"ဘုရားရေ မိုးကြိုးဧကရာဇ်ရဲ့ ခန္ဓာကိုယ်နောက်က ဘာကြီးလဲဟ"
"လျှပ်စီးတွေနဲ့ လုပ်ထားတဲ့ အရိပ်တစ်ခုပဲ ဒါက ပင်ကိုယ်ခန္ဓာနဲ့အတူ တစ်ပြိုင်နက် လှုပ်ရှားနိုင်တာလား"
ကျိုးထိုက်ကျိ တစ်ယောက်တည်း ဆွံ့အသွားသည်မဟုတ်ဘဲ ဟိုလိုဂရပ်ဖစ် ဖန်သားပြင်ပေါ်မှ ကြည့်နေကြသော ပရိသတ်များမှာလည်း မှင်တက်သွားကြရသည်။ ကံကောင်းထောက်မစွာပင် ထိုအချိန်တွင် ဝေဖန်သုံးသပ်ရေးစင်မြင့်ထက်မှ ဝေဖန်ရေးတာဝန်ယူထားသော အမျိုးသားပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဝူယွမ်က အချိန်ကိုက် ရှင်းပြလိုက်သည်။
"ဒါကတော့ Aအဆင့် မိုးကြိုးဓာတ် တိုက်ခိုက်ရေးနည်းစနစ်ဖြစ်တဲ့ လျှပ်စီးအရိပ်ခန္ဓာပဲ ဖြစ်ပါတယ်... ၎င်းကို မိုးကြိုးစွမ်းအင်တွေ စုစည်းပြီး ဖန်တီးထားတာဖြစ်ပြီး အသုံးပြုသူရဲ့ ခန္ဓာကိုယ်နဲ့အတူ တစ်ပြိုင်နက် တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။ လျှပ်စီးအရိပ်ရဲ့ ပုံသဏ္ဌာန်ကို ကြည့်ရသလောက်တော့ ရှုကျင်းမင်ဟာ ဒီနည်းစနစ်ကို အခြေခံကျွမ်းကျင်မှုအဆင့်လောက်ပဲ ရောက်သေးပုံရတယ်... လက်သီးတစ်ချက်ရဲ့ ဖျက်အားကတော့ ပင်ကိုယ်ခန္ဓာရဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါလိမ့်မယ်..."
ဝူယွမ်က ရှင်းပြနေသော်လည်း သူကိုယ်တိုင်လည်း အံ့အားသင့်နေမိသည်။ လျှပ်စီးအရိပ်ခန္ဓာ ဆိုသည်မှာ တော်တော်လေး ရှားပါးသော တိုက်ခိုက်ရေးနည်းစနစ်တစ်ခု ဖြစ်သည်။ သူက အမျိုးသားပညာရေးဦးစီးဌာန၏ အတွင်းပိုင်း ကျမ်းတိုက်ထဲတွင်သာ ထိုနည်းစနစ်အကြောင်းကို ဖတ်ဖူးခြင်းဖြစ်ပြီး လက်တွေ့တွင် မြင်ဖူးသည်မှာ ယခု ပထမဆုံးအကြိမ်ပင်။
အကြောင်းရင်းကတော့ ရိုးရှင်းပါသည်။ လျှပ်စီးအရိပ်ခန္ဓာက အလွန်ပင် အားနည်းလှပြီး ပင်ကိုယ်ခန္ဓာခွန်အား၏ အစိတ်အပိုင်းအနည်းငယ်ကိုသာ ထုတ်ဖော်နိုင်သောကြောင့် ဖြစ်သည်။ များသောအားဖြင့် ပြိုင်ဘက်၏ တိုက်စစ်စည်းချက်ကို နှောင့်ယှက်ရန်အတွက်သာ အသုံးပြုလေ့ရှိကြသည်။ ၎င်းက အခြားသော Aအဆင့် နည်းစနစ်များကဲ့သို့ ဖျက်အားကို အဆပေါင်းများစွာ မြင့်တင်ပေးကာ အနိုင်ရလဒ်ကို တိုက်ရိုက်ဖော်ဆောင်ပေးနိုင်ခြင်း မရှိပေ။ Aအဆင့် နည်းစနစ်တစ်ခုကို သင်ယူရန် အချိန်အများကြီး ပေးရသဖြင့် စွမ်းရည်ပိုင်ရှင်အနည်းငယ်သာ ဤနည်းစနစ်ကို သင်ယူရန် ရွေးချယ်လေ့ရှိကြသည်။
ထိုရှင်းပြချက်က ပရိသတ်များကို ပို၍ပင် အံ့အားသင့်သွားစေသည်။ ပွဲကြည့်စင်များထက်မှ အံ့သြသံများ ဝုန်းခနဲ ထွက်ပေါ်လာတော့သည်။
"၃၀ ရာခိုင်နှုန်းသော ဖျက်အားလေးနဲ့တင် လက်သီးဘုရင်ကို သွေးအန်အောင် လုပ်နိုင်တာလား.. မိုးကြိုးဧကရာဇ်ရဲ့ ခန္ဓာကိုယ်ခံနိုင်ရည်က တကယ်ပဲ အဲဒီလောက်အထိ သန်မာနေတာလား"
"ဒါကတော့ တကယ်ကို နားမလည်နိုင်စရာပဲ..."
ယခင်ပွဲစဉ်များတွင် ရှုကျင်းမင်က အထင်ကြီးစရာကောင်းသော ခန္ဓာကိုယ်ခွန်အားကို ပြသခဲ့သော်လည်း ယခုလောက်အထိ အပြတ်အသတ် သာလွန်နေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ စတုတ္ထအဆင့်လတ် စွမ်းရည်ပိုင်ရှင်ဖြစ်ပြီး ခန္ဓာကိုယ်စွမ်းရည်မြှင့်တင်ပေးသော Aအဆင့် စွမ်းရည်ကို အသက်သွင်းထားသော ကျိုးထိုက်ကျိကို ၃၀ ရာခိုင်နှုန်းသော အားဖြင့် သွေးအန်စေနိုင်သည်ဆိုခြင်းမှာ သာမန်ကိစ္စ မဟုတ်တော့ပေ။
"ရှုကျင်းမင်က ခန္ဓာကိုယ်ကြံ့ခိုင်ရေး တိုက်ခိုက်ရေးနည်းစနစ်ကို ကျင့်ကြံထားတာ ဖြစ်ရမယ်.... အဲဒါကြောင့်လည်း သူ့ရဲ့ ခန္ဓာကိုယ်ခံနိုင်ရည်က ပိုပြီးတော့ အစွမ်းထက်နေတာ" ဝူယွမ်၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။
သူ၏ မျက်လုံးများမှာ ဆုချင်းလီလောက် မစူးရှသော်လည်း ရှုကျင်းမင်ဆီမှ အချက်အလက်အချို့ကိုတော့ သူ မြင်နိုင်စွမ်း ရှိသည်။ တစ်ချိန်တည်းမှာပင် သူ စိတ်ထဲမှ တိတ်တဆိတ် အံ့ဩနေမိသည်။ အသက် ၁၉ နှစ်အရွယ် တတိယအဆင့်မြင့်၊ အစွမ်းထက်သော ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်စဉ်၊ Aအဆင့် နည်းစနစ်များစွာကို ကျွမ်းကျင်မှုနှင့် Sအဆင့် နည်းစနစ်တစ်ခု... သာမန်စွမ်းရည်ပိုင်ရှင်တစ်ဦးအတွက် ထိုအချက်များထဲမှ တစ်ခုကို ရရှိရန်ပင် ခဲယဉ်းလှသည်။ သို့သော် ယခုမူ ထိုအရာအားလုံးက လူတစ်ယောက်တည်းဆီမှာ စုစည်းနေသည်။
ပို၍ အရေးကြီးသည်မှာ ရှုကျင်းမင်၏ လက်သီးသိုင်း ကျွမ်းကျင်မှုမှာလည်း အလွန်ပင် ထူးခြားနေခြင်းပင် ဆရာကြီးတစ်ယောက်၏ လက်ကွက်ကို ကြည့်ရုံနှင့်ပင် တန်ဖိုးကို သိနိုင်သည်ဟု ဆိုရိုးရှိသည့်အတိုင်း ရှုကျင်းမင်၏ လက်သီးထိုးဟန်နှင့် ပေါက်ကွဲအားကို ကြည့်ခြင်းအားဖြင့် သူ၏ လက်သီးသိုင်းမှာ အနည်းဆုံး အဆင့်မြင့်ကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
“လှံသိုင်းရော လက်သီးသိုင်းပါ နှစ်မျိုးလုံးက ထူးခြားနေတာပဲ... SSအဆင့် စွမ်းရည်ပါ ပေါင်းလိုက်ရင်တော့ သူက တကယ့်ကို ပါရမီစုံတဲ့သူပဲ...”
“မဟုတ်သေးဘူး... ငါ မိုးကြိုးသိုင်းသင်တန်းကျောင်းကို သူ့ကို လုခွင့်မပေးနိုင်ဘူး... သူက အမျိုးသားပညာရေးဦးစီးဌာနမှာပဲ ရှိနေရမယ်”
“အကယ်၍ သူသာ သူ့ရဲ့ သန်မာလာတဲ့ အတွေ့အကြုံတွေကို မျှဝေပေးမယ်ဆိုရင် ငါတို့ ပါရမီရှင်တွေ အများကြီး ထပ်ပြီး မွေးထုတ်ပေးနိုင်လိမ့်မယ်...”
ဝူယွမ်က စိတ်ထဲမှ တိတ်တဆိတ် တွေးနေမိသည်။ ဗိုလ်လုပွဲပြီးသည်နှင့် ရှုကျင်းမင်ကို သီးသန့်တွေ့ဆုံရန် သူ ဆုံးဖြတ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ရှုကျင်းမင်ကို အမျိုးသားပညာရေးဦးစီးဌာနအတွက် ကြိုတင် ဘွတ်ကင်လုပ်ထားရမည်။
ဝူယွမ်၏ အသံမှာ အားကစားကွင်းတစ်ခုလုံးတွင် ဟိန်းထွက်နေသဖြင့် စင်မြင့်ပေါ်ရှိ ကျိုးထိုက်ကျိသည်လည်း ၎င်းကို ကြားလိုက်ရသည်မှာ သေချာပါသည်။
"Aအဆင့် တိုက်ခိုက်ရေးနည်းစနစ် လျှပ်စီးအရိပ်ခန္ဓာလား... ဒါကြောင့်ကိုး..." ကျိုးထိုက်ကျိက ချက်ချင်းပင် နားလည်သွားတော့သည်။
"မင်း နားလည်သွားတော့ရော ဘာဖြစ်လဲ... မင်း ဒါကို တားနိုင်မှာမလို့လား"
ရှုကျင်းမင်၏ တောက်ပသော ရွှေရောင်နဂါးသူငယ်အိမ်များက စူးစိုက်ကြည့်လာသည်။ လျှပ်စီးတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် သူ၏ အရပ်ရှည်ရှည် ခန္ဓာကိုယ်ကြီးမှာ ကျိုးထိုက်ကျိရှိရာသို့ နောက်တစ်ကြိမ် ပြေးဝင်သွားပြန်သည်။
"ခုနကတော့ သတင်းအချက်အလက် မစုံလို့ အထိနာသွားတာပဲ... တစ်ယောက်ချင်း တိုက်ရတာဆိုတော့ ငါ မင်းကို မကြောက်ဘူး"
ထိုလက်သီးတစ်ချက်က သူ့ကို သွေးအန်စေခဲ့သော်လည်း စတုတ္ထအဆင့်လတ်ဖြစ်သော သူ့အတွက်မူ ၎င်းမှာ သာမန်ဒဏ်ရာမျှသာဖြစ်ပြီး သူ၏ လှုပ်ရှားမှုများကို ထိခိုက်ခြင်း မရှိပေ။ သူက လက်သီးများကို ဝှေ့ယမ်းကာ ရှုကျင်းမင်ရှိရာသို့ နောက်တစ်ကြိမ် ပြေးဝင်သွားပြီး အနီးကပ်တိုက်ခိုက်ရေးကို ဆက်လက် ဆင်နွှဲတော့သည်။
“ဝှစ်... ဝှစ်... ဝှစ်...”
သူတို့နှစ်ဦးလုံးမှာ လျှပ်စီးကဲ့သို့ မြန်ဆန်လှသော လက်သီးများကို ထိုးနှက်နေကြသော်လည်း လျှပ်စီးအရိပ်ခန္ဓာ၏ အကူအညီပါဝင်သော ရှုကျင်းမင်၏ လက်သီးထိုးချက် အရှိန်နှုန်းမှာ မယုံနိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။
သူက ကျိုးထိုက်ကျိကို အပြတ်အသတ် ဖိနှိပ်ထားချေပြီ ကျိုးထိုက်ကျိမှာ အချိန်အများစုတွင် ခုခံနေရရုံသာ ရှိတော့ပြီး အခွင့်အရေးရမှသာ လက်သီးတစ်ချက်ဖြင့် ပြန်လည် တုံ့ပြန်နိုင်တော့သည်။ လက်သီးတစ်ချက် ထိုးလိုက်လျှင်ပင် ရှုကျင်းမင်၏ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်လှသော လက်သီးချက်များအောက်တွင် သူက ချက်ချင်းပင် ပြန်လည် ဖိနှိပ်ခြင်း ခံရပြန်သည်။ ဤမြင်ကွင်းမှာ ရောက်ရှိနေသော ပရိသတ်များ လုံးဝ မမျှော်လင့်ထားသောအရာပင်။
"ဘုရားရေ မိုးကြိုးဧကရာဇ်ရဲ့ လက်သီးသိုင်းက လက်သီးဘုရင်ထက်တောင် ပိုပြီး သန်နေသလိုပဲ"
"ဟုတ်တယ်... သူ့ရဲ့ တိုက်စစ်စည်းချက်က တကယ့်ကို ထူးခြားတယ်"
ပွဲမစခင်က ရှုကျင်းမင်သည် လှံကိုစွန့်လွှတ်ပြီး လက်သီးသုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခြင်းဟု အားလုံးက ထင်ခဲ့ကြသည်။ သို့သော် ယခုအခါမှသာ ရှုကျင်းမင်၏ လက်သီးသိုင်းမှာလည်း အလွန်ပင် ကျွမ်းကျင်လှကြောင်း သူတို့ နားလည်သွားကြတော့သည်။ ၎င်းမှာ လက်သီးသိုင်းကို အထူးပြုလေ့ကျင့်ထားသော ကျိုးထိုက်ကျိထက်ပင် တစ်ပန်း သာနေသယောင် ရှိနေသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ မင်းရဲ့ လက်သီးသိုင်းကလည်း အဆင့်မြင့်ကျွမ်းကျင်မှုအဆင့် ရောက်နေတာလား"
စင်ပေါ်တွင် တစ်ချိန်လုံး ဖိနှိပ်ခံနေရပြီး အသည်းအသန် ခုခံနေရသော ကျိုးထိုက်ကျိက တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ ရုတ်တရက် သူ တစ်စုံတစ်ခုကို တွေးမိသွားပြီး မျက်နှာမှာ အကြီးအကျယ် ပျက်သွားတော့သည်။
"မဟုတ်သေးဘူး... ခဏလေး... ဒါက အဆင့်မြင့် ကျွမ်းကျင်မှုတင် မဟုတ်ဘူး ဆရာသခင်အဆင့်ကြီးလား"
နဂိုက ရှုကျင်းမင် သူ့ကို လက်သီးသိုင်းနှင့် ဖိနှိပ်ထားနိုင်ခြင်းမှာ လျှပ်စီးအရိပ်ခန္ဓာကြောင့်ဟု သူ ထင်ခဲ့သည်။ သို့သော် လျှပ်စီးအရိပ်ခန္ဓာကို မသုံးလျှင်ပင် ရှုကျင်းမင်က သူ့ကို ဆက်လက် ဖိနှိပ်ထားနိုင်ကြောင်း၊ ဖိအား အနည်းငယ်သာ လျော့နည်းသွားကြောင်း သူ သတိထားမိလိုက်သည်။ ဤကဲ့သို့ လုပ်ဆောင်နိုင်ရန်ဆိုလျှင် သန်မာသော ခန္ဓာကိုယ်အပြင် သူ၏ လက်သီးသိုင်း ကျွမ်းကျင်မှုမှာ အဆင့်မြင့်ကျွမ်းကျင်မှုထက် အများကြီး သာလွန်နေရမည် ဖြစ်သည်။
"ဂုဏ်ယူပါတယ်... မင်း မှန်သွားပြီ"
ရွှေရောင်လျှပ်စီးများ ရစ်ပတ်နေသော ရှုကျင်းမင်၏ နှုတ်ခမ်းဖျားတွင် ခပ်ပါးပါး အပြုံးတစ်ခု ပေါ်လာသည်။
"ဒါဆိုရင် မင်းအတွက် ဆုလာဘ်ကတော့ တိုက်ရိုက် အလဲထိုးခံလိုက်ရဖို့ပဲ.... မိုးကြိုးနတ်ဘုရား လက်သီး"
တောက်ပလှသော ရွှေရောင်လျှပ်စီးများမှာ ရှုကျင်းမင်၏ ညာဘက်လက်သီးတွင် စုစည်းသွားတော့သည်။ စင်မြင့်ထက်မှ နေမင်းငယ်လေးတစ်စင်း ထွက်ပေါ်လာသကဲ့သို့ ပရိသတ်များ ခံစားလိုက်ရသည်။ ထို့နောက် နဂါးတစ်ကောင်၏ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းသံနှင့်အတူ ထိုနေမင်းငယ်လေးမှာ ကျိုးထိုက်ကျိဆီသို့ ဝုန်းခနဲ ပစ်ထွက်သွားတော့သည်။
“ခွပ်...”
လက်သီးတစ်ချက်တည်းနှင့်တင် ရှုကျင်းမင်မှာ ကျိုးထိုက်ကျိ၏ ကာကွယ်ထားသော လက်မောင်းတွေနှင့် ညာဘက် ပုခုံးရိုးတစ်ခုလုံးကို တိုက်ရိုက် ဖောက်ထွက်သွားတော့သည်။
“ဝှစ်...”
ပြင်းထန်လှသော မိုးကြိုးစွမ်းအင် လှိုင်းများမှာ မျက်စိဖြင့် မြင်နိုင်လောက်အောင် အပြင်ဘက်သို့ လှိုင်းလုံးကြီးများသဖွယ် ပျံ့နှံ့သွားသည်။ ၎င်းမှာ စင်မြင့်တစ်ခုလုံးကို ကာရံထားသော စွမ်းအင်ဒိုင်းကို ရိုက်ခတ်သွားရာ ဒိုင်းကြီးမှာပင် ပြင်းထန်စွာ တုန်ခါသွားတော့သည်။
"စွမ်းအင်လှိုင်းက တကယ်ကို ပြင်းထန်တာပဲ"
"လက်သီးတစ်ချက်ရဲ့ စွမ်းအားက ဒီလောက်တောင် ကြောက်စရာကောင်းတာလား"
"အကယ်၍သာ စွမ်းအင်ဒိုင်းနဲ့ ခွဲခြားမထားဘူးဆိုရင် ဒီလက်သီးရဲ့ ရိုက်ခတ်မှုနဲ့တင် ငါတို့အားလုံး အစပျောက်သွားနိုင်တယ်"
ရှေ့ဆုံးတန်းတွင် ထိုင်နေသော သာမန်လူအချို့မှာ တံတွေးကို ခက်ခဲစွာ မျိုချနေကြသည်။ စင်မြင့်ထက်တွင်မူ ထိုကဲ့သို့ ပြင်းထန်လှသော ထိုးနှက်မှုကို ခံလိုက်ရပြီးနောက် ကျိုးထိုက်ကျိမှာ မြေပြင်ပေါ်သို့ ဒုတ်ခနဲ လဲကျသွားကာ သတိလစ်သွားတော့သည်။
"ကျိုးထိုက်ကျိ သတိလစ်သွားပါပြီ တစ်ဦးချင်း ဆီမီးဖိုင်နယ် ပထမဆုံးပွဲစဉ်မှာ အနိုင်ရရှိခဲ့တဲ့ ရှုကျင်းမင်ကို ဂုဏ်ပြုပါတယ်"
အစီအစဉ်မှူး ဖုန်းလဲ့၏ အသံမှာ တခဏချင်းမှာပင် ဟိန်းထွက်လာသည်။ အမှန်တကယ်တော့ သူသာ အချိန်မီ မကြေညာလိုက်လျှင် ကျိုးထိုက်ကျိမှာ ထိုနေရာမှာတင် အသက်ပျောက်သွားနိုင်သည်ကို သူ စိုးရိမ်နေခြင်း ဖြစ်ပေသည်။ ***