"သွားပြီ... ဒါက တကယ်ကြီး အကြွင်းမဲ့ ကာကွယ်ရေးပဲဟ"
"ဒီတိုက်ကွက်သာ ရှိနေရင် အသင်းလိုက် ချန်ပီယံဆုက ကျင်းတက္ကသိုလ်အတွက်ပဲ သေချာသွားပြီ"
"အမှန်ပဲ... ဒီလောက်အထိ ထိခိုက်မှုကို လျှော့ချနိုင်စွမ်းရှိတာက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်..."
ပွဲကြည့်စင်ထက်မှ ပရိသတ်များမှာ ဟိုးလေးတကျော် ဖြစ်သွားကြတော့သည်။ စတုတ္ထအဆင့်လတ် စွမ်းရည်ပိုင်ရှင် ယောင်ဖန်က Sအဆင့် တိုက်ခိုက်ရေးနည်းစနစ်ကို အသုံးပြုခဲ့သည့်တိုင် ကျင်းတက္ကသိုလ်အသင်းအား တစ်စုံတစ်ရာ ထိခိုက်အောင် မလုပ်နိုင်သည်ကို မြင်လိုက်ရသောအခါ အားလုံးမှာ မှင်တက်သွားကြရသည်။ စင်မြင့်ပေါ်ရှိ ယောင်ဖန်ကိုယ်တိုင်လည်း အံ့အားသင့်သွားကာ ပြောလိုက်သည်။
"ငါ့ရဲ့ Sအဆင့် နည်းစနစ်က ဒီလောက်တောင် အားပျော့သွားတာလား"
ထိုတိုက်ကွက်မှာ ဂုဝမ်၏ ဝိညာဉ်အလင်း အစွမ်းမြှင့်တင်မှု ပါဝင်နေသည်ကိုလည်း မမေ့သင့်ပေ။ အကယ်၍ ထိုအစွမ်းမြှင့်တင်မှုသာ မရှိပါက ရလဒ်မှာ ယခုထက်ပင် ပို၍ သနားစရာကောင်းနေပေလိမ့်မည်။
"Sအဆင့် စွမ်းအင်ကာကွယ်ရေးဒိုင်း သုံးထပ်ရယ်... SSအဆင့် အသက်ဝိညာဉ် မျှဝေခြင်းရယ် ပေါင်းထားတာဆိုတော့ ဒီလိုဖြစ်တာက ပုံမှန်ပါပဲ ဒါပေမဲ့ ကိစ္စမရှိပါဘူး... ဒါကို ဖျက်ဆီးဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး... ငါ တစ်ချက်လောက် စမ်းကြည့်လိုက်မယ်"
ရှုကျင်းမင်က ဒိုင်း၏ အစွမ်းကို ခန့်မှန်းပြီးနောက် သူ၏ မျက်ဝန်းများကို မှေးလိုက်ရာ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ရွှေရောင်မိုးကြိုးလျှပ်စီးများက တဖျစ်ဖျစ်နှင့် ထွက်ပေါ်လာတော့သည်။
"အဖွဲ့ခေါင်းဆောင်... ရှင် အစွမ်းကုန် ထုတ်သုံးတော့မလို့လား" ယောင်ဖန်၏ မျက်လုံးများက တောက်ပသွားသည်။
"ဆရာကိုယ်တိုင်က နည်းဗျူဟာ နံပါတ် ၁ ကို သုံးခိုင်းထားတာဆိုတော့ သူတို့ကို အံ့ဩစရာတစ်ခု ပေးလိုက်တာပေါ့"
ရှုကျင်းမင်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ရွှေရောင်မိုးကြိုးများက ရုတ်တရက် ပိုမိုပြင်းထန်လာသည်။ ထို့နောက် သူ၏ တည်ကြည်သော မျက်ဝန်းများက တောက်ပသော ရွှေရောင်နဂါးသူငယ်အိမ်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သူ၏ ခန္ဓာကိုယ်သည်လည်း ၂.၂ မီတာခန့်အထိ ရုတ်တရက် ကြီးထွားလာကာ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရွှေရောင်မိုးကြိုးများက ရစ်ပတ်နေသည်။ သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ အင်အားကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင်၏ အရှိန်အဝါများ လွင့်ပျံ့ထွက်ပေါ်လာခဲ့သည်။
"အင်း... ဒီပုံစံကမှ နေလို့ထိုင်လို့ ကောင်းတာ"
မိုးကြိုးအထွတ်အထိပ် အခြေအနေထဲသို့ မဝင်ရောက်ခဲ့သည်မှာ ကြာပြီဖြစ်သော ရှုကျင်းမင်က ကျေနပ်စွာ ပြုံးလိုက်သည်။ သို့သော် သူ၏ ဘေးနားရှိ ယောင်ဖန်မှာမူ မျက်ခွံများ တလှုပ်လှုပ်တုန်သွားကာ မသိစိတ်ဖြင့် ကုန်းရှီ၏ ဘေးနားသို့ ဆုတ်ခွာသွားမိသည်။ SSအဆင့် စွမ်းရည်နှင့် နဝမအဆင့် နဂါးသားရဲဘုရင်၏ အရှိန်အဝါ ပေါင်းစပ်မှုက စတုတ္ထအဆင့်လတ် စွမ်းရည်ပိုင်ရှင်ဖြစ်သော သူမအတွက်ပင် ခံနိုင်ရည်ရှိရန် ခက်ခဲလွန်းလှသည်။
"ဘုရားရေ... မိုးကြိုးဧကရာဇ်က မိုးကြိုးဓာတ် စွမ်းရည်ပိုင်ရှင် မဟုတ်ဘူးလား သူက ဒါမျိုးလည်း လုပ်တတ်တာလား"
"ဒါက အထူး ခန္ဓာကိုယ်ကြံ့ခိုင်ရေး နည်းစနစ်တစ်ခု ဖြစ်ရမယ် ကြည့်ရတာ တကယ်ကို မိုက်တယ်"
"ဟုတ်တယ်... သူ့ဆီကနေ အာဏာစက်ပြင်းတဲ့ ရက်စက်မှု အငွေ့အသက်တွေ ထွက်နေတယ်"
ရှုကျင်းမင် မိုးကြိုးအထွတ်အထိပ် အခြေအနေသို့ ဝင်ရောက်သွားခြင်းက ပွဲကြည့်ပရိသတ်အားလုံးကို ချက်ချင်းပင် အံ့အားသင့်သွားစေသည်။ စင်မြင့်နှင့် နီးသော ပရိသတ်အချို့မှာမူ ထိပ်တန်းသားရဲကြီးတစ်ကောင်၏ နယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်မိသလို ခံစားလိုက်ရသဖြင့် နှလုံးခုန်မြန်ကာ ထိတ်လန့်တုန်လှုပ်နေကြသည်။
အချို့သော မိန်းကလေးငယ်များမှာမူ ရှုကျင်းမင်၏ လူသားသားရဲတစ်ကောင်ကဲ့သို့ သန်မာလှသော ခန္ဓာကိုယ်ကြီးကို ကြည့်ကာ မျက်နှာများ အနည်းငယ် နီမြန်းနေကြသော်လည်း သူတို့ ဘာတွေးနေသည်ကိုမူ မည်သူမျှ မသိနိုင်ပေ။
"မိုးကြိုးအထွတ်အထိပ် အခြေအနေလား... မင်းမှာ ဒီလိုလှည့်ကွက်ရှိတာ ငါတို့ ကြိုသိပြီးသားပါ"
ပရိသတ်များကဲ့သို့ အံ့ဩခြင်းမရှိဘဲ စင်ပေါ်ရှိ ကျင်းတက္ကသိုလ်အသင်းမှာမူ ထိုအရာကို မျှော်လင့်ထားပုံရသည်။ အဖွဲ့ခေါင်းဆောင် ဟန်ရှန်းက ပို၍ပင် ယုံကြည်ချက်ရှိနေကာ ပြောလိုက်သည်။
"ရှုကျင်းမင်... မင်းရဲ့ မိုးကြိုးအထွတ်အထိပ် အခြေအနေက မင်းရဲ့ ခန္ဓာကိုယ်ခွန်အားကို အများကြီး တိုးစေတာမှန်ပေမဲ့ စွမ်းရည်အပေါ်မှာတော့ ထူးထူးခြားခြား တိုးတက်စေတာ မရှိပါဘူး... ငါ အကြံပေးချင်တာကတော့ စောစောစီးစီး အရှုံးပေးလိုက်တာ ပိုကောင်းမယ်... မဟုတ်ရင် ခဏနေ တကယ်တိုက်တဲ့အခါ ငါတို့ ညှာတာမှာ မဟုတ်ဘူး"
"မင်းတို့က ငါတို့ကို နိုင်မယ်လို့ အဲဒီလောက်တောင် ယုံကြည်နေတာလား"
ရှုကျင်းမင်က ခေါင်းခါလိုက်ပြီး "စီနီယာအစ်မ ဂု... ကျွန်တော့်ကို အစွမ်းမြှင့်ပေးပါဦး"
"ကောင်းပြီလေ... ငါလည်း ဒီအချိန်ကို စောင့်နေတာ"
သူတို့၏ နောက်ဘက်တွင် ရှိနေသော မျက်မှန်အနက်လေးနှင့် ဂုဝမ်က ပြုံးလိုက်ပြီး အော်ပြောလိုက်သည်။ "ဝိညာဉ်အလင်း၏ ကျေးဇူးတော်...."
“ဘုန်း...”
တောက်ပသော နတ်ဘုရားအလင်းတန်းများက ဂုဝမ်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ရှုကျင်းမင်၏ ခန္ဓာကိုယ်ထဲသို့ အလုံးအရင်းနှင့် စီးဝင်သွားတော့သည်။ “ဝိညာဉ်အလင်း၏ ကျေးဇူးတော် Sအဆင့် ပံ့ပိုးမှုနည်းစနစ်”
ထိုစွမ်းအားက ရှုကျင်းမင်အပေါ်သို့ ကျရောက်သွားသည်နှင့် သူ၏ အားကောင်းလှသော အရှိန်အဝါမှာ နောက်ထပ်အဆင့်တစ်ခုသို့ ချက်ချင်းပင် မြင့်တက်သွားတော့သည်။ ထိုကြောက်မက်ဖွယ်ရာ အရှိန်အဝါကြောင့် တစ်ဖက်မှ ကျင်းတက္ကသိုလ်အသင်းသားများ၏ မျက်နှာများမှာ အနည်းငယ် ပျက်သွားကြသည်။ တစ်ဦးချင်းပြိုင်ပွဲတွင် ရှုကျင်းမင်၏ ထိုးနှက်မှုကို ခံခဲ့ရဖူးသော ကျိုးချောင်းမှာ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားကာ ဟန်ရှန်းကို လှမ်းကြည့်လိုက်သည်။
"အဖွဲ့ခေါင်းဆောင်... ရှုကျင်းမင်ရဲ့ အရှိန်အဝါက ဘာလို့ ဒီလောက်တောင် ပြင်းထန်နေရတာလဲ"
"စိတ်မပူနဲ့... ရှုကျင်းမင်က တတိယအဆင့်မြင့်ပဲ ရှိသေးတာ... သူ ငါတို့ရဲ့ အကြွင်းမဲ့ ကာကွယ်ရေးကို ဘယ်လိုမှ မဖောက်နိုင်ဘူး"
SSအဆင့် နည်းစနစ်ဖြစ်သော အသက်ဝိညာဉ် မျှဝေခြင်းမှာ ဟန်ရှန်း နှစ်နှစ်တိုင်တိုင် ကျင့်ကြံခဲ့ရသော အစွမ်းဖြစ်သဖြင့် သူက အပြည့်အဝ ယုံကြည်နေခြင်းပင်။ သို့သော် ထိုအချိန်တွင်ပင် နိမ့်ရှိုင်းပြီး ခန့်ညားလှသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"မိုးကြိုးနတ်ဘုရား လက်ချောင်း"
ထိုစကားလုံးများ ဆုံးသည်နှင့် နံနက် ၉ နာရီကျော်ကျော်သာ ရှိသေးသော ကြည်လင်နေသည့် ကောင်းကင်ထက်မှ မိုးခြိမ်းသံကြီးက ဝုန်းခနဲ မြည်ဟည်းသွားတော့သည်။
"မိုးခြိမ်းတာလား" ဟန်ရှန်းမှာ အနည်းငယ် လန့်သွားပြီး ကောင်းကင်ကို မသိစိတ်ဖြင့် မော့ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် မီတာနှစ်ရာအကွာရှိ ရှုကျင်းမင်၏ ခန္ဓာကိုယ်မှ ရွှေရောင်မိုးကြိုးတိုင်ကြီးတစ်ခု ဝုန်းခနဲ ပန်းထွက်လာကာ ကောင်းကင်ယံရှိ တိမ်တိုက်များထဲသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
“ဝုန်း... ဝုန်း... ဝုန်း...”
ခဏအကြာတွင် မိုးခြိမ်းသံများက ပို၍ စိတ်လှုပ်ရှားဖွယ် ကောင်းလာပြီး ကောင်းကင်ယံမှ ဧရာမ ရွှေရောင်လက်ချောင်းကြီးတစ်ချောင်း မိုးခြိမ်းသံနှင့်အတူ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ၎င်းက ရွှေရောင်မိုးကြိုးလျှပ်စီးများ စုစည်းပြီး ဖြစ်ပေါ်လာသော လက်ချောင်းကြီးပင်။
လက်ချောင်းကြီးတစ်ခုလုံးမှာ တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး မျက်နှာပြင်ပေါ်တွင် ထူးခြားဆန်းပြားသော လျှို့ဝှက်အမှတ်အသားများ ရှိနေသည်။ ထိုလက်ချောင်းကြီး အားကစားကွင်း၏ အပေါ်တွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရောက်ရှိနေသော သောင်းနှင့်ချီသော ပရိသတ်များမှာ မြင့်မြတ်ပြီး ခန့်ညားလှသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ကြရသည်။
"ဒါက ဘယ်လိုနည်းစနစ်မျိုးလဲ... ဘာလို့ ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအင်လှိုင်းတွေ ရှိနေရတာလဲ"
"ငါ... ငါ သူ့ဆီကနေ နတ်ဘုရားတစ်ပါးရဲ့ အရှိန်အဝါကို ခံစားနေရတယ်"
"နိမိတ်တစ်ခုပဲ... ဒါက တကယ့် နိမိတ်တစ်ခုပဲ"
ပရိသတ်များမှာ ရှုကျင်းမင်၏ ပုံစံပြောင်းလဲမှုကို ဆွေးနွေးနေကြရာမှ လက်ချောင်းကြီး ပေါ်လာသောအခါ အသက်ရှူပင် မေ့လောက်အောင် မှင်တက်သွားကြသည်။ ဘာသာရေး အစွန်းရောက်သူအချို့မှာမူ ထိုနေရာမှာတင် ဝပ်တွားကာ ဆုတောင်းနေကြတော့သည်။
"အဖွဲ့... အဖွဲ့ခေါင်းဆောင်... ဒီလက်ချောင်းကြီးရဲ့ အရှိန်အဝါက ကြောက်စရာကောင်းလွန်းမနေဘူးလား" ကျိုးချောင်းက တံတွေးကို ခက်ခဲစွာ မျိုချကာ စိုးရိမ်တကြီး မေးလိုက်သည်။
"စိတ်မပူနဲ့... ငါတို့ ဒါကို ခုခံနိုင်မှာပါ"
ဟန်ရှန်းသည်လည်း ရှုကျင်းမင်က ဤမျှ ကြောက်စရာကောင်းသော နည်းစနစ်ကို သုံးနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော် သူတို့၏ ဗျူဟာမှာ ကာကွယ်ရေးဖြစ်သဖြင့် အံကြိတ်ခံရန်သာ ရှိတော့သည်။
"အားလုံးပဲ... စွမ်းရည်တွေကို အစွမ်းကုန် ထုတ်သုံးကြစမ်း" "ဟုတ်ကဲ့"
ဒါက အဆုံးအဖြတ် အခိုက်အတန့်မှန်း အားလုံးသိကြသဖြင့် စွမ်းရည်များကို အမြင့်ဆုံးအထိ တိုးမြှင့်ကာ နည်းစနစ်များကို ဆက်တိုက် ထုတ်သုံးလိုက်ကြသည်။
“ဟမ်...”
Sအဆင့် စွမ်းအင်ကာကွယ်ရေးဒိုင်း သုံးထပ်၏ ရှေ့တွင် နောက်ထပ်သော ဓာတ်ကြီးလေးပါး အကာအကွယ်များ ပေါ်လာပြန်သည်။ တစ်ချိန်တည်းမှာပင် သူတို့ ငါးယောက်လုံးကို ချိတ်ဆက်ထားသော SSအဆင့် အသက်ဝိညာဉ် မျှဝေခြင်းမှာ ပို၍ တောက်ပလာသည်။ ထိုအချိန်တွင်ပင် မိုးကြိုးနတ်ဘုရား လက်ချောင်းကြီးက ဝုန်းခနဲ ကျဆင်းလာတော့သည်။
“ဘန်း ဘန်း ဘန်း...” ဧရာမ ရွှေရောင်လက်ချောင်းကြီး၏ ရိုက်ခတ်မှုအောက်တွင် ထိုစွမ်းအင်ကာကွယ်ရေးဒိုင်းများက စက္ကူများသဖွယ် တစစီ ကြေမွသွားတော့သည်။ နောက်ဆုံး Sအဆင့် ကာကွယ်ရေးဒိုင်းကို ထိုးဖောက်ပြီးနောက်တွင်မှ လက်ချောင်းကြီး၏ စွမ်းအားမှာ အနည်းငယ် လျော့နည်းသွားသည်။
"ဒီကျန်နေတဲ့ စွမ်းအင်ကိုသာ ခံနိုင်ရင် နောက်ဆုံးအောင်ပွဲက ငါတို့အတွက်ပဲ လီရန်... မြန်မြန် မင်းရဲ့ Sအဆင့် နည်းစနစ်ကို သုံးလိုက်တော့"
လောင်းကစားသမားတစ်ဦးကဲ့သို့ ဟန်ရှန်းက မျက်လုံးများ နီမြန်းကာ အော်ဟစ်လိုက်သည်။ အခြား ကုသရေးစွမ်းရည်ပိုင်ရှင် တစ်ဦးကလည်း သူ ပြင်ဆင်ထားသော နည်းစနစ်ကို ထုတ်သုံးလိုက်သည်။ "သက်စောင့်ဒီရေလှိုင်း...."
“ဝှစ်...”
နွေးထွေးကြည်လင်သော စမ်းရေများက အားလုံး၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကာ ဖြစ်လာသမျှ ဒဏ်ရာအားလုံးကို ချက်ချင်း ကုသရန် ပြင်ဆင်လိုက်သည်။
စွမ်းအားအနည်းငယ် လျော့ပါးသွားသော မိုးကြိုးနတ်ဘုရား လက်ချောင်းက ကျင်းတက္ကသိုလ်အသင်းပေါ်သို့ နောက်ဆုံးတွင် ကျရောက်သွားပြီး ပြင်းထန်လှသော ရွှေရောင်မိုးကြိုးများက ဝုန်းခနဲ ပေါက်ကွဲထွက်သွားတော့သည်။
မိုးကြိုးလျှပ်စီးများဖြင့် ဖြစ်ပေါ်လာသော မှိုပွင့်သဏ္ဌာန် တိမ်တိုက်ကြီးတစ်ခု မြင့်တက်လာကာ ကျင်းတက္ကသိုလ်အသင်း ရှိနေသော နေရာတစ်ခုလုံးတွင် မိုးကြိုးလျှပ်စီးများဖြင့် ဖုံးလွှမ်းသွားတော့သည်။
"ဒါ... ဖျက်ဆီးခံလိုက်ရတာလား"
"မသိဘူး... မိုးကြိုးဧကရာဇ်ရဲ့ လက်ချောင်းက ပိုသန်မလား ကျင်းတက္ကသိုလ်ရဲ့ အကြွင်းမဲ့ ကာကွယ်ရေးက ပိုသန်မလားဆိုတာ ကြည့်ရမှာပဲ"
ပရိသတ်များ၏ မျှော်လင့်တကြီး ကြည့်နေမှုအောက်တွင် မိနစ်အနည်းငယ် ကြာပြီးနောက် စင်မြင့်ပေါ်မှ ရွှေရောင်လျှပ်စီးများမှာ တဖြည်းဖြည်း လွင့်ပြယ်သွားသည်။
အားလုံး မြင်လိုက်ရသည်မှာ ဒုံးကျည်များဖြင့် အပွတ်ခံထားရသကဲ့သို့ ချိုင့်ခွက်များဖြင့် ပြည့်နှက်ကာ ပျက်စီးနေသော သတ္တုစပ် မြေပြင်ကြီးပင်။ ထိုမြေပြင်ထက်တွင် ကျင်းတက္ကသိုလ်အသင်းသား ငါးယောက်လုံးမှာ စင်မြင့်မှ ပေးထားသော ဘေးကင်းရေး စွမ်းအင်ဒိုင်းများအတွင်း ရောက်ရှိနေကြပြီး အားလုံးမှာ ပြိုင်ပွဲမှ ထွက်လိုက်ရပြီ ဖြစ်သည်။
မိုးကြိုးနတ်ဘုရား လက်ချောင်းတစ်ချက်တည်းဖြင့် ကျင်းတက္ကသိုလ်အသင်း တစ်သင်းလုံးကို သုတ်သင်ရှင်းလင်းလိုက်သည်။
***