“တင်း... ဆိုင်းအင်ဝင်ရမည့်နေရာ အသစ်ပြန်လည် ပြောင်းလဲပြီးပါပီ၊ နောက်ထပ် ဆိုင်းအင်၀င်ရမည့်နေရာ- သားရဲတစ်သောင်းတောင်တန်း”
မဟာရှေးဟောင်းကျောက်တိုင် ပြန်လည်နိုးထလာမှုသည် တောင်ဂိုဏ်းတစ်ခုလုံးကို လှုပ်ခတ်သွားစေပြီး တပည့်များ၏ စိတ်ဓာတ်ကို သွေးကြွတက်ကြွလာစေသည်။ တစ်ဂိုဏ်းလုံးတွင် စိတ်ကြွဆေးတစ်လုံး ထိုးခံလိုက်ရသကဲ့သို့ အသက်ဝင်လှုပ်ရှားနေပြီး လေထုမှာလည်း အလွန်ပင် စည်ကားသိုက်မြိုက်နေတော့သည်။
အထူးသဖြင့် လေပြင်းခန်းမပင် ဖြစ်သည်၊
ယခင်က အမြဲတမ်း အနှိမ်ခံခဲ့ရသော်လည်း ယခုအခါတွင်မူ သူတို့၌ အင်အားကြီးမားသော နောက်ခံတစ်ခု ရှိနေပြီဖြစ်သည်။ အကြီးအကဲ ‘ကန္တာရ’ သည် လေပြင်းခန်းမ၌ တရားဝင် အခြေစိုက်နေထိုင်ပြီး မဟာရှေးဟောင်းကျမ်းကို ဟောပြောပို့ချရန် စီစဉ်နေသဖြင့် လေပြင်းခန်းမသည် ဂိုဏ်းအတွင်း ရေပန်းအစားဆုံး ခန်းမတစ်ခု ချက်ချင်း ဖြစ်လာခဲ့သည်။
လေပြင်းခန်းမမှ တပည့်များသည်လည်း ဤအခွင့်အရေးကို တွေ့ကာ ယခင်ကထက် ပိုမိုပြင်းထန်စွာ လေ့ကျင့်လာကြသည်။ မဟာရှေးဟောင်းကျမ်းက အချိန်တန်လျှင် အခြားခန်းမ သုံးခု၏ ထူးခြားသော ကျမ်းစာများကဲ့သို့ပင် လူအများ ပိုမိုနားလည်သဘောပေါက်နိုင်မည့် အရာတစ်ခု ဖြစ်လာတော့ပေမည်။
အဓိကတပည့်ဖြစ်လာသူတိုင်းအတွက် အခွင့်အလမ်းတစ်ခု ရှိနေလေပြီ။
နေသားကျစပြုလာသော နေ့စဉ်ဘဝများထဲတွင် လူတိုင်းသည် မိမိတို့၏ လေ့ကျင့်မှု၌ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားကြသော်လည်း ယခုတစ်ကြိမ်တွင်မူ သူတို့၏ တက်ကြွမှုမှာ ယခင်ကထက် သိသိသာသာ ပိုမြင့်မားနေခဲ့သည်။
တောင်ဂိုဏ်း၏ အထွတ်အထိပ်တောင်ကုန်း၊ ယင်းရွှမ်းဇီ၏ နေအိမ်၌၊
ဝူယွမ်သည် အကြီးအကဲ ကန္တာရကို ခေါ်ဆောင်လာပြီး ယင်းရွှမ်းဇီနှင့် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းရွှမ်းဇီသည် မဟာရှေးဟောင်းကျောက်တိုင်နှင့် ပတ်သက်၍ အချို့ကို နားလည်ထားပြီး ကမ္ဘာခြားနတ်ဆိုးများ၏ တည်ရှိမှုကိုလည်း သိထားသော်လည်း မဟာရှေးဟောင်းကျောက်တိုင်က မည်သည့်အရာကို နှိမ်နင်းထားသည်ကိုမူ အတိအကျ မသိပေ။ ထို့ကြောင့် သူက ဤအကြောင်းအရာအပေါ် အလွန်ပင် စိတ်ဝင်စားနေမိသည်။
မဟာရှေးဟောင်းကျောက်တိုင်သည် ဝူယွမ်က ကျောက်တိုင်အတွင်းရှိ ပုံးကွယ်နေသော ဘေးအန္တရာယ်များကို ဖြေရှင်းပေးခဲ့သဖြင့် လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီဖြစ်ကြောင်းနှင့် လေပြင်းခန်းမ၌သာ အမြဲတမ်း တည်ရှိနေရန် မလိုအပ်တော့ကြောင်းကို ယင်းရွှမ်းဇီအား ပြောကြားခဲ့သည်။
ထို့ပြင် တောင်ဂိုဏ်းကို သူ၏ ကိုယ်ပိုင်အမွေအနှစ်ဂိုဏ်းအဖြစ် သတ်မှတ်ကာ အမြဲတမ်း ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း အာမခံချက်ပေးခဲ့သဖြင့် ယင်းရွှမ်းဇီမှာ စိတ်အေးသွားခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ယင်းရွှမ်းဇီကလည်း မဟာရှေးဟောင်းကျောက်တိုင် လိုအပ်သမျှကို တောင်ဂိုဏ်းအနေဖြင့် အစွမ်းကုန် ပံ့ပိုးပေးမည်ဟု ကတိပြုခဲ့သည်။
“ဂိုဏ်းချုပ်... အကြီးအကဲ ကန္တာရဆီမှာ ဝိညာဉ်ဆေးပင်တွေကို စိုက်ပျိုးတဲ့ နည်းလမ်းတွေ ရှိတယ်၊ အဲဒီ မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ကို သူ့ရဲ့ ကျောက်တိုင်ကမ္ဘာထဲကို ပြောင်းရွှေ့စိုက်ပျိုးလိုက်မယ်ဆိုရင် ရက်အနည်းငယ်အတွင်းမှာပဲ မသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီးတွေ ရလာမှာပါ၊ ဒါဆိုရင် ကျွန်တော်တို့ တောင်ဂိုဏ်းတပည့်တွေရဲ့ ခွန်အားကို အလျင်အမြန် မြှင့်တင်ပေးနိုင်ဖို့ လုံလောက်သွားပြီ၊”
ဝူယွမ်က ယင်းရွှမ်းဇီကို ပြောလိုက်သည်။ အကြီးအကဲ ကန္တာရ ရှိနေပြီဖြစ်သဖြင့် သူ၏ ဝှက်ဖဲများကို သွယ်ဝိုက်သောနည်းဖြင့် အသုံးပြုနိုင်ပြီဖြစ်သည်။ သူက တောင်ဂိုဏ်းကို မိမိ၏ ကိုယ်ပိုင်အင်အားစုတစ်ခုကဲ့သို့ သတ်မှတ်ထားသဖြင့် ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ရန် လိုအပ်နေခဲ့သည်။
ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းရှိ မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်မှာ ဒုတိယမြောက် မသေမျိုးအနှစ်သာရ မျိုးစေ့ကို မထုတ်လုပ်နိုင်သေးပေ။ ထို့ကြောင့် ဝူယွမ်က တောင်ဂိုဏ်း၏ သစ်ပင်ကို အရင်စမ်းသပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး၊ ကမ္ဘာသစ်ပင်နှင့် ပေါင်းစပ်လိုက်ပါက မသေမျိုးအနှစ်သာရ ဝိညာဉ်သီးများ သီးပွင့်လာနိုင်မလားဆိုသည်ကို သိလိုနေသည်။
“အကြီးအကဲ ကန္တာရကသာ လိုလားတယ်ဆိုရင် ကျွန်တော်တို့ တောင်ဂိုဏ်းဘက်က ဘာမဆို လိုက်လျောဖို့ အသင့်ပါပဲ၊ ဒါဟာ လုံးဝ ပြဿနာမရှိပါဘူး၊” ယင်းရွှမ်းဇီက လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။ သူ့အမြင်တွင် မဟာရှေးဟောင်းကျောက်တိုင်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိရန်မှာ အရာအားလုံးထက် အရေးကြီးနေလေသည်ာ
“ဒါဆိုရင် စလိုက်ကြရအောင်၊”
ဝူယွမ်က အားရ၀မ်းသာဖြစ်ကာ ပြောလိုက်ပြီး ကမ္ဘာသစ်ပင်မှ ထွက်ရှိလာမည့် မသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီးမှာ မည်သည့် ပုံစံ ဖြစ်လာမည်ကို သူစိတ်လှုပ်ရှားစွာ စောင့်မျှော်နေမိသည်။ ဝူယွမ်က မဟာရှေးဟောင်းကျောက်တိုင်ကို ဝိညာဉ်ချိတ်ပိတ်ခြင်း အစီအရင်အတွင်းသို့ ချက်ချင်း ထားလိုက်သည်။
“ဂိုဏ်းချုပ်... ဒီဝိညာဉ်ချိတ်ပိတ်ခြင်း အစီအရင်ကိုလည်း ခဏလောက် ငှားသုံးပါရစေဦး၊”
အစီအရင်အတွင်းရျိ ဆယ်မီတာခန့် မြင့်မားနေပြီဖြစ်သော မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ဆီသို့ မဟာရှေးဟောင်းကျောက်တိုင်က အတင်းအဓမ္မ ဝင်ရောက်သွားပြီး သစ်ပင်ကို သူ၏ ကမ္ဘာအတွင်းသို့ လွှဲပြောင်းရယူလိုက်လေသည်။
မူလက ခြောက်သွေ့နေသော ရှေးဟောင်းကမ္ဘာသည် ယခုအခါ မြက်ခင်းပြင်အဖြစ် ပြောင်းလဲနေပြီဖြစ်ပြီး ကမ္ဘာသစ်ပင်၏ အကိုင်းအခက်များမှာ နေရာအနှံ့ ပျံ့နှံ့နေသည်။ ထိုမြက်ခင်းပြင်ပေါ်သို့ မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင် ရုတ်တရက် ရောက်ရှိလာသောအခါ အသင့်စောင့်နေသော ကျောက်တိုင်ဝိညာဉ်လေး ‘ကန္တာရတိမ်’ က သူ၏ အကိုင်းအခက်များဖြင့် သစ်ပင်ကို ရစ်ပတ်ကာ ပေါင်းစပ်လိုက်တော့သည်။
ကမ္ဘာသစ်ပင်နှင့် မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင် ပေါင်းစပ်သွားချိန်တွင် ကန္တာရတိမ်က ထိုသစ်ပင်၏ တည်ဆောက်ပုံကို ဆန်းစစ်လေ့လာနေခဲ့သည်။ ခဏအကြာတွင် အကိုင်းတစ်ခုပေါ်၌ လုံးဝန်းစိုပြည်သော အသီးတစ်လုံး ပေါ်ထွက်လာခဲ့သည်။
“သခင်... အောင်မြင်သွားပြီ၊ မသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီး သီးလာပါပြီ၊ ကျွန်တော် စွမ်းအင်တွေကို စုပ်ယူပြီး ဒီအသီးတွေကို အမြန်ဆုံး ဖြစ်တည်လာအောင် လုပ်ပေးနိုင်ပါတယ်၊” ကန္တာရတိမ်က ဝူယွမ်ထံသို့ ဝမ်းသာအားရဖြစ်နေသည့် အသံဖြင့် စိတ်ချင်းဆက်သွယ် ပြောကြားလာသည်။
“ကန္တာရ... ကန္တာရတိမ်... ဒါဆိုရင် စုပ်ယူလိုက်ကြတော့၊ ဒီအစီအရင်က တောင်ဂိုဏ်းရဲ့ ဝိညာဉ်ကြောကနေ စွမ်းအင်တွေကို စုစည်းပေးထားတာဆိုတော့ ပေါကြွယ်ဝတဲ့ စွမ်းအင်တွေ ရှိနေတယ်၊” ဝူယွမ်က ဝိညာဉ်နှစ်ခုလုံးကို စိတ်ချင်းဆက်သွယ်၍ ညွှန်ကြားလိုက်သည်။
ထို့နောက် သူက ယင်းရွှမ်းဇီကို ဝမ်းသာအားရ ပြန်ပြောပြလိုက်လေသည်၊ “ဂိုဏ်းချုပ်... အကြီးအကဲ ကန္တာရက မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ကို အောင်အောင်မြင်မြင် စိုက်ပျိုးနိုင်ခဲ့ပါပြီ၊ စွမ်းအင်တွေကို စုပ်ယူပြီး ဝိညာဉ်သစ်သီးတွေ အမြန်သီးပွင့်လာအောင် လုပ်နေပါတယ်၊ အစီအရင်ထဲက စွမ်းအင်တွေကို သုံးခွင့်ပေးထားလို့ အခုပဲ အသီးတွေ စသီးနေပါပြီ၊”
ဝူယွမ် စကားပြောနေစဉ်မှာပင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ကျောက်တိုင်အတွင်းမှ မသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီး တစ်ထောင်ကျော်ခန့်ကို တောင်ပုံရာပုံ ထုတ်ယူပြသလိုက်သည်။ ဤအသီးများသည် ကမ္ဘာသစ်ပင်က သူ၏ ကိုယ်ပိုင်စွမ်းအင်ကို သုံး၍ ဖန်တီးလိုက်ခြင်း ဖြစ်လေသည်။
“ဘာ... ဒီလောက်တောင် မြန်တယ်လား၊”
ယင်းရွှမ်းဇီမှာ အံ့အားသင့်လွန်းသဖြင့် ဆွံ့အသွားရပြီး ရှေ့မှ အသီးတစ်ထောင်ကျော်ကို ကြည့်ကာ အံ့ဩတုန်လှုပ်နေသော မျက်နှာပေးမျိုး ဖြစ်သွားသည်။
“နတ်ဘုရားလက်နက်ပဲ... ဒါက တကယ့်ကို နတ်ဘုရားလက်နက်ပဲ၊” သူ၏ ရင်ထဲတွင်လည်း တအံ့တဩ ရေရွတ်နေမိသည်။
မဟာရှေးဟောင်းကျောက်တိုင် အစွမ်းထက်မှန်း သူသိသော်လည်း ဤမျှအထိ စွမ်းဆောင်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ဂိုဏ်းချုပ်... သိပ်ပြီးတော့ ဝမ်းမသာလိုက်ပါနဲ့ဦး၊ ပေးဆပ်ရတဲ့ တန်ဖိုးလည်း ရှိတယ်၊ ဟိုမှာ ကြည့်လိုက်ပါဦး၊”
ဝူယွမ်က ဝိညာဉ်တံဆိပ်ခတ်နှိပ်ခြင်း အစီအရင်သို့ ညွှန်ပြလိုက်ရာ စွမ်းအင်များမှာ မဟာရှေးဟောင်းကျောက်တိုင်အတွင်းသို့ ရူးသွပ်ဖွယ်ရာ စီးဝင်နေသည်ကို တွေ့လိုက်ရသည်။
“ဆေးမြစ်က ပြန်ဖြည့်လို့ ရပါတယ်၊ ဒါပေမဲ့ မသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီးတွေ ရင့်မှည့်ဖို့ကတော့ အချိန်အများကြီး ပေးရတာလေ၊ အခု ပေးဆပ်လိုက်ရတဲ့ စွမ်းအင်ပမာဏလောက်ကတော့ ဘာမှ မဟုတ်ပါဘူး၊”
ယင်းရွှမ်းဇီမှာ စိတ်လှုပ်ရှားနေသည့်အရှိန် မပြေသေးသဖြင့် အစီအရင်မှ စွမ်းအင် အနည်းငယ် ဆုံးရှုံးသွားခြင်းကို ဂရုမစိုက်နိုင်တော့ပေ။ သူက အပြင်ဘက်ရှိ အကြီးအကဲကို ချက်ချင်း အမိန့်ပေးလိုက်တော့သည်၊ “အကြီးအကဲမု... ဂိုဏ်းရဲ့ဘဏ္ဍာတိုက်ကို ချက်ချင်းသွားပြီး နိဗ္ဗာန်သလင်းကျောက်တွေ အားလုံးကို ထုတ်ယူခဲ့၊ အစီအရင်ထဲက စွမ်းအင်တွေကို အမြန်ဆုံး ပြန်ဖြည့်တင်းလိုက်ပါ၊”
အမှန်တကယ်တွင် စွမ်းအင်များမှာ ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ အသွင်ပြောင်းသွားခြင်းသာ ဖြစ်သည်။ ကမ္ဘာသစ်ပင်၏ အသွင်ပြောင်းမှုကြောင့် စုပ်ယူရန် ခက်ခဲသော သဘာဝစွမ်းအင်များသည် မသေမျိုးအနှစ်သာရ ဝိညာဉ်သီးများအဖြစ် ပြောင်းလဲသွားပြီး၊ ထိုအသီးကို စားသုံးခြင်းဖြင့် ထိုစွမ်းအင်များကို အလွယ်တကူ ရရှိနိုင်တော့မည် ဖြစ်သည်။ ဤသည်မှာ အလွန်ပင် တွက်ခြေကိုက်သော ကိစ္စပင် မဟုတ်ပါလား။
“ဂိုဏ်းချုပ်... အခုဆိုရင် မသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီးတွေကို အမြောက်အမြား ထုတ်ပေးနိုင်ပြီ၊ ဂိုဏ်းတိုက်ပွဲမှာ ပါဝင်မယ့် တပည့်တွေကို အဓိကထားပြီး လေ့ကျင့်ပေးလို့ ရပါပြီ၊ အဲဒီအချိန်ကျရင် ယွမ်ဂိတ်ကတပည့်တွေကို ဒုက္ခပေးဖို့ လုံလောက်သွားမှာ အသေချာပဲ”
ဝူယွမ်က ကောက်ကျစ်သော အပြုံးမျိုးပြုံးရင်း ပြောလိုက်လေသည်။ ဝူယွမ်၏ စကားကို ကြားသောအခါ ယင်းရွှမ်းဇီသည်လည်း ပြုံးမိသွားတော့သည်။ တောင်ဂိုဏ်းသည် နောက်ဆုံးတွင် အမှန်တကယ် နိုးထလာတော့မည် ဖြစ်သည်။
ပြင်ပကမ္ဘာမှ စွမ်းအင်များ အဆက်မပြတ် ရရှိနေခြင်း၊ မကြာမီက ရရှိထားသော ကမ္ဘာခြားနတ်ဆိုးဘုရင်ကိုလည်း စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုနိုင်ခြင်းတို့ကြောင့် ကမ္ဘာသစ်ပင်က အရှိန်အဟုန်ဖြင့် ကြီးထွားလာပြီး ခဏချင်းအတွင်းမှာပင် ဝိညာဉ်သီး သောင်းနှင့်ချီ၍ ထုတ်လုပ်ပေးနိုင်လာသည်။ ရှေးဟောင်းကျောက်တိုင် ကမ္ဘာတစ်ခုလုံးထဲတွင် ကမ္ဘာသစ်ပင်၏ စိမ်းလန်းသော အကိုင်းအခက်များ၌ ဝင်းမှည့်မွှေးပျံ့သော အသီးများမှာ ဝေဆာနေတော့သည်။
ဤမျှ များပြားသော အသီးများကို ဝူယွမ် ကိုယ်တိုင် ခူးယူနေစရာ မလို၊ ကန္တာရတိမ်တိုက်က စိတ်ကူးလိုက်ရုံဖြင့် သိမ်းဆည်းပေးနိုင်သည်။ သို့သော် ဝူယွမ်သည် ဤမျှ များပြားသော သစ်သီးများအားလုံးကို တောင်ဂိုဏ်းအား ပေးမည်မဟုတ်ပေ၊ ထိုသို့ပေးလိုက်ပါက အလွန်ပင် ထူးဆန်းနေပေလိမ့်မည်။
ယွမ်ဂိတ်က နှစ်ပေါင်းများစွာ စိုက်ပျိုးခဲ့သော မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ပင်လျှင် တစ်ကြိမ်သီးလျှင် အသီးအနည်းငယ်သာ ထွက်ရှိသော်လည်း၊ ကမ္ဘာသစ်ပင်ကမူ စိတ်ကူးလိုက်ရုံဖြင့် သောင်းနှင့်ချီ၍ ထုတ်ပေးနိုင်သည်။ စွမ်းအင်သာ လုံလောက်ပါက သိန်းနှင့်ချီ၍ပင် ထုတ်လုပ်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် ဝူယွမ်က ဆယ်ရက်လျှင် တစ်ကြိမ် အသီးတစ်ထောင်စီသာ ယင်းရွှမ်းဇီအား ပေးအပ်ရန် ဆုံးဖြတ်လိုက်သည်။ ဤပမာဏသည်ပင် အမာခံတပည့်များ လေ့ကျင့်ရန် လုံလောက်တာထက်ပိုနေပီ ဖြစ်သည်။
မသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီး၏ အာနိသင်သည် နိဗ္ဗာန်အဆင့် ငါးအထက်ရှိသူများအတွက် အထိရောက်ဆုံး ဖြစ်သည်။ ထိုအဆင့်အောက်ရှိသူများအတွက်မူ အနည်းငယ် ဖြုန်းတီးရာ ရောက်နိုင်သဖြင့် သူတို့မှာ ဆေးမြစ်အတွင်း၌သာ အဓိက လေ့ကျင့်ကြရလေသည်။
***