လင်းကျန်းဖူ ထွက်သွားပြီးနောက်တွင် စုန့်ရှီးယန်က ခြံဝင်းထဲမှ အိမ်ထဲသို့ ပြန်ဝင်လာကာ မတိုင်မီက အခြေအနေကို မေးမြန်းလိုက်လေသည်။
လင်းရန်က အသေးစိတ် မပြောပြတော့ဘဲ မနက်ဖြန် မနက်တွင် ဒေါ်လေးနှင့်အတူ ဆေးရုံသို့ သွားရောက် စစ်ဆေးမည်ဖြစ်ကြောင်းကိုသာ ပြောလိုက်သည်။
စုန့်ရှီးယန်က ခေါင်းညိတ်လိုက်သော်လည်း သူမအား သတိပေးလာခဲ့သည်။
“ဆေးရုံကိုသွားရင် ကျိုးကျယ်ပင်းနဲ့ ဆုံနိုင်တယ်နော်”
သူ့အနေဖြင့် လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့ ဆုံတွေ့လျှင် အနေခက်မည်ကို စိုးရိမ်နေခြင်း ဖြစ်ပေ၏။
မည်သို့ပင်ဖြစ်စေ ယနေ့ မွန်းတည့်ပိုင်းတွင် သူတို့နှစ်ယောက် လမ်းခွဲခဲ့ချိန်က လေထုက သိပ်ပြီး မကောင်းခဲ့ပါချေ။
ကျိုးကျယ်ပင်းနဲ့ ဆုံမယ် ဟုတ်လား။
ဒါဆို ပိုတောင် ကောင်းသေးတယ်။
ဤကိစ္စအပေါ် ကျိုးကျယ်ပင်း၏ သဘောထားမှာ မည်သို့ရှိနေကြောင်းကို သူမအနေဖြင့် ပိုမို ရှင်းလင်းစွာ သိရှိနိုင်မည် မဟုတ်ပါလား။
သို့မှသာ အကယ်၍ သူမ၏ ဒေါ်လေးက သူနှင့် အမှန်တကယ် ပေါင်းဖက်ပြီးနောက် ကလေးမရနိုင်ကြောင်းကို သိရှိသွားသည့်အချိန်တွင် ကျိုးကျယ်ပင်းက လော့ပင်းကဲ့သို့ ပြောင်းလဲသွားဦးမည်လားဟူသည်ကို ကြိုတင် သိရှိနိုင်ပေလိမ့်မည်။
စုန့်ရှီးယန်၏ ငယ်သူငယ်ချင်း ဖြစ်သော်လည်း လင်းရန်အနေဖြင့် ကျိုးကျယ်ပင်း၏ စရိုက်ကို အလွန်အမင်း အကောင်းမမြင်ရဲပါချေ။
တစ်ဖက်တွင် ဒေါ်လေး သူမနှင့် ပို၍ ရင်းနှီးသူဖြစ်၍ အဆိုးဆုံး အခြေအနေအတွက် ကြိုတင် ပြင်ဆင်ထားရပေလိမ့်မည်။
“တွေ့ရင်လည်း တွေ့ပါစေပေါ့၊ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ!”
ဒေါ်လေး၏ အကြောင်းကို သိရှိသွားပြီးနောက် ထိုသူက ထိတ်လန့်တကြား ထွက်ပြေးသွားမည်ဆိုလျှင်လည်း ဒေါ်လေးအတွက် တစ်ဖက်လူ၏ စရိုက်ကို ပို၍မြန်မြန် သိရှိသွားစေမည့် ကိစ္စပင် မဟုတ်ပါလား။
ထိုသို့ပြောဆိုပြီးနောက် လင်းရန်က အိပ်ရာဝင်ရန် ပြင်ဆင်လိုက်လေသည်။
…
နောက်တစ်နေ့တွင်တော့ လင်းကျန်းဖူက လင်းရန်၏ အိမ်သို့ စောစောစီးစီး ရောက်ရှိလာခဲ့သည်။
သူမက အမှန်တရားကို သိရှိရန်အတွက် အလုပ်ပင် ခွင့်တစ်ရက် ယူထားခဲ့ပေသည်။
လင်းရန်က သူမ၏ဒေါ်လေး ရောက်လာသည်ကို မြင်ချိန်တွင် အလျှင်အမြန်ပင် ပြင်ဆင်ကာ ဆေးရုံသို့ အတူထွက်ခွာခဲ့ကြသည်။
သူတို့နှစ်ဦးလုံးမှာ စိုးရိမ်စိတ်များ ရှိနေကြသောကြောင့် စောစောစီးစီး သွားခဲ့ကြပြီး ဆေးရုံသို့ ရောက်ရှိချိန်၌ ရှစ်နာရီပင် မထိုးသေးပါချေ။
တချို့သော ဆရာဝန်များပင် အလုပ်မတက်ကြသေးပေ။
“ရန်ရန်...ငါတို့ တွေ့တဲ့ ဆရာဝန်ကိုပဲ မေးကြမလား၊ ဒါမှမဟုတ် အမျိုးသမီးဆရာဝန်တစ်ယောက်ယောက်ကို ရှာပြမလား”
လင်းကျန်းဖူမှာ ဤကဲ့သို့သော ကိစ္စမျိုးကို ပြောဆိုရန်အတွက် ဝန်လေးနေဆဲ ဖြစ်သောကြောင့် အမျိုးသမီး ဆရာဝန်တစ်ဦးကို မေးမြန်းခြင်းက ပို၍ လွယ်ကူလိမ့်မည်ဟု ထင်နေခဲ့သည်။
သို့သော် ဤသည်မှာ လင်းရန်အတွက်လည်း ခက်ခဲသော မေးခွန်းတစ်ခု ဖြစ်နေပေသည်။ ဤခေတ်ကာလရှိ ဆေးရုံဌာနများ မည်မျှအထိ အသေးစိတ် ကွဲပြားသည်ကို သူမ မသိရှိသေးပါချေ။
အဘယ်ကြောင့်ဆိုသော် ယခုခေတ်ရှိ ဆရာဝန်များမှာ ဘာသာရပ်အစုံကို ခေ့လာကြည့်ရှုထားနိုင်ကြပြီး ဆေးပညာအရလည်း အလွန်ပင် ပြည့်စုံသော အသိပညာများ ရှိကြပေ၏။
သူမ ခေတ္တမျှ တွန့်ဆုတ်နေပြီးမှအကြံပြုလိုက်သည်။
“သူနာပြုကိုပဲ အရင်ဆုံးမေးကြည့်ရင်ရော ဘယ်လိုလဲ”
လင်းကျန်းဖူက ခေါင်းညိတ်ပြလိုက်သောကြောင့် သူတို့နှစ်ဦးမှာ သူနာပြုအား စတင်ရှာဖွေကြလေသည်။
သို့သော် သူနာပြုကို မတွေ့ရသေးမီ ဂျူတီကုတ်အဝတ်အစားကို လဲလှယ်ပြီးစ ဖြစ်သော ကျိုးကျယ်ပင်းက သူတို့အား မြင်တွေ့သွားခဲ့လေတော့သည်။
“လင်း .. ရဲဘော်လင်း... ဘာလို့ ဒီကို ရောက်နေတာလဲ”
ကျိုးကျယ်ပင်းအနေဖြင့် မူလက “လင်းကျန်းဖူ” ဟူ၍ အမည်တိုက်ရိုက် ခေါ်ဆိုရန် ပြင်လိုက်သော်လည်း လင်းကျန်းဖူ၏ ဘေးနားရှိ လင်းရန်ကို မြင်တွေ့လိုက်ရချိန်တွင်မှ အလျှင်အမြန်ပင် ပြောင်းလဲ၍ ခေါ်ဆိုလိုက်ရသည်။
မည်သို့ပင်ဖြစ်စေ သူနှင့် လင်းကျန်းဖူတိိ့ကြားရှိ လက်ရှိ အခြေအနေအရ သူမ၏ မိသားစုဝင်များမှ သူ့အား လက်ခံပြီး သူမနှင့် ပေါင်းဖက်ရန် ခွင့်ပြုလိမ့်မည်ဟု သူ ယုံကြည်မှု မရှိသေးပေ။
အရေးကြီးဆုံးအချက်မှာ ကာယကံရှင်ဖြစ်သည့် လင်းကျန်းဖူကိုယ်တိုင်က ကျိုးကျယ်ပင်းအား လက်မခံသေးခြင်းပင် ဖြစ်သည်။
ဤသည်ကို တွေးမိချိန်တွင် ကျိုးကျယ်ပင်းတစ်ယောက် စိတ်ထဲ၌ သက်ပြင်းမချဘဲ မနေနိုင်တော့ပါချေ။ ထို့နောက် ထိုအတွေးများကို ခေတ္တဘေးဖယ်ထားကာ သူတို့နှစ်ဦးကို ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်လေသည်။
“မင်းတို့ နေမကောင်းဖြစ်လို့လား.. ကျွန်တော် ကူပြီးကြည့်ပေးရမလား”
“မလိုပါဘူး!”
လင်းရန် စကားမပြောရသေးမီ ဘေးနားရှိ လင်းကျန်းဖူက အလျှင်အမြန်ပင် ကြားဖြတ်ပြောဆိုလိုက်၏။
သူမက စိတ်လှုပ်ရှားမှုကို အတင်းအကြပ် ထိန်းချုပ်လိုက်ရင်း ပြောလာလေ၏။
“ကျွန်မတို့ ဘာမှမဖြစ်ပါဘူး၊ ရှင် ကျွန်မတို့အတွက် စိတ်ပူနေစရာ မလိုဘူး!”
သူမ၏ ငြင်းဆိုလိုသော ရည်ရွယ်ချက်က ပြင်းထန်လွန်းသည့်အပြင် ကျိုးကျယ်ပင်း၏ အနားမှ အမြန်ဆုံး ထွက်ခွာသွားချင်နေသည့်အမူအရာတို့ ရှိနေသောကြောင့် ကျိုးကျယ်ပင်းတစ်ယောက် စိတ်မကောင်း ဖြစ်သွားရလေသည်။
လင်းရန်က ထိုအခြေအနေကို မြင်ချိန်တွင် ပြေလည်သွားစေရန်အတွက် ကြားထဲမှ ဝင်ရောက်ပြောဆိုလိုက်ရလေသည်။
“ဒီလိုပါ ဒေါက်တာကျိုး...ကျွန်မတို့မှာ အခုလောလောဆယ် အရေးကြီးတဲ့ ကိစ္စမရှိသေးဘူး၊ ဒါကြောင့် ရှင့်ရဲ့ အကူအညီ မလိုသေးပါဘူး
ဘာပဲဖြစ်ဖြစ် ရှင့်ရဲ့ စေတနာကိုတော့ ကျေးဇူးတင်ပါတယ်၊ တကယ်လို့ တစ်ခုခု အကူအညီလိုရင်တော့ ရှင့်ကို ထပ်ပြီး ဒုက္ခပေးရဦးမှာပဲ၊ အခုတော့ ရှင့် အလုပ်ကိုပဲ အရင်ဆုံးသွားလုပ်လိုက်ပါဦး”
လင်းရန်မှ ထိုသို့ပြောလာသောကြောင့် ကျိုးကျယ်ပင်းသည်လည်း ဤနေရာတွင် ဆက်ရှိနေပါက သူတို့ကို ပို၍ အနေခက်စေလိမ့်မည်ကို သိရှိလိုက်ပေသည်။
သို့ဖြစ်၍ သူ့အနေဖြင့် စိတ်ပျက်မှုကို မျိုသိပ်လိုက်ရင်း ခေါင်းညိတ်ပြလိုက်ရတော့သည်။
“ကောင်းပါပြီ၊ ဒါဆို မင်းတို့ရဲ့ ကိစ္စတွေကို အရင် လုပ်ကြဦးလေ၊ ကျွန်တော့်ရဲ့ ရုံးခန်းက ဟိုဘက်နားလေးမှာပဲ၊တစ်ခုခု မေးစရာရှိရင် အချိန်မရွေး လာရှာလို့ ရပါတယ်”
ကျိုးကျယ်ပင်းက ပြောပြီးသည်နှင့်ထွက်ခွာသွားခဲ့လေ၏။
လင်းရန်တစ်ယောက် လင်းကျန်းဖူ၏ သက်ပြင်းချသံတိုးတိုးကို ကြားလိုက်ရပေသည်။
သူမ၏ဒေါ်လေးဖြစ်သူမှာ ကျိုးကျယ်ပင်း၏ ထင်မြင်ချက်ကို အမှန်တကယ်ပင် အရေးစိုက်နေခဲ့သည်ပင်။
သို့ဆိုလျှင် ဤကိစ္စသာ ပြေလည်သွားပါက ဒေါ်လေး၏ နွေဦးအသစ်က အမှန်တကယ်ပင် ချောမွေ့သွားနိုင်လောက်သည်။
ကျိုးကျယ်ပင်း ထွက်သွားပြီးနောက် လင်းရန်နှင့် လင်းကျန်းဖူတို့လည်း အချိန်ဆွဲမနေတော့ဘဲ သူနာပြုတစ်ဦးအား အမြန်ရှာဖွေကာ မေးမြန်းလိုက်ကြလေသည်။
နောက်ပိုင်းတွင် သူနာပြုထံမှ အကြံပြုချက်တစ်ခုကို ရရှိခဲ့သည်။ ထိုဆေးရုံ၌ သားဖွားနှင့် မီးယပ်ပညာရပ်တွင် အလွန်ထူးချွန်သော ဆရာဝန်တစ်ဦး ရှိကြောင်း၊ ထိုဆရာဝန်မှာ ကလေးမရနိုင်ခြင်းနှင့် ကလေးမွေးဖွားခြင်းဆိုင်ရာ ကိစ္စရပ်များတွင် အလွန်နှံ့စပ်ကျွမ်းကျင်သူဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် အမျိုးသမီး ဆရာဝန်တစ်ဦး ဖြစ်နေကြောင်းကို သူနာပြုက ပြောပြခဲ့၏။
လင်းကျန်းဖူနှင့် လင်းရန်တို့လည်း ထိုသတင်းကို ကြားလိုက်ရချိန်တွင် ဝမ်းသာသွားကြပြီး ဆရာဝန်၏ ရုံးခန်းသို့ အပြေးအလွှား သွားခဲ့ကြလေသည်။
သူတို့က အစောဆုံး ရောက်ရှိလာသူများဖြစ်သောကြောင့် ထိုဆရာဝန်အတွက် ယနေ့၏ ပထမဆုံးသော လူနာများ ဖြစ်လာခဲ့ကြသည်။
အခန်းထဲသို့ ဝင်သွားချိန်တွင် ဆရာဝန်က သူတို့အား နွေးထွေးစွာ ကြည့်ရှုကာ အခြေအနေများကို မေးမြန်းလေသည်။
“ရဲဘော်တို့... ဘာပြဿနာရှိလို့လဲ”
ဆရာဝန်၏ အပြုံးမှာ အလွန်ပင် နူးညံ့သိမ်မွေ့လွန်းသောကြောင့် လင်းကျန်းဖူ၏ စိုးရိမ်စိတ်များမှာလည်းများစွာ လျော့ကျသွားခဲ့ရသည်။
သို့မဟုတ်လျှင်လည်း သူမ၏ ကျန်းမာရေးတွင် အမှန်တကယ် ပြဿနာ ရှိ၊ မရှိကို သူမ အလွန်သိချင်နေခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။
သူမက ထိုင်ခုံတွင် ထိုင်လိုက်သည်နှင့် သူမ၏ အခြေအနေများကို အဆက်မပြတ်ပြောပြခဲ့လေတော့သည်။
ဆရာဝန်က နားထောင်ပြီးနောက် လင်းကျန်းဖူ၏ နေ့စဉ် ကျန်းမာရေး အခြေအနေများကို အသေးစိတ် မေးမြန်းလေသည်။
အထူးသဖြင့် လင်းကျန်းဖူထံတွင် ယခင်က ဝမ်းဗိုက်နာကျင်ခြင်း သို့မဟုတ် တခြားသော မီးယပ်ဆိုင်ရာ ဝေဒနာများ တစ်ခါမျှ မခံစားခဲ့ဖူးကြောင်း ကြားလိုက်ရချိန်တွင် ဆရာဝန်က ကောက်ချက်တစ်ခုကို ချလိုက်နိုင်ခဲ့ပေပြီ။
သို့သော်လည်း ပိုမိုသေချာစေရန်အတွက် ဆရာဝန်က လင်းကျန်းဖူအား အာထရာဆောင်းစစ်ဆေးမှု ပြုလုပ်ရန် အကြံပြုလိုက်သည်။
“မင်းတို့ ဒီကိုရောက်လာတာ အတော်လေးတိုက်ဆိုင်တာပဲ ၊လွန်ခဲ့တဲ့ နှစ်ဝက်လောက်ကသာ လာမယ်ဆိုရင် ကျွန်မတို့ရဲ့ ဆေးရုံမှာ ဒီစက်တွေ ရှိသေးမှာ မဟုတ်ဘူး
အခုတော့ အာထရာဆောင်း သွားရိုက်လိုက်ပါဦး၊ တကယ်လို့ အဲဒီမှာ ဘာပြဿနာမှ မရှိဘူးဆိုရင်တော့ မင်းအနေနဲ့ လုံးဝ စိတ်ပူစရာ မလိုတော့ပါဘူး”
အာထရာဆောင်း စစ်ဆေးမှုဆိုတာက ဘာလဲ။
လင်းကျန်းဖူအတွက်တော့ ထိုစကားလုံးကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပေ၏။ သို့သော်လည်း ဆရာဝန်၏ စကားအရ သူမတွင် မည်သည့်ပြဿနာမှ ရှိမနေဘဲ ပိုမိုသေချာစေရန်အတွက်သာ စစ်ဆေးခိုင်းခြင်းဖြစ်ကြောင်း သူမ နားလည်လိုက်ပေသည်။
သူမက ချက်ချင်းပင် ထရပ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ကောင်းပါပြီ...ကျွန်မ အခုချက်ချင်း သွားလုပ်ပါ့မယ်!”
ပြောပြီးသည်နှင့် လင်းကျန်းဖူက ဆရာဝန်ထံမှ ငွေပေးချေလွှာကို ယူဆောင်ကာ ငွေပေးချေပြီးနောက် စစ်ဆေးမှု ခံယူခဲ့လေသည်။
လင်းရန်သည်ကား ဤအခွင့်အရေးကို အသုံးချ၍ ဆရာဝန်ထံ၌ အမျိုးသားများတွင် ဖြစ်ပွားတတ်သော မြုံခြင်းဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ အသေးစိတ် မေးမြန်းချင်နေခဲ့ပြီး လင်းကျန်းဖူကိုလည်း ထိုအသိပညာများကို ပေးစေချင်ခဲ့သည်။
သို့သော်လည်း လင်းကျန်းဖူမှာ စစ်ဆေးမှု ခံယူရန်အတွက်သာ အလွန်ပင် စိတ်စောနေသည်ကို မြင်ရသောကြောင့် မည်သည်ကိုမျှ မပြောတော့ပါချေ။
မည်သို့ပင်ဖြစ်စေ စစ်ဆေးချက် ရလဒ်ထွက်လာသည့် အချိန်မှ ထပ်မံမေးမြန်းလျှင်လည်း အဆင်ပြေသည်ပင်။
သို့သော်လည်း လင်းရန်အတွက် ခေါင်းခဲစရာ ကိစ္စရှိနေခဲ့ရသည်။ ဤခေတ်ကာလတွင် နည်းပညာများ နောက်ကျနေသေးသောကြောင့် အာထရာဆောင်း ရိုက်ကူးခြင်း လုပ်ငန်းချိန်မှာ အတော်လေး ကြာမြင့်နေခဲ့လေသည်။
ထို့အပြင် ရလဒ်ထွက်လာရန် စောင့်ဆိုင်းရသည့် အချိန်မှာလည်း မနည်းလှပါချေ။ သူတို့အနေဖြင့် တစ်မနက်လုံးနီးပါးကို ထိုအာထရာဆောင်း ဌာနတွင်ပင် ကုန်ဆုံးခဲ့ရလေတော့သည်။
သူတို့ မသိရှိခဲ့သည်မှာ သူတို့ ထွက်သွားပြီးနောက် မကြာမီမှာပင် ထိုမီးယပ်အထူးကုဆရာဝန်၏ ရုံးခန်းအတွင်းသို့ နောက်ထပ် လူနာနှစ်ဦး ဝင်ရောက်လာခြင်းကိုပင်။
သူတို့မှာ ဝမ်းဗိုက် ဖောင်းကားနေသော ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် သူမ၏ ခင်ပွန်းဖြစ်သူတို့သာ ဖြစ်ကြသည်။
***