နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲ၏ ဒုတိယအဆင့်...။
၎င်းက မဟာနွေရာသီ တိုင်းပြည်တလွှားရှိ ထောင်ပေါင်းများစွာသော စွမ်းရည်ပိုင်ရှင် ကောလိပ်များထဲမှ အထူးချွန်ဆုံး တက္ကသိုလ် ၁၀ ခုကို စုစည်းထားခြင်း ဖြစ်သည်။ ထိုထဲမှ တစ်ဦးချင်းပြိုင်ပွဲ၏ ထိပ်တန်းရှစ်ယောက်စာရင်းထဲသို့ ရောက်အောင် တိုက်ခိုက်နိုင်သူများမှာ ပါရမီရှင်များထဲမှ ပါရမီရှင်များဖြစ်ကြပြီး လူတစ်သောင်းတွင် တစ်ယောက်ပေါ်ရန် ခဲယဉ်းလှသူများပင် ဖြစ်သည်။
ယခင် ပြိုင်ပွဲအတွေ့အကြုံများအရ ထိပ်တန်းရှစ်ယောက်ကြားတွင် စွမ်းအားကွာဟမှု အနည်းငယ်ရှိနိုင်သော်လည်း များသောအားဖြင့် ထိုကွာဟမှုမှာ အလွန်အမင်း ကြီးမားလေ့မရှိပေ။ ပွဲစဉ်တစ်ပွဲလျှင် ၁၀ မိနစ်၊ မိနစ် ၂၀ သို့မဟုတ် နာရီဝက်နီးပါး ကြာမြင့်တတ်သည်မှာ ထုံးစံပင်။
သို့သော်လည်း ပွဲစပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ရှုကျင်းမင်က တစ်ချက်တည်းနှင့် အလဲထိုးခြင်းကို အပြီးသတ်လိုက်သည်။ အရှိန်အဟုန်မှာ မြန်ဆန်လွန်းလှသဖြင့် အစီအစဉ်မှူး ဖုန်းလဲ့ပင် ခဏတာ မှင်တက်သွားရသည်။ ဆွန်းကျယ်တစ်ယောက် စင်ပေါ်တွင် လုံးဝ သတိလစ်သွားသည်ကို မြင်လိုက်ရမှသာ သူ သတိပြန်ဝင်လာပြီး ရှုကျင်းမင်၏ အောင်ပွဲကို အပြေးအလွှား ကြေညာလိုက်ရတော့သည်။
တစ်ချိန်တည်းမှာပင် ပွဲကြည့်စင်များထက်မှ မယုံနိုင်စရာဖြစ်နေသော အံ့သြသံများ ဝုန်းခနဲ ထွက်ပေါ်လာတော့သည်။
"ပြေးထွက်သွားတယ် လှံကို တစ်ချက် ဝှေ့ယမ်းလိုက်တယ် ဒါနဲ့တင် နိုင်သွားတာလား"
"တစ်ချက်တည်းနဲ့ အလဲထိုးလိုက်တာပဲ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ လိဂ်ပြိုင်ပွဲရဲ့ ထိပ်တန်းရှစ်ယောက် အဆင့်မှာ ဒီလိုမျိုး ဖြစ်ခဲ့တာ တော်တော်ကြာပြီ မဟုတ်လား"
"ပြိုင်ဘက်ကင်းတဲ့ မိုးကြိုးဧကရာဇ် တကယ်ကို အစွမ်းထက်လွန်းတယ်"
တစ်ဦးချင်းပြိုင်ပွဲ စတင်ကတည်းက ရှုကျင်းမင်က ပွဲစဉ်တိုင်းကို အပြတ်အသတ် ချေမှုန်းလာခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိပ်တန်းရှစ်ယောက် အဆင့်တွင်ပင် ယခုကဲ့သို့ အလွယ်တကူ ချေမှုန်းနိုင်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ သူနှင့် အဆင့်တူ ယှဉ်ပြိုင်နိုင်မည့်သူ လုံးဝ မရှိသယောင်ပင်။
"ပြီးတော့ မင်းတို့ သတိထားမိလား... ဆွန်းကျယ်ရဲ့ တိုက်ခိုက်ရေးဓားကြီးက လိမ်ကောက်သွားတာဟ သူ့ရဲ့ ခန္ဓာကိုယ်ခွန်အားက ဘယ်လောက်တောင် ကြောက်စရာကောင်းနေလို့လဲ" ပရိသတ်တစ်ဦးက အံ့ဩတကြီး ပြောလိုက်သည်။
Aအဆင့် သတ္တုစပ်ဆိုသည်မှာ အလွန်ပင် မာကျောလှသည်။ ၎င်းက ဒုံးကျည်ထိမှန်မှုကိုပင် ပျက်စီးခြင်းမရှိဘဲ ခံနိုင်ရည်ရှိသည့်အရာ။ သို့သော် ထိုကဲ့သို့သော ဓားကြီးမှာ ရှုကျင်းမင်၏ လှံချက်တစ်ချက်အောက်တွင် ပုံပျက်ပန်းပျက် ဖြစ်သွားရသည်။
"ဒီကောင်က တကယ်ပဲ မိုးကြိုးဓာတ်ရှင်လား... ခန္ဓာကိုယ်စွမ်းရည် မြှင့်တင်ပေးတဲ့သူတွေတောင် သူ့လောက် ခွန်အား မရှိကြဘူး သူက လူသားပုံစံ သားရဲကြီးကျနေတာပဲ"
လူသားပုံစံ သားရဲကြီး ဤသည်မှာ ရှုံ့ချခြင်းမဟုတ်ဘဲ ရှုကျင်းမင်၏ မယုံနိုင်စရာကောင်းသော စွမ်းအားအတွက် ပရိသတ်များ ရှာဖွေတွေ့ရှိနိုင်သည့် အသင့်တော်ဆုံးသော ချီးကျူးစကားပင် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အသင်းလိုက်ပြိုင်ပွဲတုန်းက ဆွန်းကျယ် ဘာကြောင့် ရှုကျင်းမင်ကို ထိပ်တိုက်မရင်ဆိုင်ဘဲ ရှောင်ခဲ့ရသလဲဆိုသည်ကို ပရိသတ်များ နားလည်သွားကြတော့သည်။ ဆွန်းကျယ်က သူရဲဘောကြောင်လွန်း၍ မဟုတ်ဘဲ ရှုကျင်းမင်၏ လှံချက်မှာ ထိပ်တိုက်ရင်ဆိုင်ရန် လုံးဝ မဖြစ်နိုင်သောကြောင့်ပင်။
"ငါတို့က သူ့ကို အထင်လွဲခဲ့ကြတာပဲ... အကယ်၍ ဆွန်းကျယ်က သူ့ကိုယ်သူ သက်သေပြဖို့ အဲဒီလှံကို ထိပ်တိုက်မရင်ဆိုင်ခဲ့ဘူးဆိုရင်..."
"...ဒီပွဲက အခုထက် ပိုကြာနိုင်သေးတယ်" ဆုဟန်တက္ကသိုလ် Fanများက ယူကျုံးမရ ဖြစ်နေကြသည်။
"နုံအလိုက်ကြတာ မိုးကြိုးဧကရာဇ်ရဲ့ လှံကို ရှောင်ဖို့က အဲဒီလောက် လွယ်တယ်မှတ်နေလား"
ထိုအချိန်တွင် စတုတ္ထအဆင့်သို့ ရောက်ရှိနေသော ပရိသတ်တစ်ဦးက ဝင်ရောက် တုံ့ပြန်လိုက်သည်။
"မိုးကြိုးဧကရာဇ်ရဲ့ ပြေးထွက်တဲ့အရှိန်က မြန်လွန်းတယ်... စတုတ္ထအဆင့်လတ် စွမ်းရည်ပိုင်ရှင်ဖြစ်တဲ့ ငါတောင်မှ ရှင်းရှင်းလင်းလင်း မမြင်ရဘူး ဆွန်းကျယ်ဆိုရင် ပြောနေစရာတောင် မလိုဘူး ဆွန်းကျယ်က မိုးကြိုးဧကရာဇ်ရဲ့ အရိပ်ကို မြင်လိုက်ရတဲ့အချိန်မှာ လှံက သူ့ရှေ့ကို ရောက်နေပြီ ရှောင်ဖို့ အချိန် လုံးဝ မရှိဘူး သူ လုပ်နိုင်တာက အတင်းအကျပ် ထိပ်တိုက်ရင်ဆိုင်ဖို့ပဲ ပြောရရင်တော့ ဒီပွဲစကတည်းက ဆွန်းကျယ် တစ်ချက်တည်းနဲ့ အလဲထိုးခံရဖို့က ကံပါလာပြီးသားပဲ"
ထိုစတုတ္ထအဆင့် စွမ်းရည်ပိုင်ရှင်၏ ရှင်းပြချက်ကြောင့် ဘေးပတ်ဝန်းကျင်ရှိ ပရိသတ်များကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
"ဘုရားရေ ငါက ငါတစ်ယောက်တည်း မမြင်ရဘူး ထင်နေတာ... စတုတ္ထအဆင့် စွမ်းရည်ပိုင်ရှင်တောင် မမြင်ရဘူးဆိုတော့"
"မိုးကြိုးဧကရာဇ်ရဲ့ အရှိန်က တကယ်ကို ကြောက်စရာကောင်းတာပဲ... ငါတော့ ဖန်သားပြင်ပေါ်က Slow-motion ပြန်ပြတာကိုပဲ ကြည့်တော့မယ်... အဲဒါမှ တစ်ခုခု မြင်ရမှာ"
ပရိသတ်များ အံ့ဩနေကြစဉ် အတွင်းပိုင်း ပွဲကြည့်ဧရိယာတွင် ဆုဟန်စွမ်းရည်ပိုင်ရှင်တက္ကသိုလ်မှ အဖွဲ့ခေါင်းဆောင် ဆရာဖြစ်သူသည်လည်း ခါးသီးသော အပြုံးဖြင့် ခေါင်းခါနေမိတော့သည်။ မဂျစ်စီးတီးတက္ကသိုလ်မှာ ယခင်နှစ်များကတည်းက အားကောင်းခဲ့သော်လည်း အနည်းဆုံးတော့ ပြိုင်ဘက်များက မိနစ်အနည်းငယ်ကြာအောင် တောင့်ခံနိုင်ခဲ့ကြသည်။ သို့သော် ယခုနှစ်တွင်မူ ပွဲစကတည်းက တစ်ချက်တည်းနှင့် အပြတ်ရှင်းခံလိုက်ရသည်။ ၎င်းမှာ အသက်ရှူမှားလောက်အောင် ပြင်းထန်သော စွမ်းအားအဆင့်အတန်းပင်။
"ရှုကျင်းမင်... ဒါက မင်းရဲ့ တကယ့် စွမ်းအားအစစ်ပေါ့"
ပေကျင်းတက္ကသိုလ် ပရိသတ်ဧရိယာတွင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသော ဝမ်ချီ၏ နှုတ်ခမ်းဖျားတွင် ခပ်ပါးပါး အပြုံးတစ်ခု ပေါ်လာကာ သူ၏ မျက်ဝန်းထဲတွင် တိုက်ခိုက်လိုစိတ်များ တောက်လောင်နေသည်။
"ဒီပြိုင်ပွဲမှာ ငါတော့ ထိုက်တန်တဲ့ ပြိုင်ဘက်ကောင်းတစ်ယောက်ကို ရှာတွေ့ပြီထင်တယ်..."
ထိပ်တန်းရှစ်ယောက် ပွဲစဉ်၏ ဒုတိယမြောက် အချီ ပြီးဆုံးသွားပြီး တတိယမြောက် အချီက ချက်ချင်းပင် ဆက်လက် စတင်တော့သည်။
"တစ်ဦးချင်းပြိုင်ပွဲရဲ့ တတိယမြောက် အချီ စတင်ပါတော့မယ်... မဂျစ်စီးတီးတက္ကသိုလ်မှ ယောင်ဖန်နဲ့ ပေကျင်းတက္ကသိုလ်မှ ဝမ်ချီတို့ကို စင်မြင့်ပေါ်ကို ဖိတ်ခေါ်ပါတယ်" အစီအစဉ်မှူး၏ စူးရှသော အသံက ဟိန်းထွက်လာသည်။
"ငါ့အလှည့် ရောက်ပြီ..." မဂျစ်စီးတီးတက္ကသိုလ် ပွဲကြည့်စင်တွင် ယောင်ဖန်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး နေရာမှ ထလိုက်သည်။
"ကံကောင်းပါစေ... ထိပ်တန်းလေးယောက်စာရင်းထဲ ဝင်နိုင်အောင် အစွမ်းကုန် ကြိုးစားခဲ့ပါ" ရှုကျင်းမင်က အားပေးလိုက်သည်။
"ဝမ်ချီလို ကောင်မျိုးနဲ့ ရင်ဆိုင်ရမှာဆိုတော့ ထိပ်တန်းလေးယောက်အတွက် ငါ မျှော်လင့်ချက် မထားတော့ပါဘူး ဒါပေမဲ့ ရှုံးရင်တောင် ငါတို့ မဂျစ်စီးတီးရဲ့ စိတ်ဓာတ်ကိုတော့ ပြခဲ့ရမှာပေါ့" ယောင်ဖန်က ခေါင်းခါရင်း ပြောလိုက်သည်။
အကယ်၍ အခြားသူနှင့် ရင်ဆိုင်ရမည်ဆိုပါက သူမတွင် အနိုင်ရရန် ယုံကြည်မှု ရှိသော်လည်း စတုတ္ထအဆင့်မြင့်အထိ ရောက်ရှိနေသော ဝမ်ချီနှင့်ဆိုလျှင်မူ သူမတွင် ရွေးချယ်စရာ မရှိပေ။ ထိုစကားကို ကြားသောအခါ ရှုကျင်းမင်က ဘာမှ ထွေထွေထူးထူး မပြောတော့ဘဲ ခေါင်းငြိမ့်ပြလိုက်သည်။ "ကံကောင်းပါစေ"
"ကျောက်တုံးဘုရင်..." "ကျောက်တုံးဘုရင်...." "ရေခဲတောင်...." "ရေခဲတောင်...."
တစ်ဦးချင်းပြိုင်ပွဲ၏ ထိပ်တန်းရှစ်ယောက်အထိ တက်လှမ်းနိုင်သူများမှာ အလွန်ပင် လူကြိုက်များပြီးသား ဖြစ်ကြသည်။ ဝမ်ချီနှင့် ယောင်ဖန်တို့ စင်ပေါ်သို့ တက်လာသည်နှင့် အားကစားကွင်းတစ်ခုလုံးတွင် အားပေးသံများ ဆူညံသွားတော့သည်။
ဝမ်ချီတွင် Sအဆင့်အတုဖြစ်သော မြေဓာတ်စွမ်းရည် ရှိသဖြင့် သူ့ကို ကျောက်တုံးဘုရင်ဟု အမည်ပြောင် ပေးထားကြခြင်း ဖြစ်သည်။ ယောင်ဖန်ကိုမူ ရေခဲတောင်ဟုပင် ခေါ်ဆိုနေကြဆဲ ဖြစ်သည်။
"ထိပ်တန်းရှစ်ယောက် ပွဲစဉ်ရဲ့ တတိယမြောက် အချီ... အခုပဲ စတင်ပါပြီ"
ပွဲစသည်နှင့် အဝေးပစ် စွမ်းအင်ဓာတ်ရှင်ဖြစ်သော ယောင်ဖန်က သူမ၏ ရေခဲဓာတ်စွမ်းရည်ကို ထုတ်သုံးကာ နောက်ဘက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။ အခြားတစ်ဖက်တွင်မူ ဝမ်ချီမှာ ထူထဲလှသော မြေဓာတ်စွမ်းအင်များဖြင့် ရစ်ပတ်ထားသည်။ သူက စွမ်းရည်ကို အသုံးပြုထားသော်လည်း ယောင်ဖန်ကို ချက်ချင်း တိုက်ခိုက်ရန် အလောမကြီးပေ။ သူက ပွဲကြည့်စင်ထက်မှ ရှုကျင်းမင်ရှိရာသို့ လှမ်းကြည့်လိုက်ကာ နက်ရှိုင်းသော အသံဖြင့် ပြောလိုက်သည်။
"ရှုကျင်းမင် မင်းတစ်ယောက်တည်းပဲ ခန္ဓာကိုယ်ကြံ့ခိုင်ရေး တိုက်ခိုက်ရေးနည်းစနစ်တွေကို ကျင့်ထားတယ်လို့ မထင်နဲ့... ငါ့မှာလည်း ရှိတယ်"
ထိုသို့ ပြောပြီးနောက် သူ၏ ကြွက်သားများမှာ ဖောင်းကြွလာကာ အရပ်မှာလည်း နှစ်မီတာကျော်အထိ ရုတ်တရက် မြင့်တက်လာတော့သည်။ မြေဓာတ်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး အလွန်ထူထဲလှသော သံချပ်ကာဝတ်စုံကြီးတစ်ခုသဖွယ် ဖြစ်ပေါ်လာသည်။
"လွင်ပြင် သဲမုန်တိုင်း..."
ဝမ်ချီက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ မီတာပေါင်းများစွာ မြင့်မားသော အညိုရောင် သဲမုန်တိုင်းကြီးမှာ ယောင်ဖန်ရှိရာဘက်သို့ အရှိန်အဟုန်နှင့် ပြေးဝင်သွားတော့သည်။
"ဪ... သူကလည်း ငါနဲ့ လမ်းစဉ်တူတဲ့ စွမ်းရည်ပိုင်ရှင်တစ်ယောက်ပဲပေါ့..." ပွဲကြည့်စင်ပေါ်ရှိ ရှုကျင်းမင်၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။
ခန္ဓာကိုယ်စွမ်းရည် မြှင့်တင်ပေးသော စွမ်းရည်ပိုင်ရှင်များမှာ အနီးကပ်တိုက်ခိုက်ရေး လမ်းစဉ်တစ်ခုတည်းကိုသာ သွားနိုင်သော်လည်း စွမ်းအင်ဓာတ်ရှင်များမှာမူ အဝေးပစ်၊ အနီးကပ် သို့မဟုတ် နှစ်မျိုးစလုံးကို ပေါင်းစပ်ပြီး ရွေးချယ်နိုင်ကြသည်။ သို့သော် အနီးကပ်နှင့် အဝေးပစ် နှစ်မျိုးစလုံးကို မျှတအောင် လုပ်ဆောင်ရန်မှာ စွမ်းအင် အလွန်ကုန်ခမ်းလှသည်။
ခန္ဓာကိုယ်ကြံ့ခိုင်ရေးနှင့် အနီးကပ်တိုက်ခိုက်ရေးနည်းစနစ်များကို သင်ယူရရုံသာမက အဝေးပစ် မန္တန်အမျိုးအစား တိုက်ခိုက်ရေးနည်းစနစ်များကိုလည်း သင်ယူရမည် ဖြစ်သည်။ ပါရမီရှင်များ ပေါများလှသော မဂျစ်စီးတီးတက္ကသိုလ်တွင်ပင် ထိုသို့ လုပ်ဆောင်နိုင်သူမှာ အလွန်ပင် ရှားပါးလှသည်။ အဆင့် ၈ အထွတ်အထိပ် ဆရာကြီး မိသားစုမှဖြစ်ပြီး အရင်းအမြစ် အလျှံပယ်ရှိသော ဆုန့်ချိုးယွန်းကဲ့သို့သော သူမျိုးသာ စမ်းသပ်ရဲကြခြင်းပင်။
ရှုကျင်းမင်ကိုယ်တိုင်မှာမူ အနီးကပ်ရော အဝေးပစ်ပါ နှစ်မျိုးလုံးကို လုပ်ဆောင်နိုင်သည်။ သို့သော် ၎င်းမှာ သူ့တွင် Systemရှိနေသဖြင့် နည်းစနစ်များကို သင်ယူရာတွင် အချိန်နှင့် အားစိုက်ထုတ်မှု မလိုအပ်သောကြောင့် ဖြစ်သည်။ ပေကျင်းတက္ကသိုလ်၏ အဖွဲ့ခေါင်းဆောင်မှာလည်း ထိုကဲ့သို့ အခြေအနေမျိုးဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ငါက မူလက နောက်ဆုံးတိုက်ပွဲကျမှ အစွမ်းကုန် ထုတ်သုံးမလို့ပဲ ဒါပေမဲ့ မင်းက တစ်ချက်တည်းနဲ့ အလဲထိုးပြသွားမှတော့ ငါလည်း နောက်ကောက်ကျလို့ မဖြစ်ဘူးပေါ့"
ဝမ်ချီက တဟားဟား ရယ်မောရင်း ရှုကျင်းမင်ဆီမှ အကြည့်ကို လွှဲလိုက်သည်။ သူက တိုက်ခိုက်ရေးဓားကို တင်းတင်းဆုပ်ကိုင်ကာ ယောင်ဖန်ရှိရာသို့ ပြေးဝင်သွားတော့သည်။
"ရေခဲစိုင် မိုးဖွဲများ...."
သဲမုန်တိုင်း၏ ဆွဲငင်မှုကြောင့် လှုပ်ရှားမှုများ နှေးကွေးနေသော ယောင်ဖန်မှာ မျက်နှာပျက်သွားကာ သူမ၏ Sအဆင့် တိုက်ခိုက်ရေးနည်းစနစ်ကို မဆိုင်းမတွ ထုတ်သုံးလိုက်သည်။
“ဝှစ်... ဝှစ်... ဝှစ်...”
အရိုးကွဲမတတ် အေးစက်လှသော ရေခဲစိုင်များစွာ ဝမ်ချီဆီသို့ ပြေးဝင်သွားသော်လည်း ဝမ်ချီ၏ ခန္ဓာကိုယ်ကို ပတ်လည်ကာရံထားသော မြေဒိုင်းများက အားလုံးကို အပြတ်အသတ် ဟန့်တားထားနိုင်ခဲ့သည်။
"ငါ့အဆင့်က မင်းထက် တစ်ဆင့်မြင့်တယ် ပြီးတော့ ငါ့စွမ်းရည်ကလည်း မင်းထက် ပိုသန်တယ်... မင်းရဲ့ တိုက်ခိုက်မှုတွေက အလကားပဲ"
မီတာနှစ်ရာကျော် အကွာအဝေးကို ဝမ်ချီက တခဏချင်းအတွင်း ဖြတ်ကျော်လိုက်သည်။ သူ၏ လက်ထဲမှ တိုက်ခိုက်ရေးဓားမှာ ထူထဲလှသော မြေဓာတ်အရှိန်အဝါများဖြင့် တောက်လောင်လာကာ အားပြင်းစွာ ခုတ်ချလိုက်သည်။
"မြေထုအားပြင်း ခုတ်ချက်..."
"ရေခဲသံချပ်ကာ...."
ရှောင်တိမ်း၍ မရတော့သည်ကို မြင်သောအခါ ယောင်ဖန်မှာ သူမ၏ Sအဆင့် ကာကွယ်ရေးနည်းစနစ်ကို အလျင်အမြန် ထုတ်သုံးလိုက်သည်။ ထူထဲလှသော ရေခဲသံချပ်ကာများက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်လည် လွှမ်းခြုံသွားတော့သည်။
“ဘုန်း...”
တိုက်ခိုက်ရေးဓားက ရိုက်မိသွားသည်နှင့် ရေခဲသံချပ်ကာမှာ တစစီ ကြေမွသွားတော့သည်။ ထက်မြက်လှသော ဓားဖျားမှာ အတွင်းထဲအထိ ထိုးမဖောက်နိုင်ခဲ့သော်လည်း Aအဆင့် တိုက်ပွဲဝင်ဝတ်စုံက လျှော့ချပေးလိုက်သည့်တိုင် ကျန်ရှိနေသော ပြင်းထန်လှသော ရိုက်ခတ်မှု အရှိန်ပြင်းလှသော ရထားတစ်စင်းနှင့် တိုက်မိသကဲ့သို့ သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ပြင်းထန်လှသော နာကျင်မှုကြောင့် ယောင်ဖန်မှာ သွေးတစ်ချက် အန်လိုက်ရပြီး ချက်ချင်းပင် သတိလစ်သွားတော့သည်။ ပေါက်ပြဲနေသော သဲအိတ်တစ်ခုကဲ့သို့ သူမ၏ ခန္ဓာကိုယ်မှာ လေပေါ်သို့ လွင့်ထွက်သွားပြီး မီတာပေါင်းများစွာ အကွာတွင် အားအင်မရှိစွာ ကျဆင်းသွားတော့သည်။
"တစ်ချက်တည်းနဲ့ အလဲထိုးလိုက်တာပဲ နောက်ထပ် တစ်ချက်တည်းနဲ့ အပြတ်ရှင်းတဲ့ပွဲပဲ ပေကျင်းတက္ကသိုလ်မှ ဝမ်ချီကို ဂုဏ်ပြုပါတယ် ထိပ်တန်းလေးယောက်စာရင်းထဲကို အောင်မြင်စွာ တက်လှမ်းနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်"
ရှုကျင်းမင်၏ ယခင်ပွဲစဉ် အတွေ့အကြုံကြောင့် အစီအစဉ်မှူးမှာ ယခုတစ်ခါတွင် ပြိုင်ပွဲကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။ ယောင်ဖန် သတိလစ်သွားသည်ကို သိလိုက်ရသည်နှင့် သူက ရလဒ်ကို ချက်ချင်း ကြေညာလိုက်တော့သည်။
***