"ဒါ ဘယ်လိုကြီးလဲ... ကျင်းချန်း တက္ကသိုလ်က ကျိုးချောင်းက တကယ်ကြီး ပျံနိုင်တာလား"
"သူက အခု မီတာ ၇၀ လောက် အမြင့်ကို ရောက်နေပြီ မဟုတ်လား.. ဒီလိုဆိုရင်တော့ သူက အရှုံးမရှိတော့ဘူးပဲ ကျင်းချန်း စွမ်းရည်ပိုင်ရှင် တက္ကသိုလ်က ပါရမီရှင်ဆိုတော့လည်း ဒီလိုမျိုး ကစားနိုင်တာ မဆန်းပါဘူးလေ"
"ပျံသန်းနိုင်တဲ့ စွမ်းရည်က အားသာချက်ရှိတာ မှန်ပေမဲ့ အရှုံးမရှိဘူးလို့တော့ ပြောလို့မရပါဘူး... မိနစ် ၂၀ ပြည့်တာနဲ့ စွမ်းအင်ဒိုင်းလွှာက ကျုံ့လာမှာပဲ။ အဲဒီကျရင် မိုးကြိုးဧကရာဇ်ကပဲ နိုင်မှာပါ... အချိန်နည်းနည်း ပိုပေးလိုက်ရုံပဲရှိမယ်"
ပွဲစတင်သည်နှင့် ကျိုးချောင်းက ကောင်းကင်ယံသို့ ပျံတက်သွားသဖြင့် ရှုကျင်းမင်၏ တိုက်ပွဲကို စောင့်ကြည့်နေကြသော ပရိသတ်များကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
“ပျံသန်းခြင်း...”
ဤသည်မှာ လူအများ မက်မောကြသော စွမ်းရည်ဖြစ်သည်။ လေဓာတ် စွမ်းရည်ပိုင်ရှင်များသာလျှင် အဆင့်နိမ့်စဉ်မှာတင် ဤကဲ့သို့ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ထိုစွမ်းရည်က တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲ၏ ရလဒ်ကို ပြောင်းလဲပစ်ရန် လုံလောက်သော အစွမ်းလည်း ဖြစ်သည်။ SSအဆင့် စွမ်းရည်ကို ပိုင်ဆိုင်ထားသော ရှုကျင်းမင်ပင်လျှင် စွမ်းအင်ဒိုင်းလွှာ ကျုံ့ဝင်လာမည့် အချိန်ကို စောင့်ပြီးမှသာ သူ့ကို အနိုင်ယူနိုင်လိမ့်မည်ဟု လူတိုင်းက ထင်မှတ်ထားကြသည်။
"အဲဒါက ဟုတ်ပေမဲ့ တစ်မျိုးကြီးပဲနော်"
"ဟုတ်တယ်... ငါကတော့ မနေ့က ပိုင်ရှန်း တက္ကသိုလ်ကို တစ်ယောက်တည်းနဲ့ အပြတ်ရှင်းလိုက်တဲ့ မိုးကြိုးဧကရာဇ်ရဲ့ အာဏာစက်ပြင်းတဲ့ ပုံစံမျိုးကိုပဲ ပိုကြိုက်တယ်"
မနေ့က အသင်းလိုက်ပွဲတွင် ရှုကျင်းမင် ပြသခဲ့သော လွှမ်းမိုးနိုင်စွမ်းမှာ လူတိုင်း၏ စိတ်ထဲတွင် စွဲထင်နေဆဲ ဖြစ်သည်။ ယခု ကျိုးချောင်းကို ဘာမှမတတ်နိုင်သကဲ့သို့ ဖြစ်နေသော ရှုကျင်းမင်ကို ကြည့်ပြီး သူ၏ အားပေးသူအချို့မှာ အားမလိုအားမရ ဖြစ်နေကြသည်။
သို့သော်လည်း ထိုခဏမှာပင် ငှက်ပေါင်းတစ်ထောင် တပြိုင်နက်တည်း အော်မြည်နေသကဲ့သို့ စူးရှသော လျှပ်စီးသံကြီးနှင့်အတူ အမှတ် (၃) တိုက်ခိုက်ရေးကွင်းတွင် ရှုကျင်းမင်ကို ဗဟိုပြု၍ ရွှေရောင် လျှပ်စီးပင်လယ်ကြီး ဖြန့်ကျက်သွားတော့သည်။
"ဒါ ဘယ်လိုကြီးလဲ မိုးကြိုးဧကရာဇ်ရဲ့ စွမ်းရည်က အစွမ်းကုန် ထုတ်သုံးလိုက်တာလား... အကွာအဝေးက ဒီလောက်တောင် ကျယ်တာလား"
"ဟုတ်တယ်... ကွင်းရဲ့ တစ်ဝက်နီးပါးလောက် ရှိနေပြီ မဟုတ်လား"
ပွဲကြည့်စင်ပေါ်တွင် စတုတ္ထအဆင့်ရှိသော မိုးကြိုးဓာတ် စွမ်းရည်ပိုင်ရှင်များစွာလည်း ရှိနေကြသည်။ ရှုကျင်းမင်၏ စွမ်းရည်က မီတာ ၄၀အထိ ပြန့်ကားသွားသည်ကို မြင်လိုက်ရသောအခါ သူတို့အားလုံး မှင်သက်သွားကြသည်။ သူတို့၏ မိုးကြိုးစွမ်းရည်များမှာ အလွန်ဆုံး မီတာ ၃၅ အထိသာ ဖြန့်ကျက်နိုင်သည် မဟုတ်ပါလား။
"အကွာအဝေးက ကျယ်တာ မှန်ပေမဲ့ ကျိုးချောင်းဆီကိုတော့ မမီသေးဘူးလေ... အဲဒါက ဘာထူးမှာလဲ..."
ပရိသတ်အချို့က ဤအချက်ကို နားမလည်နိုင်ဘဲ ရှိနေကြသည်။ သူတို့ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ကွင်းအတွင်းရှိ သိပ်သည်းလှသော လျှပ်စီးများက ဟိန်းဟောက်လျက် စုစည်းသွားကြသည်။ ထို့နောက် မီတာ ၃၀ ကျော် မြင့်မားသော လျှပ်စီးမုန်တိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
“ဝှစ်...” “ဝှစ်...”
ဟိန်းဟောက်နေသော မိုးကြိုးများက အားကောင်းလှသော စုပ်အားတစ်ခုကို ဖန်တီးလိုက်သည်။ ပွဲကြည့်စင်ပေါ်ရှိ အအေးဘူးများနှင့် ဦးထုပ်အချို့က ထိုစုပ်အားကြောင့် တရွတ်တိုက် ပါသွားကြပြီး စွမ်းအင်ဒိုင်းလွှာကို ထိမှန်မှသာ ရပ်တန့်သွားကြတော့သည်။ ရှေ့တန်းတွင် ထိုင်နေကြသော စကတ်တို ဝတ်ဆင်ထားသည့် မိန်းကလေးအချို့မှာမူ သူတို့၏ စကတ်များ လေထဲသို့ လွင့်တက်မသွားစေရန် ရှက်ရှက်နှင့် အသည်းအသန် ဖိထားကြရသည်။
"ဘုရားရေ... တကယ် ကြောက်စရာကောင်းတဲ့ မိုးကြိုးမုန်တိုင်းပဲ"
"ငါတို့က ကွင်းနဲ့ မီတာ နှစ်ရာကျော် ဝေးနေတာတောင် စုပ်အားက ဒီလောက် ပြင်းတာလား"
"ဟားဟား... မိုးကြိုးဧကရာဇ်ပဲလေ ဒီလောက် မြန်မြန်ဆန်ဆန် ဖြေရှင်းနည်း ရှာနိုင်တာ မဆန်းပါဘူး... ကျိုးချောင်း ဘယ်လို ထွက်ပြေးမလဲ ကြည့်ကြသေးတာပေါ့"
လူတိုင်းက ထိုအားကောင်းလှသော စုပ်အားကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ ဤကဲ့သို့ စုပ်အားမျိုးအောက်တွင် အစွမ်းထက်သော လေဓာတ် စွမ်းရည်ပိုင်ရှင်တစ်ဦးပင်လျှင် ထွက်ပြေးရန် အလွန် ခက်ခဲပေလိမ့်မည်။ သူတို့ ထင်မှတ်ထားသည့်အတိုင်းပင် ရှုကျင်းမင် ဖန်တီးလိုက်သော ဧရာမ မိုးကြိုးမုန်တိုင်း၏ ရှေ့တွင် ကျိုးချောင်းက မိမိကိုယ်ကိုယ် မုန်တိုင်းအတွင်းသို့ ဆွဲခေါ်ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။
"မဖြစ်ဘူး ငါ မြန်မြန် ထွက်ပြေးမှ ရမယ်"
ကျိုးချောင်း၏ အစောပိုင်းက အေးဆေးတည်ငြိမ်မှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး သူ၏ လေဓာတ် စွမ်းရည်ကို အစွမ်းကုန် အသုံးပြုကာ အခြားတစ်ဖက်သို့ ပျံသန်းရန် ကြိုးစားလိုက်သည်။ သို့သော် အစောပိုင်းက သူ ဂရုမစိုက်ခဲ့သော လေထု၏ ခုခံအားက ယခုအခါ သူ့ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသကဲ့သို့ ဖြစ်နေပြီး သူ၏ ပျံသန်းမှုနှုန်းမှာ နှစ်ဆမက နှေးကွေးသွားခဲ့ရသည်။
“ဒါ ဘယ်လိုဖြစ်တာလဲ... စုပ်အားက တကယ်ကြီး ဒီလောက် ပြင်းတာလား” ကျိုးချောင်းက ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်နေမိသည်။
"ဒီလောက် နှေးနှေးလေး ပျံနေလို့ကတော့ မရဘူးလေ"
မြေပြင်ပေါ်ရှိ ရှုကျင်းမင်က ခေါင်းခါလျက် ပြောလိုက်သည်။ "မင်းက နှေးလွန်းနေလို့... ငါ့ရဲ့ တိုက်ခိုက်ရေးနည်းစနစ်ကို မရှောင်နိုင်တော့ဘူး"
သူက လေထဲတွင် သူ၏ ဘယ်လက်ကို ဆုပ်လိုက်ရာ လျှပ်စီးတန်းများစွာ ထွက်ပေါ်လာသည်။ အဆုံးမရှိသော မိုးကြိုးများက စုစည်းသွားကြပြီး နှစ်မီတာခန့် ရှည်လျားသော ရွှေရောင် မိုးကြိုးလှံတစ်စင်းအဖြစ် ခဏချင်းမှာပင် ပြောင်းလဲသွားသည်။
"မင်းရဲ့ ပျံသန်းနိုင်စွမ်းက တကယ်ကို ကောင်းပါတယ်... ဒါပေမဲ့ ကံဆိုးတာက ငါနဲ့ လာတွေ့တာပဲ"
သူက သူ၏ သန်မာလှသော ဘယ်ဘက်လက်မောင်းကို အားကုန်လွှဲ၍ ပစ်လွှတ်လိုက်ရာ စူးရှသော အသံထက်မြန်သည့် ပေါက်ကွဲသံနှင့်အတူ မိုးကြိုးလှံက ပြေးထွက်သွားတော့သည်။ ကျိုးချောင်း၏ အမြင်တွင်မူ ရှုကျင်းမင်က လက်ကို လှုပ်ရှားလိုက်သည်ဟုသာ မြင်လိုက်ရပြီး မိုးကြိုးလှံမှာ ဝေဝါးသွားကာ သူ၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားခဲ့သည်။ အသံထက် သုံး၊ လေးဆခန့် မြန်သော ထိုလှံ၏ အရှိန်ကြောင့် ၎င်း၏ လမ်းကြောင်းကို လိုက်ကြည့်ရန်ပင် မဖြစ်နိုင်ပေ။
"မဖြစ်ဘူး" ကျိုးချောင်း၏ စိတ်ထဲတွင် အန္တရာယ် အချက်ပေးသံ ဟိန်းထွက်သွားသည်။ ကွင်းအတွင်းတွင် အကာအကွယ် စနစ်ရှိကြောင်း သိထားသော်လည်း သူက သေမင်း၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။
"လေနတ်ဘုရား အကာအကွယ်"
သူက အော်ဟစ်လျက် သူ၏ လေဓာတ် စွမ်းရည်အားလုံးကို စုစည်းကာ သူ၏ ရှေ့တွင် ထူထဲလှသော လေပြင်း အကာအကွယ် ဒိုင်းလွှာတစ်ခုကို ဖန်တီးလိုက်သည်။ အဝေးမှ တိုက်ခိုက်ရသော စွမ်းရည်ပိုင်ရှင် ဖြစ်သဖြင့် သူ၏ ခန္ဓာကိုယ်မှာ ကြံ့ခိုင်ရေး စွမ်းရည်ပိုင်ရှင်များကဲ့သို့ မမာကျောပေ။ ထို့ကြောင့် သူက မိမိကိုယ်ကိုယ် ကာကွယ်ရန် ဤSအဆင့် တိုက်ခိုက်ရေးနည်းစနစ်ကို အထူး သင်ယူထားခြင်း ဖြစ်သည်။
“ဝှစ်...”
အကာအကွယ်ဒိုင်းလွှာ ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက် ရွှေရောင် မိုးကြိုးလှံက ရောက်ရှိလာတော့သည်။
“ဘုန်း...”
ပုံရိပ်ယောင်သဖွယ် မြန်ဆန်လှသော မိုးကြိုးလှံက ထူထဲသော လေပြင်းဒိုင်းလွှာကို အရှိန်အဟုန်ဖြင့် ထိမှန်လိုက်သည်။ ရွှေရောင် မိုးကြိုးများ ပွင့်ထွက်သွားပြီး ကျိုးချောင်း၏ မျှော်လင့်ချက်ကင်းမဲ့နေသော အကြည့်များအောက်တွင် ထိုဒိုင်းလွှာကတစ်စက္ကန့်ပင် မခံဘဲ တိုက်ရိုက် ဖောက်ထွက်ခြင်း ခံလိုက်ရသည်။
“ရှပ်...”
မိုးကြိုးလှံက သူ၏ ညာဘက်ရင်အုံကို တိုက်ရိုက် ဖောက်ထွက်သွားပြီး သွေးများဖြင့် စိုရွှဲကာ မီးလောင်ကျွမ်းနေသော အပေါက်ကြီးတစ်ခု ဖြစ်သွားစေသည်။ ပြင်းထန်လှသော နာကျင်မှုကြောင့် ကျိုးချောင်းက သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ချက်ချင်းပင် သတိလစ်ကာ ကောင်းကင်ယံမှ ပြုတ်ကျသွားတော့သည်။
"အမှတ် (၃) ကွင်း... ကျိုးချောင်း သတိလစ်သွားပါပြီ... ရှုကျင်းမင် အနိုင်ရပါတယ်"
မီတာ ၇၀ ကျော် အမြင့်မှ သတ္တုစပ် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျခြင်းမှာ နောက်ပြောင်စရာ မဟုတ်ပေ။ ထို့ကြောင့် ကွင်းဘေးတွင် စောင့်နေသော ဒိုင်လူကြီးက ချက်ချင်း ကြားဝင်ဆောင်ရွက်လိုက်သည်။ ရှုကျင်းမင်၏ အောင်ပွဲကို ကြေညာရင်း သူက လေထဲသို့ ခုန်တက်ကာ ကျိုးချောင်းကို ဖမ်းယူလိုက်သည်။
ရှုကျင်းမင်က မိုးကြိုးမုန်တိုင်းကို သုံး၍ ကျိုးချောင်း၏ အရှိန်ကို ထိန်းချုပ်လိုက်ချိန်မှစ၍ မိုးကြိုးလှံဖြင့် တစ်ချက်တည်း ဖောက်ထွက်လိုက်ချိန်အထိ အားလုံးက မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့သည်။ လွန်ခဲ့သော စက္ကန့်ပိုင်းကမှ ကောင်းကင်ပေါ်တွင် အောင်နိုင်သူကဲ့သို့ ဖြစ်နေသော ကျိုးချောင်းက နောက်တစ်စက္ကန့်တွင် ကွင်းပြင်ပသို့ ရောက်သွားခဲ့ရသည်။
တိုက်ပွဲ၏ အလှည့်အပြောင်းမှာ မြန်ဆန်လွန်းလှသဖြင့် ဒိုင်လူကြီးက ရှုကျင်းမင်၏ အောင်ပွဲကို ကြေညာပြီးမှသာ ပရိသတ်များမှာ သတိပြန်ဝင်လာကြသည်။ ထို့နောက်တွင်မူ တခဲနက်သော အားပေးသံများ ဟိန်းထွက်လာတော့သည်။
"ဘုရားရေ တကယ်ကို မိုက်တာပဲ တစ်ချက်တည်းနဲ့ အလဲထိုးလိုက်တာ"
"သူက လက်အလာနဲ့တင် အသံထက်မြန်တဲ့ ပေါက်ကွဲသံကို ဖန်တီးနိုင်တာလား... ဒါက ရူးစရာပဲ"
"ဟုတ်တယ်... ဒါမှ ငါတို့ သိထားတဲ့ အာဏာစက်ပြင်းတဲ့ မိုးကြိုးဧကရာဇ်ပဲ"
လာရောက်ကြည့်ရှုကြသော ပရိသတ်အများစုမှာ သွေးကြွနေသော လူငယ်များ ဖြစ်ကြသည်။ ရှုကျင်းမင်၏ ပြိုင်ဘက်ကို အပြတ်အသတ် အနိုင်ယူလိုက်သော ပုံစံမှာ သူတို့၏ အကြိုက်နှင့် အသေအချာ ထပ်တူကျနေသည်။ အထူးသဖြင့် နောက်ဆုံးက အသံထက်မြန်သော အရှိန်နှင့် ပစ်လွှတ်လိုက်သည့် မိုးကြိုးလှံမှာ သူတို့၏ ဝိညာဉ်ကို တိုက်ရိုက် ထိမှန်သွားသကဲ့သို့ ခံစားလိုက်ကြရသဖြင့် သူတို့၏ အော်ဟစ်အားပေးသံများမှာ ပိုမို ကျယ်လောင်လာခဲ့တော့သည်။
***