သူက ဤလျှို့ဝှက်ချက်ကို အချိန်အတော်ကြာအောင် အောင့်အည်းထားခဲ့ရ၍လားမသိပေ ဟန်ရှန်း၏ အသံမှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။ သူ၏အသံမှာ အားကစားကွင်းအတွင်း ဟိန်းထွက်သွားသည့်အခါ ကျင်းချန်းတက္ကသိုလ်၏ လူစာရင်းအပေါ် သံသယဝင်နေကြသော ပရိသတ်များမှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။
"ထိခိုက်မှုကို လျှော့ချပေးပြီး ခွဲဝေပေးနိုင်တဲ့ SSအဆင့် တိုက်ခိုက်ရေးနည်းစနစ် ဟုတ်လား... ဒါက တကယ်ကြီး ကြမ်းတာပဲ"
"တစ်ယောက်က ထိခိုက်မှုကို ခွဲဝေယူတယ် နောက်တစ်ယောက်က ဒဏ်ရာတွေကို ကုသပေးတယ်... ဒါကြောင့် ပံ့ပိုးမှု နှစ်ယောက် ပါလာတာကိုး"
"ခန္ဓာကိုယ်စွမ်းရည် မြှင့်တင်သူတွေ ဘာလို့ မပါလာတာလဲဆိုတာ အခုမှ ရှင်းသွားတော့တယ်... သူတို့က အဝေးပစ် စွမ်းရည်ပိုင်ရှင်တွေကို ဒိုင်းတွေအောက်မှာ ပုန်းခိုင်းပြီး မဂျစ်စီးတီးအဖွဲ့ ကုန်ခမ်းသွားအောင် တိုက်ခိုက်ရေးနည်းစနစ်တွေနဲ့ အချိန်ဆွဲ တိုက်တော့မှာပဲ"
"ထိပ်တန်းတက္ကသိုလ်ဆိုတာ တကယ်ကို မဆန်းပါဘူး ဒီလို ဗျူဟာမျိုး ရှိနေတာပဲ"
ထိပ်တန်းတက္ကသိုလ် သုံးခုအနက် ကျင်းချန်းက သိသိသာသာပင် လူသိနည်းပြီး အေးအေးဆေးဆေး နေတတ်သည့် အဖွဲ့ဖြစ်သည်။ သို့သော် ယခု လှုပ်ရှားမှုက ပရိသတ်အားလုံး၏ အကြည့်ကို ကျင်းချန်းအဖွဲ့ဆီသို့ ချက်ချင်း ရောက်ရှိသွားစေခဲ့သည်။ အွန်လိုင်း Liveလွှင့်ခန်းရှိ ကွန်မန့်များမှာလည်း အံ့သြထိတ်လန့်သံများဖြင့် ပြည့်နှက်သွားတော့သည်။
"အသက်ဝိညာဉ် မျှဝေခြင်းလား... ကျင်းချန်းက ဟန်ရှန်းက ဒီနည်းစနစ်ကို တကယ်ကြီး ကျွမ်းကျင်သွားတာလား... အခုတော့ မဂျစ်စီးတီး တကယ်ကို ခက်ခဲတဲ့ တိုက်ပွဲနဲ့ ရင်ဆိုင်ရပြီပဲ" အတွင်းဘက်ရှိ နည်းပြများစွာသည်လည်း သက်ပြင်းချလျက် မှတ်ချက်ပေးနေကြသည်။
အသက်ဝိညာဉ် မျှဝေခြင်းဆိုသည်မှာ ပံ့ပိုးမှုအမျိုးအစား စွမ်းရည်ပိုင်ရှင်တိုင်း သင်ယူလိုကြသည့် SSအဆင့် တိုက်ခိုက်ရေးနည်းစနစ်တစ်ခုဟု ဆိုနိုင်သည်။ ရှေ့တန်း တိုက်ပွဲများတွင် ဤနည်းစနစ်က ကောင်းကင်ကို ဆန့်ကျင်ပြီး ကံကြမ္မာကို ပြောင်းလဲပေးနိုင်သလို စစ်ပွဲတစ်ခု၏ ရလဒ်ကိုပါ အဆုံးအဖြတ် ပေးနိုင်စွမ်း ရှိသည် မဟုတ်ပါလား။
အမှန်စင်စစ် SSအဆင့် နည်းစနစ်ဖြစ်သည့်အတိုင်း အသက်ဝိညာဉ် မျှဝေခြင်းကို သင်ယူရန် ခက်ခဲမှုမှာလည်း အလွန်ပင် မြင့်မားလှသည်။ ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့်ရှိသော ပံ့ပိုးမှု စွမ်းရည်ပိုင်ရှင် အချို့ပင်လျှင် ဤနည်းစနစ်ကို မသင်ယူနိုင်ကြပေ။ စတုတ္ထအဆင့်လတ်သာ ရှိသေးသော ဟန်ရှန်းက ဤနည်းစနစ်ကို ကျွမ်းကျင်နေခြင်းမှာ သူ၏ အံ့သြဖွယ် ပါရမီကို သက်သေပြနေခြင်းပင် ဤအသက်ဝိညာဉ် မျှဝေခြင်း နည်းစနစ်ကို အမှီပြု၍ ကျင်းချန်း၏ ရလဒ်က မည်သို့ပင်ဖြစ်စေကာမူ ပြိုင်ပွဲပြီးဆုံးသည်နှင့် ဟန်ရှန်းက အဖွဲ့အစည်း အသီးသီး၏ အသည်းအသန် စည်းရုံးခြင်းကို ခံရမည်မှာ အသေအချာပင်။
သို့သော် ဤအချက်ကြောင့်ပင် ဤအသင်းလိုက်ပွဲမှာ မဂျစ်စီးတီးအတွက် အလွန် ခက်ခဲသွားသည်။
"သူတို့ အရင်က ပြသခဲ့တဲ့ ခွန်အားအရဆိုရင်တော့ သူတို့ နိုင်ခြေက ၂၀ ရာခိုင်နှုန်းတောင် မရှိနိုင်တော့ဘူး... ကျောင်းအုပ်ကြီးကျန်းရဲ့ ဒီဗျူဟာက တကယ့်ကို ပါးနပ်လှပါတယ်"
"အထင်ကြီးစရာပဲ... အထင်ကြီးစရာပဲ"
နည်းပြများစွာက စကားပြောနေကြရင်း ကျင်းချန်း ဒုတိယကျောင်းအုပ်ကြီး ကျန်းမူကို ချီးကျူးနေကြတော့သည်။ မုန်တိုင်းမလာခင် ငြိမ်သက်နေပြီးမှ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေမည့် လှုပ်ရှားမှုမျိုးပင်။ ကျင်းချန်း၏ ဤလုပ်ရပ်က သူတို့က ထိပ်တန်းတက္ကသိုလ်တစ်ခု ဖြစ်ကြောင်း အကြွင်းမဲ့ သက်သေပြလိုက်ခြင်း ဖြစ်သည်။
"မပြောပါနဲ့ဗျာ... ဒါတွေက ကျောင်းသားတွေ ကိုယ်တိုင် စီစဉ်ထားတဲ့ ဗျူဟာတွေပါ ကျွန်တော်တို့က သိပ်ပြီး ဝင်မစွက်ဖက်ပါဘူး" ဘယ်သူမဆို ချီးကျူးစကားကို ကြိုက်နှစ်သက်ကြသည်သာ ဖြစ်သည်။ ကျင်းချန်းအနေဖြင့် ဤဗျူဟာကို ကြာရှည်စွာ ဖုံးကွယ်ထားခဲ့သဖြင့် ဘေးပတ်ဝန်းကျင်မှ ချီးကျူးစကားများကြားတွင် ကျန်းမူက အပြင်ပန်း၌ နှိမ့်ချနေသော်လည်း သူ၏ နှုတ်ခမ်းထောင့်ရှိ အပြုံးကမူ သူ အလွန် စိတ်ကျေနပ်နေကြောင်း ပြသနေသည်။
“SSအဆင့် တိုက်ခိုက်ရေးနည်းစနစ် အသက်ဝိညာဉ် မျှဝေခြင်းတဲ့လား... ကျင်းချန်းက ဒီလို ဝှက်ဖဲမျိုးကို ဖုံးထားတာလား” သိပ်မဝေးသော နေရာတွင် ထိုင်နေသော ချင်းကျင်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ရှုဖျင်၏ မျက်နှာမှာ လေးနက်သွားသည်။ ဤကဲ့သို့သော လူစာရင်းမျိုးနှင့်ဆိုလျှင် သူ၏ ချင်းကျင်တက္ကသိုလ်ပင်လျှင် အနိုင်ရနိုင်ပါ့မလား သူ မသေချာတော့ပေ။ တိုက်ပွဲအစစ်အမှန်ကို မြင်တွေ့ရမှသာ သူ ဆုံးဖြတ်နိုင်ပေလိမ့်မည်။
“ဒါပေမဲ့... မဂျစ်စီးတီးက အဲဒီလူကတော့ အရင်အတိုင်း တည်ငြိမ်နေတုန်းပဲ... “သူက လင်းရွှမ်ရှိရာဘက်သို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။ သူမ၏ သွယ်လျသော ခန္ဓာကိုယ်မှာ မတ်မတ် ထိုင်နေဆဲဖြစ်ပြီး အေးစက်လှပသော မျက်နှာလေးပေါ်တွင် ဘာခံစားချက်မှ မရှိပေ။ မဂျစ်စီးတီး၏ သတ္တမအဆင့်မြင့် နည်းပြ ရန်ကျန့်ထျန်းပင်လျှင် လက်ပိုက်လျက် တည်ငြိမ်စွာ ကြည့်နေပြီး သူ၏ ကိုယ်စားလှယ်အဖွဲ့ ရှုံးနိမ့်သွားမည်ကို လုံးဝ စိုးရိမ်ပုံ မရပေ။ ဤသည်မှာ ရှုဖျင်အား အလွန် စပ်စုချင်စိတ် ဖြစ်ပေါ်စေသည်။ “မဂျစ်စီးတီး၏ ယုံကြည်မှုက ဘယ်ကနေ လာနေတာလဲ... ဒီလို အခြေအနေမျိုးမှာတောင် သူတို့က မပျာယာခတ်ကြဘူးလား...”
"ရှောင်မင်တို့ ရှုံးသွားနိုင်လား" အဒေါ်ဖြစ်သူ ရှုချင်းဝမ်ကမူ အသက်ဝိညာဉ် မျှဝေခြင်း သို့မဟုတ် SSအဆင့် နည်းစနစ်များအကြောင်းကို နားမလည်ပေ။ သို့သော် ဘေးပတ်ဝန်းကျင်မှ ပြောဆိုနေကြသည်များကို ကြည့်ပြီး ရှုကျင်းမင်တို့ အခက်တွေ့နေသည်ကို သူမ သိရှိလိုက်သည်။
"ဒါက..." တန်ချီလည်း ဘယ်လိုပြန်ဖြေရမှန်း မသိဘဲ ရှိနေသည်။
ထိုခဏတွင် ဘေးတွင် ထိုင်နေသော ဆုန့်ချိုးယွန်းက ပြုံးလျက် ဝင်ပြောလိုက်သည်။ "အဒေါ်ရှု... စိတ်မပူပါနဲ့... ကျင်းမင်က အခုထိ အစွမ်းကုန် မထုတ်ရသေးဘူးလေ ဒါက သူ့ကို ဘယ်လိုမှ အခက်မတွေ့စေပါဘူး"
"ဩော်... တကယ်လား" အဒေါ်ဖြစ်သူမှာ ထိုစကားကို ကြားမှ မျက်နှာလေး ဝင်းပသွားပြီး သက်ပြင်းချလျက် "ဒါဆိုရင်တော့ တော်သေးတာပေါ့" ဟု ဆိုသည်။ အခြားတစ်ဖက်တွင်မူ တန်ချီမှာ ဆုန့်ချိုးယွန်း ပြောလိုက်သည့် အချက်အလက်များကြောင့် အံ့သြသွားရသည်။ “အစွမ်းကုန် မထုတ်ရသေးခင်မှာတောင် ဒီလောက်အထိ အစွမ်းထက်နေတာဆိုရင် သူ တကယ် အစွမ်းကုန် ထုတ်သုံးလိုက်ရင် ဘယ်လောက်တောင် ကြောက်စရာကောင်းမလဲ”
"ကျင်းချန်းက တကယ်ပဲ ပြင်ဆင်လာပုံရတယ်" ကွင်းပေါ်တွင် ရှုကျင်းမင်က ကျင်းချန်း၏ ရုတ်တရက် ပြောင်းလဲသွားသော ဗျူဟာကို ရင်ဆိုင်ရင်း ချက်ချင်း တိုက်ခိုက်ခြင်း မပြုဘဲ အဝေးမှနေ၍ အကဲခတ်နေသည်။
"Sအဆင့် စွမ်းအင်ဓာတ် ခုခံရေး တိုက်ခိုက်ရေးနည်းစနစ် သုံးခု... ပြီးတော့ အားလုံးက အားပျော့သွားအောင် လုပ်တဲ့ အမျိုးအစားတွေပဲ... ဒါက နည်းနည်းတော့ ခေါင်းခဲစရာပဲ" အေးစက်သော အသွင်ရှိသည့် စီနီယာ ယောင်ဖန်က ရှေ့သို့ လျှောက်လာရင်း ပြောလိုက်သည်။ ကျင်းချန်းအဖွဲ့သား အားလုံးကို ဝန်းရံထားသော အရောင်မတူသည့် ထူထဲသော ဒိုင်းသုံးခုကို ကြည့်ပြီး သူက ခေါင်းခဲနေပုံရသည်။
"ဟုတ်တယ်... ခက်ခဲတဲ့ အနေအထားပဲ" ရှုကျင်းမင်က ခေါင်းညိတ်လိုက်သည်။ သာမန် စွမ်းအင်ဒိုင်းများနှင့် မတူဘဲ အားပျော့စေသည့် ဒိုင်းများမှာ စွမ်းအင် တိုက်ခိုက်မှုအားလုံးကို ကြားဖြတ် မတားဆီးပေ။ ၎င်းတို့က တစ်စိတ်တစ်ပိုင်းကိုသာ အားပျော့သွားအောင် လုပ်ဆောင်ခြင်းဖြစ်သဖြင့် စွမ်းအင် တိုက်ခိုက်မှုများမှာ အတွင်းဘက်သို့ ဖောက်ထွက်နိုင်သေးသည်။ သို့သော် သာမန်ဒိုင်းများနှင့် ယှဉ်လျှင်မူ ၎င်းတို့ကို ဖျက်ဆီးရန်မှာ များစွာ ပိုမို ခက်ခဲလှသည်။
အထပ်ထပ် စွမ်းအင်ဒိုင်း သုံးခုအပြင် ဟန်ရှန်း၏ အသက်ဝိညာဉ် မျှဝေခြင်းပါ ပေါင်းစပ်လိုက်ပါက အဝေးပစ် စွမ်းအင် တိုက်ခိုက်မှုများမှာ ဘာမှ အကျိုးသက်ရောက်မှု ရှိတော့မည် မဟုတ်ပေ။ ပို၍ ခက်ခဲသောအချက်မှာ အနီးကပ် တိုက်ခိုက်မည့်သူများအနေဖြင့် ထိုသူတို့ကို တိုက်ခိုက်လိုပါက ထိုစွမ်းအင်ဒိုင်း သုံးထပ်ကို အရင် ချိုးဖောက်ရမည် ဖြစ်သည်။
"ငါ့ကို ရှေ့ကနေ ဦးဆောင်ခိုင်းကြည့်ပါလား အားလုံး အတူတူ တိုးဝင်ကြတာပေါ့" စီနီယာ ခုန်းရှီက လေးနက်သော အသံဖြင့် ပြောလိုက်သည်။ သူ၏ သံမဏိဝက်ဝံကြီးစွမ်းရည်ကို အသက်သွင်းလိုက်ရာ သုံးမီတာကျော် မြင့်မားသော ခန္ဓာကိုယ်ကြီး ဖြစ်လာသည်။ တံခါးကြီးတစ်ချပ်နှင့် တူသော သတ္တုစပ်ဒိုင်းကြီးနှင့်အတူ သူက အမှန်တကယ်ပင် လုံခြုံမှု အပြည့် ပေးနိုင်သည်။
"အဲဒီလိုလုပ်ဖို့က စွန့်စားရလွန်းတယ်" ရှုကျင်းမင်က ခေါင်းခါလိုက်သည်။ အသင်းလိုက်ပွဲများတွင် အဝေးပစ် စွမ်းရည်ပိုင်ရှင်များက အရင်ဆုံး သုတ်သင်ခံရမည့် ပစ်မှတ်များ ဖြစ်သည်။ အနီးကပ် တိုက်ခိုက်သူများ တိုက်ခိုက်နေစဉ်အတွင်း သူတို့က အဝေးမှနေ၍ မြင့်မားသော ထိခိုက်မှုကို ပေးနိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။ ကျင်းချန်းတွင် အဝေးပစ် စွမ်းရည်ပိုင်ရှင် သုံးယောက်တိတိ ပါဝင်နေသဖြင့် သူတို့၏ ပစ်အားမှာ အမြင့်ဆုံး အခြေအနေတွင် ရှိနေသည်။ မီတာ ၂၀၀ အကွာအဝေးကို တိုးဝင်ရန် ကြိုးစားခြင်းမှာ သူတို့အတွက် ပစ်မှတ်အဖြစ် အခွင့်အရေး ပေးလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ ထိုအခြေအနေမျိုးတွင် စတုတ္ထအဆင့်လတ်တွင် ရှိသော ခုန်းရှီပင်လျှင် ကြာရှည် ခံနိုင်မည် မဟုတ်ပေ။
"စီနီယာယောင်... အရင်ဆုံး စီနီယာ့ရဲ့ Sအဆင့် တိုက်ခိုက်ရေးနည်းစနစ် ရေခဲစိုင် မိုးဖွဲများကို သုံးပြီး စမ်းကြည့်ပါဦး" ရှုကျင်းမင်က ခေတ္တ စဉ်းစားပြီးနောက် ယောင်ဖန်အား ပြောလိုက်သည်။ ကျင်းချန်း၏ စွမ်းအင်ဒိုင်းများ မည်မျှ အစွမ်းထက်သည်ကို သိရှိပြီးမှသာ နောက်ထပ် ဘာလုပ်ရမည်ကို သူ ဆုံးဖြတ်နိုင်သည်။
"ကောင်းပြီ" ယောင်ဖန်က ဘာမှ တွန့်ဆုတ်မနေဘဲ သူမ၏ Aအဆင့် ရေခဲဓာတ် စွမ်းရည် အလွန်အမင်း အေးစက်သော ရေခဲဝိညာဉ်ကို အစွမ်းကုန် ထုတ်သုံးလိုက်သည်။ အရိုးခိုက်မတတ် အေးစက်မှုက ချက်ချင်း ပျံ့နှံ့သွားပြီး အနီးရှိ သတ္တုစပ်ကြမ်းပြင်မှာ ရေခဲပြင်အဖြစ် ပြောင်းလဲသွားတော့သည်။
"ရေခဲစိုင် မိုးဖွဲများ"
သူမ၏ အော်ဟစ်သံနှင့်အတူ သူမ၏ နောက်ကျောဘက်တွင် ဖြူဖွေးသော ရေခဲစိုင် ထောင်ပေါင်းများစွာ စုစည်းလာတော့သည်။
“ဝှစ်... ဝှစ်... ဝှစ်...”
ရေခဲစိုင်များက စက်သေနတ်ကျည်ဆန်များကဲ့သို့ တရစပ် ပြေးထွက်သွားကြသည် ထိုမျှ သိပ်သည်းလှသော ရေခဲစိုင်များမှာ တောင်ကုန်းငယ်တစ်ခုကိုပင် ဖြိုချပစ်ရန် လုံလောက်လှသည်။ သို့သော်လည်း ထိုရေခဲစိုင်များက ကျင်းချန်း၏ စွမ်းအင်ဒိုင်း သုံးထပ်ကို ဖောက်ထွက်သွားသည့်အခါ သူတို့၏ ခွန်အားမှာ များစွာ လျော့နည်းသွားခဲ့သည်။
“ဘန်း... ဘန်း... ဘန်း...”
အားပျော့သွားသော ရေခဲစိုင်များက အသက်ဝိညာဉ် မျှဝေခြင်းကြောင့် နောက်ထပ် ၆၀ ရာခိုင်နှုန်း ထပ်မံ လျော့နည်းသွားခဲ့ရသည်။ ဟန်ရှန်းနှင့် အခြားသူများကို ထိမှန်သည့်အခါ သူတို့၏ အရေပြားပေါ်တွင် အနီကွက်လေးတစ်ခုတောင် မကျန်ခဲ့ပေ။ Aအဆင့် တိုက်ပွဲဝင်ဝတ်စုံများဖြင့် ဖုံးအုပ်ထားသော အရေးကြီးသော နေရာများမှာမူ ဘာထိခိုက်မှုမှ မရှိခဲ့ပေ။
"မင်းတို့ရဲ့ စွမ်းအင် တိုက်ခိုက်မှုက ငါတို့ကို ယားအောင်ပဲ လုပ်နိုင်တာလား... ဘာလို့ ဒီလောက်တောင် အားနည်းနေရတာလဲ... လာစမ်းပါဦး... နောက်တစ်ခါ မင်းတို့ကို ၁ မိနစ် အချိန်ပေးမယ် ကြိုက်သလိုသာ တိုက်ခိုက်စမ်းပါ"
ကုသရေး စွမ်းရည်ပိုင်ရှင်ကိုပင် အသုံးမပြုရသေးသော ဟန်ရှန်းက အောင်နိုင်သူတစ်ဦးကဲ့သို့ ပြုံးလျက် အော်ဟစ်လိုက်သည်။ ဤအကွာအဝေးမှနေ၍ သူတို့သည်လည်း အဝေးပစ် တိုက်ခိုက်ရေးနည်းစနစ်များဖြင့် မဂျစ်စီးတီးကို တိုက်ခိုက်နိုင်သည်။ သို့သော် ထိုသို့ မလုပ်ခင်မှာ သူတို့၏ ကာကွယ်ရေး စနစ်မှာ မည်မျှ ကြောက်စရာကောင်းသည်ကို မဂျစ်စီးတီးနှင့် ပရိသတ်များအား သိစေလိုခြင်းပင် ဖြစ်တော့သည်။
***