သူတို့နှစ်ဦးသည် မီးဖိုဘေးတွင် ထိုင်ကာ အအေးဒဏ်ကိုလျော့ပါးစေရင်းနှင့် လင်းရန်က တွန့်ဆုတ်စွာ စကားစလိုက်လေသည်။
“ဒေါ်လေး... ဒီနေ့ တစ်ခုခု ဖြစ်ခဲ့လို့လား.. ထမင်းစားနေတုန်းက ဒေါ်လေးကို ကြည့်ရတာ တစ်ခုခုကို စိတ်မသက်မသာ ဖြစ်နေသလိုပဲ၊ စိတ်နဲ့ကိုယ်နဲ့လည်း မကပ်ဘူး”
လင်းကျန်းဖူတစ်ယောက် ခေတ္တမျှ ကြောင်အမ်းသွားပြီးမှ ချက်ချင်း သတိပြန်ဝင်လာခဲ့သည်။
သူမက ကိုယ့်ကိုယ်ကိုယ်ဖိအားပေးကာ ပြုံးလိုက်ပြီး ငြင်းဆိုရန် ပြင်လိုက်သော်လည်း လင်းရန်၏ စိုးရိမ်ပူပန်နေသော အကြည့်များနှင့် ဆုံမိချိန်တွင်တော့ ဆက်လက်၍ ဟန်မဆောင်နိုင်တော့ပါချေ။
သူမ၏ နှုတ်ခမ်းများက တုန်ယင်သွားပြီးနောက် စိတ်မသက်မသာဖြစ်နေသော အပြုံးလေးတစ်ခု ပေါ်လာခဲ့လေသည်။
“ရန်ရန်... ရှောင်စုန့်က နင့်ကို ပြောပြလိုက်ပြီလား”
ဆိုရလျှင် သူမအနေဖြင့် မွန်းလွဲပိုင်းက ပြန်လာချိန်တွင် စုန့်ရှီးယန်အား မြင်တွေ့လိုက်ရသကဲ့သို့ ထင်ခဲ့မိသည်။ သို့သော်လည်း စုန့်ရှီးယန််က တခြားမြို့တွင် ရှိနေသင့်သည်ဟူ၍ ယူဆထားသောကြောင့် မသေချာခဲ့ပါချေ။
သို့သော် ယခု လင်းရန်က ဤသို့ မေးမြန်းလာချိန်တွင် သူမ မွန်းလွဲပိုင်းက မြင်လိုက်ရသူမှာ စုန့်ရှီးယန် ဖြစ်ကြောင်း သေချာသွားခဲ့သည်။
“ဒေါ်လေး... သူက ကျွန်မတစ်ယောက်တည်းကိုပဲ ပြောပြတာပါ စိတ်မပူပါနဲ့၊ တခြားဘယ်သူမှ မသိပါဘူး”
လင်းရန် ပြောလိုက်လေ၏။ သူမက ဒေါ်လေးဖြစ်သူ စိုးရိမ်မည်ကိုစိုးရိမ်သောကြောင့် ထပ်မံ ပြောလိုက်ပြန်သည်။
“မဟုတ်ရင်တော့ ကျွန်မ သူ့ကို လုံးဝ လွှတ်ထားမှာ မဟုတ်ဘူး!”
“ရပါတယ်၊ ရှောင်စုန့်ရဲ့ စရိုက်ကို ဒေါ်လေး ယုံကြည်ပါတယ်”
ဤကိစ္စက ပေါ်ပေါက်သွားပြီဖြစ်၍ လင်းရန်က တိုက်ရိုက်ပင် မေးမြန်းလိုက်တော့သည်။
“ဒါဆိုရင် ဒေါ်လေး... ဒေါ်လေး ဘယ်လို စဉ်းစားထားလဲဟင်”
သူမ ဘယ်လိုစဉ်းစားထားတာလဲ။
ဆိုရလျှင် လင်းကျန်းဖူ ကိုယ်တိုင်ပင် ဝေခွဲမရဖြစ်ပြီး စိတ်ရှုပ်ထွေးနေရခြင်း ဖြစ်ပေသည်။ နောက်ဆုံးတွင် သူမက တစ်ခွန်းသာ ပြောနိုင်ခဲ့တော့၏။
“ဒေါက်တာကျိုးက လူကောင်းတစ်ယောက်ပါ...”
လင်းရန်၏ စိတ်ထဲတွင် ထိတ်ကနဲ ဖြစ်သွားရသည်။
သွားပြီ။
ဒေါ်လေးက ဒေါက်တာကျိုးကို ‘လူကောင်း’ ဘွဲ့ပေးလိုက်ပြီလား။
နောက်တစ်စက္ကန့်တွင် လင်းကျန်းဖူက ခေါင်းငုံ့လျက် ကျိုးကျယ်ပင်း၏ ကောင်းကွက်များကို တစ်ခုပြီးတစ်ခု ရေတွက်နေသည်ကို သူမ မြင်တွေ့လိုက်ရလေသည်။
ရုပ်ရည်ချောမောခြင်း၊ အလုပ်အကိုင် အခြေတကျရှိခြင်း၊ စိတ်သဘောထားကောင်းပြီး သူတစ်ပါးအပေါ် ကြင်နာတတ်ခြင်း၊ လူပျိုလူလွတ်ဖြစ်နေခြင်း စသည်ဖြင့် ချီးကျူးစကားများကို ဆက်တိုက်ပြောလာသောကြောင့် လင်းရန်မှာ ထပ်မံ၍ ရှုပ်ထွေးသွားရပြန်သည်။
ဒီတော့ ဒေါ်လေးက သူ့အပေါ် စိတ်ဝင်စားနေတာလား၊ စိတ်မဝင်စားတာလား။
နောက်ဆုံးတွင် လင်းကျန်းဖူက စိတ်ပျက်နေသည့် အပြုံးဖြင့် နောက်ဆုံးစကားကို ပြောလိုက်လေသည်။
“ဒါပေမဲ့ သူက သိပ်ကို ကောင်းလွန်းနေတာ၊ ဒေါ်လေးက သူနဲ့ မထိုက်တန်ပါဘူး...”
“အဲဒီလိုတော့ ဘယ်ဟုတ်မှာလဲ၊ ဒေါ်လေးကလည်း အရမ်းကို ကောင်းတဲ့သူပဲလေ၊ တကယ်လို့ ဒေါ်လေးဘက်က ဒုတိယအိမ်ထောင် ဖြစ်နေပြီး သူက လူပျိုဖြစ်နေလို့ မထိုက်တန်ဘူးလို့ ထင်နေတာဆိုရင်တော့ အဲဒါကို လုံးဝ စိတ်ထဲမှာမထားပါနဲ့”
ဒုတိယအိမ်ထောင်ပြုသူများအပေါ် နှိမ့်ချတတ်ခြင်းများ ရှိနိုင်သော်လည်း အချစ်၏ စစ်မှန်သော အဓိပ္ပာယ်ကို နှစ်ဦးနှစ်ဖက် ထိတွေ့ဆက်ဆံကြည့်မှသာ သိနိုင်ပေမည်။ ထို့အပြင် ကွာရှင်းထားရုံဖြင့် ပျော်ရွှင်မှုကို ဆက်လက်မရှာဖွေနိုင်ဆိုပါက အဓိပ္ပါယ်မရှိပေ။
“တကယ်လို့ သူက ဒါကို အရေးစိုက်တယ်ဆိုရင်လည်း သူ့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြလိုက်ပေါ့၊ အဆိုးဆုံးဖြစ်လာရင်တောင် အရင်ကလိုပဲ သူငယ်ချင်းအဆင့်မှာ ပြန်နေရရုံပဲ မဟုတ်ဘူးလား
ဒေါ်လေး... အရင်က အိမ်ထောင်ရေးမှာ ကျရှုံးခဲ့တာကြောင့်နဲ့ အချစ်အပေါ် ယုံကြည်မှုတွေ ပျောက်ကွယ်မသွားပါစေနဲ့!”
လင်းရန်က လင်းကျန်းဖူအား အိမ်ထောင်ပြုရန် အတင်းအကြပ် တိုက်တွန်းလိုခြင်း မဟုတ်ပါချေ။
သူမက ဒေါ်လေးအား ကျရှုံးခဲ့သော အိမ်ထောင်ရေးထဲတွင် တစ်သက်လုံး ပိတ်မိနေပြီး ရုန်းမထွက်နိုင်ဘဲ ဖြစ်နေမည်ကို မလိုလားခြင်းသာ ဖြစ်၏။
ထိုသို့ဖြစ်နေခြင်းက အလွန်ပင် စိတ်မကောင်းစရာ ကောင်းလွန်းပေသည်။
သို့သော်လည်း လင်းကျန်းဖူတွင် ဤအကြောင်းပြချက်တစ်ခုတည်းသာ ရှိနေသည် မဟုတ်ပါချေ။
အကြီးမားဆုံး အကြောင်းပြချက်ကျန်ရှိနေသေးသည်။
“ဒါပေမဲ့ ဒေါ်လေးက ကလေး မမွေးနိုင်ဘူးလေ...”
သူမက ကျိုးကျယ်ပင်းနှင့် ပြည့်စုံသော မိသားစုတစ်ခုကိုပင် တည်ထောင်ပေးနိုင်လိမ့်မည် မဟုတ်ပါချေ။
သူမ၏ လေသံမှာ အတော်လေး တည်ငြိမ်နေသော်လည်း သူမ၏ စိတ်ထဲမှ နာကျင်မှုနှင့် အားငယ်မှုတို့ကိုမူ သူမကိုယ်တိုင်သာ သိရှိနိုင်သည်။
ထိုစကားကို ကြားချိန်တွင် လင်းရန်လည်း စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားရသည်။
သူမအနေဖြင့် မည်သို့ ဖျောင်းဖျရမည်ကို မသိပါချေ။
အဘယ်ကြောင့်ဆိုသော် လင်းကျန်းဖူသည် ဤကိစ္စကို အလွန်အရေးစိုက်နေပုံရပြီး သူမ၏ကိုယ်ပိုင် ရင်သွေးလေးကိုလည်း အလွန်ပင် တောင့်တနေပုံ ရသောကြောင့် ဖြစ်ပေသည်။
မည်သို့ ပြောပြရပါမည်နည်း။
လင်းရန်က မျက်မှောင်ကြုတ်ကာ စဉ်းစားနေချိန်မှာပင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ တွန့်ဆုတ်စွာဖြင့် ပြောလိုက်လေသည်။
“ဒေါ်လေး... ဒေါ်လေး တစ်ခါလောက်များ တွေးဖူးလား၊ ကလေးမရနိုင်တာက ဒေါ်လေးရဲ့ ပြဿနာ မဟုတ်ဘဲ လော့ပင်းရဲ့ ပြဿနာများ ဖြစ်နေမလားလို့လေ”
သူမက ဤကိစ္စကို ယခင်က အသေအချာ မစဉ်းစားခဲ့ဖူးပါချေ။
မည်သို့ပင်ဖြစ်စေ အဘွားလင်း၊ လင်းမိသားစုဝင်များနှင့် လင်းကျန်းဖူ ကိုယ်တိုင်ပင် ထိုသို့ ဝန်ခံထားကြသောကြောင့် သူမ၏ ဒေါ်လေးမှာ ကလေးမရနိုင်သူဟုသာ သူမ ထင်မှတ်ခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း လွန်ခဲ့သောတစ်ခေါက်က အဘွားလင်းတို့ မြို့ပေါ်သို့လာချိန်တွင် ဘူတာရုံတွင် လော့ပင်း၏ လက်ရှိဇနီး တုန်လိလိမှာ တစ်ဖက်လူတစ်ဦးနှင့် ဖောက်ပြန်နေသည်ကို မြင်တွေ့ခဲ့ရကြောင်းကို သူမ သတိရမိလိုက်သောကြောင့် သံသယများ ပေါ်ပေါက်လာခဲ့ရသည်။
လော့ပင်း၏ ကလေးဆိုသည်က သူ၏ကလေးသာမဟုတ်ခဲ့ပါက သူ၏ ကျန်းမာရေးက ကောင်းမွန်သည်ဟု သက်သေမပြနိုင်တော့ပေ။
ထို့အပြင် ကလေးမွေးဖွားခြင်းမှာ အမျိုးသမီးတစ်ဦးတည်း၏ ကိစ္စမဟုတ်ပါချေ။ အမျိုးသား၏ အခန်းကဏ္ဍသည်လည်း အလွန်ပင် အရေးပါလွန်းသည် မဟုတ်ပါလား။
အကယ်၍ လော့ပင်းသာ ကွာရှင်းပြီးနောက် သူ၏ ကိုယ်ပိုင်ရင်သွေးကို အမှန်တကယ် ရရှိခဲ့မည်ဆိုလျှင် ပြဿနာမရှိသော်လည်း အဓိကအချက်မှာ သူသည်က ယခုထိတိုင် ရရှိခြင်း မရှိသေးပေ။
ဤသည်ကပင် သူ၏ ကျန်းမာရေးတွင်လည်း ပြဿနာ ရှိနေနိုင်ကြောင်း သက်သေပြနေခြင်းသာ မဟုတ်ပါလား။
လင်းကျန်းဖူက ထိုစကားကို ကြားချိန်တွင် ကြောင်အမ်းသွားရသည်။
“ဘာ... လော့ပင်းက...”
လော့ပင်းက အမျိုးသားတစ်ယောက် မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ်ပြီး အဲဒီလိုဖြစ်နိုင်မှာလဲ။
လင်းကျန်းဖူက အလယ်တန်းအထိ တက်ရောက်ခဲ့ဖူးသော်လည်း ထိုခေတ်ကာလမှာ အလွန်ပင် ရှေးရိုးစွဲလှသောကြောင့် ကျောင်းဆရာများပင်လျှင် ခန္ဓာဗေဒနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ အသိပညာများကို သင်ကြားပေးလေ့ မရှိပါချေ။
ကလေးမည်သို့ မွေးဖွားရသည်ကိုပင် လင်းကျန်းဖူ လက်မထပ်မီ တစ်ညအလို၌ အဘွားလင်းက အခန်းထဲသို့ ခေါ်ဆောင်ကာ ရှင်းပြခဲ့ရခြင်း ဖြစ်ပေသည်။
သို့ဖြစ်၍ သူတို့၏ အယူအဆတွင် ကလေးမရနိုင်ခြင်းမှာ အမျိုးသမီး၏ ပြဿနာသာ ဖြစ်သည်ဟု အမြဲတမ်း ယူဆထားခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ ကလေးမှာ အမျိုးသမီး၏ ဝမ်းဗိုက်ထဲမှ ထွက်ပေါ်လာခြင်းဖြစ်၍ အမျိုးသားနှင့် မသက်ဆိုင်သကဲ့သို့ ထင်မြင်နေခဲ့ကြပေသည်။
ထို့ကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်းက ဇနီးမောင်နှံနှစ်ဦးတွင် ကလေးမရနိုင်ပါက အမျိုးသားဘက်မှ မြုံနေခြင်းကြောင့် ဖြစ်နိုင်သည်ဟူ၍ မထင်ကြပေ။
သို့ဖြစ်၍ ယခု လင်းရန်က ထိုသို့ပြောလိုက်ချိန်တွင် လင်းကျန်းဖူတစ်ယောက် အလွန်ပင် အံ့ဩသွားရကာ ရှုပ်ထွေးသွားခဲ့ရလေသည်။
လင်းရန်ကလည်း သူမကို ရှင်းပြလိုက်၏။
“ကျွန်မ အရင်က စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်၊ အမျိုးသားဘက်က မြုံနေရင်လည်း ကလေးမရနိုင်ဘူးတဲ့၊
ဘယ်လိုဖြစ်တာလဲဆိုတာကိုတော့ကျွန်မ သိပ်ပြီး မမှတ်မိတော့ဘူး၊ကျွန်မတို့ ဆေးရုံသွားပြီး မေးကြည့်ကြရင်ရော ဘယ်လိုလဲ”
ဆိုရလျှင် လင်းရန်က ထိုအခြေခံ ခန္ဓာဗေဒ အသိပညာများကို သိရှိထားသော်လည်း သူမဘက်မှသာ အလွန်အမင်း ရှင်းပြနေပါက လူများက သံသယဝင်နိုင်ပေသည်။
ထို့အပြင် ဤခေတ်ကာလရှိ စာအုပ်ဆိုင်များတွင် ဤမျှအထိ အသေးစိတ်ကျသော စာအုပ်များ မရှိသောကြောင့် သူမအနေဖြင့် ဝေဝေဝါးဝါးသာ ပြောဆိုနိုင်လေသည်။
ကံကောင်းစွာဖြင့် လင်းကျန်းဖူသည်ကား ဤအချက်အပေါ် သံသယမရှိဘဲ ယခုလေးတင် ရရှိလိုက်သော အသိပညာသစ်များကြောင့်သာ တုန်လှုပ်နေခဲ့ပေသည်။
“ဒေါ်လေး...ကျွန်မတို့ ဒီကိစ္စကို ကျွမ်းကျင်သူတွေကို သွားမေးကြည့်တာ ပိုကောင်းမယ်လို့ ထင်တယ်၊ ဒေါ်လေး ဘယ်လိုထင်လဲ”
လင်းကျန်းဖူတစ်ယောက် နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့ပြီး လင်းရန်၏ အကြံပြုချက်ကို နားထောင်ကာ တုန်ယင်နေသော အသံဖြင့် ပြန်လည် ဖြေကြားလိုက်လေသည်။
“ကောင်းပြီ... သွားမေးကြတာပေါ့၊ ဒေါ်လေး မနက်ဖြန်ကျရင် ဆေးရုံသွားပြီး မေးကြည့်လိုက်မယ်!”
သူမဘက်မှ ကလေးမရနိုင်ခြင်းကြောင့်သာ လွန်ခဲ့သော ဆယ်နှစ်ခန့်အတွင်း အဆုံးမရှိသော နာကျင်မှုများကို ခံစားခဲ့ရခြင်း ဖြစ်သည်။
ဤကိစ္စမှာ သူမ၏ စိတ်ထဲမှ အကြီးမားဆုံးသော ဒဏ်ရာကြီးလည်းဖြစ်နေခဲ့ရသည်။
သူမအနေဖြင့် ဤကိစ္စနှင့် ပတ်သက်၍ မိသားစုဝင်များအား စိုးရိမ်ပူပန်မှု မဖြစ်စေရန်အတွက် ကလေးမရှိလျှင်ပင် ဘဝက ကောင်းမွန်နေသည်ဟုသာ အမြဲတစေ ဟန်ဆောင်နေခဲ့ရရှာသည်။
သို့သော်လည်း သူမက ကလေးများကို ချစ်ခင်လွန်းပြီး သူမ၏ကိုယ်ပိုင် ရင်သွေးလေးကို ရရှိရန်အတွက် အိပ်မက် မက်မေခဲ့ရပေ၏။
အကယ်၍ ဤပြဿနာမှာ သူမ၏ ပြဿနာမဟုတ်ဘဲ လော့ပင်း၏ ပြဿနာသာ ဖြစ်နေခဲ့မည်ဆိုလျှင် အလွန်ပင် ကောင်းမွန်နေလိမ့်မည်ပင်။
ဘေးနားတွင်ရှိနေသော လင်းရန်က ဒေါ်လေးဖြစ်သူက စိတ်လှုပ်ရှားနေသည်ကို သတိပြုမိလိုက်သောကြောင့် သူမအား အဆောင်သို့ လိုက်ပို့ပေးရန်ပြောခဲ့လေ၏။
သူတို့နှစ်ဦး နေထိုင်သော နေရာမှာ မိနစ်နှစ်ဆယ်ခန့်သာ ဝေးကွာသောကြောင့် သိပ်ပြီး မဝေးလှပါချေ။
သို့သော် လင်းကျန်းဖူက လက်ကာပြလိုက်ပြီး စိတ်ကို အလျှင်အမြန်ပင် ပြန်လည် ထိန်းချုပ်လိုက်လေသည်။
“အဆင်ပြေပါတယ် ရန်ရန်.. ဒေါ်လေးဘာသာ ပြန်ပါ့မယ်၊ မင်းကသာ ဒေါ်လေးကို လိုက်ပို့ပြီးရင် တစ်ယောက်တည်း ပြန်လာရမှာဆိုတော့ တစ်ခုခုဖြစ်မှာကို ဒေါ်လေးက ပိုပြီးစိုးရိမ်ရသေးတယ်”
လင်းရန်တစ်ဦးတည်း ညဉ့်နက်အချိန်တွင် သွားလာနေရခြင်းက သူမထက် ပို၍ အန္တရာယ်များလှသည် မဟုတ်ပါလား။
စုန့်ရှီးယန်အား လိုက်ပို့ခိုင်းရန်မှာလည်း မလိုအပ်ဟု သူမ ယူဆထားသည်။
လင်းကျန်းဖူက ယခင်ကကဲ့သို့ တည်ငြိမ်ပြီး စိတ်ဓာတ်ခိုင်မာသော ပုံစံသို့ ပြန်လည် ရောက်ရှိသွားသည်ကို မြင်ချိန်တွင် လင်းရန်လည်း ဆက်လက်၍ အတင်းအကြပ် မလုပ်တော့ပါချေ။
“ဒါဆို ကျွန်မ မနက်ဖြန် မနက်ကျရင် ဒေါ်လေးနဲ့အတူ ဆေးရုံ လိုက်ခဲ့မယ်လေ၊ ၁၀ နာရီခွဲ မတိုင်ခင် စားသောက်ဆိုင်ကို ပြန်ရောက်ရင် အဆင်ပြေပါတယ်”
ယခုအချိန်တွင် အကြီးဆုံးအဒေါ်က ဆိုင်တွင် ပြင်ဆင်မှုများ လုပ်ဆောင်ပေးနေပြီ ဖြစ်၍ သူမ စိတ်အေးနိုင်ပေပြီ။
လင်းကျန်းဖူမှာ ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ငြင်းပယ်ခြင်း မပြုခဲ့ပါချေ။
သူမက ယခုအချိန်တွင် တည်ငြိမ်နေသကဲ့သို့ ရှိနေသော်လည်း မနက်ဖြန် ဆေးရုံသွားရမည့် အကြောင်းကို တွေးမိချိန်တွင် စိုးရိမ်စိတ်များကို မထိန်းချုပ်နိုင်သေးပါချေ။
အကယ်၍ သူမ သွားမေးလိုက်ပြီးနောက် အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ပါက သူမအနေဖြင့် ဆက်လက် တောင့်ခံနိုင်ပါဦးမည်လား။
သူမ ကြောက်ရွံ့နေမိရသည်။
“ကောင်းပါပြီ... ဒါဆို မနက်ဖြန် ဒေါ်လေး စောစောလာခဲ့မယ်၊ ကျေးဇူးပြုပြီး ရန်ရန်ပဲ ဒေါ်လေးနဲ့အတူ ဆေးရုံကို လိုက်ခဲ့ပေးနော်”
“ဒေါ်လေး.. ကျွန်မတို့က မိသားစုဝင်တွေပဲလေ၊ ဘာလို့ အဲဒီလို ပြောနေရတာလဲ”
လင်းရန်က သူမအား အားမရသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
“ကောင်းပြီကောင်းပြီ၊ ဒေါ်လေး စကားပြောမှားသွားပါတယ်!”
လင်းကျန်းဖူ ပြုံးလိုက်ပြီးနောက် အချိန်ဆွဲမနေတော့ဘဲ လင်းရန်၏ အိမ်မှ ထွက်ခွာသွားခဲ့လေသည်။
***