"ဘာလဲဟ... မိုးကြိုးဧကရာဇ်က တကယ်ကြီး သဘောတူလိုက်တာလား... ဘာတွေ ဖြစ်နေတာလဲ"
"အဲ... ဒါကတော့..."
ရှုကျင်းမင်က ထိုသို့ ပြောလိုက်သည်နှင့် ရှုကျင်းမင် သဘောတူလိမ့်မည်မဟုတ်ဟု ယုံကြည်ချက်အပြည့် ရှိနေကြသော ပရိသတ်များမှာ ချက်ချင်းပင် ဆွံ့အသွားကြတော့သည်။ တစ်ဦးချင်းပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အထိ တက်လှမ်းလာနိုင်သူဖြစ်သဖြင့် ကျိုးထိုက်ကျိမှာ အားနည်းသူတစ်ယောက် မဟုတ်သည်မှာ သေချာသည်။
သူက ခန္ဓာကိုယ်စွမ်းရည် မြှင့်တင်ပေးသော အမျိုးအစား Aအဆင့် စွမ်းရည်ဖြစ်သည့် ဧရာမ ခွန်အားကြီး မျောက်ဝံကို ပိုင်ဆိုင်ထားသည်။ စွမ်းရည်ကို အသက်သွင်းလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ခွန်အားမှာ အဆပေါင်းများစွာ မြင့်တက်လာပေလိမ့်မည် အထူးသဖြင့် သူ၏ လက်မောင်းများက နတ်ဘုရားတစ်ပါး၏ ခွန်အားကို ရရှိထားသကဲ့သို့ပင်။
ထို့အပြင် သူ၏ ကျွမ်းကျင်လှသော လက်သီးသိုင်း တိုက်ခိုက်ရေးနည်းစနစ်များနှင့် ပေါင်းစပ်လိုက်ပါက ကျားကို အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး သူ၏ သန်မာလှသော ခန္ဓာကိုယ်ကို အစွမ်းကုန် အသုံးချနိုင်ပေလိမ့်မည်။ ထိုကဲ့သို့သော စွမ်းရည်ပိုင်ရှင်နှင့် လက်သီးချင်း ယှဉ်တိုက်မည်ဆိုခြင်းမှာ မိမိ၏ အားသာချက်ကို စွန့်လွှတ်ပြီး အားနည်းချက်ကို ထုတ်ပြလိုက်ခြင်းပင် မဟုတ်ပါလား။
"မင်း တကယ် သဘောတူတာလား"
ပရိသတ်များကဲ့သို့ပင် စင်ပေါ်ရှိ ကျိုးထိုက်ကျိမှာလည်း အံ့အားသင့်သွားရသည်။ သူ၏ စကားမှာ စမ်းသပ်ကြည့်ရုံသက်သက်သာ ဖြစ်ပြီး ရှုကျင်းမင်က သဘောတူလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ သို့သော် ကိစ္စများမှာ အံ့ဩစရာကောင်းလောက်အောင် ဖြစ်သွားခဲ့ပြီး တစ်ဖက်လူက တကယ်ကြီး သဘောတူလိုက်သည်။
"မင်း ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်" ကျိုးထိုက်ကျိက သံသယဖြင့် မေးလိုက်သည်။ အကယ်၍ ပွဲစသည်နှင့် သူက မည်သည့်အကာအကွယ်မှမပါဘဲ အနားကပ်သွားချိန်တွင် ရှုကျင်းမင်က လှံနှင့် ထိုးလိုက်မည်ဆိုပါက သူ သေသွားနိုင်သည် မဟုတ်ပါလား။
"ယုံတာ၊ မယုံတာကတော့ မင်းအပိုင်းပဲ" ရှုကျင်းမင်က ဘာမှ ထွေထွေထူးထူး ရှင်းမပြတော့ဘဲ လက်ဝါးချင်း ယှက်ကာ နှုတ်ဆက်လိုက်သည်။
သူ၏ လက်သီးသိုင်းမှာ ဆရာသခင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ လှံသိုင်းထက် အနည်းငယ်သာ နိမ့်ကျသည်။ ဝမ်ချီနှင့် လက်သီးချင်း တိုက်မည်ဆိုပါက အန္တရာယ်ရှိနိုင်သော်လည်း စတုတ္ထအဆင့်လတ် ကျိုးထိုက်ကျိနှင့်ဆိုလျှင်မူ သူ ရှုံးနိမ့်သွားနိုင်ခြေ မရှိသလောက်ပင်။ အကယ်၍ တစ်စုံတစ်ရာ မှားယွင်းသွားလျှင်လည်း လှံကို ပြန်ထုတ်သုံးရန် မခက်ခဲပေ။
"ကောင်းပြီလေ... ဒါဆိုရင် ဒီတစ်ခါတော့ မင်းကို ငါ ယုံကြည့်လိုက်မယ်"
ကျိုးထိုက်ကျိ၏ မျက်လုံးများက မှေးစင်းသွားသော်လည်း သူ၏ စိတ်ထဲတွင်မူ အတိုင်းမသိ ပျော်ရွှင်နေတော့သည်။ သူက လက်သီးသိုင်းကို အသက် ၇ နှစ်သားကတည်းက စတင်လေ့ကျင့်ခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် ၁၅ နှစ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်။ သူ၏ လက်သီးသိုင်းမှာ ဆရာသခင်အဆင့်သို့ ရောက်ရှိရန် လက်တစ်ကမ်းသာ လိုတော့သည်။ သူ့ကို လက်သီးသိုင်းနှင့် စိန်ခေါ်ခြင်းမှာ ဆရာကြီးရှေ့မှာ ဟန်ရေးပြနေသကဲ့သို့ပင်။
"ညွှန်ကြားရေးမှူးရန်... ခင်ဗျားတို့ကျောင်းက ရှုကျင်းမင်ကတော့ သူ့ရဲ့ လက်သီးသိုင်းအပေါ် တော်တော်လေး ယုံကြည်ချက်ရှိပုံရတယ်နော်" ပေကျင်းတက္ကသိုလ်မှ နည်းပြ လျူအန်းက အတွင်းပိုင်း ပွဲကြည့်စင်မှနေ၍ ခေါင်းခါကာ ပြောလိုက်သည်။
"ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာဆိုရင်တော့ သူ ဗိုလ်လုပွဲအထိတောင် ရောက်မှာ မဟုတ်ဘူး... အကယ်၍ တစ်ဦးချင်းပြိုင်ပွဲက ငါတို့ ပေကျင်းတက္ကသိုလ်ရဲ့ ကျောင်းတွင်းတိုက်ပွဲ ဖြစ်သွားမယ်ဆိုရင်တော့ ခင်ဗျားတို့ မဂျစ်စီးတီးတက္ကသိုလ်ရဲ့ မျက်နှာကို ဘယ်နားသွားထားမလဲ မသိဘူးနော်"
လျူအန်း၏ စကားမှာ စိုးရိမ်ပြနေသယောင် ရှိသော်လည်း မည်သူမဆို သူ၏ လှောင်ပြောင်သရော်မှုကို ကြားနိုင်ကြသည်။ ရန်ကျန့်ထျန်းကတော့ သူ့ကို အလျှော့မပေးဘဲ မျက်မှောင်ကို အသာအယာ ကြုတ်လိုက်ကာ အမူအရာမပျက်ဘဲ ပြောလိုက်သည်။ "ဒါတွေကို ခင်ဗျား စိတ်ပူနေစရာ မလိုပါဘူး ညွှန်ကြားရေးမှူးလျူ ရှုကျင်းမင်က ရှုံးမှာ မဟုတ်ဘူး"
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကတည်းက မဂျစ်စီးတီး၏ လေ့ကျင့်ရေးအသင်း နည်းပြမှာ သူ ဖြစ်သည်။ ပေကျင်းတက္ကသိုလ်ဘက်တွင်လည်း လျူအန်းက သင်ကြားရေးနှင့် လေ့ကျင့်ရေးကို တာဝန်ယူခဲ့သူ ဖြစ်သည်။ ထို့ကြောင့် တက္ကသိုလ်နှစ်ခုလုံးမှာ တစ်ခုနှင့်တစ်ခု ပြိုင်ဆိုင်နေကြခြင်းပင်။ လိဂ်ပြိုင်ပွဲများစွာ ဖြတ်သန်းပြီးနောက် သူတို့နှစ်ဦးမှာ သူငယ်ချင်းဟောင်းများ ဖြစ်နေလျှင်တောင်မှ အနိုင်အရှုံးများစွာကြောင့် စိတ်ဝမ်းကွဲနိုင်သော်လည်း သူတို့နှစ်ဦးမှာ သူငယ်ချင်းများ မဟုတ်ကြပေ။
အချိန်ကြာလာသည်နှင့်အမျှ ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ သူတို့မှာ အသေအလဲ ရန်သူများ မဟုတ်ကြသော်လည်း သူတို့၏ သက်ဆိုင်ရာ တက္ကသိုလ်များအတွက် တာဝန်ထမ်းဆောင်နေကြသဖြင့် ကွင်းထဲတွင် ထိပ်တိုက်တွေ့ဆုံမှုမှာ ရှောင်လွှဲ၍ မရနိုင်ပေ။
"ဟုတ်လား... ဒါဆိုရင်တော့ စောင့်ကြည့်ကြတာပေါ့..." သူ မျှော်လင့်ထားသလို ဒေါသထွက်မှုကို မမြင်ရသဖြင့် လျူအန်းက မျက်လုံးများကို မှေးစင်းကာ စကားစဖြတ်လိုက်သည်။ သူက စင်မြင့်ပေါ်သို့သာ အာရုံပြန်စိုက်လိုက်တော့သည်။
"နှစ်ဖက်စလုံး ပြင်ဆင်ကြပါ ဆီမီးဖိုင်နယ် ပထမဆုံးပွဲစဉ် စတင်ပါတော့မယ်"
ပြင်ဆင်ချိန် စက္ကန့် ၃၀ အပြီးတွင် အစီအစဉ်မှူး ဖုန်းလဲ့က နောက်ဆုံး အချိန်ရေတွက်မှုကို စတင်လိုက်သည်။ "၃... ၂... ၁... စမယ်"
ကျိုးထိုက်ကျိက စတုတ္ထအဆင့်လတ် ခန္ဓာကိုယ်စွမ်းရည် မြှင့်တင်ပေးသော စွမ်းရည်ပိုင်ရှင်ဖြစ်သဖြင့် သူ၏ လှုပ်ရှားမှုများမှာ လျင်မြန်ဖြတ်လတ်လှသည်။ သူနှင့် ရင်ဆိုင်ရာတွင် အဝေးပစ်နည်းစနစ်များဖြစ်သော မိုးကြိုးထောင်ချောက် နှင့် မိုးကြိုးလှံ တို့မှာ ထိမှန်ရန် ခက်ခဲရုံသာမက မိမိ၏ အားနည်းချက်ကိုပါ အလွယ်တကူ ထုတ်ပြသလို ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် အနီးကပ်တိုက်ခိုက်ရေးကသာ အသေချာဆုံး ဖြစ်သည်။
ထို့ကြောင့် ပွဲစသည်နှင့် ရှုကျင်းမင်က မိုးကြိုးအထွတ်အထိပ် အခြေအနေသို့ တိုက်ရိုက် ဝင်ရောက်လိုက်သည်။ ပြင်းထန်လှသော မိုးကြိုးလျှပ်စီးများမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပျံ့နှံ့သွားကာ ရွှေရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျိုးထိုက်ကျိရှိရာသို့ ပြေးဝင်သွားတော့သည်။
"လာစမ်းပါ ဧရာမ ခွန်အားကြီး မျောက်ဝံ"
ကျိုးထိုက်ကျိက တဟားဟား ရယ်မောရင်း သူ၏ စွမ်းရည်ကို အသက်သွင်းလိုက်သည်။ ထူထဲလှသော အနက်ရောင် အမွှေးအမျှင်များက သူ၏ ချွေးပေါက်များမှ ပေါက်ထွက်လာကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တစ်ဆခန့် ကြီးထွားလာတော့သည်။ မူလက ၁.၈ မီတာခန့်သာ ရှိသော သူ၏ အရပ်မှာ နှစ်မီတာအထိ မြင့်တက်လာသည်။
ရှုကျင်းမင်၏ ၂.၂ မီတာထက် အနည်းငယ် ပုနေသေးသော်လည်း သူ၏ လက်မောင်းများမှာမူ အံ့ဩစရာကောင်းလောက်အောင် ရှည်လျားလှသည်။ ၎င်းတို့က သူ၏ ဒူးဆစ်အထိပင် တွဲလောင်းကျနေသည်။ ခပ်လှမ်းလှမ်းမှ ကြည့်လျှင် ကျိုးထိုက်ကျိမှာ လူသားနှင့်မတူဘဲ လက်မောင်းရှည် မျောက်ဝံကြီးတစ်ကောင်နှင့် တူနေတော့သည်။ ထိုအသွင်အပြင်မှာ ထိတ်လန့်စရာ ရုပ်ရှင်တစ်ခုထဲက လူဆိုးတစ်ယောက် ဖြစ်ရန်ပင် လုံလောက်လှသည်။
"လာစမ်း... လာစမ်း မင်းရဲ့ လက်သီးသိုင်းက ဘယ်လောက်အထိ သန်လဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
သူ့ဆီသို့ ပြေးဝင်လာသော ရှုကျင်းမင်ကို ကြည့်ကာ ကျိုးထိုက်ကျိမှာ ကြောက်ရွံ့ခြင်း မရှိပေ။ သူက တဟားဟား ရယ်မောရင်း ရှုကျင်းမင်၏ ခန္ဓာကိုယ်ပတ်လည် မီတာ ၅၀ အတွင်း ပျံ့နှံ့နေသော မိုးကြိုးမုန်တိုင်းဇုန်ထဲသို့ ထိပ်တိုက် တိုးဝင်သွားတော့သည်။
ရွှေရောင် မိုးကြိုးလျှပ်စီးများက သူ့ကို ရိုက်ခတ်သွားရာ Aအဆင့် တိုက်ပွဲဝင်ဝတ်စုံနှင့် သူ၏ အမွှေးအမျှင်များက ကာကွယ်ပေးထားသည့်တိုင် အရေပြားပေါ်တွင် စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။
“ဒါက SSအဆင့် စွမ်းရည်လား... ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ....”
ရှုကျင်းမင်နှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ဖူးသော ကျိုးထိုက်ကျိမှာ အံ့အားသင့်သွားရသည်။ အဆင့်အတန်းအရ သူက စတုတ္ထအဆင့်လတ်ဖြစ်သဖြင့် ရှုကျင်းမင်၏ တတိယအဆင့်မြင့်ထက် အများကြီး သာလွန်သည်။ ယခု သူ၏ ဝတ်စုံနှင့် စွမ်းရည်ဖြင့် အကာအကွယ် နှစ်ထပ်ရှိနေသည့်တိုင် ရှုကျင်းမင်၏ ဘေးပတ်ပတ်လည်က ထွက်နေသော စွမ်းအင်မျှရုံနှင့်တင် သူ့ကို ဒဏ်ရာရစေနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော် သူက နာကျင်မှုကို ခံစားနေရရုံသာမက သူ၏ ခွန်အားမှာလည်း အနည်းငယ် ထိခိုက်နေသည်။
ထို့အပြင် သူသာ ထိုဇုန်အတွင်း၌ ကြာကြာနေမိပါက ရှုကျင်းမင် တိုက်ခိုက်စရာပင် မလိုဘဲ ထိုမိုးကြိုးများကပင် သူ့ကို သတ်သွားနိုင်ပေလိမ့်မည်။
“ဒါက ဘယ်လို မိစ္ဆာမျိုးလဲ... သူက တတိယအဆင့်မြင့်ပဲ ရှိသေးတာကို...”
သူက စိတ်ထဲမှ ကျိန်ဆဲနေသော်လည်း ကျိုးထိုက်ကျိက နှုတ်မှတော့ အရှုံးမပေးဘဲ "ရှုကျင်းမင်... မင်းရဲ့ SSအဆင့် စွမ်းရည်ကလည်း ဘာမှ ထူးခြားလှတာ မဟုတ်ပါဘူး" ဟု လှောင်လိုက်သည်။
"ဟုတ်လို့လား"
ရွှေရောင်လျှပ်စီးတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် ရှုကျင်းမင်၏ အရပ်ရှည်ရှည် ပုံရိပ်မှာ သူ၏ ရှေ့တည့်တည့်တွင် ရုတ်တရက် ပေါ်လာတော့သည်။
"ဟင်... မြန်လိုက်တာ"
ကျိုးထိုက်ကျိ၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသော်လည်း သူ၏ တုံ့ပြန်မှုမှာ နှေးမနေပေ။ "ပေါက်ကွဲအားပြင်း လက်သီး"
နီရဲသော သွေးစွမ်းအင်များ ဖုံးလွှမ်းနေသည့် သူ၏ ညာဘက်လက်သီးမှာ အသံထက် မြန်သော အရှိန်ဖြင့် ရှုကျင်းမင်ထံသို့ ဝုန်းခနဲ ပစ်ထွက်သွားတော့သည်။ ပေါက်ကွဲအားပြင်း လက်သီး ၎င်းမှာ လျင်မြန်သော အရှိန်နှင့် ပြင်းထန်သော ခွန်အားကြောင့် လူသိများသည့် Aအဆင့် တိုက်ခိုက်ရေးနည်းစနစ် ဖြစ်သည်။ တစ်ချက်တည်းနှင့် ၁၀ စင်တီမီတာ ထူသော Cအဆင့် သတ္တုစပ်ကိုပင် အလွယ်တကူ ထိုးဖောက်နိုင်စွမ်း ရှိသည်။
ကျိုးထိုက်ကျိတွင် Sအဆင့် လက်သီးသိုင်း တိုက်ခိုက်ရေးနည်းစနစ် ရှိသော်လည်း ရှုကျင်းမင်က သူ့ကို လက်သီးချင်း တကယ်ယှဉ်ရဲလိမ့်မည်ဟု သူ မယုံကြည်သေးပေ။ ထို့ကြောင့် သူက ဤAအဆင့် နည်းစနစ်ကိုသာ စမ်းသပ်သည့်အနေဖြင့် အသုံးပြုလိုက်ခြင်း ဖြစ်သည်။
"ပေါက်ကွဲအားကတော့ ကောင်းပါတယ်... ဒါပေမဲ့ အရှိန်က နည်းနည်း လိုနေသေးတယ်"
မိုးကြိုးအထွတ်အထိပ် အခြေအနေ၏ အစွမ်းမြှင့်တင်မှုအောက်တွင် ရှုကျင်းမင်၏ အာရုံခံစားမှု အရှိန်မှာ အများကြီး တိုးတက်နေသည်။ သူက ခြေလှမ်းအနည်းငယ် ရွှေ့လိုက်ရုံဖြင့် ထိုတိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းလိုက်သည်။
"တကယ် သန်မာပြီး စွမ်းအားရှိတဲ့ လက်သီးဆိုတာ ဘယ်လိုမျိုးလဲဆိုတာ မင်းကို ငါ ပြမယ်"
ရှုကျင်းမင်မှာ မည်သည့် တိုက်ခိုက်ရေးနည်းစနစ်မှ မသုံးဘဲ သူ၏ ညာဘက်လက်သီးတွင် အရည်ပုံစံ မိုးကြိုးလျှပ်စီးများကိုသာ လက်အိတ်သဖွယ် ရစ်ပတ်လိုက်သည်။ ထို့နောက် သူက ခါးကို အသာအယာ လှည့်လိုက်ကာ သူ၏ ညာလက်မောင်းမှနေ၍ အင်အားကြီးမားသော ခွန်အားတစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။
သူ၏ ဧရာမ ရွှေရောင်လက်သီးကြီးမှာ နေမင်းငယ်လေးတစ်စင်းကဲ့သို့ တောက်ပသွားတော့သည်။ အသံထက်မြန်သော အရှိန်ကြောင့် ဖြစ်ပေါ်လာသည့် စူးရှသော အသံကြီးနှင့်အတူ အရိပ်များစွာ ချန်ထားခဲ့ကာ ကျိုးထိုက်ကျိဆီသို့ ဝုန်းခနဲ ရိုက်ခတ်သွားသည်။
“ဘုန်း...”
ကျိုးထိုက်ကျိက အစွမ်းကုန် ရှောင်တိမ်းခဲ့သည့်တိုင် ပြင်းထန်လှသော လက်သီးလေဟုန်က သူ၏ ရင်ဘတ်ကို ပွတ်တိုက်သွားသည်။ ထိုလက်သီးလေဟုန်မျှရုံနှင့်တင် တန်နှင့်ချီသော ရိုက်ခတ်မှုအားကို သူ ခံစားလိုက်ရသည်။
သို့သော် သူက စတုတ္ထအဆင့်လတ် ခန္ဓာကိုယ်စွမ်းရည် မြှင့်တင်ပေးသော စွမ်းရည်ပိုင်ရှင်ဖြစ်သဖြင့် ထိုရိုက်ခတ်မှုအားက သူ၏ ခန္ဓာကိုယ်ကို ခြေလှမ်းဝက်ခန့်သာ နောက်သို့ ဆုတ်သွားစေခဲ့ပြီး ကြီးမားသော ဒဏ်ရာ မရခဲ့ပေ။
သို့သော်လည်း ကျိုးထိုက်ကျိ၏ မျက်နှာမှာ အတိုင်းမသိ ဝမ်းသာသွားကာ ပြောလိုက်သည်။"မင်းက တကယ်ပဲ ငါနဲ့ လက်သီးချင်း ယှဉ်တိုက်ရဲတယ်ပေါ့ ရှုကျင်းမင်... မင်းတော့ သေဖို့သာ ပြင်ထားတော့"
ရှုကျင်းမင်က လက်သီးတစ်ချက် ထိုးလိုက်ပြီးပြီဖြစ်ရာ သူ၏ ခွန်အားမှာ ခဏတာ ပြတ်တောက်သွားချိန် ဖြစ်သည်။ မိုးကြိုးဓာတ် တိုက်ခိုက်ရေးနည်းစနစ်များကို ထုတ်သုံးရန်ဆိုလျှင်ပင် အချိန်အနည်းငယ် စောင့်ရပေဦးမည်။ သို့သော် သူ၏ Sအဆင့် လက်သီးသိုင်းမှာမူ ၀.၁ စက္ကန့်အတွင်းမှာပင် ထုတ်သုံးနိုင်စွမ်း ရှိသည်။ ဆိုလိုသည်မှာ နောက်ထပ် လက်သီးတစ်ချက်မှာ ရှုကျင်းမင်ကို သေချာပေါက် ထိမှန်ပေလိမ့်မည်။
၎င်းက ရှုကျင်းမင်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေမည်ဖြစ်ရာ နောက်ဆက်တွဲ တိုက်ပွဲမှာ ပို၍ လွယ်ကူသွားပေလိမ့်မည်။ သူက ရှုကျင်းမင်ကို အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်လှမ်းရန် အခွင့်အရေးကောင်း ရရှိသွားပြီ ဖြစ်သည်။ ထိုသို့ တွေးမိသည်နှင့် သူ၏ မျက်နှာတွင် အပြုံးများ ပိုမို နက်ရှိုင်းလာသည်။ သွေးစွမ်းအင်များမှာ လျင်မြန်စွာ စုစည်းလာတော့သည်။
သူ၏ Sအဆင့် လက်သီးသိုင်းကို ထုတ်သုံးရန် ပြင်လိုက်ချိန်မှာပင် ရွှေရောင် လက်သီးရိပ်တစ်ခုမှာ သူ၏ ရှေ့တည့်တည့်မှ ဝုန်းခနဲ ကျရောက်လာတော့သည်။ မမျှော်လင့်ထားသော တိုက်ခိုက်မှုဖြစ်သဖြင့် သူ မည်သို့မှ မကာကွယ်နိုင်ခဲ့ပေ။ ဒုံးကျည်တစ်စင်းကဲ့သို့ ဧရာမ လက်သီးကြီးမှာ သူ၏ ရင်ဘတ်ကို တည့်တည့်ကြီး မှန်သွားတော့သည်။
ပြင်းထန်လှသော ရိုက်ခတ်မှုအောက်တွင် ကျိုးထိုက်ကျိမှာ သွေးတစ်ချက် အန်လိုက်ရပြီး လေးငါးမီတာခန့် အကွာအဝေးသို့ လွင့်ထွက်သွားတော့သည်။
“ဘာတွေ ဖြစ်ကုန်တာလဲ... ရှုကျင်းမင်မှာ တတိယမြောက် လက်တစ်ဖက် ရှိနေတာလား...”
ခပ်လှမ်းလှမ်းတွင် အသာအယာ ပြန်ရပ်လိုက်သော ကျိုးထိုက်ကျိမှာ ထိတ်လန့်တုန်လှုပ်နေတော့သည်။ ထိုအခါမှသာ ရှုကျင်းမင်၏ နောက်ဘက်တွင် အရိပ်တစ်ခုကဲ့သို့သော ရွှေရောင် မိုးကြိုးပုံရိပ်ယောင်တစ်ခု ပေါ်နေသည်ကို သူ သတိထားမိလိုက်သည်။ ထိုမြင်ကွင်းက ကျိုးထိုက်ကျိကို ဆွံ့အသွားစေခဲ့သည်။
"အဲဒါ... ရှုကျင်းမင်ရဲ့ အရိပ်က ငါ့ကို ထိုးလိုက်တာလား"
***