“ဟေး... မင်းတို့ဇနီးမောင်နှံ နောက်တစ်ခါ ထပ်ရောက်လာပြန်ပြီလား ၊ ပြီးခဲ့တဲ့လကမှ တစ်ခါ လာသွားသေးတာ မဟုတ်ဘူးလား၊ အခုဗိုက်ကို ကြည့်ရတာ အတော်လေး ပိုကြီးလာပြီပဲ၊ နောက်ထပ် နှစ်လလောက်ဆိုရင် ကလေးမွေးတော့မှာ”
“ဟုတ်ပါတယ် ဒေါက်တာ...ကျွန်မကို မြန်မြန်လေး စစ်ဆေးပေးပါဦး၊ ဒီရက်ပိုင်းအတွင်းမှာ ကျွန်မရဲ့ ဗိုက်က တစ်မျိုးကြီး ဖြစ်ပြီး နေလို့မကောင်းလို့ပါ ဘာဖြစ်လို့လဲ မသိဘူး၊ ကလေးမှာ တစ်ခုခု ဖြစ်နေလို့လားဟင်”
“စိတ်မပူပါနဲ့ဦး... အရင်ဆုံး ခုတင်ပေါ်မှာ လှဲလိုက်လေ၊ ကျွန်မ ကြည့်ပေးပါ့မယ်”
ဆရာဝန်က ထိုသို့ပြောလိုက်သည်နှင့် တစ်ဖက်မှကိုယ်ဝန်ဆောင် အမျိုးသမီးမှာ ရုံးခန်းအတွင်းရှိ ခုတင်ပေါ်တွင် လှဲလျောင်းကာ သူမ၏ အခြေအနေကို စစ်ဆေးပေးရန် စောင့်ဆိုင်းနေခဲ့လေသည်။
ဘေးနားရှိ ခင်ပွန်းဖြစ်သူမှာလည်း အလွန်ပင် ခက်ခဲစွာ ရရှိထားရသော သူ၏ရင်သွေးလေးအား တစ်စုံတစ်ရာ ထိခိုက်မည်ကို စိုးရိမ်သော အကြည့်များဖြင့် စောင့်ကြည့်နေလေသည်။
အကယ်၍သာ လင်းရန်နှင့် လင်းကျန်းဖူတို့ ဤနေရာတွင် ရှိနေမည်ဆိုပါက ဤလူနှစ်ဦးမှာ တခြားလူများ မဟုတ်ဘဲ လင်းကျန်းဖူ၏ ခင်ပွန်းဟောင်း လော့ပင်းနှင့် တုန်လိလိတို့ ဖြစ်ကြောင်း ချက်ချင်း သိရှိသွားကြပေလိမ့်မည်။
တုန်လိလိမှာ ယခုအချိန်တွင် ကိုယ်ဝန် ရှစ်လရှိနေပေပြီ။
ပုံမှန်အားဖြင့်ဆိုလျှင် နောက်ထပ် လအနည်းငယ်အတွင်း သူမ၏ ကလေးကို မွေးဖွားတော့မည် ဖြစ်၏။
ဤမျှအထိ ကြီးမားသော ဝမ်းဗိုက်ကြီးနှင့်ပင် သူမက ခရိုင်မြို့လေးမှ မြို့ပေါ်အထိ တကူးတက လာရောက် စစ်ဆေးခြင်းဖြစ်၍ သူမ၏ ကလေးအပေါ် မည်မျှဂရုစိုက်ကြောင်း သိနိုင်ပေ၏။
ဤအကြောင်းရင်းကြောင့်ပင် လော့ပင်းသည်က တုန်လိလိ၏ ဆိုးသွမ်းလွန်းသော စိတ်နေစိတ်ထားကို အကြိမ်ကြိမ် သည်းခံနေခဲ့ခြင်း ဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေ သူမက သူ၏ကလေးအတွက်ကြောင့် ဤသို့ ဖြစ်နေရခြင်းဖြစ်၍ သူ သည်းခံရမည်ဟုသာ တွေးထားခဲ့လေ၏။
ဆရာဝန်က တုန်လိလိအား စစ်ဆေးပြီးနောက် မေးခွန်းအချို့ကို မေးမြန်းလိုက်ကာ အဆုံးတွင်တော့ မျက်မှောင်ကြုတ်သွားရလေတော့သည်။
“ကျွန်မ အရင်က ပြောထားသားပဲ... စားတာသောက်တာကို စနစ်တကျ ထိန်းသိမ်းပါလို့။ အခုတော့ မင်းက အစားအသောက်တွေကို အလွန်အကျွံ စားထားတော့ ဗိုက်ထဲက ကလေးက အရမ်းကြီးထွားနေပြီ
ဒီအတိုင်းဆိုရင် ကလေးမွေးတဲ့အချိန်မှာ အတော်လေး ခက်ခဲမှာကို ကျွန်မ စိုးရိမ်မိတယ်”
ဆိုရလျှင် အတော်လေး ခက်ခဲနိုင်ချေ ရှိနေပေသည်။
သန္ဓေသားက ကြီးထွားလွန်းနေပါက မွေးဖွားချိန်တွင် အပြင်သို့ ထွက်လာရန် အမှန်တကယ်ပင် ခက်ခဲလွန်းသည် မဟုတ်ပါလား။
“အာ... ဒါဆို ကျွန်မတို့ ဘယ်လိုလုပ်ကြရမလဲ”
တုန်လိလိမှာ အစားအလွန်အကျွံ စားမိခြင်းကြောင့် ပြဿနာ တက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါချေ။ ထို့ကြောင့် သူမက ဘေးနားရှိ လော့ပင်းအား ချက်ချင်းပင် ကျိန်းမောင်းပြောဆိုလေတော့သည်။
“ရှင်နဲ့ ရှင့်အမေကြောင့်ပဲ! ကျွန်မ ဒီလောက်အများကြီး မစားနိုင်ဘူးလို့ ပြောနေတာကို ရှင့်အမေက ကျွန်မအတွက် ဟင်းရည်တွေ၊ အသားတွေ နေ့တိုင်း ချက်ပေးနေတာ
သူမက ကျွန်မ ကလေးမွေးတဲ့အချိန်မှာ အသက်ထွက်အောင် လုပ်ချင်နေတာလား၊ ရှင့်တို့ လော့မိသားစုက ဒီကလေးကို တကယ်ရော လိုချင်ကြရဲ့လား!”
လော့ပင်းမှာလည်း ဆရာဝန်၏ စကားကို ကြားချိန်တွင် စိုးရိမ်စိတ်များ ပေါ်ပေါက်လာခဲ့ရသည်။
သို့သော် တုန်လိလိ၏ ကျိန်းမောင်းပြောဆိုမှုများမှာ အမှန်တကယ်ပင် အခြေအမြစ်မရှိလွန်းပါချေ။
ဤကိစ္စအတွက် သူ၏အမေကို မည်သို့ အပြစ်တင်နိုင်ပါမည်နည်း။
သူမကိုယ်တိုင်က နေ့စဥ်နေ့တိုင်း ဗိုက်ဆာသည်ဟုဆိုကာ ငါးဟင်း၊ အသားဟင်းများ စားချင်သည်ဟူ၍ ပြောခဲ့သည် မဟုတ်ပါလား။
သူမကိုယ်တိုင် စားချင်၍ မဟုတ်ဘဲ ဝမ်းဗိုက်ထဲမှ ကလေးအတွက် စားပေးခြင်းဖြစ်သည်ဟူ၍ ပြောခဲ့သောကြောင့်သာ သူ၏အမေမှာလည်း သူမ၏ အလိုကိုဖြည့်ဆည်းပေးရန် အတတ်နိုင်ဆုံး ကြိုးစား၍ ချက်ပြုတ်ပေးခဲ့ရခြင်း ဖြစ်ပေသည်။
အကယ်၍တစ်ရက်လောက်သာ ကောင်းကောင်းမွန်မွန် မစားရပါက သူမက တစ်နေကုန် မျက်နှာပျက်နေတတ်ပြီး လော့မိသားစုက သူမ၏ ကလေးအပေါ် မကောင်းဟု ဆိုကာ ကလေးကို ဖျက်ချပစ်မည်ဟုပင် ခြိမ်းခြောက်တတ်သေးသည်။
သူမက ထိုသို့ ပြောလာချိန်တွင် လော့မိသားစုက မည်သည့်အရာကို လုပ်နိုင်ပါဦးမည်နည်း။
သူမအား ဘိုးဘေးများကဲ့သို့ပင် ရိုသေကိုင်းရှိုင်းကာ ပြုစုခဲ့ကြရလေသည်။
ဒါပေမဲ့ ဒီအချိန်ကျတော့ ဘာတွေဖြစ်လာပြန်တာလဲ။
သူမကိုယ်တိုင်က အစားအသောက်များကို အတင်းအဓမ္မ စားခဲ့ခြင်းဖြစ်သော်လည်း ကလေးတွင် ပြဿနာ ရှိလာချိန်တွင်တော့ သူတို့ကိုသာ ပြန်လည်၍ အပြစ်တင်နေပြန်သည်။
လော့ပင်းတစ်ယောက် အလွန်ပင် ဒေါသထွက်သွားသော်လည်း ကလေးကို ထောက်ထား၍ နောက်ဆုံးတွင် အောင့်သက်သက်ဖြင့်သာ သည်းခံလိုက်ရကာ ဆရာဝန်ထံသို့ အကူအညီ တောင်းခံလိုက်ရတော့သည်။
“ဒေါက်တာ... ဒါဆိုရင် ကျွန်တော်တို့ အခု ဘယ်လိုလုပ်သင့်လဲဆိုတာ ကူညီပေးပါဦး
ကျွန်တော့်မှာ ဒီကလေးကိုရဖို့ အတော်လေး ခက်ခဲခဲ့ရတာ၊ ကလေးရဲ့ မျက်နှာကိုတောင် မမြင်ရသေးဘဲ တစ်ခုခု ဖြစ်သွားမှာကို ကျွန်တော်ကြောက်မိတယ်”
ဆရာဝန်အနေဖြင့် ဤဇနီးမောင်နှံကို ကြည့်ကာ ဒေါသလည်း ထွက်ပြီး အကူအညီလည်းမဲ့နေရလေသည်။
“ကျွန်မ အရင်က မှာခဲ့တဲ့ သတိထားရမယ်ဆိုတဲ့ အချက်တွေကို ရှင်တို့ နားထောင်ခဲ့ကြရဲ့လား အဲဒီအချိန်တုန်းကသာ ကျွန်မပြောတာကို နားထောင်ခဲ့ရင် အခုလို အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူး”
သူမက ဤစုံတွဲမှာ သိပ္ပံနည်းကျ အယူအဆရှိပြီး အသိဥာဏ်ရှိသူများ ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့မိသည်။
မည်သို့ပင်ဖြစ်စေ ယနေ့ခေတ်တွင် စနစ်တကျဖြင့် ကိုယ်ဝန်ဆောင် စစ်ဆေးမှု လာရောက်ပြုလုပ်သူမှာ အမှန်တကယ်ပင် နည်းလွန်းပေသေးသည်။
“ဒေါက်တာ.. ကူညီပါဦး!”
လော့ပင်းတစ်ယောက် ငိုကြွေးတော့မည့်အမူအရာမျိုး ဖြစ်နေပေသည်။
“ဒီလောက်ထိ အလောတကြီး ဖြစ်မနေပါနဲ့ဦး.. ကလေးမွေးဖို့က နောက်ထပ် တစ်လကျော်လောက် လိုသေးတာပဲ အဲဒီမတိုင်ခင်အထိတော့ ကျွန်မပြောတာကို သေသေချာချာ နားထောင်ရမယ်၊ အစားလျှော့စားသင့်တဲ့အချိန်မှာ လျှော့စားရမယ်
လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံရင် လုံလောက်ပြီ ကျန်တဲ့ အားဆေးတွေသောက်တာကိုတော့ လောလောဆယ် ခေတ္တရပ်ထားလိုက်ပါ...”
ဆရာဝန်မက သူတို့အား သတိထားရမည့် အချက်များကို မှာကြားပြီးနောက် အိမ်သို့ပြန်ရောက်လျှင် သေသေချာချာ ဖတ်ရှုနိုင်ရန် စာရွက်ပေါ်တွင် စာဖြင့် ရေးသားပေးနေခဲ့လေသည်။
ထိုအချိန်မှာပင် တစ်ဖက်မှ လင်းကျန်းဖူနှင့် လင်းရန်တို့မှာ နာရီပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ပြီး နောက်ဆုံးတွင် စစ်ဆေးချက်ရလဒ်များကို ရရှိလာခဲ့ပြီဖြစ်၍ အခန်းတံခါးကို အလောတကြီး ဖွင့်၍ ဝင်လာခဲ့ကြလေ၏။
“ဒေါက်တာ... ရလဒ်တွေ ထွက်လာပါပြီ!”
လင်းကျန်းဖူ၏ ဝမ်းသာပျော်ရွှင်စွာ အော်ဟစ်သံမှာ ဆရာဝန်၏ ရုံးခန်းထဲရှိ တခြားလူနှစ်ဦးကို မြင်လိုက်ရချိန်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့ရလေသည်။
လင်းရန်သည်လည်း သူမ၏နောက်တစ်လှမ်းအကွာတွင် ရှိနေခဲ့ပြီး လင်းကျန်းဖူက ရပ်တန့်သွားသည်ကို မြင်လိုက်ရချိန်တွင် မသိစိတ်ဖြင့် အခန်းထဲသို့ လှမ်းကြည့်လိုက်လေသည်။
ထို့နောက်တွင်တော့ အခန်းထဲတွင် ရှိနေသော လော့ပင်းနှင့် ဘေး၌ လှဲလျောင်းနေသော တုန်လိလိတို့ကို မြင်တွေ့လိုက်ရ၏။
ရန်သူတွေဆိုတာက မဆုံချင်ရင်တောင်မှ ဆုံရတယ်ဆိုတာ ဒါမျိုးပဲ ဖြစ်လိမ့်မယ်။ သူတို့ကို ဒီမှာ တွေ့လိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။
“ရလဒ်တွေ ထွက်လာပြီလား၊ ဒါဆိုရင် ခဏလောက် ဘေးမှာ စောင့်နေကြပါဦး ကျွန်မ သူတို့အတွက် သတိထားရမဲ့ အချက်လေးတွေ ရေးပေးလိုက်ဦးမယ်၊ ပြီးရင် ချက်ချင်း ကြည့်ပေးပါ့မယ်”
ဆရာဝန်က ခေါင်းမော့ကာ လင်းကျန်းဖူတို့အား တစ်ချက်ကြည့်ပြီးနောက် သူမ၏ သတိပေးချက်များကို အမြန်ဆုံးပြီးရန် ဆက်လက် ရေးသားနေခဲ့လေသည်။
သူမက အခန်းတွင်းရှိ လူများကြားထဲမှ ထူးဆန်းသော လေထုကို သတိမထားမိခဲ့ပါချေ။
လင်းကျန်းဖူသည်ကား လော့ပင်းနှင့် တုန်လိလိတို့ကို မြင်လိုက်ရသည့် ခဏ၌ပင် မျက်နှာအမူအရာက အေးစက်သွားရလေသည်။
သူမက ယနေ့တွင် ကြီးမားသော ပြဿနာတစ်ခုကို ဖြေရှင်းရန် လာခဲ့ခြင်းဖြစ်သောကြောင့် သူမ လာရသည့် ရည်ရွယ်ချက်ကို လော့ပင်းနှင့် တုန်လိလိတို့အား မသိစေလိုပါချေ။
ထို့ကြောင့် သူမက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ထိုသူနှစ်ဦး ထွက်မသွားမချင်း တိတ်ဆိတ်နေရန်သာ ဆုံးဖြတ်လိုက်လေသည်။
သို့သော်လည်း သူမက တုန်လိလိတို့ကို မသိသကဲ့သို့ ဟန်ဆောင်နေရန် ကြံစည်ထားလျှင်ပင် တုန်လိလိသည်ကတော့ မနေနိုင်ပါချေ။
သူမက လင်းကျန်းဖူအား အံ့ဩတကြီး ကြည့်လိုက်ပြီးနောက် စူးစူးဝါးဝါးအသံဖြင့် ပြောဆိုလိုက်လေသည်။
“လင်းကျန်းဖူ! နင် ဘာလို့ ဒီကို ရောက်နေတာလဲ ၊ နင် ငါတို့နောက်ကို လိုက်ချောင်းပြီး ပြဿနာရှာဖို့ ကြံနေတာလား”
တုန်လိလိမှာ ဆရာဝန်မှ သူမကို အစားအလွန်အကျွံ စားသောကြောင့် အာဟာရ လွန်ကဲနေသည်ဟု ပြောဆိုလာခြင်းကို ခံခဲ့သောကြောင့် လော့ပင်းအား ဆဲဆိုထားပြီးသည့်တိုင် ဒေါသ မပြေသေးပါချေ။
ယခုအချိန်တွင် သူမ၏ရန်သူဖြစ်သူ လင်းကျန်းဖူက ရုတ်တရက် ပေါ်လာပြန်သည့်အတွက် သူမ၏ အရှက်ရဖွယ်ရာ ကိစ္စများအားလုံးကို ရန်သူက သိရှိသွားသကဲ့သို့ ခံစားရကာ ပို၍ပင် ဒေါသထွက်လာရလေသည်။
လင်းကျန်းဖူသည်ကား ထိုစကားကို ကြားချိန်တွင် သူမအား အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။
“အကျင့်မကောင်းတဲ့လူတွေကတော့ လူတိုင်းကို ကိုယ့်လိုမျိုး ထင်နေကြတာပဲ”
တုန်လိလိမှာ လင်းကျန်းဖူက သူမအား အကျင့်မကောင်းသူဟု ဆဲလိုက်ခြင်းဖြစ်ကြောင်း သဘောပေါက်ရန် နှစ်စက္ကန့်မျှ အချိန်ယူလိုက်ရသည်။
“လင်းကျန်းဖူ! နင်ကများ ငါ့ကို ဆဲရဲတယ်ပေါ့! နင် ယုံလား... အား ... ငါ့ဗိုက်တွေ နာလာပြီ
လော့ပင်း... ရှင်က ဘာလို့ ဒီမှာ အရူးလို ရပ်နေတာလဲ၊ ဟိုတစ်ယောက်က ကျွန်မကို နှိပ်စက်နေတာကို မမြင်ဘူးလား!”
တုန်လိလိမှာ သူမ၏ ဝမ်းဗိုက်ကို ကိုင်ထားရင်း လော့ပင်းအား သူမအတွက် လက်စားချေပေးရန် ခိုင်းစေနေတော့သည်။
လော့ပင်းသည်ကား မူလက တုန်လိလိသည်သာ ပြဿနာကို စတင်သူဖြစ်သောကြောင့် သူမအား စကားမများရန် တားမြစ်လိုသော်လည်း သူမက ဗိုက်နာသည်၊ နေ၍မကောင်းဟု ပြောလာချိန်တွင်တော့ သူမ အမှန်တကယ် ဒေါသထွက်သွားမည်ကို စိုးရိမ်မိသွားရသည်။
အဆုံးတွင်တော့ သူ့အနေဖြင့် သူ၏ ကလေးကို ထိခိုက်မည်ကို စိုးရိမ်နေခဲ့ရလေ၏။
သို့ဖြစ်၍ လော့ပင်းတစ်ယောက် တစ်ဖက်သို့ လှည့်ကြည့်လိုက်ပြီး လင်းကျန်းဖူအား တွန့်ဆုတ်နေသော မျက်နှာဖြင့် အနေခက်စွာပြောလိုက်ရလေသည်။
“ကျန်း... ရဲဘော်လင်းကျန်းဖူ၊ လိလိက ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက်ပဲ၊ သူနဲ့ ရန်မဖြစ်ပါနဲ့ဦး.. သူဝရဲ့ ဝမ်းဗိုက်ထဲမှာ ငါ့ရဲ့ ကလေး ရှိနေသေးတယ်လေ...”
ဗိုက်ထဲတွင် လော်ပင်း၏ ကလေးရှိနေခြင်းက တုန်လိလိအနေဖြင့် လူတိုင်းကို လိုက်ဟောင်နေရန်အတွက် အကြောင်းပြချက် မဟုတ်ပါချေ။
ထို့အပြင် တုန်လိလိ ဝမ်းဗိုက်ထဲမှ ကလေးမှာ လော်ပင်း၏ ကိုယ်ပိုင် ရင်သွေး အစစ်အမှန် ဖြစ်၊ မဖြစ်ဆိုသည်မှာလည်း မသေချာနေခဲ့ပေ။
***