုးကျယ်ပင်းက ထမင်းလာစားချင်တယ်လို့ ပြောနေတာနဲ့ ကိုယ်လည်း ငြင်းမရလို့ အဖော်လိုက်လာခဲ့ရတာပါ”
လင်းရန်: “ဟားဟား..”
အကယ်၍ ကျိုးကျယ်ပင်းကသာ သူမထံသို့ လာရောက်၍ စုန့်ရှီးယန်က သူ့အား ထမင်းဖိတ်ကျွေးခြင်းဖြစ်ကြောင်းကို မပြောပြခဲ့ပါက သူမအနေဖြင့် စုန့်ရှီးယန်ကို ယုံမိလိမ့်မည်။
“ရှင် မပြန်နဲ့ဦး၊ ကျွန်မ အလုပ်ဆင်းတဲ့အထိ ဒီမှာပဲ စောင့်နေ!”
လင်းရန်က ထိုသို့ပြောပြီးသည်နှင့် လိုက်ကာကို ဆွဲချကာ မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားခဲ့လေသည်။
စုန့်ရှီးယန်: “...”
သေပြီ။
သူမက စိတ်ဆိုးနေတုန်းပဲ ထင်တယ်။
ဘေးနားရှိ လီမေ့သည်ကား လင်းရန်က စုန့်ရှီးယန်အား မခွဲနိုင်သောကြောင့် စောင့်ခိုင်းခြင်းဖြစ်မည်ဟု ထင်မှတ်ကာ ထိုဇနီးမောင်နှံမှ အလွန်ပင် ချစ်ခင်ကြသည်ဟု ချီးကျူးနေမိခဲ့သည်။
တစ်ဖက်တွင်ရှိနေသည့် စုန့်ရှီးယန်သာလျှင် သူ့အနေဖြင့် ခဏကြာလျှင် အဆူခံရတော့မည်ကို သိရှိနေခဲ့လေသည်။
…
နာရီဝက်ခန့် ကြာပြီးနောက် ဆိုင်တွင် ဧည့်သည်များ မရှိတော့သည့်အချိန်တွင် လင်းရန်က ခါးစည်းကို ချွတ်ကာ အပြင်သို့ ထွက်လာခဲ့ပြီး နေရာတွင် စောင့်ဆိုင်းနေသော စုန့်ရှီးယန်အား လှမ်းအော်လိုက်သည်။
“ရှင် ကျွန်မနဲ့အတူ အပြင်ကိုလိုက်ခဲ့!”
စုန့်ရှီးယန်တစ်ယောက် စက္ကန့်ပိုင်းမျှပင် မနှောင့်နှေးရဲပါချေ။ သူက လင်းရန်၏ နောက်မှ လိမ္မာလွန်းသောချွေးမငယ်လေးတစ်ဦးကဲ့သို့ လိုက်ပါသွားခဲ့လေသည်။
လီမေ့: “?”
ဒီလေထုက တစ်မျိုးကြီး ဖြစ်နေသလားလို့။
ဆိုင်အပြင်ဘက်သို့ ရောက်ချိန်တွင် လင်းရန်က မျက်နှာကိုတင်းထားကာ ခါးထောက်လျက် စုန့်ရှီးယန်အား စိုက်ကြည့်လိုက်လေသည်။
“ရှင် ပြောပါဦး၊ ဒါတွေက ဘာဖြစ်တာလဲ။ ရှင်ကိုယ်တိုင် လာချင်တာလား၊ ဒါမှမဟုတ် ဒေါက်တာကျိုးက ခေါ်လို့ လာတာလား”
စုန့်ရှီးယန်အနေဖြင့် ထိုမေးခွန်းကို ကြားလိုက်ရချိန်တွင် သူ၏ အစီအချိန်မှာ လုံးဝ ပေါက်ကြားသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
ထိုသို့ ပေါက်ကြားရခြင်းမှာလည်း သူ့အပေါ် မကျေမနပ် ဖြစ်နေသော ကျိုးကျယ်ပင်းက တိုင်တန်းလိုက်ခြင်းကြောင့် ဖြစ်မည်ပင်။
ဒီကောင်စုတ်လေးကတော့! သူ့ကို ကူညီခိုင်းမှ ပြဿနာကိုပဲ ပိုကြီးအောင်လုပ်ခဲ့တာပဲ။
လင်းရန် ပို၍ စိတ်မဆိုးစေရန်အတွက် စုန့်ရှီးယန်က အမြန်ပင် ရှင်းပြလိုက်သည်။
“ကိုယ်ကပဲ သူ့ကို ခေါ်လာတာပါ၊ ဒါပေမဲ့ သူ့ကို မတွေ့ရတာလည်းကြာပြီလေ၊ ဒါကြောင့် ထမင်းဖိတ်ကျွေးချင်တာလည်းပါတယ်၊ ရန်ရန် စိတ်မဆိုးပါနဲ့ ဟုတ်ပြီလား
ပြီးတော့ အရေးကြီးတဲ့ ကိစ္စတစ်ခုလည်း ရှိသေးတယ် ဒါက တကယ်ကို ပြင်းထန်တဲ့ ကိစ္စပဲ”
လင်းရန်အနေဖြင့် တစ်ဖက်လူက စကားလမ်းကြောင်း လွှဲနေခြင်းသာ ဖြစ်မည်ဟု ထင်မှတ်နေခဲ့သည်။
သူမက ဆင်ခြင်မပေးရန် ပြောတော့မည့်အချိန်မှာပင် စုန့်ရှီးယန်က နေ့လယ်ပိုင်း ဆေးရုံတံခါးဝတွင် သူ မြင်တွေ့ခဲ့ရသည်များကို အလျှင်အမြန်ပင် ပြောပြလိုက်လေသည်။
လင်းရန်အနေဖြင့် အစပိုင်းတွင် စိတ်မရှည်စွာသာ နားထောင်ခဲ့သော်လည်း အဆုံးတွင်တော့ အံ့ဩတုန်လှုပ်သွားရကာ စုန့်ရှီးယန်အား ဆူပူရန်ပင် မေ့လျော့သွားခဲ့ရသည်။
“တကယ်လား... ဒေါက်တာကျိုးနဲ့ကျွန်မရဲ့ ဒေါ်လေးက...”
“ဒီလိုကိစ္စကို ကိုယ်က မင်းကို လိမ်ပါ့မလား”
စုန့်ရှီးယန်က ဆက်ပြီး တွန့်ဆုတ်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ ကျိုးကျယ်ပင်းက ဒေါ်လေးရဲ့ အရင်က ကိစ္စတွေကို မသိသေးတဲ့ ပုံပဲ”
ထိုကိစ္စဆိုသည်မှာ သူတို့၏ ဒေါ်လေးသည်က အတိတ်တွင် အိမ်ထောင်ကျခဲ့ဖူးပြီး နှစ်ပေါင်းများစွာကြာသည်အထိ ကလေးမရနိုင်ခဲ့ခြင်းကို ပြောလိုက်ခဲ့ခြင်းသာ ဖြစ်ပေသည်။
လင်းရန်အနေဖြင့် သူမ၏ ဒေါ်လေးက ဒုတိယအချစ်ကို ရှာတွေ့ခြင်းအတွက် ဝမ်းသာသွားရသော်လည်း နောက်တစ်စက္ကန့်တွင် စုန့်ရှီးယန်၏ စကားကြောင့် စိုးရိမ်သွားရပြန်သည်။
ကံကောင်းစွာဖြင့် စုန့်ရှီးယန်က ကျိုးကျယ်ပင်းအနေဖြင့် ဒေါ်လေးအား အလွန်သဘောကျပုံရပြီး သူမ၏ အတိတ်ကိုလည်း မေးမြန်းရန် စီစဉ်နေကြောင်း ပြောခဲ့သည်။
လင်းရန်က ခေတ္တမျှ ရပ်တန့်သွားပြီးနောက် စဉ်းစားပြီး ပြောလိုက်လေသည်။
“ဒီရက်ပိုင်း ကျွန်မ အလုပ်အရမ်းများနေလို့ ဒေါ်လေးနဲ့ မတွေ့ဖြစ်တာ ကြာပြီ၊ သူမ ဒီလို ကိစ္စမျိုး ကြုံနေရတာကိုကျွန်မ မသိခဲ့ဘူး
ရှင် ညနေပိုင်းကျရင် ဒေါ်လေးဆီကို သွားပြီး ကျွန်မတို့ အိမ်ကို လာဖို့ ပြောလိုက်ဦးနော်၊ ဟုတ်ပြီလား”
စုန့်ရှီးယန်က ခေါင်းညိတ်ပြလိုက်သည်။
“စိတ်ချပါ၊ တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ပါ့မယ်!”
စုန့်ရှီးယန်တစ်ယောက် ညနေပိုင်းတွင်တော့ ဆိုင်၌ ဆက်လက် မနေရဲတော့ဘဲ ကုန်တိုက်သို့ အပြေးသွားကာ လင်းကျန်းဖူအား သူ ပြန်ရောက်နေပြီဖြစ်ကြောင်းနှင့် လင်းရန်က သူမအား အိမ်သို့ လာရောက်ဆုံတွေ့ရန် ဖိတ်ကြားကြောင်း ပြောခဲ့လေ၏။
လင်းကျန်းဖူသည်လည်း စုန့်ရှီးယန် ပြန်ရောက်လာသည်ကို မြင်ချိန်တွင် အလွန်ပင် ပျော်ရွှင်နေခဲ့သည်။
သူမက ခေါင်းညိတ်၍ သဘောတူရန် ပြင်လိုက်သော်လည်း ရုတ်တရက် တွန့်ဆုတ်သွားခဲ့ပြန်သည်။
သို့သော် နောက်ဆုံးတွင်တော့ ပြောလာခဲ့လေ၏။
“ကောင်းပြီ.. ငါ အလုပ်ဆင်းတာနဲ့မင်းတို့ဆီကို လာခဲ့ပါ့မယ်”
စုန့်ရှီးယန်တစ်ယောက် သူမ၏ စိတ်ဓာတ်ကျနေမှုကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး သူမ လာမည်ကို အတည်ပြုပြီးနောက်တွင် လင်းရန်၏ မှာကြားချက်များအတိုင်း ဟင်းသီးဟင်းရွက်များ ဝယ်ယူရန် အလျှင်အမြန် ထွက်ခွာသွားခဲ့လေသည်။
ညနေ ခြောက်နာရီခွဲတွင် လင်းရန်နှင့် ဝမ်ရှို့ကျူတို့က အိမ်သို့ စောစီးစွာပြန်ရောက်လာကြသည်။
ဤကာလအတွင်း ရာသီဥတုက အလွန်အေးလွန်းသည့်အပြင် ဆိုင်မှာလည်း လွန်ခဲ့သော ရက်အနည်းငယ်က အလွန်အလုပ်များခဲ့လေ၏။
ထို့ကြောင့် သူမက ရှောင်ကျောက်အား တစ်လလျှင် တစ်ကြိမ် သို့မဟုတ် တစ်ပတ်လျှင် တစ်ကြိမ်ခန့် စောစောပြန်ခွင့် လျှောက်ထားခဲ့ပြီး တစ်ဖက်မှလည်း ခွင့်ပြုထားခဲ့သည်။
သူတို့ အိမ်သို့ရောက်ပြီး မကြာမီမှာပင် လင်းကျန်းဖူလည်း ရောက်ရှိလာခဲ့သည်။
သူမက လူကိုယ်တိုင်သာ လာခြင်းမဟုတ်ဘဲ ကုန်တိုက်မှ ပစ္စည်းအချို့ကိုလည်း ယူဆောင်လာခဲ့သေးသည်။
“ဒေါ်လေး... ဘာလို့ ဒီလောက်ပစ္စည်းတွေ အများကြီး ထပ်ယူလာရတာလဲ”
လင်းကျန်းဖူက ပြုံး၍ ပြောလိုက်၏။
“အလုပ်ကနေ ဝေစုရတာတွေပါပဲ၊ ငါတစ်ယောက်တည်း သုံးလို့လည်း မကုန်ဘူးလေ၊ မင်းနဲ့ မင်းရဲ့ အကြီးဆုံးအဒေါ်တို့ ခွဲပြီး သုံးလိုက်ကြပေါ့”
သို့နှင့် လင်းရန်လည်း ပစ္စည်းများကို သိမ်းဆည်းလိုက်ရပြီး ဟင်းပွဲများကိုအလျှင်အမြန်ပင် ချက်ပြုတ်တော့သည်။
ထမင်းဟင်းများ အဆင်သင့်ဖြစ်ချိန်တွင်တော့ တစ်မိသားစုလုံး ဝိုင်းဖွဲ့၍ စားသောက်ခဲ့ကြလေ၏။
ထမင်းစားနေသည့်အချိန်တွင် လင်းရန်က သူမ၏ ဒေါ်လေး လင်းကျန်းဖူ၏ မျက်နှာအမူအရာကို တိတ်တဆိတ် အကဲခတ်လိုက်မိသည်။
သူမက ပြုံးနေခဲ့သော်လည်း မျက်လုံးများထဲတွင်တော့ တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေရသကဲ့သို့ ဝမ်းနည်းသည့်အရိပ်အယောင်များ ရှိနေခဲ့ပေသည်။
လင်းရန်အနေဖြင့် အစပိုင်းတွင်တော့ ဤကိစ္စကို စတင်ပြောဆိုသင့်၊ မသင့်ကို မတွေးတောနိုင်ခဲ့ချေ။ သို့သော်လည်း ယခုအချိန်တွင် ဒေါ်လေးဖြစ်သူမှာလည်း စိတ်ဒုက္ခရောက်နေသည်ကို မြင်လိုက်ရသောကြောင့် သွယ်ဝိုက်သောနည်းဖြင့် မေးမြန်းရန် ဆုံးဖြတ်လိုက်လေသည်။
အကယ်၍ ဒေါ်လေးက ပြောပြရန် ဆန္ဒမရှိဘဲ ရှောင်လွှဲနေမည်ဆိုပါက သူမက ထိုကိစ္စကို ဆက်လက် မမေးတော့ဘဲ ဒေါ်လေး၏ ဆုံးဖြတ်ချက်အတိုင်းသာ ထားပေလိမ့်မည်။
သို့သော် အကယ်၍ သူမက ပြောပြလိုပါက သူတို့အားလုံး အတူတကွ ဖြေရှင်းနိုင်မည် မဟုတ်ပါလား။
သို့သော်လည်း ထမင်းဝိုင်းတွင် လူများစွာ ရှိနေသေးသည်။ ထို့အပြင် အထူးသဖြင့် သူမ၏အမျိုးသားဖြစ်သူ စုန့်ရှီးယန်နှင့် ကျိုးကျယ်ပင်း၏ ပတ်သက်မှုများကြောင့် လင်းကျန်းဖူအနေဖြင့် ပြောပြလိုစိတ် ရှိနေစေဦးတော့ ပြောထွက်နိုင်ရန် ခက်ခဲပေလိမ့်မည်။
သို့ဖြစ်၍ ထမင်းစားပြီးသည်နှင့် လင်းရန်က စုန့်ရှီးယန်ကို ပန်းကန်ဆေးရန် အပြင်သို့ လွှတ်လိုက်လေတော့သည်။
စုန့်ရှီးယန် အပြင်သို့ ထွက်သွားသည်နှင့် လင်းရန်က တံခါးကို ရက်စက်စွာ ပိတ်လိုက်လေ၏။
အကြီးအဒေါ် ဝမ်ရှို့ကျူမှာလည်း ခေတ္တမျှသာ နေထိုင်မည်ဖြစ်၍ ထမင်းစားပြီးသည်နှင့် ချက်ချင်း ပြန်သွားခဲ့ပေသည်။
ထို့ကြောင့် စုန့်ရှီးယန် ပန်းကန်ဆေးရန် ထွက်သွားပြီးနောက်တွင် အိမ်ထဲ၌ သူမနှင့် သူမ၏ ဒေါ်လေး နှစ်ဦးတည်းသာ ကျန်ရှိတော့သည်။
***