"ကျောင်းအုပ်ကြီး... ဒါက ဘာအတွက်လဲဟင်" ရှုကျင်းမင်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ခုနက ကျင်းတက္ကသိုလ်နဲ့ ငါ SSအဆင့် အရင်းအမြစ်တစ်ခု လောင်းကြေးထပ်ခဲ့တယ်... မင်းတို့အသင်းနဲ့ သူတို့အသင်း ဘယ်သူနိုင်မလဲဆိုတာကိုပေါ့… အခု မင်းက ငါ့ကို နိုင်အောင် ကူညီပေးခဲ့တာဆိုတော့ ဒါက မင်းအတွက် ဆုလာဘ်ပဲ"
လင်းရွှမ်က ရှင်းပြလိုက်မှ ရှုကျင်းမင် နားလည်သွားပြီး ကျင်းတက္ကသိုလ် ပရိသတ်များဘက်ကို မသိမသာ လှမ်းကြည့်လိုက်မိသည်။ ကျင်းတက္ကသိုလ်၏ ဒုတိယကျောင်းအုပ်ကြီး ကျန်းမူ၏ မျက်နှာမှာ နှမြောတသဖြစ်လွန်းသဖြင့် ရှုံ့မဲ့နေလေသည်။
“ဟင်း... SSအဆင့် အရင်းအမြစ်တစ်ခုကို ဒီလိုပဲ လောင်းကြေးထပ်လိုက်တာလား... အဆင့် ၈ အထွတ်အထိပ် ဆရာကြီးတွေရဲ့ လောင်းကြေးက ဒီလောက်တောင် မြင့်တာလား”
ရှုကျင်းမင် စိတ်ထဲမှ တိတ်တဆိတ် အံ့ဩနေမိသော်လည်း ပြုံးလိုက်ကာ ဒုတိယကျောင်းအုပ်ကြီး လင်းရွှမ်၏ လက်ထဲမှ ကျောက်စိမ်းပုလင်းလေးကို လှမ်းယူလိုက်သည်။ "ဒါဆိုရင် ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီးလင်း"
ဆဋ္ဌမအဆင့် ကွိုင်ယွမ် ဆေးလုံးမှာ Sအဆင့် ကျင့်ကြံရေး အရင်းအမြစ်များထဲတွင် အကောင်းဆုံးစာရင်းဝင်တစ်ခု ဖြစ်သည်။ တစ်ပုလင်းတွင် ဆေးလုံး ၁၀ လုံးပါဝင်ပြီး တစ်လုံးသောက်ကာ စွမ်းရည်ကျင့်စဉ်ကို ကျင့်ကြံမည်ဆိုပါက ကျင့်ကြံမှုအရှိန်ကို အဆ ၂၀ နီးပါး မြင့်တက်စေနိုင်သည်။ ၎င်းကို ပြီးခဲ့သည့်အပတ်က သူ ကိုယ်တိုင် အတည်ပြုထားပြီးသား ဖြစ်သည်။
"Sအဆင့် ကျင့်ကြံရေး အရင်းအမြစ်ကြီးဟ" "ကျောင်းအုပ်ကြီးက အဖွဲ့ခေါင်းဆောင်အပေါ် တကယ်ကောင်းတာပဲ... ဒီလို အဖိုးတန်တာကိုတောင် ပေးတယ်" "ဘယ်သူက မလိုချင်ဘဲ နေမှာလဲ... ငါလည်း လိုချင်လိုက်တာ..."
ယောင်ဖန်နှင့် အခြားသူများ၏ မျက်ဝန်းထဲတွင် ကျောင်းအုပ်ကြီးလင်း၏ ရက်ရောမှုအပေါ် မနာလိုမှုနှင့် အားကျမှုများဖြင့် ပြည့်နှက်နေသည်။ အမှန်ပင် ဤSSအဆင့် အရင်းအမြစ်မှာ ကျောင်းအုပ်ကြီးလင်းနှင့် ကျောင်းအုပ်ကြီးကျန်းတို့၏ သီးသန့်လောင်းကြေးသာ ဖြစ်သည်။ သူမအနေဖြင့် ရှုကျင်းမင်ကို ပေးရန် မလိုအပ်သော်လည်း ပေးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
"ဪ... နောက်ဆိုရင်လည်း ဒီလိုမျိုး အခြေအနေတွေရှိရင် ကျွန်တော့်အတွက်ပါ လောင်းပေးပါဦး ကျောင်းအုပ်ကြီးလင်း အရမ်းရှားပါးတဲ့ အရာတွေ မဟုတ်တောင်မှ Sအဆင့် ကျင့်ကြံရေး အရင်းအမြစ်ဆိုရင် ရပါပြီ" ရှုကျင်းမင်က ခဏရပ်ပြီးနောက် ထပ်ပြောလိုက်သည်။
သူ့တွင် Systemရှိသဖြင့် အမှတ်များ တိုက်ရိုက်ပေါင်းထည့်နိုင်သော်လည်း မည်သူကမှ အရင်းအမြစ် ပိုရှိသည်ကို မငြင်းပယ်ကြပေ။ အနိုင်သေချာနေသော လောင်းကြေးမျိုးဆိုလျှင် ဘာလို့ မပါဝင်ဘဲ နေရမည်နည်း။
"ဘုရားရေ သူက ကျောင်းအုပ်ကြီးကိုတောင် လောင်းကြေးထပ်ပေးဖို့ ပြောရဲတာလား... အဖွဲ့ခေါင်းဆောင်က တကယ်ကြီး သတ္တိကောင်းလွန်းတာပဲ" ဘေးနားရှိ ယောင်ဖန်တို့မှာ ဆွံ့အသွားကြသည်။
“ဒါက Sအဆင့် စွမ်းရည်ရှိတဲ့ အဆင့် ၈ အထွတ်အထိပ် ဆရာကြီးနော် တစ်နိုင်ငံလုံးမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက်လေ... ဒီလိုပုဂ္ဂိုလ်မျိုးကို ခိုင်းစေရဲတာက ပြဿနာရှာနေတာ မဟုတ်ဘူးလား...”
သို့သော် သူတို့ ထင်ထားသလို ဒေါသထွက်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်းများ ဖြစ်မလာခဲ့ပေ။ လင်းရွှမ်က ခေါင်းကို အသာအယာ ငြိမ့်လိုက်ကာ သဘောတူကြောင်း ပြသခဲ့သည်။
"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီးလင်း" ရှုကျင်းမင်က ပြုံးဖြဲဖြဲဖြင့် နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။
သူ အဖွဲ့ထဲသို့ ပြန်ရောက်သည်နှင့် အသင်းသားများ၏ အားကျသော အကြည့်များဖြင့် ဆုံလိုက်ရသည်။ အေးစက်လှသော ယောင်ဖန်ပင်လျှင် လက်မထောင်ပြကာ ပြောလိုက်သည်။ "အဖွဲ့ခေါင်းဆောင်ကတော့ ထုံးစံအတိုင်းပဲ တကယ့်ကို အမိုက်စားပဲ" ဟု ပြောလိုက်တော့သည်။
နံနက်ပိုင်း အသင်းလိုက်ပြိုင်ပွဲတွင် စုစုပေါင်း ၅ ပွဲ ရှိခဲ့သည်။ မဂျစ်စီးတီးတက္ကသိုလ်နှင့် ကျင်းတက္ကသိုလ်တို့ ပွဲပြီးနောက်တွင်လည်း အသင်းလိုက်ပြိုင်ပွဲများ ဆက်လက်ကျင်းပနေခဲ့သည်။
မွန်းလွဲပိုင်းတွင်မူ တစ်ဦးချင်းပြိုင်ပွဲ၏ ကွာတားဖိုင်နယ် ပွဲစဉ်များ စတင်တော့မည် ဖြစ်သည်။ ယခင်ပွဲစဉ်များတွင် ရှုကျင်းမင်အပြင် မဂျစ်စီးတီးတက္ကသိုလ်မှ ယောင်ဖန်နှင့် ကုန်းရှီတို့သည်လည်း ထိပ်တန်းရှစ်ယောက်စာရင်းထဲသို့ ဝင်ရောက်နိုင်ခဲ့ကြသည်။ ကျင်းတက္ကသိုလ်မှလည်း စတုတ္ထအဆင့်မြင့် စွမ်းရည်ပိုင်ရှင် ဝမ်ချီနှင့် စတုတ္ထအဆင့်လတ် စွမ်းရည်ပိုင်ရှင် ကျိုးထိုက်ကျိတို့ ထိပ်တန်းရှစ်ယောက်ထဲ ပါဝင်ခဲ့ကြသည်။ ကျင်းတက္ကသိုလ်မှာမူ အနည်းငယ် အားနည်းကာ တစ်ယောက်သာ ပါဝင်နိုင်ခဲ့ပြီး ကျန်နှစ်ယောက်မှာမူ အခြားသော ထိပ်တန်း ၁၀ ကျောင်းစာရင်းဝင် တက္ကသိုလ်များမှ ဖြစ်သည်။
ထူးခြားချက်အနေဖြင့် စတုတ္ထအဆင့်လတ်အထိ ရောက်ရှိထားသော ပိုင်ရှန်းစွမ်းရည်ပိုင်ရှင်တက္ကသိုလ်၏ အဖွဲ့ခေါင်းဆောင် ကျိဟွေမှာ မူလက ထိပ်တန်းရှစ်ယောက်ထဲ ဝင်ရန် အရည်အချင်းရှိသော်လည်း ၁၆ ယောက်အဆင့်တွင် ဝမ်ချီနှင့် တွေ့ဆုံကာ တိုက်ရိုက် အလဲထိုးခံလိုက်ရခြင်းပင် ဖြစ်သည်။
"နောက်ဆက်တွဲအနေနဲ့ ကွာတားဖိုင်နယ် ဒုတိယပွဲစဉ်ကို စတင်ပါတော့မယ် မဂျစ်စီးတီးတက္ကသိုလ်မှ ရှုကျင်းမင်နဲ့ ဆုဟန်စွမ်းရည်ပိုင်ရှင်တက္ကသိုလ်မှ ဆွန်းကျယ်တို့ စင်မြင့်ပေါ်ကို ကြွရောက်ပေးကြပါ"
ညနေ ၂ နာရီခွဲတွင် ရှုကျင်းမင်၏ အလှည့် ရောက်လာခဲ့ပြီ ဖြစ်သည်။
"သွားတော့ အဖွဲ့ခေါင်းဆောင်" "ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ပါစေ"
အသင်းသားများ၏ အားပေးသံများကြားမှ ရှုကျင်းမင်က လေလွင့်တိမ်တိုက် ရွှေရောင်လှံကို ကိုင်ဆောင်ကာ စင်မြင့်ပေါ်သို့ တက်လှမ်းလိုက်သည်။ သူ၏ ပြိုင်ဘက် ဆွန်းကျယ်မှာမူ ဆုတက္ကသိုလ်အသင်း၏ ခေါင်းဆောင်ဖြစ်ပြီး အသင်းလိုက်ပြိုင်ပွဲတုန်းက လူသုံးယောက်ဖြင့် ဝိုင်းထားသော်လည်း ရှုကျင်းမင်၏ လှံချက်တစ်ချက်တည်းဖြင့် ကြောက်လန့်တုန်လှုပ်သွားခဲ့ရသူ ဖြစ်သည်။
"ရှုကျင်းမင်... မင်းနဲ့ တွေ့ရမယ်လို့ မထင်ထားဘူး..." ဆွန်းကျယ်၏ မျက်နှာမှာ ရှုပ်ထွေးနေသည်။
ဆုဟန်စွမ်းရည်ပိုင်ရှင်တက္ကသိုလ်မှာ တစ်နိုင်ငံလုံးတွင် ထိပ်တန်း ၅ ကျောင်းစာရင်းဝင် တက္ကသိုလ်ဖြစ်သဖြင့် ပရိသတ်အားပေးမှု အခိုင်အမာ ရှိသည်။ သို့သော် အသင်းလိုက်ပြိုင်ပွဲတုန်းက ရှုကျင်းမင်၏ လှံချက်ကို သူ ရှောင်တိမ်းခဲ့မှုကြောင့် ပရိသတ်များ၏ လှောင်ပြောင်မှုကို ခံခဲ့ရသည်။ သုံးယောက်နဲ့ တစ်ယောက်ကိုတောင် အနိုင်မတိုက်နိုင်ဘူးလား၊ ဆုတက္ကသိုလ် အဖွဲ့ခေါင်းဆောင်ကို လဲလိုက်ပါ၊ ငါ့အဖွားတောင် ရှုကျင်းမင်ကို ဆိုင်ရဲသေးတယ် ဆိုသည့် စာသားများမှာ အွန်လိုင်းတွင် Trending ဖြစ်နေဆဲ ဖြစ်သည်။
"ရှုကျင်းမင် မင်းနဲ့ တွေ့ရတာက ငါ့အတွက် ကံကောင်းခြင်းရော ကံဆိုးခြင်းရောပဲ" ဆွန်းကျယ်၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ တောက်လောင်နေကာ သူ၏ ဓားရှည်ကြီးကို လက်တွင် ဆုပ်ကိုင်ထားသည်။ သူက ဓားဖျားကို ရှုကျင်းမင်ထံသို့ တည့်တည့်ချိန်လိုက်ပြီး ပြောလိုက်သည်။ "ဒီတစ်ခါတော့ ငါ ထပ်မရှောင်တော့ဘူး"
"ဪ... တိုက်ခိုက်လိုစိတ်ကတော့ အားကောင်းသားပဲ" ရှုကျင်းမင်က မျက်ခုံးတစ်ချက် ပင့်လိုက်ကာ လက်ထဲမှ လှံကို လှပစွာ ဝှေ့ယမ်းလိုက်သည်။ "ပွဲစတဲ့အခါမှာလည်း အဲဒီစိတ်ဓာတ်ကို ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်ပါတယ်..."
"ဆုတက္ကသိုလ် အဖွဲ့ခေါင်းဆောင် ဆွန်းကတော့ ဒီပွဲမှာ သူ့ကိုယ်သူ သက်သေပြချင်နေပုံရပါတယ်... ဒါဆိုရင် မဂျစ်စီးတီးနဲ့ ဆုတက္ကသိုလ် အဖွဲ့ခေါင်းဆောင် နှစ်ယောက်ထဲက ဘယ်သူက ပိုသန်မလဲဆိုတာ ကြည့်လိုက်ကြရအောင် အချိန်ရေတွက်မယ်... ၃... ၂... ၁... စမယ်"
နံနက်ပိုင်းက ပွဲစဉ်တွင် ရှုကျင်းမင်က သူ၏ မိုးကြိုးအထွတ်အထိပ် အခြေအနေကို ထုတ်ပြခဲ့ပြီးသား ဖြစ်သဖြင့် ယခုလည်း ဖုံးကွယ်ထားရန် မလိုတော့ပေ။ အစီအစဉ်မှူးက စတင်ရန် ကြေညာသည်နှင့် ရှုကျင်းမင်၏ ခန္ဓာကိုယ်မှာ နှစ်မီတာကျော်အထိ ကြီးထွားလာတော့သည်။
"မိုးကြိုးလျှပ်တစ်ပြက်"
“ဝှစ်...”
ရွှေရောင်လျှပ်စီးတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် ရှုကျင်းမင်၏ အရိပ်က မူလနေရာမှ ပျောက်ကွယ်သွားသည်။
"မြန်လိုက်တာ"
ဆွန်းကျယ်၏ မျက်ဝန်းသူငယ်အိမ်များက ကျုံ့သွားသည်။ သူက Aအဆင့် စွမ်းရည် ဓားစွယ်ကျားကို အသက်သွင်းထားသဖြင့် ခန္ဓာကိုယ်ခွန်အား မြင့်တက်နေသော်လည်း ရှုကျင်းမင်၏ လှုပ်ရှားမှုကိုမူ မမီပေ။
သူ ရှုကျင်းမင်ကို အသည်းအသန် ရှာနေစဉ်မှာပင် သူ၏ ညာဘက်လက်မောင်းမှ ကြက်သီးမွေးညင်းများ ထလာကာ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းက သူ့ကို သေမင်း၏ သတိပေးချက်များ ပေးပို့နေကြသည်။ ထိုအန္တရာယ်ကြားတွင် သူ နောက်ဆုံး၌ မြင်လိုက်ရသည်မှာ သူ၏ ညာဘက်ဘေးတွင် ရောက်နေသော ရှုကျင်းမင်ပင် ဖြစ်သည်။
ထိုရွှေရောင် နဂါးမျက်ဝန်းများထဲတွင် အရာအားလုံးကို အရေးမစိုက်သော အမူအရာများ ရှိနေသည်။ လျှပ်စီးများ ရစ်ပတ်နေသော လှံတံကြီးမှာ ရွှေရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ဘေးတိုက် ဝှေ့ယမ်းလိုက်သည်။
“ဒီတစ်ခါလည်း ဒီကွက်ပဲလား ငါ ထပ်မရှောင်တော့ဘူး...”
"ကျားဟိန်း ပေါက်ကွဲမှု ခုတ်ချက်..."
“ဝေါင်း...”
Sအဆင့် တိုက်ခိုက်ရေးနည်းစနစ်ကို ဆွန်းကျယ်က ထုတ်သုံးလိုက်သည်။ ကျားဟိန်းသံနှင့်အတူ တောက်ပသော ဓားရောင်များ ထွက်ပေါ်လာကာ ဓားရှည်ကြီးက လှံတံဆီသို့ အားပြင်းစွာ ခုတ်ချလိုက်သည်။
“ထန်း...”
နားကွဲမတတ် သတ္တုချင်း ရိုက်ခတ်သံကြီး ထွက်ပေါ်လာသည်။ ဆွန်းကျယ်၏ အံ့ဩနေသော အကြည့်များအောက်တွင် ဘေးတိုက်ဝှေ့ယမ်းလာသော လှံတံက သူ၏ ဓားကို ရိုက်ခတ်သွားရာ Aအဆင့် သတ္တုစပ်ဓားကြီးမှာ တခဏချင်းမှာပင် လိမ်ကောက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် လက်အတွင်းမှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး လှံတံကြီးက သူ၏ ခါးဆီသို့ ခုခံ၍မရသော အားအင်ဖြင့် ရိုက်ခတ်သွားပြန်သည်။
“ဘုန်း...’
ဧရာမ အားအင်ကြီးတစ်ခုက သူ၏ ခါးကို ရိုက်မိသွားသည်။ သူ၏ Aအဆင့် တိုက်ပွဲဝင်ဝတ်စုံနှင့် သန်မာလှသော ခန္ဓာကိုယ်မှာ မည်သည့် အကာအကွယ်မှ မပေးနိုင်တော့ပေ။ ဝမ်းဗိုက်အတွင်းပိုင်းရှိ အင်္ဂါအချို့မှာ တခဏချင်းမှာပင် ကြေမွသွားတော့သည်။
သူ၏ ခန္ဓာကိုယ်မှာ လေပေါ်သို့ လွင့်ထွက်သွားကာ သတ္တုစပ်မြေပြင်ပေါ်တွင် ရေပေါ်သို့ ပစ်ပေါက်လိုက်သော ကျောက်ခဲတစ်လုံးကဲ့သို့ အကြိမ်အနည်းငယ် ခုန်ထွက်သွားပြီးမှ ငြိမ်သက်သွားတော့သည်။
"ရှုကျင်းမင်ရဲ့ တိုက်ကွက်က... တကယ်ပဲ ထိပ်တိုက်ရင်ဆိုင်လို့ မရဘူးပဲ... ဒါပေမဲ့... ဒီတစ်ခါတော့... ငါ မရှောင်ခဲ့ဘူး..." ဤအတွေးနှင့်အတူ သွေးအိုင်ထဲတွင် လဲနေသော ဆွန်းကျယ်မှာ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခုဖြင့် သတိလစ်သွားတော့သည်။
"တစ်ချက်တည်းနဲ့ အလဲထိုးလိုက်တာပဲ ကွာတားဖိုင်နယ်မှာ တစ်ချက်တည်းနဲ့ အပြတ်ရှင်းတဲ့ မြင်ကွင်းက ပေါ်လာခဲ့ပြီ မဂျစ်စီးတီးတက္ကသိုလ်မှ ရှုကျင်းမင်ကို ဂုဏ်ပြုပါတယ် ဆီမီးဖိုင်နယ်ကို အောင်မြင်စွာ တက်လှမ်းနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်"
ပွဲစကြောင်း ကြေညာကာစရှိသေးသော အစီအစဉ်မှူးပင် မှင်တက်သွားရသည်။ ဖြစ်ပျက်သွားသည်ကို သိလိုက်ရသောအခါ သူ၏ စူးရှသော အသံမှာ အားကစားကွင်းတစ်ခုလုံးတွင် ဟိန်းထွက်သွားတော့သည်။ ***