မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်သည် သူ့ ကိုယ်ပိုင် အသိဉာဏ်ဖြင့် ‘မဟာရှေးဟောင်းကျမ်း’ ကဲ့သို့သော အဆင့်မြင့်သိုင်းပညာရပ်ကို ဖန်တီးနိုင်စွမ်းရှိသည်ဖြစ်ရာ သူ၏ သိုင်းပညာအပေါ် နားလည်သဘောပေါက်မှုမှာ အံ့မခန်း မြင့်မားလှသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။
ထို့အပြင် ၎င်းသည် တစ်ချိန်က ဤကမ္ဘာလောက၏ အထွတ်အထိပ်ပုဂ္ဂိုလ်ဖြစ်သော ‘အဆောင်ဘိုးဘေး’ နောက်သို့ လိုက်ပါခဲ့ဖူးသူလည်း ဖြစ်သည်။
၎င်းမျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရဖူးသော အစွမ်းထက်သိုင်းပညာရပ်များမှာ ရေတွက်၍ပင် မရနိုင်ဘဲ၊ ဤလောကရှိ ထိပ်တန်းသိုင်းပညာအားလုံးနီးပါးကို နှံ့နှံ့စပ်စပ် နားလည်ထားသည်ဟုပင် ဆိုနိုင်သည်။
သို့သော် ယခုအခါတွင်မူ ဝူယွမ် ထုတ်ဖော်ပြသနေသည့် သိုင်းပညာရပ်မျိုးကိုမူ သူတစ်ခါမျှ မတွေ့ဖူးခဲ့ချေ။ ဤသိုင်းပညာ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမှာ နိဗ္ဗာန်အဆင့်ရှိသူတစ်ဦးအား ‘သံသရာအဆင့်အရှိန်အ၀ါးပါးပါး’ ကို ထုတ်ဖော်နိုင်စေသည်အထိ အစွမ်းထက်လှသည်။ ထိုအရှိန်အဝါမှာ အပြည့်အဝ ရင့်ကျက်ခြင်း မရှိသေးသော်လည်း သံသရာ၏ အရိပ်အယောင်လေးကပင် အလွန် ထိတ်လန့်ဖွယ်ကောင်းလှပေသည်။
“ဝူယွမ်သာ သံသရာအဆင့်ကို ရောက်သွားပြီး ဒီသိုင်းပညာကို ထုတ်သုံးမယ်ဆိုရင်... သံသရာအဆင့်မှာ သူ့ကို တားဆီးနိုင်မယ့်သူ ရှိပါ့ဦးမလား...” ဟု ကျောက်တိုင်ကြီးက စိတ်အတွင်းမှ ရေရွတ်နေမိသည်။
ဝူယွမ်၏ ထုတ်ဖော်ပြသမှုကို ကြည့်ရှုရုံမျှဖြင့် ‘လမ်းခြောက်သွယ် ဝင်စားခြင်းလက်သီး’ ၏ နက်နဲသော အဓိပ္ပာယ်များမှ ဉာဏ်အလင်းအချို့ကို ရရှိခဲ့ပြီး သူ့အတွက် များစွာ အကျိုး ဖြစ်ထွန်းစေခဲ့သည်။ သူကဲ့သို့ သိုင်းပညာ အကျော်အမော်တစ်ဦးအတွက် တစ်ကြိမ်မျှ ကြည့်ရုံဖြင့် စိတ်ကူးသစ်များ ရရှိစေသည်ကို ကြည့်ခြင်းဖြင့် ထိုသိုင်းပညာအတွင်းရှိ တရားဓမ္မတို့၏ နက်နဲမှုကို ခန့်မှန်းကြည့်နိုင်ပေသည်။
သို့ရာတွင် သူ၏ ‘မဟာရှေးဟောင်းကျမ်း’ မှာလည်း လုံးဝ နိမ့်ကျနေသည်တော့ မဟုတ်ပေ။ အမှန်စင်စစ် မဟာရှေးဟောင်းကျမ်းတွင် ကိုယ်ပိုင်အားသာချက်တစ်ခု ရှိနေသည်။ ထိုကျမ်း၏ အစွမ်းထက်ဆုံးအချက်မှာ မိုင်ပေါင်းထောင်ချီအတွင်းရှိ ဇီ၀အသက်စွမ်းအင်များကို ခန္ဓာကိုယ်တစ်ခုတည်းအတွင်း စုစည်းစေပြီး မိမိ၏ မူလအစွမ်းထက် ဆယ်ဆ၊ အဆနှစ်ဆယ် ဒါမှမဟုတ် အဆရာချီသော ခွန်အားများကို ထုတ်ဖော်နိုင်ခြင်းပင်။
မဟာရှေးဟောင်းကျမ်းကို အခြား သိုင်းပညာရပ်များနှင့် တွဲဖက်၍ အပြည့်အဝ အသုံးချနိုင်သည်။ အကယ်၍ တစ်ဦးတစ်ယောက်က မဟာရှေးဟောင်းကျမ်းကို အသုံးပြု၍ မိုင်ထောင်ချီသော သက်စောင့်အားအင်များကို စုစည်းပြီး ‘လမ်းခြောက်သွယ် ဝင်စားခြင်းလက်သီး’ ကို ထုတ်ဖော်မည်ဆိုပါက ထိုလက်သီး၏ အစွမ်းကိုလည်း အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ မဟာရှေးဟောင်းကျမ်းသည် အခြားသော သိုင်းပညာရပ်များအတွက် ခိုင်မာသော အုတ်မြစ်တစ်ခုအဖြစ် တည်ရှိနေခြင်းပင် ဖြစ်သည်။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်က အတွေးနက်နေစဉ်မှာ ဝူယွမ်က ဆေးလုံးတစ်ဆုပ်ကို ဝါးမျိုလိုက်ပြီး ဆက်ပြောလိုက်သည်။
“ဒါက ပထမတစ်ခုပဲ ရှိသေးတယ်၊ နောက်ထပ် ဒုတိယမြောက်တစ်ခုကို ပြသပါဦးမယ်၊”
“ဒုတိယတစ်ခုလား၊ အဲ့သိုင်းပညာကရော ပထမတစ်ခုလို အစွမ်းထက်နိုင်ပါ့မလား၊” ကျောက်တိုင်ကြီးမှာ လွန်စွာ တုန်လှုပ်သွားရသည်။ သူက ဝူယွမ်၏ စကားကို သံသယမရှိတော့ဘဲ ဝူယွမ်၌ လမ်းခြောက်သွယ် ဝင်စားခြင်းလက်သီးနှင့် ယှဉ်နိုင်သော သိုင်းပညာ တစ်ခုထက်မက ရှိနေခြင်းအပေါ်ကိုသာ အံ့သြနေမိတော့သည်။
“ဒီသိုင်းပညာကိုတော့ ဝိညာဉ်ရေးရာ လျှို့ဝှက်နည်းစနစ် ဒါမှမဟုတ် ‘နတ်သန္ဓေ’ နဲ့ တိုက်ခိုက်တဲ့ နည်းလမ်းလို့ သတ်မှတ်နိုင်တယ်၊ ဒါက လမ်းခြောက်သွယ် ဝင်စားခြင်းလက်သီးနဲ့ လုံးဝ ကွဲပြားတဲ့ နယ်ပယ်တစ်ခုပဲ၊ ကျွန်တော်က နတ်သန္ဓေကို အပြည့်အဝ မကျင့်ကြံရသေးလို့ သူ့ရဲ့ စစ်မှန်တဲ့ အစွမ်းကို မပြနိုင်သေးပေမဲ့... စီနီယာကိုတော့ ထူးခြားဆန်းပြားမှုတွေကို မြင်အောင် ပြသနိုင်မှာပါ၊”
ဝူယွမ်က အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်ပြီးနောက် ‘ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားသိုင်း’ ကို စတင်ထုတ်ဖော်လိုက်တော့သည်။ နတ်သန္ဓေသားဖြင့် တိုက်ခိုက်သည့် အစွမ်းထက်ဆုံးနည်းလမ်းဖြစ်သည့်အတွက် ဤဓားသိုင်း၏ အစွမ်းမှာ ယုံမှားဖွယ် မရှိပေ။
ဝူယွမ်၏ နီ၀မ်နယ်ပယ်အတွင်းရှိ ‘ကစဉ်ကလျားသန္ဓေသား’ သည် အရှိန်အဟုန်ဖြင့် လည်ပတ်နေပြီး ဝိညာဉ်စွမ်းအင်များမှာ လျင်မြန်စွာ စုစည်းလာတော့သည်။ ဝူယွမ် ယခင်က ဆေးမြစ်အောက်ခြေတွင် သိုလှောင်ထားခဲ့သော နတ်သန္ဓေ အငွေ့အသက်များကို ယခုအခါ ထုတ်ယူသုံးစွဲလိုက်သည်။
ထိုအငွေ့အသက်များကို ဝူယွမ်၏ ဝိညာဉ်စွမ်းအင်များဖြင့် ရစ်ပတ်ကာ ဓားသန္ဓေသားငယ်တစ်ခုအဖြစ် ပုံဖော်လိုက်သည်။
ဝူယွမ်အနေဖြင့် ဤအဆင့်အထိ ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားသိုင်းကို ထုတ်ဖော်ပြသခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ယခင်ကမူ သူက နတ်သန္ဓေ ဓားအငွေ့အသက် အနည်းငယ်ကိုသာ ထုတ်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။ ဝူယွမ်၏ မျက်ခုံးနှစ်ဖက်ကြားမှ ဓားသန္ဓေသားလေး ထွက်ပေါ်လာပြီး မည်းနက်နေသော ဓားအလင်းတန်းမှာ ဖောက်ထွင်းမြင်နိုင်သယောင်ရှိနေကာ ပြင်းထန်သော အန္တရာယ်အငွေ့အသက်များကို ပေးစွမ်းနေခဲ့သည်။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်၏ အိုမင်းနေသောမျက်နှာပြင်ပေါ်တွင် တစ်ဖန် အမူအရာ ပြောင်းလဲသွားပြန်သည်။ သူကိုယ်တိုင်ပင်လျှင် ထိုဓားသန္ဓေသားအတွင်း၌ ခြိမ်းခြောက်မှု အန္တရာယ်အငွေ့အသက်အချို့ကို ခံစားလိုက်ရသည်။
ထိုဓားသန္ဓေသားမှာ သူကဲ့သို့သော ဝိညာဉ်ထူးခြားသက်ရှိများကို တိုက်ခိုက်ရန် သီးသန့်ရည်ရွယ်၍ ဖန်တီးထားသယောင်ပင်။
ရွှစ်...
ဓားသန္ဓေသားလေးမှာ လျှပ်စီးပမာ ဖြတ်သန်းသွားပြီး အဝါရောင် ကျောက်တိုင်ကိုယ်ထည်ပေါ်ရှိ နတ်ဆိုးအရိပ်အတွင်းသို့ တိုးဝင်သွားတော့သည်။
ဤဓားသန္ဓေသားမှာ ရုပ်ဝတ္ထုပုံသဏ္ဌာန် မရှိဘဲ နတ်ဆိုးဘုရင်းအတွင်းသို့ တိုက်ရိုက်ဝင်ရောက် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
ဝုန်း... ဝုန်း...
ထိုအခိုက်အတန့်တွင် ကျောက်တိုင်ကိုယ်ထည်ကြီးမှာ တုန်ခါလာပြီး ကျောက်တိုင်အောက်ခြေရှိ မည်းနက်သော မိစ္ဆာအငွေ့အသက်များမှာ အပြင်းအထန် နာကျင်နေသကဲ့သို့ ရူးသွပ်စွာ လိမ်ယှက်နေတော့သည်။
“တောက်... ပုရွက်ဆိတ်တစ်ကောင်က ဒီလောက်အစွမ်းထက်တဲ့ ခွန်အားမျိုး ရှိနေတာလား...” ဟု ကမ္ဘာခြားနတ်ဆိုး ဘုရင် နန်းတော်အတွင်းမှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။ သူ့၀ိညာဉ်မှာ နာကျင်မှုကို အပြင်းအထန် ခံစားနေရပြီး အချို့သော အစိတ်အပိုင်းများမှာ ပျက်စီးသွားရသည်။
အပြင်ဘက်တွင်မူ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်တစ်ခုလုံး တုန်ခါနေပြီး ကျောက်တိုင်အောက်ခြေမှ မည်းနက်သော မိစ္ဆာအငွေ့အသက်များ အဆက်မပြတ် ထွက်ပေါ်လာခြင်းကြောင့် ချန်ကျန်း၊ ဝူတောင်နှင့် အခြားသူများ၏ မျက်နှာများ ပျက်ယွင်းကုန်ကြသည်။ ယင်းရွှမ်းဇီမှာလည်း တည်ကြည်လေးနက်သော အမူအရာဖြင့် မိစ္ဆာအငွေ့အသက်များ ပျံ့နှံ့မသွားစေရန် ချက်ချင်း တားဆီးနှိမ်နင်းလိုက်ရသည်။
တောင်ဂိုဏ်းသားအားလုံးမှာ ဇဝေဇဝါဖြစ်နေကြပြီး အေးစက်လှသော မိစ္ဆာအငွေ့အသက်များကြောင့် ထိတ်လန့်နေကြသည်။
“အတွင်းထဲမှာ ဘာတွေဖြစ်နေတာလဲ၊ အစ်ကိုကြီးရော အဆင်ပြေရဲ့လား၊”
“ဝူယွမ် ကျောက်တိုင်ကြီးကို ဘာလုပ်လိုက်တာလဲ၊ ဘာလို့ ကျောက်တိုင်ကိုယ်ထည်က အဆက်မပြတ် တုန်ခါနေရတာလဲ၊”
“ကျောက်တိုင်ထဲမှာ တစ်ခုခု ရှိနေပုံပဲ... အဲဒီ အနက်ရောင် အငွေ့အသက်တွေက တကယ့်ကို ကြောက်စရာကြီးပဲ၊”
သူတို့အားလုံးသည် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကို စိုက်ကြည့်ရင်း ရင်ထဲတွင် မေးခွန်းများစွာဖြင့် ပြည့်နှက်နေကြသည်။ ဤအချိန်တွင် ယင်းရွှမ်းဇီနှင့် တောင်ဂိုဏ်းမှ အဆင့်မြင့်ပုဂ္ဂိုလ်များက သတိကြီးကြီးထားကာ တပည့်များကို ကျောက်တိုင်နှင့် ဝေးရာသို့ ရွှေ့ခိုင်းလိုက်ကြသည်။ ကျောက်တိုင်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ရှိနေသဖြင့် ယင်းရွှမ်းဇီကိုယ်တိုင်ပင်လျှင် အလွန်အမင်း သတိထားနေရလေသည်။
“တောက်... ဒီကလေးကို အသက်ရှင်ခွင့် ပေးလို့မဖြစ်ဘူး၊ သူသာ ကြီးပြင်းလာရင် ငါတို့မျိုးနွယ်စုအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာမှာ သေချာတယ်၊”
ကျောက်တိုင်ကြီး၏ ဖိနှိပ်ခြင်းကို ခံထားရသော ကမ္ဘာခြားနတ်ဆိုးဘုရင်သည် ဝူယွမ်ဟူသော ဤ ‘ပုရွက်ဆိတ်’ ကို နောက်ဆုံးတွင် အလေးအနက်ထား စတင်သတိပြုမိလာခဲ့သည်။ သူ့အနေဖြင့် ခုခံနိုင်စွမ်း မရှိသော်လည်း ဝူယွမ်၏ ‘နိဗ္ဗာန်အဆင့်’ ခွန်အားလေးဖြင့် သူ့အား ဒဏ်ရာရအောင် လုပ်နိုင်ခြင်းမှာ အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းလှသည်။
သူ၏ အဆင့်အတန်းအရ ‘သံသရာမှန်’ ကဲ့သို့သော အရာမျိုးမှလွဲ၍ သူ့အား ဒဏ်ရာရစေရန် နည်းလမ်းမရှိကြောင်း သူ ကောင်းကောင်းသိထားသည်။
“ယွမ်စွမ်းအင်နဲ့ လည်ပတ်ရတဲ့ သိုင်းပညာတစ်ခု... ဝိညာဉ်စွမ်းအင်နဲ့ လည်ပတ်ရတဲ့ နည်းစနစ်တစ်ခု... နှစ်ခုစလုံးက တကယ့်ကို နက်နဲပြီး တရားဓမ္မတွေ ပါဝင်နေတာပဲ၊” ဟု မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်က တစ်ကိုယ်တည်း ရေရွတ်နေမိပြီး ဝူယွမ်ကို ပို၍ပင် နားမလည်နိုင်အောင် ဖြစ်နေရသည်။
“စီနီယာ သင်ချင်လား၊ ကျွန်တော် သင်ပေးလို့ရတယ်၊”
ဝူယွမ်က ပြုံး၍ ကျောက်တိုင်ကြီးကို ပြောလိုက်သည်။ “ဒါတွေက နှစ်ခုပဲ ရှိသေးတာ၊ ဒီလိုအဆင့်မျိုးရှိတဲ့ ကျင့်စဉ်တွေနဲ့ သိုင်းပညာတွေ ကျွန်တော့်ဆီမှာ အများကြီး ရှိသေးတယ်၊”
ဤကျောက်တိုင်ဝိညာဉ်မှာလည်း ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မဟာရှေးဟောင်းကျမ်း ကဲ့သို့သော သိုင်းပညာရပ်ကို ဖန်တီးနိုင်ခြင်းမှာ အလွန်ပင် အစွမ်းထက်လှသည်ဟု ဆိုရမည်။ ထျန်းယွမ်တိုက်ကြီးရှိ နတ်ဘုရားလက်နက်များအကြားတွင် ၎င်းသည် လောကမူလသန္ဓေနှင့် လင်းတုန်၏ ကျောက်လက်ဖွဲ့ပြီးလျှင် ဒုတိယအဆင့်၌ တည်ရှိနေသည်။
ဝူယွမ် ဤသို့ လုပ်ဆောင်ခြင်းမှာ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကို စိတ်ဝင်စားသောကြောင့် ဖြစ်သည်။ ဤကျောက်တိုင်မှာ သူ၏ မဟာရှေးဟောင်းကျောက်တိုင်နှင့် အတူတူပင်ဖြစ်ပြီး ‘ကမ္ဘာသစ်ပင်’ ပြန့်ကားမှုကို မြန်ဆန်စေရန် အပြည့်အဝ ပေါင်းစပ်နိုင်သည်။ ထို့အပြင် ကျောက်တိုင်ဝိညာဉ်ကဲ့သို့ အစွမ်းထက်သော တည်ရှိမှုမျိုးက ကမ္ဘာသစ်ပင်ကို စောင့်ရှောက်ပေးမည်ဆိုပါက ဝူယွမ်အနေဖြင့် ပို၍ စိတ်ချရမည် ဖြစ်သည်။ ဤနည်းဖြင့် သူတို့သည် ကိုယ်တိုင်ကျင့်ကြံနိုင်သော မှော်လက်နက်များ ဖြစ်လာကြမည်ဖြစ်ရာ ဝူယွမ်အနေဖြင့် နောက်နောင် တိုက်ပွဲများတွင် စိတ်ပူနေရန် မလိုတော့ပေ။
“မင်းရဲ့ နတ်သန္ဓေ၊ ဓားသန္ဓေသား နည်းလမ်းကို ငါ သင်ယူချင်တယ်၊”
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်မှာလည်း အလွန် စိတ်အားထက်သန်နေခဲ့သည်။ နှစ်ပေါင်းများစွာအတွင်း သူ၏ နတ်သန္ဓေစွမ်းအားမှာ ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း အစွမ်းထက် တိုက်ခိုက်ရေးနည်းလမ်းများ ကင်းမဲ့နေခဲ့ခြင်းဖြစ်သည်။
အကယ်၍ ဝူယွမ် ယခုပြသခဲ့သော နည်းလမ်းကို သင်ယူနိုင်မည်ဆိုပါက ဘိုးဘေးအဆောင်၏ အကူအညီကိုပင် မလိုအပ်ဘဲ ကမ္ဘာခြားနတ်ဆိုးဘုရင်ကို သူကိုယ်တိုင် တိုက်ရိုက် ချေမှုန်းနိုင်မည် ဖြစ်သည်။
ဝူယွမ်က “ပြဿနာမရှိပါဘူး၊ ကျွန်တော်တို့ သိုင်းပညာချင်း ဖလှယ်ကြတာပေါ့၊ စီနီယာရဲ့ မဟာရှေးဟောင်းကျမ်းကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်၊ ဒီလိုလုပ်ရအောင်... ကမ္ဘာသစ်ပင်ကို စီနီယာရဲ့ ကျောက်တိုင်ကမ္ဘာထဲကို ဝင်ခွင့်ပေးလိုက်၊ ပြီးတော့ စီနီယာကလည်း ကမ္ဘာသစ်ပင်ထဲကို ပြောင်းရွှေ့လာခဲ့၊ စီနီယာရဲ့ ကျောက်တိုင်ကမ္ဘာကြီးက ကန္တာရဆန်နေတာ တကယ့်ကို နှမြောဖို့ကောင်းတယ်၊”
***