*
"ဒါ ဘယ်လိုဖြစ်တာလဲ... ကျင်းချန်းတက္ကသိုလ်က အဓိက ကစားသမားတွေကို ပြန်ထုတ်လိုက်တာလား"
"ဟုတ်တယ်... အဖွဲ့ခေါင်းဆောင် ဟန်ရှန်းနဲ့အတူ ကွင်းထဲတက်လာတဲ့သူတွေ အားလုံးက အရန်လူတွေပဲ"
"ကျင်းချန်းက မဂျစ်စီးတီးကို မနိုင်ဘူးလို့ တွေးပြီးတော့ အရှုံးပေးတဲ့အနေနဲ့ ဟန်ပြလုပ်နေတာများလား"
"ဟဲဟဲ... ကျင်းချန်းသာ အဲဒီလိုလုပ်ဝံ့ရင်တော့ တစ်နိုင်ငံလုံးရဲ့ ကဲ့ရဲ့တာကို ခံရမှာပဲ"
ပရိသတ်များကြားတွင် အမျိုးမျိုးသော ခန့်မှန်းချက်များ ထွက်ပေါ်လာတော့သည်။ အစီအစဉ်မှူး ဖုန်းလဲ့သည်လည်း အခြေအနေကို သိရှိရန်အတွက် မိုက်ခရိုဖုန်းလိုင်းကို ကွင်းထဲရှိ ဒိုင်လူကြီး၏ နားကြပ်နှင့် ချက်ချင်း ချိတ်ဆက်လိုက်သည်။
"ကျင်းချန်း စွမ်းရည်ပိုင်ရှင် တက္ကသိုလ်... အခု တင်ပြထားတဲ့ လူစာရင်းနဲ့ပဲ ဒီပွဲကို ယှဉ်ပြိုင်မှာ သေချာလား" သတ္တမအဆင့် စွမ်းရည်ပိုင်ရှင်ဖြစ်သော လိဂ်ဒိုင်လူကြီးက မေးမြန်းလိုက်သည်။
"အတည်ပြုပါတယ်" ကျင်းချန်းအဖွဲ့ခေါင်းဆောင် ဟန်ရှန်းက ဘာမှ တွန့်ဆုတ်မနေဘဲ တိုက်ရိုက် ပြန်ဖြေလိုက်သည်။
"ကောင်းပြီ... မင်းတို့ သဘောအတိုင်းပဲ ဖြစ်စေရမယ်..."
ဒိုင်လူကြီးက ခေါင်းညိတ်လိုက်ပြီးနောက် ကောင်းကင်ယံရှိ ဟိုလိုဂရပ်ဖစ် ပုံရိပ်ယောင်ပေါ်တွင် မဂျစ်စီးတီးနှင့် ကျင်းချန်းတက္ကသိုလ်တို့၏ ပြိုင်ပွဲဝင် အချက်အလက်များ ချက်ချင်း ပြောင်းလဲသွားတော့သည်။ ကျင်းချန်း၏ အဓိက ကစားသမား သုံးဦးနေရာတွင် အရန်လူ သုံးဦးဖြင့် အစားထိုးလိုက်သည်။
ဤမြင်ကွင်းကြောင့် ပရိသတ်တစ်ခုလုံး ပွက်ပွက်ဆူသွားတော့သည်။
"ဒါ ဘာလုပ်တာလဲ... ကျင်းချန်းက ဘာတွေ ကြံစည်နေတာလဲ"
"ပံ့ပိုးမှု နှစ်ယောက် အဝေးပစ် သုံးယောက်လား... ဒါက ဘယ်လို လူစာရင်းကြီးလဲ"
အဓိက ကစားသမားများကို အရန်လူအဖြစ် ဖုံးကွယ်ထားသည့် နည်းဗျူဟာမျိုးကို ယခင်နှစ်များက တက္ကသိုလ်များကြားတွင် မြင်တွေ့ဖူးသော်လည်း ယခု ကျင်းချန်း၏ လူစာရင်းမှာမူ လုံးဝကို ယုတ္တိမရှိပေ ပံ့ပိုးမှုက နှစ်ယောက်တောင် ဖြစ်နေပြီး ကျန်သုံးယောက်မှာလည်း အဝေးပစ် စွမ်းအင်ဓာတ်ရှင်များသာ ဖြစ်သည်။ အနီးကပ် တိုက်ခိုက်ရမည့် ခန္ဓာကိုယ်စွမ်းရည် မြှင့်တင်သူ တစ်ယောက်မှ မပါဝင်ပေ။
ဤကဲ့သို့သော လူစာရင်းမျိုးမှာ အားနည်းသော ပြိုင်ဘက်ကို နှိပ်စက်ရန်အတွက် ကောင်းမွန်နိုင်သော်လည်း အခြား ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော မဂျစ်စီးတီးကို ရင်ဆိုင်ရန်အတွက်မူ ၎င်းမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းပင် ဖြစ်သည်။ အရှေ့တန်းတွင် ခုခံပေးမည့်သူ မရှိပါက မဂျစ်စီးတီး၏ Assassinတစ်ယောက်တည်းနှင့်တင် ကျင်းချန်းအဖွဲ့သားအားလုံးကို သုတ်သင်ရန် လုံလောက်လှသည်။
"ကျင်းချန်းမှာ ထူးခြားတဲ့ ဗျူဟာတစ်ခုခု ရှိနေပုံရတယ်"
"ဒီလောက်ကြာအောင် ဖုံးကွယ်ထားတာဆိုတော့ ထိပ်တန်းတက္ကသိုလ်တွေအတွက် သီးသန့် ပြင်ဆင်ထားတာ နေမှာပေါ့"
"အခုလောလောဆယ်တော့ ဘာအားသာချက်မှ မမြင်ရသေးဘူး ပွဲစမှပဲ သိရတော့မယ်"
သာမန်ပရိသတ်များနှင့် မတူဘဲ အတွင်းပိုင်းရှိ နည်းပြများမှာမူ သိပ်ပြီး စိုးရိမ်မနေကြပေ။ ကျင်းချန်းတက္ကသိုလ်က ထိပ်တန်းတက္ကသိုလ်တစ်ခု ဖြစ်သဖြင့် ယခုကဲ့သို့ နိုင်ငံတော်အဆင့် ပြိုင်ပွဲမျိုးတွင် အလွယ်တကူ အရှုံးပေးလိမ့်မည်မှာ လုံးဝ မဖြစ်နိုင်ပေ။ မဟုတ်ပါက ယခုနှစ် ကျောင်းသားသစ် လက်ခံရေးနှုန်းမှာ ပျက်စီးသွားပေလိမ့်မည်။ ထို့ကြောင့် ဤသည်မှာ အထူးဗျူဟာတစ်ခုသာ ဖြစ်ရမည်။
ကျင်းချန်းတက္ကသိုလ်၏ ဒုတိယကျောင်းအုပ်ကြီး ကျန်းမူ၏ မျက်နှာပေါ်ရှိ တည်ငြိမ်လှသော အပြုံးကလည်း နည်းပြများ၏ ခန့်မှန်းချက်ကို အတည်ပြုပေးနေသကဲ့သို့ပင်။
မသိစိတ်ဖြင့် နည်းပြများစွာက မဂျစ်စီးတီး၏ ပွဲကြည့်စင်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ မဂျစ်စီးတီး၏ အစွမ်းထက်သော်လည်း ငယ်ရွယ်လှသော ဒုတိယကျောင်းအုပ်ကြီးက ဤမရေရာသော အခြေအနေအပေါ် မည်သို့ တုံ့ပြန်မည်နည်းဟု သူတို့ သိလိုကြသည်။ သို့သော်လည်း လင်းရွှမ်၏ မျက်နှာမှာမူ အေးစက်တည်ငြိမ်နေဆဲ ဖြစ်ပြီး ဘာမှ ပြောင်းလဲခြင်း မရှိပေ။ ကျင်းချန်း၏ ဗျူဟာအပေါ် လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိသည့်အတိုင်းပင်။
အမှန်တကယ်တော့ ရှုကျင်းမင် ရှိနေသရွေ့ သူမအနေဖြင့် မည်သည့် အပြောင်းအလဲကိုမျှ စိုးရိမ်နေရန် မလိုပေ။
"ကျောင်းအုပ်ကြီးလင်း... ခဏနေရင် စတင်မယ့်ပွဲမှာ အပိုဆောင်း တစ်ခုခုလောက် ထည့်ပြီး လောင်းကြေးထပ်ဖို့ စိတ်ဝင်စားလား"
လင်းရွှမ်က စကားမပြောသော်လည်း ကျင်းချန်း၏ ဒုတိယကျောင်းအုပ်ကြီး ကျန်းမူက စတင်၍ စကားကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။ သူက ပြုံးလျက် " Sအဆင့် ကျင့်ကြံရေး အရင်းအမြစ် တစ်ခုပေါ့... ဒီပွဲမှာ ဘယ်သူနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့"
“ဟင်...”
“ကျင်းချန်းက လောင်းကြေးတောင် ထပ်ဝံ့တာလား...” သိပ်မဝေးသော နေရာမှ ချင်းကျင်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ရှုဖျင်မှာမူ စိတ်ဝင်စားစရာ တစ်ခုခု တွေ့ပြီဟု ယူဆကာ နားစွင့်လိုက်တော့သည်။
"Sအဆင့် အရင်းအမြစ် တစ်ခုဆိုတာက နည်းလွန်းပါတယ်... အနည်းဆုံး SSအဆင့် အရင်းအမြစ် တစ်ခုတော့ ဖြစ်သင့်တာပေါ့" လင်းရွှမ်က သူ့ကို တစ်ချက်ကြည့်ကာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။
"SSအဆင့် တစ်ခုဆိုတာ မများလွန်းဘူးလား" ကျန်းမူက ချောင်းတစ်ချက် ဟန့်လိုက်ပြီး အနည်းငယ် အသက်ရှူရပ်သွားသလို ခံစားလိုက်ရသည်။ ဤသည်မှာ သူကိုယ်တိုင် စိုက်ထုတ်ရမည့် အရင်းအမြစ် ဖြစ်သည်။ အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီး တစ်ဦးအတွက်တောင်မှ SSအဆင့် အရင်းအမြစ်တစ်ခုမှာ လွယ်လွယ်ကူကူ လောင်းကြေးထပ်ရမည့် အရာမျိုး မဟုတ်ပေ။
"မဂျစ်စီးတီးရဲ့ လင်းရွှမ်ကတော့ အရင်အတိုင်း သန်မာနေတုန်းပဲ" လင်းရွှမ်၏ ဤအမူအရာက ချင်းကျင်တက္ကသိုလ်မှ ရှုဖျင်အား လွန်ခဲ့သော လေ့လာရေးခရီးစဉ်က မြင်ကွင်းကို ပြန်လည် အမှတ်ရစေသည်။ သူမတွင် Sအဆင့် ဟင်းလင်းပြင် စွမ်းရည်ရှိသလို အသက် ၃၄ နှစ်နှင့် အဋ္ဌမအဆင့်လတ် ဖြစ်နေခြင်းက လင်းရွှမ်အား ဤမျှ ယုံကြည်မှုရှိစေခြင်း ဖြစ်ကြောင်း သူ သိထားသည်။
"လောင်းမယ်ဆိုရင် SSအဆင့်နဲ့ပဲ လောင်းမယ် မဟုတ်ရင်တော့ ထားလိုက်ပါ" လင်းရွှမ်က လျှော့ပေးမည့် အရိပ်အယောင် လုံးဝ မပြပေ။
ခဏတာ စဉ်းစားပြီးနောက် ကျန်းမူက နောက်ဆုံးတွင် သဘောတူလိုက်သည်။ "ကျောင်းအုပ်ကြီးလင်းက ဒီလောက်တောင် စိတ်အားထက်သန်နေမှတော့... ကျွန်တော့်ရဲ့ ကျင်းချန်း နိုင်မယ်ဆိုတာကို SSအဆင့် အရင်းအမြစ် တစ်ခုနဲ့ လောင်းကြေးထပ်ပါတယ်"
"မဂျစ်စီးတီး နိုင်မယ်ဆိုတာကို ကျွန်မ လောင်းတယ်"
လင်းရွှမ်၏ လှပဖြူစင်သော မျက်နှာလေးမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူမက SSအဆင့် အရင်းအမြစ်ကို လောင်းနေခြင်း မဟုတ်ဘဲ သာမန် Fအဆင့် သို့မဟုတ် Eအဆင့် အရင်းအမြစ် တစ်ခုကို လောင်းနေသကဲ့သို့ပင်။
“သူက SSအဆင့်ကို တကယ်ကြီး လောင်းရဲတာလား” ရှုဖျင်မှာမူ အနည်းငယ် အံ့သြသွားသည်။ လင်းရွှမ်နှင့် သိပ်မတွေ့ဖူးသော်လည်း ကျန်းမူနှင့် သူမှာ ဆယ်နှစ်ကျော် သိကျွမ်းခဲ့သူများ ဖြစ်သည်။ ကျန်းမူ၏ ပုံမှန် အေးဆေးသော အမူအရာနောက်ကွယ်တွင် သူက အကျိုးအမြတ်မရှိဘဲ မလှုပ်ရှားတတ်သော မြေခွေးအိုကြီးတစ်ကောင် ဖြစ်ကြောင်း သူ သိထားသည်။ SSအဆင့် အရင်းအမြစ် တစ်ခုကို လောင်းဝံ့ခြင်းမှာ ကျန်းမူအနေဖြင့် သူ၏အဖွဲ့အပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိနေကြောင်း ပြသနေခြင်းပင်။
“ကံကောင်းတာက ငါတို့ ချင်းကျင်နဲ့ ကျင်းချန်းပွဲက မနက်ဖြန်မှဆိုတော့... မဂျစ်စီးတီးက သူတို့ ဘာတွေ ကြံစည်နေလဲဆိုတာ အရင် မြင်တွေ့ခွင့် ရသွားတာပေါ့ ပြီးတော့ ကျင်းချန်းက ရှုကျင်းမင်ရဲ့ ခွန်အားကိုလည်း ပိုပြီး စမ်းသပ်ပေးနိုင်လိမ့်မယ်” ရှုဖျင်မှာမူ ဤပွဲတွင် မည်သူနိုင်နိုင် သူတို့ ချင်းကျင်အတွက် အကျိုးရှိသဖြင့် စိတ်လက် ပေါ့ပါးနေတော့သည်။
ကျင်းချန်း၏ ပံ့ပိုးမှု နှစ်ယောက်၊ အဝေးပစ် သုံးယောက် လူစာရင်းသစ်အပေါ်တွင် ရှုကျင်းမင်က ပြိုင်ဘက် ဘာလုပ်ချင်နေမှန်း အတိအကျ မသိသော်လည်း သိပ်ပြီး ဂရုမစိုက်ပေ။ ပုံစံ ၁သို့ ပြောင်းလိုက်သည်နှင့် မဂျစ်စီးတီးအဖွဲ့တစ်ခုလုံးက သူ့ကို ဗဟိုပြု၍ လည်ပတ်မည် ဖြစ်သည်။ ကုဝမ်၏ ပံ့ပိုးမှု စွမ်းရည်များကိုလည်း သူ အပြည့်အဝ ရရှိမည် ဖြစ်သည်။ သူ၏ ကိုယ်ပိုင်ခွန်အားနှင့် ပေါင်းစပ်လိုက်ပါက ကျင်းချန်း ဘာတွေပဲ ကစားကစား ကြောက်စရာ မလိုပေ။
၁ မိနစ် အကြိုပြင်ဆင်ချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီ။ ပရိသတ်များ၏ ဆူညံသံများကြားတွင် စင်ပေါ်၌ နောက်ဆုံး ရေတွက်သံ စတင်လိုက်သည်။
"မဂျစ်စီးတီးနဲ့ ကျင်းချန်းတက္ကသိုလ် ၃... ၂... ၁... စတင်စေ"
“ဝုန်း”
ပွဲစသည်နှင့် ကျင်းချန်းဘက်မှ တောက်ပသော အလင်းတန်းတစ်ခု ပွင့်ထွက်လာသည်။ အဖွဲ့ဝင် ငါးဦးစလုံးက သန့်စင်သော အဖြူရောင် အလင်းတန်းတစ်ခုဖြင့် ချိတ်ဆက်သွားကြသည်။
“ဝှစ်... ဝှစ်... ဝှစ်...”
ထိုအချိန်မှာပင် ထူထဲလှသော စွမ်းအင်ဒိုင်းလွှာများစွာမှာ ကျင်းချန်းအဖွဲ့သား အားလုံးကို ဝန်းရံကာ ကာကွယ်ပေးလိုက်ကြတော့သည်
"ငါ ဒီအချိန်ကို တကယ် စောင့်နေခဲ့တာ ရှုကျင်းမင် မင်းတို့ မြင်လား... ဒါက ငါတို့ ကျင်းချန်းရဲ့ ပြီးပြည့်စုံတဲ့ ပုံစံပဲ" စွမ်းအင်ဒိုင်းလွှာများစွာ၏ ကာကွယ်မှုကို ရထားသော ကျင်းချန်းအဖွဲ့ခေါင်းဆောင် ဟန်ရှန်းမှာ စိတ်လှုပ်ရှားမှုကြောင့် ပါးပြင်များ နီမြန်းနေပြီး အော်ဟစ်လိုက်သည်။
"ဒါက ငါ နှစ်နှစ်တိတိ အချိန်ပေးပြီး သင်ယူခဲ့တဲ့ Sအဆင့် တိုက်ခိုက်ရေးနည်းစနစ် အသက်ဝိညာဉ် မျှဝေခြင်းပဲ မင်းတို့ ပေးလိုက်တဲ့ ဘယ်လို ထိခိုက်မှုမျိုးကိုမဆို ၆၀ ရာခိုင်နှုန်း လျှော့ချပေးပြီး ငါတို့ အားလုံးဆီကို ညီတူညီမျှ ခွဲဝေပေးလိမ့်မယ် ထိခိုက်မှုက မပြောပလောက်အောင် နည်းသွားမှာပဲ ပြီးတော့ ငါတို့ဆီမှာ နောက်ထပ် ကုသရေး စွမ်းရည်ပိုင်ရှင်လည်း ပါသေးတယ် မင်းတို့ ပေးလိုက်တဲ့ ဘယ်ဒဏ်ရာကိုမဆို ခဏချင်းမှာ ပြန်ကုသနိုင်တယ် ဒီနည်းလမ်း နှစ်ခု ပေါင်းစပ်လိုက်တာက မင်းတို့ ဘယ်လိုမှ မဖျက်ဆီးနိုင်တဲ့ အကြွင်းမဲ့ ကာကွယ်ရေး တစ်ခုပဲ"
***