အမှန်တကယ်တော့ ပွဲမစခင်တွင် ရှုကျင်းမင်က လက်သီးသိုင်းကို အသုံးပြု၍ ကျိုးထိုက်ကျိအား တိုက်ခိုက်ခြင်းမှာ မောက်မာလွန်းသည်ဟု ပရိသတ်များသာမက အတွင်းပိုင်း ပွဲကြည့်စင်မှ ဆရာများစွာကပါ ထိုသို့ပင် ယူဆခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ပွဲပြီးသွားသောအခါတွင်မူ ဆရာအားလုံးမှာ ဆွံ့အသွားကြရတော့သည်။
“ဆရာသခင်အဆင့် လက်သီးသိုင်းတဲ့လား...”
အသင်းလိုက်ပြိုင်ပွဲရှိ ရှစ်ပွဲနိုင်ရလဒ်မှ တစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်အထိ နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲ၏ တစ်ဝက်ကျော်မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ အမြဲတမ်း လှံရှည်ကို လက်နက်အဖြစ် အသုံးပြုလာသော စွမ်းရည်ပိုင်ရှင်တစ်ဦးက ယခုအခါတွင်မူ သူ၌ ဆရာသခင်အဆင့် လက်သီးသိုင်းလည်း ရှိသည်ဟု ပြောလာခြင်းမှာ တကယ့်ကို မယုံနိုင်စရာပင်။
"ပိုပြီး အရေးကြီးတာက ကျိုးထိုက်ကျိသာ လက်သီးချင်းယှဉ်ဖို့ မပြောခဲ့ဘူးဆိုရင်..."
"ရှုကျင်းမင်မှာ ဆရာသခင်အဆင့် လက်သီးသိုင်းရှိတာကို ငါတို့ ဘယ်တော့မှ သိရမှာ မဟုတ်ဘူး"
ဆရာအချို့မှာ အံ့ဩနေကြသလို ကျိုးထိုက်ကျိအတွက်လည်း စိတ်မကောင်း ဖြစ်နေမိကြသည်။ ကောင်းမွန်လှသော ဆီမီးဖိုင်နယ်ပွဲစဉ်ကိုမှ သူက ထိုကဲ့သို့ လူမြင်ကောင်းရုံသက်သက်ဖြစ်သော မိုက်မဲသည့် အကြံကို ပေးခဲ့မိလေသည်။ အခုတော့ သူ အဂုဏ်ယူရဆုံးသော လက်သီးသိုင်းနှင့်ပင် အပြတ်အသတ် ချေမှုန်းခံလိုက်ရသည်။ ၎င်းမှာ ဆီမီးဖိုင်နယ်တွင် ရှုံးနိမ့်သွားခြင်းထက်ပင် ပို၍ နာကျင်စရာကောင်းနေပေလိမ့်မည်။
"ဒါနဲ့ ရှုကျင်းမင်ရဲ့ လှံသိုင်းက ဘယ်အဆင့် ကျွမ်းကျင်မှုရှိလဲဆိုတာ ဘယ်သူမဆို သိကြလား" ဆရာတစ်ဦးက ရုတ်တရက် မေးလိုက်သည်။
ထိုမေးခွန်းမှာ သာမန်မေးခွန်းမဟုတ်ဘဲ ဆရာအားလုံးကို မှင်တက်သွားစေခဲ့သည်။ ပြန်စဉ်းစားကြည့်လျှင် ယခင်ပွဲစဉ်တိုင်းတွင် ရှုကျင်းမင်က လှံကို လှုပ်ရှားလိုက်သည်နှင့် တစ်ဖက်လူကို အပြတ်အသတ် ဖိနှိပ်ခြင်း သို့မဟုတ် တစ်ချက်တည်းနှင့် အလဲထိုးခြင်းကိုသာ မြင်တွေ့ခဲ့ရသည်။ သူနှင့် အဆင့်တူ ယှဉ်ပြိုင်နိုင်သူ လုံးဝ မရှိခဲ့သလို ရှုကျင်းမင်အနေဖြင့် တတိယမြောက် တိုက်ကွက်ကို ထုတ်သုံးရန်ပင် အခွင့်အရေး မရခဲ့ပေ။ ဒီလိုအခြေအနေမျိုးမှာ သူ၏ ကျွမ်းကျင်မှုအဆင့်ကို မည်သူက မြင်နိုင်ပါ့မည်နည်း။
"အနည်းဆုံးတော့ အဆင့်မြင့်ကျွမ်းကျင်မှုပေါ့ဗျာ" ဆရာတစ်ဦးက အကြာကြီး စဉ်းစားပြီးမှ ပြောလိုက်သည်။ သို့သော် အခြားသူများ၏ မျက်စောင်းထိုးခြင်းကိုသာ ခံလိုက်ရသည်။
"အပိုတွေ ပြောမနေနဲ့ အဆင့်မြင့်ကျွမ်းကျင်မှုဆိုတာ ငါတောင် မြင်နိုင်သေးတယ်.... အဓိကက သူက ဆရာသခင်အဆင့် ဖြစ်နေမလားဆိုတာပဲ"
အဆင့်မြင့်ကျွမ်းကျင်မှုနှင့် ဆရာသခင်အဆင့်ကြားတွင် တစ်ဆင့်သာ ကွာသော်လည်း ၎င်း၏ အဓိပ္ပာယ်မှာ လုံးဝ ကွဲပြားခြားနားသည်။ အကယ်၍ ရှုကျင်းမင်၏ လက်သီးသိုင်းရော လှံသိုင်းပါ ဆရာသခင်အဆင့် ဖြစ်နေမည်ဆိုပါက သူ၏ နားလည်နိုင်စွမ်းမှာ ကြောက်စရာကောင်းလှသည်ဟုသာ ဆိုရပေလိမ့်မည်။
"ဒီအဖြေကိုတော့ ဗိုလ်လုပွဲကျမှပဲ သိရတော့မယ်ထင်တယ်" ဆရာတစ်ဦးက အားကိုးရာမဲ့စွာ ပြောလိုက်တော့သည်။
"သူ နိုင်သွားပြီ"
"မိုးကြိုးဧကရာဇ်က အစွမ်းထက်ဆုံးပဲ"
"တစ်ဦးချင်းပြိုင်ပွဲ ချန်ပီယံဆုက မိုးကြိုးဧကရာဇ်ကလွဲရင် တခြားသူနဲ့ မထိုက်တန်ဘူး"
ရှုကျင်းမင်က လုံးဝကို အပြတ်အသတ် အနိုင်ယူသွားခြင်းကိုသာ ပရိသတ်များက မြင်လိုက်ကြရသဖြင့် အားကစားကွင်းတစ်ခုလုံးတွင် မိုးခြိမ်းသံကဲ့သို့သော အားပေးသံများ ဆူညံသွားတော့သည်။
"ညွှန်ကြားရေးမှူးလျူ... ရှုကျင်းမင်က မောက်မာနေတာ မဟုတ်ဘဲ ခင်ဗျားရဲ့ ကျိုးထိုက်ကျိကို အနိုင်ယူသွားတာပဲ မဟုတ်လား" အတွင်းပိုင်း ပွဲကြည့်စင်တွင် ရန်ကျန့်ထျန်းက ပေကျင်းတက္ကသိုလ်ဘက်မှ ယခင်က လှောင်ပြောင်မှုကို အလျှော့မပေးဘဲ ပြန်လည် တိုက်ခိုက်လိုက်သည်။
"စောစောစီးစီး ဝမ်းမသာလိုက်ပါနဲ့ဦး... ဒါက ဆီမီးဖိုင်နယ်ပဲ ရှိသေးတာ ဗိုလ်လုပွဲက ကျန်သေးတယ်"
"ဝမ်ချီရှိနေသရွေ့တော့ ခင်ဗျားတို့ နောက်ဆုံးချန်ပီယံဆုကို ရမှာ မဟုတ်ဘူး" လျူအန်းက အမူအရာမပျက်ဘဲ ပြန်ပြောလိုက်ပြီး ရန်ကျန့်ထျန်း၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ ထမ်းစင်ပေါ်တွင် ပါလာသော ကျိုးထိုက်ကျိဆီသို့ တိုက်ရိုက် လျှောက်သွားတော့သည်။
ရှုကျင်းမင်၏ မိုးကြိုးနဂါးလက်သီးကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရသဖြင့် သူ၏ ဒဏ်ရာမှာ အလွန်ပင် ပြင်းထန်လှသည်။ သူ၏ ညာဘက်ပုခုံးရိုးမှာ လုံးဝ ကြေမွသွားခဲ့ပြီး မိုးကြိုးလျှပ်စီးများကြောင့် မည်းတူးနေသည်။ ဒဏ်ရာမှတစ်ဆင့် သူ၏ လှုပ်ရှားနေသော အတွင်းအင်္ဂါများကိုပင် မြင်တွေ့နေရသည်။ သို့သော် ၎င်းကို မြင်လိုက်ရသောအခါ လျူအန်း၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားသည်။
"ဒဏ်ရာက သိပ်မပြင်းထန်ပါဘူး သူ့ရဲ့ အခြေခံကိုတော့ မထိခိုက်သွားဘူး ဒီရှုကျင်းမင်ကတော့ အသိတရား ရှိသေးပုံရတယ်"
"ဝမ်ချီ... ခဏနေ ဗိုလ်လုပွဲမှာ မင်း သူ့ကို အနိုင်ယူနိုင်ရင်လည်း သူ့ရဲ့ အခြေခံကို မထိခိုက်အောင် ကြိုးစားပေးပါ" လျူအန်းက မမှာဘဲ မနေနိုင်တော့ပေ။
အခြေခံဆိုသည်မှာ အတွင်းအင်္ဂါကဲ့သို့သော အရေးကြီးသည့် အစိတ်အပိုင်းများကို ဆိုလိုခြင်း ဖြစ်သည်။ ထိုအစိတ်အပိုင်းများမှာ ကြွက်သားများနှင့်မတူဘဲ အလွန်နုနယ်ပြီး အရေးကြီးလှသည်။ အတွင်းအင်္ဂါ တစ်ခုနှစ်ခု ထိခိုက်ခြင်းက ကိစ္စမရှိသော်လည်း အများကြီး ထိခိုက်သွားပါက ကုသရေးစွမ်းရည်ပိုင်ရှင်များအတွက်ပင် ကုသရန် အလွန်ခက်ခဲသွားပေလိမ့်မည်။
"နားလည်ပါပြီ ကျွန်တော် အဲဒီလောက်အထိ ရက်စက်မှာ မဟုတ်ပါဘူး" ဝမ်ချီက ပြုံးလိုက်သည်။
ဒါက ပြိုင်ပွဲတစ်ခုသာ ဖြစ်ပြီး အသေအလဲ ရန်ငြိုးများ မဟုတ်ကြပေ။ သူ ထိုမျှအထိ လုပ်ရန် မလိုအပ်ပေ။ ထို့အပြင် အရေးကြီးပုဂ္ဂိုလ်များစွာက စောင့်ကြည့်နေကြသဖြင့် သူသာ လှည့်ကွက်အသေးစားလေးတွေ သုံးခဲ့မည်ဆိုပါက မည်သည့်အဖွဲ့အစည်းကမှ သူ့ကို ခေါ်ယူရဲကြမည် မဟုတ်ပေ။
ရှုကျင်းမင်၏ မိုးကြိုးနဂါးလက်သီးမှာ နှလုံးသားကို ရှောင်ရှားကာ ကျိုးထိုက်ကျိ၏ ညာဘက်ဝမ်းဗိုက်ကိုသာ ထိုးနှက်ခဲ့မည်ဆိုပါက စင်မြင့်၏ အကာအကွယ်စနစ်ကို မနှိုးဆော်မိဘဲ သူ၏ အတွင်းအင်္ဂါအများစုကို ချေမှုန်းနိုင်စွမ်း ရှိသည်။ သို့သော် ထိုသို့လုပ်ခြင်းမှာ အဓိပ္ပာယ်မရှိပေ။ သူတို့အားလုံးမှာ မဟာနွေရာသီ တိုင်းပြည်၏ ပါရမီရှင်များဖြစ်ကြပြီး နောင်တစ်ချိန်တွင် သားရဲများ၏ ကျူးကျော်မှုကို အတူတကွ ခုခံကြရမည့်သူများ ဖြစ်ကြသည်။ ရှုကျင်းမင်အနေဖြင့် ကျိုးထိုက်ကျိ၏ အခြေခံကို ဖျက်ဆီးပြီး ပြန်လည်သက်သာရန် တစ်လနှစ်လ အချိန်ဖြုန်းခိုင်းခြင်းမှာ သူ့အတွက် မည်သည့် အကျိုးအမြတ်မှ ရှိမည်မဟုတ်ပေ။ ထို့ကြောင့် သူ၏ လက်သီးမှာ နောက်ဆုံးတွင် ညာဘက်ပုခုံးကိုသာ ထိမှန်ခဲ့ခြင်း ဖြစ်သည်...။
"ဆီမီးဖိုင်နယ် ပထမဆုံးပွဲစဉ် ပြီးဆုံးသွားပါပြီ။ နောက်တစ်ခုကတော့ ဒုတိယပွဲစဉ် ဖြစ်ပါတယ်။ ပေကျင်းတက္ကသိုလ်က..."
ပြိုင်ပွဲက ဆက်လက်ကျင်းပနေခဲ့သည်။ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်မှာ မဂျစ်စီးတီးတက္ကသိုလ်မှ ကုန်းရှီနှင့် ပေကျင်းတက္ကသိုလ်မှ ဝမ်ချီတို့၏ ပွဲစဉ် ဖြစ်သည်။ စတုတ္ထအဆင့်လတ်နှင့် Aအဆင့် ခန္ဓာကိုယ်စွမ်းရည်မြှင့်တင်ပေးသော စွမ်းရည်ရှိသည့် ကုန်းရှီ၏ စွမ်းအားမှာ အားကောင်းလှသည်မှာ အမှန်ပင်။ သို့သော် ကံဆိုးသည်မှာ ဝမ်ချီက ပို၍ သန်မာနေခြင်းပင်။
ထို့ကြောင့် ဒုတိယပွဲစဉ် စတင်ပြီး ငါးမိနစ်မပြည့်ခင်မှာပင် ဝမ်ချီ၏ အောင်ပွဲဖြင့် ပြီးဆုံးသွားခဲ့ရသည်။
"တစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်တွေ ပြီးဆုံးသွားပါပြီ... ဗိုလ်လုပွဲကို တက်လှမ်းနိုင်သူတွေကတော့ မဂျစ်စီးတီး စွမ်းရည်ပိုင်ရှင် တက္ကသိုလ်မှ ရှုကျင်းမင်နဲ့ ပေကျင်းတက္ကသိုလ်မှ ဝမ်ချီတို့ပဲ ဖြစ်ကြပါတယ်... ပြင်းထန်တဲ့ တိုက်ပွဲတွေအပြီးမှာ ပြိုင်ပွဲဝင်နှစ်ဦးလုံး စွမ်းအင်တွေ ကုန်ခမ်းနေကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်... ဒါကြောင့် ခဏတာ အနားယူပြီးတဲ့နောက် တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲကို နောက်ထပ် တစ်နာရီအကြာမှာ တရားဝင် စတင်ပါ့မယ်"
တစ်နာရီအကြာမှ ပြိုင်ပွဲကို ပြန်လည်စတင်ခြင်းမှာ နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲ၏ ရှေးရိုးစဉ်လာတစ်ခု ဖြစ်သဖြင့် ပရိသတ်များမှာ အံ့ဩခြင်း မရှိကြပေ။ မည်သူ ချန်ပီယံဖြစ်မလဲဆိုသည်ကို ခန့်မှန်းဆွေးနွေးနေကြသော်လည်း မည်သူမျှ နေရာမှ ထမသွားကြပေ။
"ဗိုလ်လုပွဲကတော့ ရောက်လာတော့မှာပဲ..." အတွင်းပိုင်း ပွဲကြည့်စင်တွင် ရှုကျင်းမင်၏ ကြည်လင်အေးစက်လှသော မျက်ဝန်းထဲတွင် တိုက်ခိုက်လိုစိတ်များ ခပ်ပါးပါး တောက်လောင်နေသည်။ လိဂ်ပြိုင်ပွဲတစ်ခုလုံးတွင် ဝမ်ချီတစ်ယောက်သာ သူ့ကို ခြိမ်းခြောက်မှု ခံစားရအောင် လုပ်နိုင်စွမ်း ရှိသည်။ သူက ဤတိုက်ပွဲကို အချိန်အတော်ကြာ စောင့်မျှော်ခဲ့ရခြင်း ဖြစ်သည်။
"ဝမ်ချီ... မင်း ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်..." ရှုကျင်းမင်က မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ကာ စွမ်းအင်များကို ပြန်လည် ဖြည့်တင်းနေတော့သည်။ ဘေးပတ်ဝန်းကျင်ရှိ အသင်းသားများနှင့် ဆရာများကလည်း နောက်ထပ်တိုက်ပွဲမှာ အရေးကြီးဆုံးဖြစ်ကြောင်း သိထားကြသဖြင့် မည်သူမျှ သူ့ကို မနှောင့်ယှက်ကြပေ။
တစ်နာရီဆိုသည့်အချိန်မှာ ပြိုင်ပွဲဝင်များ အနားယူရန်အတွက်သာမက လိဂ်ပြိုင်ပွဲ တာဝန်ရှိသူများအတွက်လည်း ကြော်ငြာရန် အချိန်ကောင်းပင်။ ဆီမီးဖိုင်နယ် ရလဒ်များ ထွက်လာသည်နှင့် အင်တာနက်ပေါ်တွင် ဆောင်းပါးများနှင့် သတင်းများ ချက်ချင်း ပေါ်ထွက်လာတော့သည်။
"တတိယအဆင့်မြင့် နှင့် စတုတ္ထအဆင့်မြင့် တစ်ဦးချင်းပြိုင်ပွဲ ချန်ပီယံက ဘယ်သူဖြစ်မလဲ"
"ထိပ်တန်းတက္ကသိုလ်နှစ်ခုဖြစ်တဲ့ မဂျစ်စီးတီးနဲ့ ပေကျင်းတက္ကသိုလ် မဂျစ်စီးတီးက သူတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်ယူနိုင်မလား ဒါမှမဟုတ် ပေကျင်းတက္ကသိုလ်ကပဲ ထပ်ပြီး ဖိနှိပ်သွားမလား"
အသက် ၁၉ နှစ်အရွယ် တတိယအဆင့်မြင့်၊ မဟာနွေရာသီ တိုင်းပြည်တွင် တွေ့ရခဲလှသော SSအဆင့် နိုးထသူ ရှုကျင်းမင်မှာ သူကိုယ်တိုင်ကပင် လူကြိုက်များပြီးသား ဖြစ်သည်။ ယမန်နှစ် လိဂ်ပြိုင်ပွဲတွင် မဂျစ်စီးတီးမှာ တစ်ဦးချင်းပြိုင်ပွဲ၌ ပထမနေရာကို ပေကျင်းတက္ကသိုလ်သို့ ဆုံးရှုံးခဲ့ရသည်။ ယခုအခါ ထိပ်တန်းတက္ကသိုလ်ကြီးနှစ်ခု နောက်တစ်ကြိမ် ရင်ဆိုင်ရပြန်ပြီဖြစ်ရာ ပရိသတ်များကြားတွင် ဆွေးနွေးမှုများမှာ အရှိန်အဟုန်နှင့် မြင့်တက်လာတော့သည်။ ဗိုလ်လုပွဲနှင့် ပတ်သက်သော ဆောင်းပါးတိုင်း၏ အောက်တွင် မှတ်ချက်များမှာ လျင်မြန်စွာ တိုးပွားနေသည်။
"ဘုရားရေ အသက် ၁၉ နှစ်အရွယ် တတိယအဆင့်မြင့်လား... တကယ့်ကို မယုံနိုင်စရာပဲ"
"SSအဆင့် နိုးထသူဆိုတော့ ဒါကိုတော့ သေချာပေါက် ကြည့်ရမှာပဲ"
"ဟုတ်တယ်... ငါလည်း ပါတယ်ဟေ့"
အားကစားကွင်းသို့ ကိုယ်တိုင်မလာနိုင်သူများမှာလည်း အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်မှုများဆီသို့ အလုအယက် တိုးဝှေ့ဝင်ရောက်နေကြသည်။ ရလဒ်အနေဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုမှ ကြည့်ရှုသူအရေအတွက်မှာ သန်းနှင့်ချီရာမှ ပို၍ပင် မြင့်တက်သွားတော့သည်။
"အစ်ကိုကျင်းမင်ရဲ့ ပွဲစဖို့ တစ်နာရီပဲ လိုတော့တယ်။ အားလုံးပဲ မြန်မြန် အွန်လိုင်းတက်ကြစမ်း ငါတို့ မဂျစ်စီးတီးရဲ့ ဂုဏ်သိက္ခာကို အကျမခံနိုင်ဘူး"
"ဟုတ်တယ် ငါတို့ မဂျစ်စီးတီးက အသန်ဆုံးပဲ"
"သူ ဗိုလ်လုပွဲ ရောက်သွားပြီ မိုးကြိုးဧကရာဇ်က အစွမ်းထက်ဆုံးပဲ ချန်ပီယံဆုကို ယူခဲ့စမ်း"
မဂျစ်စီးတီး စွမ်းရည်ပိုင်ရှင် တက္ကသိုလ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပွဲကြည့်စင်သို့ မသွားနိုင်သော ကျောင်းသားများစွာမှာ အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်မှုဆီသို့ စုပြုံတိုးဝင်နေကြသည်။ မဂျစ်စီးတီး၏ တရားဝင် ကျောင်းသားဖိုရမ်တွင်လည်း မိုးကြိုးဧကရာဇ် အားပေးရေးအသင်း ကို ယာယီ တည်ထောင်လိုက်ကြသည်။ သူတို့မှာ ပွဲစသည်နှင့် ရှုကျင်းမင်ကို အားပေးရန် အဆင်သင့် ဖြစ်နေသည်။
"စီနီယာ ဗိုလ်လုပွဲ ရောက်သွားပြီ..."
ဆေးဖက်ဝင် အပင်များ၏ မွှေးရနံ့များဖြင့် ပြည့်နှက်နေသော အခန်းတစ်ခုထဲတွင် နောက်သုံးရက်ဆိုလျှင် တတိယအဆင့် ဆေးဝါးဖော်စပ်သူ လက်မှတ်စာမေးပွဲ ရှိသော်လည်း ဆံပင်ဖြူမလေး ကျန်းချူရွှမ်မှာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရန် ပြင်ဆင်နေခဲ့သည်။ ပေကျင်းတက္ကသိုလ်မှ ဝမ်ချီက ရှုကျင်းမင်ကို အနိုင်ယူလိမ့်မည်ဟု သူမ မယုံကြည်ပေ။ သူမက ဤအမျိုးသားပြိုင်ပွဲတွင် သူမ၏ အမျိုးသား၏ အတောက်ပဆုံးနှင့် အခမ်းနားဆုံး မြင်ကွင်းကို လက်လွတ်မခံချင်ရုံသာ ဖြစ်ပေသည်။
***