လူအများ၏ စူးစိုက်ကြည့်နေသော အကြည့်များအောက်ဝယ် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်အတွင်းမှ ဝူယွမ်၏ ပုံရိပ်သည် တဖြည်းဖြည်း ချဉ်းကပ်ထွက်ပေါ်လာခဲ့သည်။
“သူ ထွက်လာပြီ၊ သူ ထွက်လာပြီဟေ့”
ဝူယွမ်ကို မြင်လိုက်ရသည့် ခဏ လူတိုင်း ရင်ထဲမှ အလုံးကြီး ကျသွားသကဲ့သို့ သက်ပြင်းချနိုင်ကြတော့သည်။
“နင်ကတော့ အားလုံးကို ထိတ်လန့်တုန်လှုပ်အောင် လုပ်တာပဲ၊ ဘာမှမဖြစ်ဘူးမလား” ယင်းဟွမ်ဟွမ်က အပေါ်မှနေ၍ သူမ၏ ရင်ဘတ်လေးကို ဖိကာ အော်ဟစ်မေးမြန်းလိုက်သည်။
“အဟမ်း... ကျွန်တော် အဆင်ပြေပါတယ်၊ အားလုံးကို စိတ်ပူအောင် လုပ်မိသွားပြီ... အရာအားလုံး အဆင်ပြေသွားပါပြီ၊ ကျွန်တော် မဟာရှေးဟောင်းကျမ်းကို နားလည်သဘောပေါက်သွားပါပြီ”
ဝူယွမ်သည် မိမိကို ဝိုင်းရံထားသော ထောင်သောင်းချီသည့် လူအုပ်ကြီးကို ကြည့်ကာ ခေတ္တ မှင်တက်သွားမိသည်။ သိုင်းပညာတစ်ခုကို နားလည်သဘောပေါက်ရုံမျှဖြင့် ဤမျှအထိ ဟိုးလေးတကျော် ဖြစ်သွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
“သူ တကယ်ပဲ နားလည်သွားတာလား”
“နားလည်သွားတာ ကောင်းတာပေါ့”
“ငါ့သက်တမ်းတစ်လျှောက်မှာ မဟာရှေးဟောင်းကျမ်း ကမ္ဘာပေါ် ပြန်လည်ပေါ်ထက်လာတာကို မြင်တွေ့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးထားဖူးခဲ့ဘူး”
ဝူယွမ်၏ အတည်ပြုချက်ကို ကြားလိုက်ရပြီးနောက် လူတိုင်းသည် အထူးတလည် စိတ်လှုပ်ရှားသွားကြပြီး အထူးသဖြင့် တောင်ဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်များမှာ ပို၍ပင် အပြင်းအထန် ခံစားနေကြရသည်။
မဟာရှေးဟောင်းကျမ်း၏ အစွမ်းထက်ပုံကို သူတို့ ကောင်းကောင်းသိရှိကြသည်မဟုတ်ပါလား။ ဤကျမ်းကို နားလည်သဘောပေါက်သူ ပေါ်ထွက်လာခြင်းသည် တောင်ဂိုဏ်းအတွက် မယုံကြည်နိုင်လောက်အောင် အစွမ်းထက်သည့် ပါရမီရှင်တစ်ဦး ပိုင်ဆိုင်လိုက်ရခြင်းပင် ဖြစ်သည်။
“ဟို... ဂိုဏ်းချုပ်ကြီးနဲ့ အကြအကဲတို့ခင်ဗျာ၊ နောက်ထပ် ပြောစရာတစ်ခု ရှိပါသေးတယ်... ကျွန်တော် မဟာရှေးဟောင်းကျမ်းကို နားလည်သွားတာတင်မကဘဲ ဒီမဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကိုပါ ယူသွားရမလို ဖြစ်နေတယ်...” ဝူယွမ်က စကားပြောရန် ခက်ခဲနေသော်လည်း ပြောရမည်ဖြစ်၍ အနည်းငယ် ထစ်ငေါ့ကာ ဆိုလိုက်သည်။
ကျောက်တိုင်ကြီးကို ယူဆောင်သွားရန်မှာ တောင်ဂိုဏ်း၏ သဘောတူညီချက်ကို ရရှိရန် လိုအပ်ပေသည်။
“မင်း ဘာပြောလိုက်တာလဲ” ဝူတောင်က မိမိနားကို မိမိ မယုံကြည်နိုင်ဖြစ်ကာ ပြန်မေးလိုက်သည်။
ဝူယွမ်က “ကျွန်တော် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကို ယူသွားချင်တာပါ၊ အတိအကျ ပြောရရင် ကျောက်တိုင်ကြီးကိုယ်တိုင်က ကျွန်တော်နဲ့အတူ လိုက်ခဲ့ချင်နေတာပါ”
“မဖြစ်နိုင်တာ၊ ဒီကျောက်တိုင်ကြီးက ဒီနေရာမှာ တည်ရှိနေတာ နှစ်ပေါင်းမရေတွက်နိုင်တော့ဘူး... ငါတို့ အကြီးအကဲတွေအားလုံး ဝိုင်းကြိုးစားရင်တောင် လက်မတစ်ဝက်စာတောင် ရွှေ့လို့မရတာ၊ သူက ဘယ်လိုလုပ် မင်းနောက် လိုက်မှာလဲ” အကြီးအကဲတစ်ဦးက အံ့အားသင့်စွာ ဟစ်အော်လိုက်သည်။
ဝူယွမ်၏ စကားသည် တကယ့်ကို တုန်လှုပ်ဖွယ်ရာပင်။ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်၏ တည်ရှိမှုသည် တောင်ဂိုဏ်းတည်ထောင်ခြင်း၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။ ဤနေရာ၌ ဂိုဏ်းတည်ထောင်ခဲ့ခြင်းမှာလည်း ဤကျောက်တိုင်ကြီးကို ရှာဖွေတွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။
ဝူယွမ်၏ အရည်အချင်းနှင့် ဂုဏ်သိက္ခာက အကြီးအကဲများပင် မရွှေ့နိုင်သည့် ကျောက်တိုင်ကြီးကို မည်သို့ယူဆောင်နိုင်မည်နည်းဟု လူတိုင်းက သံသယဝင်နေကြသည်။
ဝုန်း... ရုတ်တရက်ဆိုသလို မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကြီးက စတင်တုန်ခါလာပြီး တောင်ထိပ်တစ်ခုလုံး အပြင်းအထန် လှုပ်ခါသွားသည်။ စိမ်းဖန့်ဖန့်အလင်းရောင်များ ကျောက်တိုင်ကိုယ်ထည်မှ ထွက်ပေါ်လာပြီး မြေပြင်ပေါ်မှ တဖြည်းဖြည်းချင်း မြင့်တက်လာခဲ့သည်။
ကျောက်တိုင်ကိုယ်ထည်ပေါ်ရှိ မြေသားဟောင်းများ ကွာကျသွားပြီးနောက် ခဏအတွင်းမှာပင် ကျောက်တိုင်ကြီးက သေးငယ်သွားကာ အလွန်ချောမွေ့ပြီး သက်ဝင်လှုပ်ရှားလာသည်။ ယခင်ကကဲ့သို့ ခြောက်သွေ့အက်ကွဲနေသော ကန္တာရဆန်သည့် ပုံစံမျိုး မဟုတ်တော့ပေ။
ထိုနောက်တွင် အလင်းတစ်ချက် လက်သွားကာ ကျောက်တိုင်ကြီးသည် သေးငယ်သော ကျောက်တိုင်ငယ်လေးအဖြစ် ပြောင်းလဲသွားပြီး ဝူယွမ်၏ ရှေ့မှောက်တွင် ဝဲပျံနေတော့သည်။
ထိုအခြင်းအရာက “ငါကိုယ်တိုင် သူ့နောက်ကို လိုက်သွားဖို့ ဆန္ဒရှိတယ်” ဟူသော အဓိပ္ပာယ်ကို ဖော်ဆောင်နေသည်။
“ဂိုဏ်းချုပ်ကြီး...” လူတိုင်းက ဆုံးဖြတ်ချက်ပေးရန် ယင်းရွှမ်းဇီကို ကြည့်လိုက်ကြသည်။
“အရှင်... အရှင်က တကယ်ပဲ ဝူယွမ်နောက်ကို လိုက်သွားဖို့ ဆန္ဒရှိတာလားခင်ဗျာ” ယင်းရွှမ်းဇီက အလွန်တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ကျောက်တိုင်ကြီးကို တရိုတသေ ဦးညွှတ်ဂါရဝပြုကာ မေးမြန်းလိုက်သည်။
ဝူယွမ်ရှေ့ရှိ ကျောက်တိုင်ငယ်လေးပေါ်တွင် အသက်ကြီးကြီး ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ယင်းရွှမ်းဇီကို ကြည့်ကာ -
“ဟုတ်တယ်၊ အခုကစပြီး ငါက ဝူယွမ်ရဲ့ ကျောက်တိုင်ပဲ... မင်းတို့က ငါ့ကို နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့ကြတာဆိုတော့ ဒါဟာ ကံကြမ္မာတစ်ခုပဲလို့ ဆိုရမယ်၊ မင်းတို့ ဘာကို လိုချင်နေကြလဲဆိုတာ ငါသိပါတယ်... မဟာရှေးဟောင်းကျမ်းက ငါဖန်တီးထားတဲ့ သိုင်းပညာဖြစ်သလို ငါကိုယ်တိုင်လည်း ဒါကို ပြန့်ပွားစေချင်တယ်၊ ဒါကြောင့် ဒီကျမ်းကို မင်းတို့ကို ပေးသနားခဲ့မယ်”
“ဒါပေမဲ့ ဒီသိုင်းပညာက အရမ်းအစွမ်းထက်လွန်းတယ်၊ လူတိုင်း ကျင့်ကြံလို့မရဘူး... ပါရမီမရှိဘဲ ကျင့်ကြံမယ်ဆိုရင် ဒါဟာ ကောင်းကျိုးထက် ဘေးဒုက္ခကိုပဲ ပေးလိမ့်မယ်”
“ငါ ဒီနေရာမှာ အရင်လိုပဲ ကျောက်တိုင်တစ်ခု ချန်ထားခဲ့မယ်၊ စမ်းသပ်မှုကို အောင်မြင်သူတွေပဲ ဒီကျမ်းကို ရနိုင်လိမ့်မယ်... ဒါပေမဲ့ ဒီတစ်ခါ စမ်းသပ်မှုက အရင်ကလို ခက်ခဲမှာမဟုတ်တော့ဘဲ နားလည်သဘောပေါက်နိုင်တဲ့ လူအရေအတွက်လည်း ပိုများလာလိမ့်မယ်”
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကြီး စကားပြောပြီးသည်နှင့် မြေဆီလွှာရောင် အလင်းတန်းများ ကျဆင်းလာကာ ကျောက်တိုင်ကြီး ထွက်ပေါ်လာသော နေရာ၌ ကျောက်တိုင်အသစ်တစ်ခု ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ၎င်းပေါ်တွင်လည်း “မဟာရှေးဟောင်းကျမ်း” ဟူသော စာလုံးကြီး လေးလုံးကို ထင်ရှားစွာ မြင်တွေ့နေရသည်။
တောင်ဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်များမှာ ထိုကျောက်တိုင်ကို ကြည့်ကာ မျက်လုံးများအတွင်း ပြင်းပြသော အလိုဆန္ဒများ ဖြစ်ပေါ်လာကြသည်။ ဤသည်မှာ သူတို့ အမှန်တကယ် လိုလားတောင့်တနေသော အရာပင်။
ယင်းရွှမ်းဇီသည်လည်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
“ကျေးဇူးတင်ပါတယ် အရှင်... အရှင် နေမှာလား၊ သွားမှာလားဆိုတာ အရှင်ရဲ့ ဆန္ဒအတိုင်းပါပဲ၊ ကျွန်တော်တို့ တောင်ဂိုဏ်းဟာ အရှင့်ကို အမှီပြုပြီး တည်ထောင်ခဲ့တာပါ... အရှင်ရှိလို့သာ တောင်ဂိုဏ်းရှိနေတာမို့ တောင်ဂိုဏ်းဟာ အရှင့်ရဲ့ အမွေအနှစ်၊ ကျွန်တော်တို့ဟာ အရှင့်ရဲ့ တပည့်တွေလို့တောင် ဆိုနိုင်ပါတယ်”
“ဒါတင်မကသေးဘူး၊ အရှင် လိုက်သွားမယ့် ဝူယွမ်ဟာလည်း ကျွန်တော်တို့ တောင်ဂိုဏ်းရဲ့ တပည့်ပဲလေ... အဆုံးမှာတော့ ကျွန်တော်တို့အားလုံးဟာ မိသားစုတစ်ခုတည်းမို့ ဘယ်နေရာမှာပဲ ရှိရှိ အတူတူပါပဲ”
ယင်းရွှမ်းဇီသည် အလွန်လိမ္မာပါးနပ်စွာ ပြောဆိုတတ်ပေသည်။ ကျောက်တိုင်ကြီး၏ နောက်ခံသမိုင်းကြောင်းမှာ အလွန်နက်ရှိုင်းလှပြီး သူတို့ ထိန်းချုပ်နိုင်သော အရာမဟုတ်ပေ။
အကယ်၍ ကျောက်တိုင်ကြီးက ထွက်သွားချင်သည်ဆိုပါက မည်သူမျှ တားဆီးနိုင်မည်မဟုတ်ကြောင်း သူ၏ ကျင့်ကြံမှုအဆင့်အရ ကောင်းကောင်း သိမြင်ထားသည်။
“ဟဲဟဲ... တယ်တော်တဲ့ လူငယ်လေးပဲ၊ မင်းလည်း ငါ့ရဲ့ သိုင်းပညာကို ကျင့်ကြံကြည့်သင့်တယ်... ဒါက မင်းအတွက် အများကြီး အထောက်အကူ ဖြစ်စေလိမ့်မယ်” ယင်းရွှမ်းဇီ၏ စကားကို ကျောက်တိုင်ကြီးက အလွန်သဘောကျသွားပုံရသည်။ အထူးသဖြင့် “တောင်ဂိုဏ်းဟာ အရှင့်ရဲ့ အမွေအနှစ်” ဆိုသော စကားကြောင့်ပင်။
ကျောက်တိုင်ကြီးမှ အလင်းများ ထွက်ပေါ်လာပြီး စာလုံးကြီးလေးလုံးက ယင်းရွှမ်းဇီ၏ ရှေ့မှောက်သို့ ပျံသန်းရောက်ရှိလာသည်။
“မဟာရှေးဟောင်းကျမ်း”
ယင်းရွှမ်းဇီသည် မိမိရှေ့ရှိ ရှေးဟောင်းအလင်းစာလုံးများကို ကြည့်ကာ ငေးမောနေမိသည်။
ငယ်စဉ်က တစ်ကြိမ်တစ်ခါမျှ မအောင်မြင်ခဲ့သော အိပ်မက်တစ်ခု၊ သူ၏ ပါရမီကြောင့် မဟုတ်ဘဲ ဘိုးဘေးအဆောင်မရှိခဲ့သောကြောင့်သာ ကျရှုံးခဲ့ရသော ဖြစ်ရပ်တစ်ခု၊
သို့သော် ယခုအခါတွင်မူ အရာအားလုံး ပြောင်းလဲသွားခဲ့ချေပြီ။
“ကျေးဇူးတင်ပါတယ် အရှင်” ယင်းရွှမ်းဇီက အလွန်ဝမ်းသာသွားကာ ထိုစာလုံးများကို သူ၏ စိတ်အာရုံအတွင်းသို့ စီးဝင်စေလိုက်သည်။
သူသည် ယခုအခါ ပြန်လည်၀င်စားခြင်းအဆင့် သို့ ရောက်နေပြီဖြစ်သော်လည်း ဤကဲ့သို့ အစွမ်းထက်သော မဟာရှေးဟောင်းကျမ်းကို ရရှိခြင်းသည် သူ၏ ကျင့်ကြံမှုကို နောက်ထပ် အဆင့်တစ်ခုသို့ တိုးတက်စေရန် များစွာ အထောက်အကူပြုမည်မှာ သေချာပေသည်။
“ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်ကြီး” ဘေးပတ်ဝန်းကျင်မှ အကြီးအကဲများသည် အားကျစိတ်များဖြင့် ကြည့်နေကြသော်လည်း ဂိုဏ်းချုပ်ကြီး ပိုမိုအစွမ်းထက်လာခြင်းမှာ တောင်ဂိုဏ်းအတွက် ကောင်းကျိုးဖြစ်၍ အားလုံး ဝမ်းသာနေကြသည်။
“ဂိုဏ်းချုပ်... မဟာရှေးဟောင်းကျမ်းရဲ့ ကျောက်တိုင်က အခုကစပြီး ဒီမှာပဲ ရှိနေမှာပါ၊ တပည့်တွေကို အခုပဲ စမ်းသပ်ကြည့်ခိုင်းလို့ ရပါတယ်၊ အများကြီး နားလည်သဘောပေါက်သွားကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်” ဝူယွမ်က ပြုံးရွှင်စွာ ပြောလိုက်သည်။
ထို့နောက်တွင် စမ်းသပ်မှုများ စတင်ခဲ့သည်။ လေပြင်းခန်းမမှ ဂူမို၊ ချန်ကျန်းနှင့် ဝူတောင်တို့ ဦးဆောင်ကာ လင်းတုန်အပါအဝင် တပည့်ရင်းများက စတင်ကျင့်ကြံလိုက်ကြသည်။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်၏ စိတ်ဝိညာဉ်ဖြစ်သော “အရှင်ကြီး” ကိုယ်တိုင်က ကူညီဖေးမပေးသောကြောင့် ယခင်ကထက် ပိုလွယ်ကူလာခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက် - အကြီးအကဲ ဂူမိုက ပထမဆုံး နိုးထလာကာ မဟာရှေးဟောင်းကျမ်းကို အောင်အောင်မြင်မြင် နားလည်သွားခဲ့သည်။ ထို့နောက်တွင် လင်းတုန်၊ ချန်ကျန်းနှင့် ဝူတောင်တို့လည်း တစ်ဦးပြီးတစ်ဦး အောင်မြင်ခဲ့ကြသည်။
ပထမဆုံးဝင်ရောက်သူ ဆယ်ဦးအနက် ခြောက်ဦးအထိ အောင်မြင်ခဲ့ခြင်းမှာ တောင်ဂိုဏ်း၏ သမိုင်းတစ်လျှောက် မကြုံစဖူးသော အောင်မြင်မှုပင် ဖြစ်သည်။ ဤရလဒ်ကြောင့် လေပြင်းခန်းမသည် အခြားခန်းမကြီး သုံးခုထက်ပင် ကျော်လွန်ကာ ထိပ်ဆုံးသို့ ရောက်ရှိသွားတော့မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
“ကျေးဇူးတင်ပါတယ် အရှင်... ကျွန်တော်တို့ လေပြင်းခန်းမကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်” ဂူမိုနှင့် အခြားသူများမှာ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်ကာ ကျောက်တိုင်ကြီးကို ဂါရဝပြုလိုက်ကြသည်။
ယနေ့မှစ၍ လေပြင်းခန်းမက လောကကြီးတွင် ပြန်လည်မြင့်မားလာပြီး အစွမ်းအထက်ဆုံး ခန်းမတစ်ခုအဖြစ် အသစ်တစ်ဖန် ပြန်လည်နိုးထလာခဲ့လေပြီ။
***