တောင်ဂိုဏ်းသည် ယခုတစ်ကြိမ်တွင် အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလာခဲ့သည်။ ခန်းမလေးခုလုံးမှ အဓိကတပည့်များအားလုံး လေ့ကျင့်ရန် ဝိညာဉ်သစ်သီးများ ရရှိကြပြီး၊ အတော်ဆုံး တိုက်ရိုက်အဓိကတပည့်များမှာမူ အဆက်မပြတ် ရရှိနေကြသည်။ ဤသည်မှာ သူတို့၏ ခွန်အားကို အံ့မခန်း အမြန်နှုန်းဖြင့် တိုးတက်စေလယခဲ့သည်။
မဟာရှေးဟောင်းကျောက်တောရိုင်းတိုင် ရောက်ရှိလာခြင်းနှင့်အတူ ဝူယွမ်နှင့် လင်းတုန်တို့သည်လည်း လင်းတုန်၏ ကျောက်လက်ဖွဲ့နှင့် ဝါးမျိုခြင်းဘိုးဘေးအဆောင်တို့ကို အားပြန်ဖြည့်ရန်အတွက် ကမ္ဘာသစ်ပင်အတွင်း ထားရှိရန် ဆွေးနွေးခဲ့ကြသည်။
မဟာရှေးဟောင်းကျောက်တိုင်၊ ကျောက်လက်ဖွဲ့နှင့် ဝါးမျိုခြင်းဘိုးဘေးအဆောင်တို့မှာ မိတ်ဟောင်းဆွေဟောင်းများ ဖြစ်ကြသဖြင့် ကမ္ဘာသစ်ပင်အတွင်း ပြန်လည်ဆုံစည်းကြရသည်မှာ ကောင်းသည့် ကိစ္စပင် ဖြစ်သည်။ ကျောက်လက်ဖွဲ့နှင့် ဘိုးဘေးအဆောင်၏ ဝိညာဉ်များမှာ အပြင်းအထန် ဒဏ်ရာရရှိထားသဖြင့် ကမ္ဘာသစ်ပင်၏ အကူအညီကို အလွန်လိုအပ်နေကြသည်။
ယခုအချိန်တွင် မဟာရှေးဟောင်းကျောက်တိုင် ရှိနေပြီဖြစ်သဖြင့် လင်းတုန်အနေဖြင့် ကျောက်လက်ဖွဲ့ တည်ရှိမှုကို ဆက်လက်ဖုံးကွယ်ထားရန် မလိုတော့ပေ။ ယခင်ကမူ သူနှင့် ဝူယွမ်တို့သည် ရတနာတစ်ခု ရှိကြောင်းသာ ပြောခဲ့ကြပြီး မည်သည့်အရာဖြစ်ကြောင်း အတိအကျ မပြောခဲ့ကြပေ။
အခုတော့ ကျောက်လက်ဖွဲ့ဖြစ်ကြောင်း ပေါ်ပေါက်သွားသော်လည်း၊ လင်းတုန်မှာ သူ၏ အစ်ကိုကြီး ဝူယွမ်၏ ရတနာမှာ မည်သည့်အရာ ဖြစ်သည်ကို မသိရှိသေးပေ။
သို့သော် ထိုအရာမှာ အရေးမကြီးတော့ချေ၊ သူ၏ စိတ်ထဲတွင် သူ့အစ်ကိုကြီးသည် ‘ပြန်လည်၀င်စားသူ’ တစ်ဦးဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ထားပြီး၊ သူ၏ အစ်ကိုကြီး ရရှိလာခဲ့သော ရတနာများမှာ ကျောက်လက်ဖွဲ့ထက်ပင် မနည်းကြောင်း သိရှိထားသည်။
ယခုအခါ ကမ္ဘာသစ်ပင်အတွင်း၌ ပါရမီရှင်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ နတ်ဘုရားလက်နက် ငါးခု၏ ဝိညာဉ်များနှင့်ဆိုလျှင် မာကျောက်ဝိုင်းဖွဲ့ ကစားရန် လုံလောက်နေပြီး ကျန်တစ်ဦးကမူ လက်ဖက်ရည်နှင့် ရေကိုပင် တည်ခင်းပေးနိုင်ဦးမည် ဖြစ်သည်။
ဝူယွမ်သည် နောက်ဆုံးတွင် ကျောက်လက်ဖွဲ့၏ စွမ်းဆောင်ရည်များကို အသုံးပြုခွင့် ရရှိခဲ့သည်။ သူ၏ လက်ထဲတွင် လေ့ကျင့်ရန် ခက်ခဲသော သိုင်းပညာရပ်များစွာ ရှိနေပြီး၊ ကျောက်လက်ဖွဲ့က ထိုကျင့်စဉ်များကို ပိုမိုပြည့်စုံကောင်းမွန်လာအောင် ဆင့်ကဲပြောင်းလဲပေးနိုင်လေသည်။
ဝူယွမ်၏ သိုင်းပညာရပ်များမှာ ကျောက်လက်ဖွဲ့ထက် အဆင့်မြင့်မားနိုင်သော်လည်း၊ ကျောက်လက်ဖွဲ့က ကျင့်စဉ်များကို နှစ်ပေါင်းများစွာ လေ့လာဆန်းစစ်လာခဲ့သူ ဖြစ်သဖြင့် ဝူယွမ်အား လေ့ကျင့်ရာတွင် ကူညီပေးရန် ပြဿနာမရှိပေ။ အနည်းဆုံးတော့ အစပျိုးလေ့ကျင့်ရန်အတွက်လုံလောက်သည်။
မဟာရှေးဟောင်းကျောက်တိုင်က စွမ်းအင်စုပ်ယူရန် အစီအရင်အတွင်း ရှိနေရသဖြင့် ဝူယွမ်မှာလည်း ယင်းရွှမ်းဇီနှင့်အတူ အထွတ်အထိပ်တောင်ကုန်းပေါ်၌ ခေတ္တနေထိုင်နေခဲ့သည်။ လင်းတုန်မှာမူ မဟာရှေးဟောင်းကျောက်တိုင်အတွင်း၌ သိုင်းပညာရပ်များကို လေ့ကျင့်ရန် နောက်ကွယ်မှ လိုက်ပါလာခဲ့သည်။ သူက ‘ချီတစ်ခုမှ လောကမူလ နတ်ဘုရားသုံးပါးပွင့်ခြင်း’ ကျင့်စဉ်ကို လေ့လာ၊ လေ့ကျင့်နေခြင်း ဖြစ်ကာ သူ၏ ရည်မှန်းချက်မှာ ကိုယ်ပွားတစ်ခုကို အမြန်ဆုံး ဖန်တီးနိုင်ရန် ဖြစ်လေသည်။ ခန္ဓာကိုယ်တစ်ခုတည်းနှင့် အရာအားလုံးကို လုပ်ဆောင်၍မရနိုင်ပေ။
ထိုနေ့တွင် ယင်းဟွမ်ဟွမ်သည် အထွတ်အထိပ်တောင်ကုန်းသို့ ရုတ်တရက် ရောက်ရှိလာပြီး မဟာရှေးဟောင်းကျောက်တိုင်ရှေ့တွင် ရပ်ကာ ဝူယွမ်၏ အမည်ကို အော်ခေါ်လိုက်သည်။
“ဝူယွမ်... ဝူယွမ်... မြန်မြန်ထွက်လာခဲ့”
အလင်းတန်းတစ်ခုနှင့်အတူ ဝူယွမ်က ကျောက်တိုင်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
“ဘာလို့ ဒီရောက်လာတာလဲ၊ အခု တောင်ဂိုဏ်းတပည့်တွေ အကုန်လုံးက ကြိုးကြိုးစားစား လေ့ကျင့်နေကြတာကို၊ နင်ကတော့ အားယားနေတာပဲ”
ဝူယွမ်က တက်ကြွလန်းဆန်းပြီး ချစ်စဖွယ်ကောင်းသော ယင်းဟွမ်ဟွမ်ကို ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။ ယင်းဟွမ်ဟွမ်မှာ တစ်နေ့ကုန် အားလပ်နေပုံရပြီး သူမ လေ့ကျင့်နေသည်ကိုပင် မတွေ့ရပေ။
ဝူယွမ်သည်လည်း သူမကို အားကျမိသွားသည်၊ ပြန်လည်ဝင်စားသူများမှာ အမှန်တကယ်ပင် ထူးခြားလှလေသည်။ ယင်းဟွမ်ဟွမ်၏ အစစ်အမှန်ဘ၀မှာ ရေခဲဘိုးဘေးအဆောင်ကို ထိန်းချုပ်သူ ‘ရေခဲသခင်မ’ဖြစ်ကာ ပြန်ဝင်စားလာခြင်း ဖြစ်သည်။
သူမ၏အခြေအနေက သူ၏ ကျောက်တိုင်အတွင်းရှိ ကျန်းယင်းယင်းနှင့် အတူတူပင် ဖြစ်သည်။ သို့သော် ကျန်းယင်းယင်းမှာ ‘ခန္ဓာကိုယ်ကျမ်း’ကို လေ့ကျင့်နေပြီး ထာဝရရှင်သန်ခြင်းကိုယ်ခန္ဓာကို ဖန်တီးရန် ပြင်ဆင်နေသဖြင့် တစ်နေ့ကုန် အိပ်မောကျနေတတ်သည်။
“အိုး... နင်တို့အားလုံး၊ တစ်ယောက်ပြီးတစ်ယောက် ကျင့်ကြံခြင်းထဲပဲ နစ်ဝင်နေကြတာ၊ အခုတော့ အပြင်က လာပြီး လည်ပတ်တဲ့သူတွေကို ရင်ဆိုင်ပေးမယ့်သူတောင် မရှိတော့ဘူး၊” ယင်းဟွမ်ဟွမ်က နှုတ်ခမ်းဆူကာ ပြောလာလေသည်။
“လာပြီး လည်ပတ်တဲ့ ဟုတ်လား၊”
ဝူယွမ်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ လာရောက်လည်ပတ်ခြင်းက ဘာများ ထူးဆန်းနေသနည်း။
သို့သော် ယင်းဟွမ်ဟွမ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဝူယွမ် နားလည်သွားခဲ့သည်။ ဤသည်မှာ ဂိုဏ်းကို လာရောက်စိန်ခေါ်ခြင်းပင် ဖြစ်သည်။
ယင်းဟွမ်ဟွမ်က ဆက်ပြောသည်၊ “အပေါ်ယံကြည့်ရင်တော့ အရှေ့ပိုင်းရွှမ်နယ်မြေမှာ အထူးဂိုဏ်းကြီး ရှစ်ခုက အင်အားအကြီးဆုံးပဲ၊ ဒါပေမဲ့ နောက်ကွယ်မှာ အဲဒီဂိုဏ်းကြီးတွေနဲ့ အင်အားချင်း မနိမ့်တဲ့ တခြားအင်အားစုတွေလည်း ရှိသေးတယ်၊ သူတို့ရဲ့ ခွန်အားကိုလည်း လျှော့တွက်လို့ မရဘူး၊”
“အခု ဟုန်ယာ ဂူက ငါတို့ တောင်ဂိုဏ်းကို လာရောက် စိန်ခေါ်နေကြတာ၊ သူတို့က တောင်ဂိုဏ်းနယ်မြေနဲ့ အနီးဆုံးမှာရှိတဲ့ အင်အားကြီးဂိုဏ်းတစ်ခုပဲ၊ ပြီးခဲ့တဲ့ နှစ်တွေမှာ သူတို့ရဲ့ အရှိန်အဝါက ဂိုဏ်းကြီး ရှစ်ခုကိုတောင် မှီတော့မယ့် အခြေအနေမှာ ရှိနေတယ်၊ အဲဒီဂိုဏ်းက လူတွေက တိုက်ခိုက်ရတာကို အရူးအမူး ဝါသနာပါပြီး ခဏခဏ အကြီးအကဲတွေက တပည့်အတော်ဆုံးတွေကို ခေါ်လာပြီး ငါတို့ဂိုဏ်းကို လာစိန်ခေါ်တတ်ကြတယ်၊”
“ငါတို့ တပည့်တွေကို အနိုင်ရသွားပြီဆိုတာနဲ့ အပြင်မှာ လိုက်ပြီး ကြွားလုံးထုတ်ကြတာလေ၊ ဒါက ဂိုဏ်းအတွက်တော့ ကြီးကြီးမားမား ထိခိုက်မှု မရှိပေမဲ့ အောက်ခြေတပည့်တွေအတွက်တော့ ကြားရတာ အရမ်းကို စိတ်မသက်မသာ ဖြစ်ရတယ်၊”
“အရင်တုန်းကတော့ သူတို့ ရှုံးတာက ပိုများပါတယ်၊”
“ဒါပေမဲ့ ဒီတစ်ခါတော့ ငါတို့ဂိုဏ်းက တိုက်ရိုက်အဓိကတပည့် ဂိုဏ်းရဲ့အတော်ဆုံးတွေ အကုန်လုံး ကျင့်ကြံခြင်းထဲမှာ နစ်မြှုတိနေတယ်ဆိုတာကို သူတို့ ဘယ်ကကြားလဲ မသိဘူး၊ တမင်တကာ အချိန်ကိုက်ပြီး ငါတို့ တောင်ဂိုဏ်းကို အရှက်ခွဲဖို့ လာတာပဲ၊”
“ဒါကြောင့် နင့်ကို လာခေါ်ရတာပေါ့... သူတို့ကို သင်ခန်းစာပေးဖို့၊”
ဝူယွမ်က ယင်းဟွမ်ဟွမ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ အဓိကတပည့်တွေ အများကြီးရှိတာကို ဘာလို့ သူ့ကိုမှ လာရှာရတာလဲ စဉ်းစားမရတော့ပေ။ သို့ပေမဲ့ ထိုဟုန်ယာ ဂူက လူတွေကလည်း အချိန်တော်တော်ကိုက်လှသည်။ လက်ရှိတွင် တောင်ဂိုဏ်း၏ ထိပ်တန်းတပည့်များမှာ ဝိညာဉ်သစ်သီးများ၏ အကူအညီဖြင့် ဂိုဏ်းတိုက်ပွဲအတွက် အပြင်းအထန် ကျင့်ကြံနေကြသည် မဟုတ်ပါလား။
“သွားကြရအောင်... မြန်မြန်လုပ်မှ မြန်မြန်ပြီးမှာ၊” ယင်းဟွမ်ဟွမ်က စိတ်မရှည်စွာဖြင့် ဝူယွမ်၏ လက်မောင်းကို ဆွဲကာ ခေါ်ဆောင်သွားတော့သည်။
“ကဲ... ကဲ... သွားပြီ၊ သွားပြီ၊”
ဝူယွမ်သည် ယင်းဟွမ်ဟွမ်နှင့်အတူ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။
တောင်ဂိုဏ်း၏ နယ်မြေမှာ ကျယ်ဝန်းလှပြီး ဂိုဏ်း၏ ရှေ့ခန်းမဆောင်မှာ များသောအားဖြင့် လူသူရှင်းလင်းလေ့ ရှိသော်လည်း ယခုကဲ့သို့ စိန်ခေါ်သူများ ရှိလာသည့်အခါတွင်မူ တပည့်များစွာ လာရောက် ကြည့်ရှုကြလေသည်။ ထိုနေရာတွင် စိန်ခေါ်ပွဲများအတွက် ပြုလုပ်ထားသော စင်မြင့်ကြီးများစွာ ရှိပြီး၊ ယခုတစ်ခါ စင်မြင့်တစ်ခုပေါ်တွင် လူအုပ်ကြီးမှာ ပြည့်နှက်နေကာ ဒေါသတကြီး ပြောဆိုသံများလည်း ပျံ့လွင့်နေခဲ့သည်။
ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့ ရောက်ရှိလာသောအခါ တပည့်များမှာ ဝမ်းသာအားရ ကြည့်လာကြပြီး သက်ပြင်း အသာချလိုက်ကြသည်။
“ဂျူနီယာညီမလေး ဟွမ်ဟွမ် ရောက်လာပြီ၊”
“ကောင်းလိုက်တာ... စီနီယာ ဝူယွမ်ကိုတောင် ခေါ်လာတာပဲ၊”
“ဒါက နည်းနည်းတော့ လွန်သွားသလိုပဲ၊ ဟုန်းယာ ဂူက လူတွေကို သင်ခန်းစာပေးဖို့ စီနီယာ ဝူယွမ်က ကိုယ်တိုင် ဆင်းလာဖို့ လိုလို့လား၊”
“လူတွေအကုန်လုံး ကျင့်ကြံနေတာကို ဂျူနီယာမလေးက စီနီယာ ဝူယွမ်ကို ဘယ်လိုများ သွားတွေ့တာလဲ၊”
“စီနီယာ ရှောင်ရှောင်ကို သွားရှာတယ် ထင်နေတာ၊”
“သူတို့က နီးနီးကပ်ကပ် ေနနေကြတာကိုး၊”
တောင်ဂိုဏ်းတပည့်များသည် ဝူယွမ်ကို သူတို့၏ ကယ်တင်ရှင်ကဲ့သို့ ဝမ်းသာအားရ ကြည့်နေကြလေသည်။ ထို့အပြင် သူတို့၏ မျက်လုံးများထဲတွင် ဖုံးကွယ်ထားသော မကျေနပ်ချက်များကို ဝူယွမ် မြင်တွေ့နေရသည်။ ဟုန်းယာ ဂူမှ လူများက သူတို့ကို တကယ်ပင် ဒေါသထွက်အောင် လုပ်ထားပုံရသည်။
“နင့်ကို သွားမရှာခင်က ငါတို့ဘက်က သုံးပွဲတောင် ရှုံးသွားပြီ၊ တစ်ပွဲမှတောင် ပြန်မနိုင်သေးဘူး၊” ယင်းဟွမ်ဟွမ်က သက်ပြင်းချကာ ပြောသည်၊ “နောက်ပိုင်းမှာ ပိုပြီး အစွမ်းထက်တဲ့လူတွေ မရှိတော့မှာကို စိုးရိမ်လို့သာ ငါ မတက်တာ၊ မဟုတ်ရင် ငါကိုယ်တိုင် တက်တိုက်ပြီးပြီ၊”
ထိုအချိန်တွင် စင်မြင့်ပေါ်၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တိုက်ခိုက်နေကြသည်။ ထိုအမျိုးသားမှာ တောင်ဂိုဏ်းတပည့်ဖြစ်ပြီး အမျိုးသမီးမှာ အနီရောင်ဝတ်စုံနှင့် အရပ်ရှည်ရှည် လှပသူတစ်ဦး ဖြစ်သည်။ နှစ်ဦးသား ပြင်းထန်စွာ တိုက်ခိုက်နေကြသော်လည်း အမျိုးသမီးမှာ အသာစီးရနေသည်မှာ ထင်ရှားလှသည်။ သူမ၏ လက်ထဲတွင် အနီရောင် ကြာပွတ်တစ်ခု ရှိပြီး၊ ၎င်းမှာ လေထဲတွင် မီးမြွေတစ်ကောင်ကဲ့သို့ ကွေ့ကောက်လှုပ်ရှားနေခဲ့ကာ အစွမ်းထက်သော ကောင်းကင်အဆင့် ဝိညာဉ်ရတနာတစ်ခု ဖြစ်ကြောင်း သိသာနေသည်။
“အဲဒီမိန်းကလေးက ဆုန့်ယန်ပဲ၊ ဟုန်ယာ ဂူရဲ့ လူငယ်မျိုးဆက်ထဲမှာ ထိပ်တန်း သုံးယောက်ထဲက တစ်ယောက်ပေါ့၊ သူမက နိဗ္ဗာန်အဆင့် ရှစ်ကို အခုလေးတင် ရောက်ထားတာလို့ ပြောကြတယ်၊ သူမရဲ့ ခွန်အားက ငါတို့ဂိုဏ်းက အဓိကတပည့်တချို့နဲ့ ယှဉ်နိုင်တယ်၊” ဝူယွမ်၏ ဘေးတွင် ယင်းဟွမ်ဟွမ်က နှုတ်ခမ်းမဲ့ကာ ပြောပြနေသည်။
သူမနှင့် ရင်ဆိုင်နေရသော တောင်ဂိုဏ်းတပည့်မှာမူ မြေကမ္ဘာအဆင့် ဝိညာဉ်ဓားကိုသာ ကိုင်ဆောင်ထားပြီး ကျင့်စဉ်အဆင့်မှာလည်း နိမ့်နေသဖြင့် လုံးဝ ဖိနှိပ်ခြင်း ခံနေရသည်။
“ဖြောင်း...၊”
ခဏကြာပြီးနောက် ကြာပွတ်သံနှင့်အတူ ထိုတပည့်မှာ စင်မြင့်ပေါ်မှ လွင့်စဉ်ကျသွားတော့သည်။
ဆုန့်ယန်က သူမ၏ မျက်ခုံးကို ပင့်ကာ အောက်မှ လူအုပ်ကို မာန်ပါပါ ကြည့်လိုက်ပြီး အော်ပြောလိုက်သည်၊
“နောက်ထပ် ဘယ်သူလာဦးမလဲ၊”
သူမ၏ အေးစက်စက် အသံမှာ ခန်းမဆောင်တစ်ခုလုံးသို့ ပျံ့လွင့်သွားလေတော့သည်။ တောင်ဂိုဏ်းတပည့်များမှာ ဤစကားကို ကြားသောအခါ ဒေါသကြောင့် သွေးဆူလာကြသည်။ “ဒီမိန်းမက တကယ်ကို ရဲတင်းလွန်းတာပဲ”
“ငါ မအောင့်နိုင်တော့ဘူး၊ ငါပဲ အရင်သွားတော့မယ်၊ နင်က မိန်းမတစ်ယောက်နဲ့ ပြိုင်နေစရာ မလိုပါဘူး၊ နောက်မှ တက်တိုက်တော့၊” ယင်းဟွမ်ဟွမ်သည် ပြောပြောဆိုဆိုဖြင့် စင်မြင့်ပေါ်သို့ ခုန်တက်သွားတော့သည်။
မူလကတည်းက သူမသည် တိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း သူမ၏ နောက်ကွယ်တွင် အားကိုးရမည့်သူ မရှိသဖြင့် စိတ်ပူနေခဲ့ခြင်း ဖြစ်သည်။ အခု ဝူယွမ်ကို ခေါ်လာနိုင်ပြီဖြစ်ရာ သူမအနေဖြင့် စိတ်အေးလက်အေးနှင့် အပီအပြင် တိုက်ခိုက်နိုင်ပြီ မဟုတ်ပါလား။
ယင်းဟွမ်ဟွမ်က ဆုန့်ယန်ကို စိုက်ကြည့်ကာ ပြောလိုက်လေသည်၊ “နင်က အဓိကတပည့်တချို့ကို အနိုင်ရရုံနဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်တော်လှပြီ ထင်နေတာလား၊ နင် တကယ်ပဲ အစွမ်းရှိတယ်ဆိုရင် ငါ့ကို အနိုင်တိုက်ပြစမ်း”
***